← Chapters

စီ အဆင့် သွေးရည်ကြည်၏ လျှို့ဝှက်ချက်များ

Vol. 139 Ch. 2072

စီ အဆင့် သွေးရည်ကြည်၏ လျှို့ဝှက်ချက်များ

Vol. 139 Ch. 2072

လင်းရီ ဖုန်းခေါ်လာသည်ကို မြင်တော့ လီရှန်းဟွေ့ စဉ်းစားမနေဘဲ ချက်ချင်း ဖုန်းကိုင်လိုက်သည်။

“ အစ်ကိုလီ .. ဘာကိစ္စရှိလို့လဲ….” လင်းရီ အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေသည့် လေသံဖြင့် ဖုန်းပြောလာသည်။

လီရှန်းဟွေ့ “ …. “

“ ဟေ့ကောင် … ငါတို့ ဒီလာတာ လူဆိုးဖမ်းဖို့နော် … ပြီးတော့ မင်း တစ်ညလုံးလည်း ပြန်မလာဘူး … ဘာတွေ လုပ်နေတာ … မြန်မြန် ပြန်ခဲ့ …”

အကယ်၍ ရှန်းရှန်းရဲစခန်း၏ ကိုယ်ပိုင် အရေးကိစ္စဆိုပါက လီရှန်းဟွေ့ စိတ်ထဲထားနေမှာ မဟုတ်သော်လည်းပဲ ဤတစ်ကြိမ်က စုန့်ကျန်းရဲစခန်းဘက်ကလည်း ပါဝင်လာသည်။ သူတို့ဘက်က လေးလေးနက်နက် ရှိသည်ကို ပြသဖို့ လိုအပ်၏။ ရေသာခိုနေ၍ မဖြစ်ပေ။

“ အဲ့လောက်ထိ အလောတကြီး ဖြစ်စရာမလိုပါဘူး အစ်ကိုလီရာ … သက်တောင့်သက်သာ နေစမ်းပါ … ကျုပ် ခင်များတို့ကို ကြိုဖို့ လူလွှတ်ထားပြီးပြီ …”

“ ဟမ် …”

လီရှန်းဟွေ့ အံ့အားသင့်သွားပြီး “ ကြိုမယ် … ဘာကို ကြိုမှာ …”

“ ပျော်ဖို့လေ …” လင်းရီ ချက်ကျလက်ကျဖြင့် ပြန်ပြော၍ “ ကျုပ်တို့ အကုန်လုံးက အမြဲတမ်း အလုပ်များနေကြတာ အခု ကြံတုန်းကြုံခိုက် ရန်ကျင်းရောက်တုန်းလေး အခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး ဒီလို မြို့တော်ကြီးကို ကောင်းကောင်း လည်ပတ်သင့်တာပေါ့ မဟုတ်ဘူးလား … ကျုပ် ဧည့်ညွှန်တစ်ယောက်တောင် ငှားထားပြီးပြီ ... “

“ မင်း လျှောက်လုပ်မနေစမ်းနဲ့ ဟေ့ကောင်ရ … ငါတို့မှာ လုပ်စရာတွေ ရှိတယ်… မင်း လည်ချင်တယ်ဆိုရင်တောင် လူကို အရင်ဖမ်းရမှာကွ …” လီရှန်းဟွေ့ တင်းမာစွာ ဆိုလိုက်သည်။ “ မြန်မြန် ပြန်ခဲ့ … “

“ မဟုတ်ဘူး … လူဖမ်းဖို့ ကိစ္စက အစ်ကိုလီ စိတ်ပူဖို့ မလိုဘူး … အဆင်ပြေသွားလိမ့်မယ် … တိုးဂိုက်က ခဏနေဆို အဲ့ကို ရောက်လောက်ပြီ .. သူ့နောက်ကိုသာ လိုက်သွားလိုက် … ကျုပ် တခြား လုပ်စရာလေးတွေ ရှိသေးလို့ ဖုန်းချတော့မယ် ဒါပဲ …”

လင်းရီ များများစားစား ထပ်ပြောမနေဘဲ ဖုန်းချပစ်လိုက်သည်။ သူ့ အမြင်တွင် ဝေကျန်းလုံကို ဖမ်းဖို့က ရေးကြီးခွင်ကျယ် လုပ်ရမည့် ကိစ္စရပ် တစ်ခု မဟုတ်ချေ။

သူသာ စိတ်ရှိပါက မိနစ်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးလိုက်၍ ရသည်။ ဝေကျန်းလုံက သူ့ဘယ်အချိန် ချက်စား ချက်စား ၊ ချက်စား၍ရသည့် ခြင်းထဲက ကြက်ကလေးပင်။

လီရှန်းဟွေ့၏ ဒေါသထွက်နေသည့် အမူအရာကို မြင်တော့ ကူရိရန် မေးမြန်းလိုက်၏။

“ အစ်ကိုလီ .. လင်းရီက ဘာပြောလဲ …”

“ သူပြောတာ ငါတို့ဖို့ ဧည့်ညွှန်ငှားထားပေးတယ်တဲ့ … ဒီ တစ်ခေါက် ရန်ကျင်းရောက်တုန်း ကောင်းကောင်း အနားယူဆိုပဲ …”

“ ဧည့်ညွှန်ငှားထားတယ် ဟုတ်လား …”

ရှင်းရှန်းရဲစခန်း အဖွဲ့ဝင်များပင် လင်းရီ၏ လုပ်ပုံကို လက်သင့်မခံနိုင်ကြချေ။

သူတို့က ဒီကို ရာဇဝတ်သားဖမ်းဖို့ ရောက်လာတာလေ .. ရှုခင်းတွေ ခံစားရင်း စိတ်အပန်းဖြေဖို့ ရောက်လာတာမှ မဟုတ်တာ …

“ သူ ပြောတာ အဲ့အတိုင်းပဲ .. ပြီးတော့ ပြောသေးတယ် … ဝေကျန်းလုံကိုလည်း သေချာပေါက် ဖမ်းမိမှာ စိတ်မပူကြနဲ့တဲ့ …”

လင်းရီ၏ အစွမ်းအစကို မည်သူကမျှ သံသယ မဖြစ်မိကြချေ။ သူက ထူးချွန်သည်မှာ မှန်သည်။ ရှင်းရှန်း ရဲစခန်း အဖွဲ့ဝင်များအားလုံး ထိုအချက်ကို သိကြသည်။

သို့သော် ပြဿနာက ဝေကျန်းလုံ ဆိုသူမှာ နယ်နယ်ရရ မဟုတ်ပါဘဲ ရက်စက်ကြမ်းကြုတ်သူဟူသော လူစားမျိုးထက်ကို ပိုသည့်လူတစ်ဦးဖြစ်သည်။

ထို့ပြင် ပိုင်ရုံရှိုကို ဖမ်းဆီးမိသည့် ကိစ္စရပ်ထဲ၌ ကံတရား၏ ဖေးမကူညီမှုတို့ အများအပြား ပါဝင်နေခဲ့သည်။

ယခု တစ်ကြိမ် ဝေကျန်းလုံကို ဖမ်းဆီးမည့် ကိစ္စတွင်တော့ ကံတရားကို ထပ်မံ၍ မှီခို၍ ရနိုင်မှာ မဟုတ်ချေ။

“ ကပ္ပတိန်လီ .. ရှင်တို့ လင်းရီက ဘာတွေ ဖြစ်နေတာ… သူက ဒီလို အရေးကြီး ကိစ္စကို ဟာသတစ်ခုလို လုပ်နေတယ် … သူ မစ်ရှင်လုပ်ဖို့ရော စိတ်ထဲ ရှိရဲ့လား … ဟမ် ….” လင်းဟန် ဒေါသထွက်နေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။

“ ကပ္ပတိန်လင်း .. စိတ်မဆိုးပါနဲ့ … လင်းရီက ပုံစံကြည့်တော့တာ ပေါ့ပြက်ပြက်နိုင်တယ်ဆိုပေမယ့် လိုအပ်လာပြီဆိုရင် အတော်လေး အားကိုးရတဲ့လူပါ … သူ့မှာလည်း သူ့ အကြောင်းပြချက်နဲ့သူ ရှိမှာ သေချာတယ်…”

လင်းရီဘက်က အမှား ဆိုသော်လည်းပဲ လီရှန်းဟွေ့သည် ယခုလို အရေးကြီးသည့် အချိန်၌ လင်းရီဘက်ကနေ ကာကွယ်ပြောဆိုပေးလိုက်ဆဲပင်။

“ ကောင်းပြီလေ … ရှင်က သူ့ကို အားကိုးရတယ် ထင်နေမှတော့ ကျွန်မတို့လည်း ထပ်မပြောတော့ဘူး … ဒါပေမယ့် လည်ပတ်ရင်း ရှုခင်းကြည့်ဖို့ ကိစ္စကတော့ … ကျွန်မ တော်ပြီ … ရှင်တို့ဘာသာပဲ သွားကြ …”

ပြောပြီးသည်နှင့် လင်းဟန်သည် သူမ၏ စုန့်ကျန်း အဖွဲ့ဝင်များကို ဦးဆောင်၍ လီရှန်းဟွေ့နှင့် အုပ်စုကို နောက်တွင် ချန်ထားရစ်ခဲ့သည်။

“ အစ်ကိုလီ … အခု ဘာဆက်လုပ်ကြမလဲ … ဒီလို ဖြစ်ပြီးတော့ နောင်ကျ အလုပ်အတူလုပ်ဖို့ဆိုတာ အတော်လေး ခဲယဉ်းတော့မှာနော်…”

“ ဒါဆိုလည်း လူခွဲပြီး ငါတို့နည်း ငါတို့ဟန်နဲ့ ဝေကျန်းလုံကို ဖမ်းကြတာပေါ့ ..”

လူတိုင်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ ယင်းက လောလောဆယ် သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာပင်။

သို့သော် သူတို့လက်ထဲ အကန့်သတ်ရှိသော သတင်းအချက်အလက်တို့ဖြင့် ဝေကျန်းလုံကို ဖမ်းဖို့က အတော်လေး စိတ်ကူးယဉ်ဆန်သည့် လုပ်ရပ်ပင်။

………

ထိုအချိန် ဟိုတယ်၌ လင်းရီနှင့် နင်ချဲ့တို့မှာ သူတို့၏ မနက်ခင်းပိုင်း ပူးတွဲလေ့ကျင့်ရေးကို ပြုလုပ်ပြီးခါစ ဖြစ်၏။ မနက်စာ စားပြီးသည့်နောက် ကျုံးဝေ့တပ်ဖွဲ့သို့ အတူမောင်းနှင်လာသည်။

[ မစ်ရှင် ပြီးမြောက်သွားတဲ့အတွက် အတွေ့အကြုံမှတ် နှစ်သိန်း ချီးမြင့်ပါတယ် ]

[ အလုပ်ပြီးမြောက်နှုန်း: ၅၀ ရာခိုင်နှုန်း ]

[ ဆုလဒ် : ဒီ အဆင့် တိုက်ပွဲစွမ်းရည် ]

စိတ်ထဲရှိ စနစ်၏ အသိပေး အကြောင်းကြားချက်ကို ကြားတော့ လင်းရီ၏ ခေါင်းထဲ ပထမဆုံး ဝင်ရောက်လာသည်က ဖန့်လန်ကျွင်းနှင့် ဝမ်မင်ရန်တို့ သူတို့၏ ပြစ်မှုကို ဝန်ခံလိုက်ပြီ ဆိုတာပင်။ မဟုတ်ပါက စနစ်မှာ မစ်ရှင်ပြီးမြောက်ပြီ ဟူ၍ အကြောင်းကြားလာမှာ မဟုတ်ပေ။

ဤမစ်ရှင်၏ ဆုလဒ်က လင်းရီကို အတော်လေး စိတ်လှုပ်ရှားသွားစေခဲ့သည်။

တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲခွန်အားက မတူညီသည့် အရာနှစ်ခုဖြစ်၏။

ယခင် အစောပိုင်းတွင် သူ၏ ခွန်အားက စီအဆင့် နီးပါး ရှိသော်လည်းပဲ တိုက်ပွဲစွမ်းရည်ကတော့ E အဆင့်သာလျှင် ရှိသည်။ သို့တိုင် သူ၏ အရည်အချင်းကို ကြီးကြီးမားမား မြင့်တက်စေခဲ့၏။

ယခု စနစ်က ဒီ အဆင့် တိုက်ပွဲစွမ်းရည်ကို ချီးမြင့်ပေးလာသည်ဖြစ်ရာ သူ၏ တိုက်ပွဲဝင် ခွန်အားက တိုးတက်မလာခဲ့သော်လည်းပဲ တိုက်ပွဲ အတွေ့အကြုံကတော့ ထင်သာမြင်သာမှု ရှိသည်အထိကို တိုးတက်လာမည်။

လင်းရီ သူ့ဘာသူ တွေးတောလိုက်သည်။ အကယ်၍ ဂျပန်သို့ သွားသည့် ခရီးစဉ်၌ သူ့တွင်သာ ဒီအဆင့် တိုက်ပွဲစွမ်းရည် ရှိခဲ့မည် ဆိုပါက သူလည်း အရိုက်နှက်ခံခဲ့ရမှာ မဟုတ်ချေ။

“ ရယူမယ် …”

သူ အမိန့်ပေးလိုက်သည်နှင့် များပြားလှသည့် တိုက်ပွဲ အတွေ့အကြုံကို တခဏအတွင်း ခံစားလိုက်ရလေသည်။

လင်းရီ စိတ်သက်သာရစွာဖြင့် သက်ပြင်း တိုးတိုးလေး ချလိုက်မိသည်။

ဤသည်က သူ၏ တိုက်ပွဲဝင် အတွေ့အကြုံကို ကြီးစွာ အပြောင်းအလဲ ဖြစ်ပေါ်စေပြီး နောင်အခါတွင် ဆန်းကြယ်သည့် အဖွဲ့အစည်းကြီးနှင့် ရင်ဆိုင်သည့် အခါ၌ ဖိအားလည်း လျော့ပါးသွားလိမ့်မည်။

မိနစ် လေးဆယ်ခန့် မောင်းနှင်ပြီးနောက် လင်းရီ ကျုံးဝေ့တပ်ဖွဲ့၏ အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သည်။

လေ့ကျင့်ရေး ကွင်းပြင်၌ တိုက်ခိုက်ရေးကို ထူးချွန်ကျွမ်းကျင်ခြင်း မရှိသူတို့က လူရွေးပွဲအတွက် ပြင်ဆင်နေရင်း အလုပ်များနေခဲ့ကြသည်။

“ ဘော့စ်လျိုက နင်နဲ့ သီးသန့် ကိုယ်ရေးကိုယ်တာ ကိစ္စ တချို့ ရှိတယ်ထင်တယ် … ဒါကြောင့် နင်နဲ့ မလိုက်တော့ဘူး … နင့်ဘာနင်ပဲ သွားလိုက်တော့ …”

အဆောက်အဦးထဲသို့ အတူဝင်နေစဉ်တွင် နင်ချဲ့ ပြောလာခဲ့သည်။

“ မင်း စကားလုံး ရွေးချယ်တာက နည်းနည်း တစ်မျိုးလေးနော်.. သီးသန့်ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတော့ ငါတို့နှစ်ယောက်ကပဲ ဘာလိုလို ညာလိုလို ဖြစ်နေသလိုလို ….”

“ ဒီတိုင်း ပြောတာပါဟယ် …” နင်ချဲ့ ရယ်မောရင်း လက်ဝှေ့ယမ်းလိုက်သည်။

“ ငါ တခြား လုပ်စရာ ရှိလို့ သွားပြီ ဘိုင့်ဘိုင် …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် တတိယထပ်ရှိ လျိုဟုန်၏ ရုံးခန်းသို့ လှည့်ထွက်လာသည်။

သူတံခါးဖွင့်လိုက်သည်နှင့် ရုံးခန်းက ထုံးစံအတိုင်း ဆေးလိပ်မီးခိုးငွေ့တို့ဖြင့် ပြည့်နှက်နေခဲ့သည်။

“ ဘော့စ်လျို … ခင်များက ရုံးခန်းထဲမှာ နေ့တိုင်း ကျင့်ကြံနေတော့တာပဲ … အခု ဘယ်အဆင့်မှာလဲ … မကြာခင် အထက်ဘုံကို တက်တော့မှာလား …”

“ ငါ့ ဖျင်ကြီးပဲ အထက်ဘုံတက်လိုက် …”

လျိုဟုန် စီးကရက်တိုကို ပြာခွက်ထဲသို့ ဖိချေလိုက်ပြီး ပြတင်းပေါက် တစ်ချပ် ဖွင့်လိုက်သည်။ “ ဝင်ခဲ့ … ငါ မင်းနဲ့ ပြောစရာရှိတယ်…”

“ ကြည့်ရတာတော့ ထွေထူး အရေးကြီးမယ့် ကိစ္စ မဟုတ်ဘူးနဲ့ တူတယ်…”

“ အရေးမကြီးဘူး … ဒါပေမယ့် ပေါ့သေးသေး ကိစ္စလည်း မဟုတ်ဘူး … ဒါကြောင့်မို့ ငါ မလောတာ …” လျိုဟုန် ပြောဆိုပြီးနောက် “ ပြီးတော့ စမ်းသပ်မှု ရလဒ် ထွက်လာခဲ့ပြီ …”

“ အခြေအနေ ဘယ်လိုလဲ … တစ်ခုခု တွေ့ထားတာ ရှိလား …”

“ အစီရင်ခံစာ အတိုင်းဆိုရင် စီ အဆင့် သွေးရည်ကြည်က မင်း အရင် မစ်ဆူမိသားစုကနေ ယူလာခဲ့တဲ့ E အဆင့် ဆေးရည်ထက်ကို အများကြီး ပိုကောင်းတယ် .. ငါ ပြောနိုင်တာတော့ တကယ်လို့ တစ်စုံတစ်ယောက်ကသာ အဲ့ဆေးသုံးလိုက်မယ်ဆိုရင် ကျရှုံးနိုင်ချေကလည်း အတော်နည်းတယ်…”

“ သေစမ်း ..” လင်းရီ ကျိန်ဆဲလိုက်၍ “ ဒါဆို ခင်များပြောချင်တာ ဒီရဲ့ ဆေးရည်က စီ အဆင့် ကျွမ်းကျင်သူတွေကို တစ်အုပ်လိုက်ကြီး ထုတ်နိုင်နေတယ်ပေါ့ … ဒီနှုန်းနဲ့သာဆိုလို့ကတော့ ကမ္ဘာကြီးကိုတောင် သိမ်းပိုက်လို့ ရနေပြီမဟုတ်လား …”

“ လုံးဝကြီးလည်း မမှန်ကန်သေးဘူး .. ဘေးထွက်ဆိုးကျိုးတွေက နည်းတယ်ဆိုပေမယ့် အားနည်းချက် မရှိတာ မဟုတ်ဘူး …”

“ အားနည်းချက်က ဘာလဲ …”

“ အဲ့တာက အသုံးပြုသူရဲ့ အသက် သက်တမ်းအပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်…” လျိုဟုန် ရှင်းပြလိုက်ပြီး “ စမ်းသပ်မှုတွေကတဆင့် ပြောပြနေတာ စီအဆင့် သွေးရည်ကြည်ကို အသုံးပြုတဲလူရဲ့ သက်တမ်းက ဆယ်နှစ်ပဲ အာမခံတယ် … အဲ့တာတောင် အကောင်းဆုံး အခြေအနေ အောက်မှာပဲ …”

All Chapters