တစ်ကိုယ်တော် လှုပ်ရှားခြင်း
Vol. 139 Ch. 2074
“ ငါ့ရဲ့ သတင်းပေး ပြောတာတော့ ဝေကျန်းလုံက သူ့ရဲ့ ယုံကြည်ရတဲ့ လူနှစ်ယောက်ကို တခြားကိစ္စလုပ်ဖို့ လွှတ်ထားတယ်တဲ့ … ပြီးတော့ ဒီတစ်သုတ်ပစ္စည်းမှာ သူ့ဘက်က တော်တော်လေး ရင်းနှီးထားတယ် .. သစ္စာဖောက်တာမျိုး မကြုံရအောင် သူကိုယ်တိုင် စစ်ဆင်ရေးကို ဦးဆောင်ဖို့ စီစဉ်ထားတာပဲ …”
“ သတိတော့ အတော်ကြီးတဲ့လူပဲ …” လင်းရီ မှတ်ချက် ပေးလိုက်ပြီး “ တည်နေရာအတိအကျ သိလား …”
“ ထျန်းကျင်း သင်္ဘောဆိပ်နဲ့ နှစ်ဆယ်ကီလိုမီတာလောက် ဝေးတဲ့ တံငါရွဦလေး တစ်ရွာမှာ … နင်တို့ အဲ့မှာ ကြိုစောင့်နေပြီး ခြုံခို တိုက်ခိုက်မယ်ဆို ပြဿနာ မရှိလောက်ဘူး … အလဲအလှယ် လုပ်မယ့် အချိန်က မနက် ၂ နာရီ .. ၃ နာရီဝန်းကျင်လောက်မှာ သူတို့လှေတွေ ပြန်ရောက်လာမယ် … အဲ့ဒီအချိန်က ဝေကျန်းလုံကို ဖမ်းလို့ အကောင်းဆုံး အချိန်ပဲ …”
လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်သည်။ “ အချိန်က အဆင်ပြေသားပဲ … ငါတို့ အခုစပြီး လှုပ်ရှားရင် အချိန်မီ ရောက်နိုင်သေးတယ်…”
“ နင်နဲ့ အတူခေါ်လာခဲ့တဲ့ လူတွေကိုရော ဘယ်လိုလုပ်မှာ .. သူတို့ကို အသိမပေးတော့ဘူးလား …”
“ ငါတော့ လိုမယ်လို့ မထင်ဘူး .. လူများရင် အလုပ်ရှုပ်တာပဲ ရှိမှာ ငါတစ်ယောက်တည်းနဲ့ သပ်သပ်ရပ်ရပ်လေး လုပ်လို့ရတယ်…”
“ ဒါဆို ငါလည်း အားနေမယ့် အတူတူ နင်နဲ့ လိုက်ခဲ့မယ်လေ…” နင်ချဲ့ ပြောလိုက်၏။
“ ကောင်းပြီလေ… မင်းပါတော့လည်း လမ်းမှာ အဖော်ရတာပေါ့ ….”
နင်ချဲ့ စားပွဲသို့ ကပ်လာပြီး လင်းရီ၏ မေးစေ့အားကိုင်၍ လက်ညှိုးဖြင့် ညင်သာစွာ ပင့်မြှောက်လိုက်သည်။ ထို့နောက် ကလူကျီစယ်သည့် လေသံဖြင့် “ မပူနဲ့… ငါ ရှိနေရင် နင် ခရီးတစ်လျှောက်လုံး အထီးကျန်စရာ အကြောင်းမရှိဘူး …”
ချိုးယွီလော့ အကြိမ်ရေ အနည်းငယ်ခန့် မျက်လုံးလှန်မိလိုက်၏။ သူတို့တစ်ယောက်မှ လေးလေးနက်နက် ရှိမနေသည်ကို ခံစားမိနေသည်။
“ ခဏလေး စောင့်ဦး … ငါ နင့်ဖို့ လက်နက်တချို့ ထည့်ပေးလိုက်မယ်…” ချိုးယွီလော့ ပြောလိုက်ပြီး “ သူတို့လို လူစားမျိုးတွေက အမြဲတမ်း လက်နက်တွေနဲ့ … နင်တို့နှစ်ယောက်တည်းဆို လူအင်အားချင်း မမျှဘူး … တစ်ဖက်က ပစ်ခတ်လာရင် ကိုင်တွယ်ရ ခဲယဉ်းတယ် …”
“ ဒါဆို အဲ့ကိစ္စ မင်းနဲ့ပဲ လွှဲထားလိုက်တော့မယ်…”
နာရီဝက်ခန့် ကြာပြီးသည့်နောက် ချိုးယွီလော့သည် မစ်ရှင်တို့ သူတို့ လိုအပ်မည့် ပစ္စည်း ကိရိယာတို့အား အသင့် ပြင်ဆင်ပေးပြီး ဖြစ်၏။
ယင်းက မီတာဝက် အရွယ်အစားမျှ ရှိသည့် လက်ဆွဲ သေတ္တာ တစ်လုံးပင်။ သူတို့အတွက်တော့ ဤသည်က လုံလောက်သည်ထက်ပင် ပိုနေပြီး ဖြစ်၏။
အစီအစဉ်ကို နောက်ဆုံး အချောသပ်ပြီးနောက် လင်းရီနှင့် နင်ချဲတို့နှစ်ဦးလုံး ကိုယ်စီ ပစ္စည်းများအား ယူဆောင်ကာ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ ထွက်ခွာလာ၍ ထျန်းကျင်း သင်္ဘောဆိပ်သို့ ဦးတည်လာခဲ့ကြသည်။
……….
ထိုအချိန် တည်းခိုခန်းတွင်တော့ လီရှန်းဟွေ့နှင့် သူ့အုပ်စုမှာ အတူစုဝေးနေလေသည်။ စုန့်ကျန်း အသင်းဝင်တို့ကတော့ ထိုနေရာ၌ ရှိမနေခဲ့ကြချေ။
လူတိုင်း၏ အမူအရာမှာ အုံ့မှိုင်းနေလျက် ရှိ၏။
“ အစ်ကိုလီ … ခေါင်းဆောင်ကြီးတွေက ဘာပြောလာလဲ …” ကူရိရန် မေးမြန်းလိုက်သည်။
“ သူတို့ ပြောတာတော့ ပုံမှန်အတိုင်းပဲသွားတဲ့ … လင်းရီကိုတော့ သူ အဆင်ပြေသလို လုပ်ပါစေတဲ့ …”
“ ဘာကြီး …”
ရှင်းရှန်း ရဲစခန်းရှိ အဖွဲ့ဝင်များအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
“ အတည် ပြောနေတာလား … ဘော့စ်လျိုလို လူစားမျိုးက ကျွန်မတို့ကို ပုံမှန်လေးပဲသွားခိုင်းပြီး လင်းရီကိုကျတော့ သူ စိတ်ရှိသလို လျှောက်လုပ်ခွင့် ပြုလိုက်တယ်ပေါ့ …”
“ အဲ့တာ သူပြောတာ မဟုတ်ဘူး … အထက်က ဆုံးဖြတ်ပေးလာခဲ့တာ …”
“ အထက်က ……..”
“ အင်း … ငါ ဒီက အခြေအနေကို တင်ပြပြီးတော့ သူ အထက် ခေါင်းဆောင်ကြီးတွေ ဖုန်းခေါ်လိုက်တယ်လေ .. ဒါ သူတို့ ပေးတဲ့ အကြံဉာဏ်ပဲ …”
ထိုစကားကို ကြားပြီးသည့်နောက် မည်သူ့ထံကမျှ အသံထွက်မလာခဲ့ကြတော့ချေ။ အဘယ်ကြောင့် ယခုလို ဆုံးဖြတ်လာခဲ့ရလဲဆိုတာကို သူတို့အားလုံး နားမလည်နိုင်ဘဲ ဖြစ်နေခဲ့ကြ၏။
“ ငါတော့ သူတို့တွေ ဒီစစ်ဆင်ရေးကို ဟာသတစ်ခုလိုမျိုး သဘောထားနေတယ်လို့ ထင်တာပဲ …” ကျန်ဟွေ့ ပြောလိုက်သည်။ “ ငါ နောက်ပြီး ပြောနေတာ မဟုတ်ဘူး … သူတို့ဘက်က အထူးလုပ်ရမယ့် တာဝန်တွေလည်း ပေးမလာဘူး … သူတို့ရဲ့ သဘောထားက အရင်တုန်းက ကေ့စ်တွေနဲ့လည်း မတူဘူး …”
“ ဖြစ်နိုင်တာ သူတို့ရဲ့ အတွေးက အရင်တစ်ခေါက် လင်းရီ ပိုင်ရုံရှိုကို တိတ်တိတ်လေး ဖမ်းလိုက်နိုင်တယ်ဆိုတော့ ဒီတစ်ခေါက် ဝေကျန်းလုံကိုလည်း ဖမ်းနိုင်မယ်လို့ ထင်နေတာ နေမယ်…” ကူရိရန် သူမ၏ အတွေးကို ပြောဆိုလိုက်သည်။
“ နေမှာပေါ့ ….” လီရှန်းဟွေ့ စီးကရက်တစ်လိပ်အား မီးညှိပြီး ကုတင်နောက်ကျောသို့ မှီလိုက်၏။
“ အဲ့ဒီတော့ ကျုပ်တို့က ဒီအတိုင်း ဘာမှ မလုပ်ဘဲ ထိုင်နေတော့မှာလား …” ကျူးကျွင်းချီ မေးမြန်းလိုက်သည်။
“ ကျုပ် အခုလေးတင် စုန့်ကျန်း အသင်းက အောက်ထပ် ဆင်းသွားတာ မြင်လိုက်တယ်… သူတို့ ကြည့်ရတာ စပြီး လှုပ်ရှားကြတော့မယ့်ပုံပဲ …”
“ ငါ လင်းဟန် အကြောင်း နည်းနည်းသိတယ်… ဒီ မစ်ရှင်ကို အရမ်းကာရော ကိုင်တွယ်မှာ မဟုတ်ဘူး …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ သူ့ဘက်က ဝေကျန်းလုံ အကြောင်း သတင်းတွေ စုံစမ်းပြီးမှ လှုပ်ရှားမှာ … ဒါပေမယ့် ဒါလည်း ငါတို့ကိစ္စမဟုတ်ပါဘူး … ငါတို့မှာ ရှိတဲ့ သတင်းအချက်အလက်နဲ့ အချိန်မီ လှုပ်ရှားလို့ မမီတော့ဘူး …”
“ အဲ့ဒီတော့ …. ဘာဆက်လုပ်ကြမှာ … တည်းခိုခန်းထဲမှာပဲ ထိုင်စောင့်နေတော့မှာလား …”
“ အပြင်ထွက်ပြီး နည်းနည်းပါးပါး လမ်းလျှောက်လို့လည်း သေမသွားပါဘူးကွာ …”
ကြည့်ရသည်မှာ လီရှန်းဟွေ့ဘက်က ဤမစ်ရှင်ကို လက်လျှော့ အရှုံးပေးလိုက်သည့်ပုံပင်။ ထို့နောက် သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။
“ လင်းရီက ငါတို့ကို ရှုခင်းတွေ ကြည့်ဖို့ ပြောထားတယ်မလား … ဘာလုပ်စရာမှလည်း မရှိဘူးမယ့်အတူတူတော့ နားကြတာပေါ့ …”
“ ဒါဆိုလည်း သွားကြစို့ … ကျုပ်တော့ဖြင့် ပျင်းရလွန်းလို့ သေတော့မယ်…” တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်။
….
တစ်ချိန်တည်းတွင် လင်းဟန်သည် ကျန်းယွီ့လင်အပါအဝင် စုန့်ကျန်းအသင်းရှိ အခြားသော လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထျန်းကျင်းသို့ ထွက်လာနေပြီ ဖြစ်သည်။
“ ရှောင်ဟန် … ငါတို့ ဒီကိစ္စကို ကိုယ့်ဘာကိုယ် ကိုင်တွယ်လို့ရတယ်ဆိုတာ သေချာရဲ့လား …” ကျန်းယွီ့လင် မေးမြန်းလာခဲ့သည်။ “ ငါတို့ အားလုံးက ဒီကို အတူလာခဲ့ကြတာလေ .. ပြီးတော့ အသင်းခေါင်းဆောင်ကလည်း ရှင်းရှန်း အသင်းက … အခု နင်က သူတို့ကို ဘေးချိတ်ထားတယ် … ခေါင်းဆောင်ကြီးတွေဘက်က မေးခွန်းထုတ်လာရင် နင် ဘယ်လို ပြန်ရှင်းပြမှာ …”
“ ဒီကိစ္စကို ငါတို့ ခေါင်းဆောင်ဆီ သတင်းပို့ပြီးပြီ … သူလည်း ငါ့ရဲ့ နည်းလမ်းကို သဘောတူတယ်… ဒီတော့ ဘာစိတ်ပူစရာမှ မလိုဘူး …” လင်းဟန် တည်ငြိမ်စွာ ဆိုလိုက်ရင်း လျှာထုပ်ဦးထုပ်အား အနည်းငယ် ပြုပြင်လိုက်၏။
“ ပြီးတော့ .. ဝေကျန်းလုံကို ဖမ်းမိနေသ၍ လုပ်ငန်းစဉ်တွေက အရေးမကြီးဘူး …”
“ အဲ့လို ကြားရတာ ကောင်းတယ် …” ကျန်းယွီ့လင် ပြောဆိုလိုက်ပြီး “ သတင်းအရဆိုရင် ဒီည ပင်လယ်ပြင်မှာ အပေးအယူ ကြီးကြီးမားမား တစ်ခု လုပ်ဖို့ ရှိတယ်… ငါတို့ဘက်က အဲ့နေရာမှာ ကြိုပြီး စောင့်နေလိုက်မယ်ဆိုရင် ဝေကျန်းလုံကို ဖမ်းဖို့က ပြဿနာ ရှိမှာ မဟုတ်ဘူး …”
ချိုးယွီလော့၏ သတင်းထောက်လှမ်းရေး စွမ်းရည်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ကျန်းယွီ့လင်၏ အရည်အချင်းမှာ အတော်လေး အလှမ်းဝေးနေသေးသည်။ သူမက ဝေကျန်းလုံ အပေးအယူ ပြုလုပ်မည့် နေရာကိုသာ သိထားပြီး ၎င်းအဖွဲ့ဝင်တို့ မည်သို့သော ပုံစံဖြင့် ချဉ်းကပ်လာမည်ကို သိရှိထားခြင်း မရှိပေ။ အခြားတစ်ဖက်တွင်တော့ ချိုးယွီလော့က နှံ့စပ်စွာ သိရှိထားပြီး ဝေကျန်းလုံက သူ၏ လက်အောက်ငယ်သားများနှင့် တံငါရွာသို့ ကိုယ်တိုင် ဦးဆောင်လာမည်ကိုလည်း သိနေခဲ့သည်။ ဤသည်က နှစ်ဖက်ခြမ်းရှိ အစွမ်းအစ ကွာဟမှုကို မြင်သာစွာ မီးမောင်းထိုးပြနေသည်။
“ ဒီညတော့ တိုက်ပွဲကြီး တစ်ခု နွှဲရတော့မယ်နဲ့တူတယ်… ကျုပ် လက်နက်တွေ အသင့်ပြင်ထားလိုက်ဦးမယ်…” ကျောက်စု ပြောလိုက်သည်။
“ အားလုံးပဲ … အဲ့လောက်ထိလည်း စိတ်ဖိစီးနေစရာ မလိုပါဘူး … ဒါ ဘာထွေထူး ကိစ္စမှ မဟုတ်ဘူး…” လင်းဟန် အုပ်စုအား နှစ်သိမ့်ပေးလိုက်ပြီး “ နင်တို့ ပိုပြီး စိတ်လှုပ်ရှားလေ … အမှားလုပ်မိဖို့ ပိုပြီး လွယ်ကူလေပဲ …”
ကျောက်စု ထိုင်ခုံနောက်သို့ မှီရင်း တဟားဟား ရယ်မောလိုက်သည်။ “ တခြားသူတွေတော့ မသိဘူး … ဒါပေမယ့် ကျုပ်ကတော့ လုံးဝကို မစိုးရိမ်တာ … အစ်မကြီးလင်း တစ်ယောက်လုံးက မစ်ရှင်ကို ဦးဆောင်နေမှတော့ ဒီကောင်တွေ ပြေးမလွတ်ပါဘူး …”
“ အမှန်ပဲ … နင်တို့ ခေါင်းဆောင်ရဲ့ အရည်အချင်းက အထင်ကြီးဖို့ကောင်းတယ် … ဝေကျန်းလုံက ရက်စက်ပြီး သူ့လက်အောက်မှာ ငယ်သားတွေ အများကြီး ရှိနေတယ်ဆိုရင်တောင် နင်တို့ အသင်းကို ပြန်လှန်နိုင်မှာ မဟုတ်ဘူး …”
“ ဒါကြောင့်မို့ ဒီတစ်ခေါက်တော့ ကျုပ်တို့ ရာနှုန်းပြည့် အောင်မြင်မှာ သေချာတယ်…”
“ ဒါပေမယ့် ငါသိချင်တာကလေ … နင်တို့ အသင်းခေါင်းဆောင်လင်းက သူ ဒီမစ်ရှင်ကို အောင်မြင်မယ်လို့ ဘာကြောင့် ယုံကြည်ချက် ပြင်းထန်နေတာလဲဟင် … ရန်ကျင်းရောက်တာနဲ့ ချက်ချင်းပဲ တခြား အမျိုးသမီးတစ်ယောက်နဲ့ ပျော်ပါးနေတယ် … သူ့မှာ အလုပ်လုပ်ဖို့ အစီအစဉ်လည်း မရှိဘူး … အထက်က ဒဏ်ပေးလာမှာကို သူ မကြောက်ဘူးလားတဲ့ …” ကျန်းယွီ့လင် မေးမြန်းလိုက်၏။
“ ငါကတော့ အဲ့ကိစ္စကို စိတ်ပူမနေပါဘူး … ဒါပေမယ့် ဒါက အထက်အကြီးအကဲတွေ သူ ဘယ်လို လူစားမျိုးလဲဆိုတာ သိသွားမယ့် အခွင့်အရေးကောင်းလည်း ဟုတ်တယ်.. နောင်ကျ လူမှားပြီး မယုံမိတော့ဘူးပေါ့ …” လင်းဟန် တုံ့ပြန်လိုက်သည်။
“ ဒါပေမယ့် သူက နည်းနည်းလေးတော့ ယုံကြည်ချက် လွန်ကဲလွန်းမနေဘူးလား …” ကျန်းယွီလင် ဆက်ပြောလိုက်၏။ “ စစချင်းတုန်းကတော့ ငါ သူ့အပေါ် အမြင်ကောင်းလေးတွေ ရှိခဲ့သေးတယ် .. ဒါပေမယ့် အခုတော့ အဲ့လောက်မဟုတ်တော့ဘူး .. သူ့ကြည့်ရတာ အတော်လေး မောက်မာသလိုပဲ …”
“ အမှန်ပဲ…” ကျောက်စု ပြောလိုက်ပြီး “ ကျုပ် အလိုသာဆိုလို့ကတော့ သူ့လို ကောင်စားမျိုးကို ရဲတပ်ဖွဲ့ထဲကနေ ထုတ်ပစ်လိုက်တာ ကြာပြီ …”
“ တော်ပြီ … သူ့ အကြောင်း ထပ်မပြောကြနဲ့တော့ … ငါတို့ရဲ့ စစ်ဆင်ရေးအတွက် ပြင်ဆင်မယ့် အပေါ်မှာပဲ အာရုံစိုက်ထားကြ … ဒီ မစ်ရှင်ကို ချောချောမွေ့မွေ့နဲ့ အဆုံးသတ်နိုင်အောင် ကြိုးစားရမယ်…”
“ ဟုတ်ကဲ့ …”