← Chapters

သိချင်စိတ်

Vol. 139 Ch. 2078

သိချင်စိတ်

Vol. 139 Ch. 2078

“ ဗိုလ်မှူးတွေ .. ခင်များ အတည်ကြီး ပြောနေတာလား …”

“ မဟုတ်လို့ ဘာဖြစ်ရဦးမှာ …” ခေါင်းဆောင် ရဲအရာရှိက ပက်ခနဲ ပြန်ပြောလိုက်ပြီး “ ပြီးတော့ ငါ့အထင် ဟိုအမျိုးသားရဲ့ ရာထူးက ပိုပြီးတောင် မြင့်လောက်တယ် … မဟုတ်ရင် သူတို့နှစ်ယောက်တည်းနဲ့ ဒီလူ အယောက်သုံးဆယ်ကျော်ကို အသာအယာလေး ဘယ်လိုလုပ် နှိမ်နင်းနိုင်မှာလဲ …”

“ ဒါပေမယ့် … သူတို့က တအား ငယ်လွန်းမနေဘူးလား … အလွန်ဆုံးရှိလှ သုံးဆယ်ပေါ့ … ဒီလို ငယ်ငယ်လေးနဲ့ ဗိုလ်မှူးဖြစ်ဖို့ဆို အဆက်အသွယ်ကောင်းတချို့ ရှိဖို့ သေချာပေါက် လိုမှာပဲ …”

“ ပေါက်ကရတွေ လျှောက်မပြောနဲ့ …” ခေါင်းဆောင် ရဲအရာရှိက ငေါက်ငမ်းလိုက်ပြီး “ သူတို့ရဲ့ အရည်အချင်းနဲ့ အဆက်အသွယ် မသုံးလည်း ရာထူးတိုးနိုင်တယ်ကွ …”

“ ခေါင်းဆောင် ပြောတာ မှန်တယ်… မင်းတို့ သင်တန်းဆင်း ကျောင်းသားလေးတွေက တကယ့်ကို မစဉ်းစားတတ်ကြတဲ့ ကောင်တွေ …” သက်လတ်ပိုင်း ရဲအရာရှိတစ်ဦးကလည်း ဝင်ရောက် ပြောဆိုလာခဲ့သည်။ “ သူတို့က ဟွာရှ လျှို့ဝှက် တပ်ဖွဲ့ တစ်ခုခုရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေနိုင်တယ်…”

“ လျှိုဝှက်တပ်ဖွဲ့လား …” ကားထဲရှိ ရဲအရာရှိများလည်း အံ့အားသင့်သံများ ထွက်ပေါ်လာကြသည်။

“ အသေးစိတ်တော့ ငါလည်း မသိဘူး … ငါလည်း ငါ့ အထက်ခေါင်းဆောင်ကြီး အနားမယူခင် သူ့ဆီကနေ နားစွန်နားဖျား ကြားခဲ့ရတာပဲ …” သက်လတ်ပိုင်း ရဲအရာရှိက ရှင်းပြလိုက်ပြီး “ ဟွာရှမှာ ထိပ်တန်း အဖွဲ့ဝင်တွေချည်းသပ်သပ် စုဆောင်းထားတဲ့ လျှို့ဝှက်တပ်ဖွဲ့တွေ ရှိတယ်… တစ်ယောက်က လူတစ်ရာကို နှိမ်နင်းနိုင်တယ်… သူတို့ရဲ့ ရာထူးကလည်း အလိုအလျောက် အဆင့်မြင့်တယ်.. ငါတော့ သူတို့နှစ်ယောက်က အဲ့ဒီတပ်ဖွဲ့ တစ်ခုခုကနေ ရောက်လာတယ်ဆိုတာ လောင်းရဲတယ်…”

ဤသည်ကို ကြားတော့ ကားထဲရှိ ဝေကျန်းလုံဆိုသူမှာ အကြီးအကျယ် မျက်စိပျက် မျက်နှာပျက် ဖြစ်နေမိတော့၏။

သေစမ်း … ငါဘာတွေများ လုပ်ခဲ့မိလို့ အဲ့လို လူတွေကတောင် ကိုယ်တိုင် လှုပ်ရှားလာခဲ့ရတာလဲဟ …

စဉ်းစားစမ်း စဉ်းစားစမ်း ….

……………

မနက် ငါးနာရီ ဝန်းကျင်ခန့်တွင် ရဲကား သုံးစင်းက ရန်ကျင်းသို့ ဦးတည်သည့် ဟိုင်းဝေးလမ်းပေါ်တွင် အရှိန်မြင့် မောင်းနှင်နေခဲ့သည်။

လင်းဟန်နှင့် သူမ၏ အဖွဲ့သားတို့မှာ တိတ်ဆိတ်နေခဲ့ကြပြီး လေထုအခြေအနေမှာလည်း ရှုံးနိမ့်မှုတို့ဖြင့် လေးလံနေသည်။ စစ်ဆင်ရေး ကျရှုံးသွားခဲ့မှုက သူမတို့၏ မာနသို့ ကြီးစွာ ရိုက်ခတ်မှုတို့ ဖြစ်ပေါ်လာစေသည်။

လင်းဟန် အဖို့ ဤသည်က အတော်လေး အရှိုက်ထိသွားသည့် ထိုးနှက်ချက်ကြီးပင်။ သူမ၏ စွမ်းဆောင်နိုင်စွမ်းကို မေးခွန်းထုတ်ချင်စရာ ဖြစ်လာခဲ့၏။

သူမ၏ အထက်လူကြီးကို မည်သို့ ရှင်းပြရမှန်းပင် မသိတော့ချေ။ အဆိုးဆုံး အပိုင်းကတော့ ဤမစ်ရှင်က ရှင်းရှန်းရဲစခန်းနှင့် ပူးပေါင်း ဆောင်ရွက်ရခြင်း ဖြစ်လေသည်။

သို့သော် သူမ၏ လုပ်ရပ်ကြောင့် ပစ်မှတ်အား သတိပေးသလို ဖြစ်သွားစေခဲ့ပြီး မစ်ရှင် ကျဆုံးလုနီးပါးပင် ဖြစ်သွားစေခဲ့သည်။ ပြန်ရောက်သည့်အခါ၌ အဆုံးမဲ့သည့် လှောင်ပြောင်မှုတို့နှင့် ရင်ဆိုင်ရမည်မှာ ကျိန်းသေသည်။

ထိုအကြောင်းကို တွေးတောရင်း ကားထဲရှိ မည်သူကမျှ စကားမပြောနိုင်ကြတော့ချေ။

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ လင်းဟန်၏ ဖုန်းသံ မြည်လာခဲ့သည်။ ဟန်ကျုံးယွီထံက ဖြစ်၏။

“ ခေါင်းဆောင် …” လင်းဟန် ဖုန်းဖြေလိုက်သည်. သူမ၏ လေသံကတော့ စိတ်ပျက်အားလျော့နေသည်။

“ မင်း အခု ဘယ်မှာလဲ …”

မစ်ရှင် ကျဆုံးခဲ့သည်ကို ဟန်ကျုံးယွီ သိထားပြီး ဖြစ်ကာ သူ၏ လေသံမှာ တင်းမာနေသည်။

“ ကျွန်မတို့ ရန်ကျင်းပြနတဲ့ လမ်းမှာ … သိပ်မကြာခင် ရောက်တော့မယ် …”

“ မြန်မြန်ပြန်ခဲ့တော့ … ဝေကျန်းလုံကို ဖမ်းမိထားပြီ … မင်းတို့ ဘာမှ လုပ်စရာ မရှိတော့ဘူး ..”

“ ဟင် … ဝေကျန်းလုံ ဖမ်းခံထားရပြီ ဟုတ်လား …”

လင်းဟန် ထိုင်နေရာမှ ထခုန်လုနီးပါး ဖြစ်သွားခဲ့သည်။

“ စစ်ဆင်ရေးက မအောင်မြင်ဘူးလေ .. သူ ဘယ်လိုဖြစ်ပြီး ဖမ်းခံလိုက်ရတာလဲ …”

“ ရှင်းရှန်းအဖွဲ့က သူ့ကို ဖမ်းလိုက်နိုင်တာပဲ … ဒါပေမယ့် အသေးစိတ်တော့ ငါလည်း မသိဘူး … ငါသိတာဆိုလို့ သူတို့ ဝေကျန်းလုံကို ဖမ်းလိုက်ပြီ ဆိုတာပဲ …”

“ ဒါပေမယ့် သူတို့ အသင်းက ကျွန်မတို့နဲ့လည်း မပူပေါင်းပဲနဲ့ကို ဘယ်လိုလုပ် ဖမ်းလိုက်နိုင်တာလဲ …”

“ မင်း ဟို ရောက်ရင် အဲ့ကိစ္စ သူတို့ကို မေးပေါ့ …”

“ ဟုတ် ဟုတ်ကဲ့ … ကျွန်မ နားလည်ပါပြီ …”

လင်းဟန် ဖုန်းချလိုက်သည်။ သူမ၏ မျက်ဝန်းတို့က ဂနာမငြိမ်နိုင်ဘဲ အတွေးစိတ်တို့က လွင့်မြောနေသည်။ ကားထဲရှိ ကျန်သူများကလည်း သူမထံသို့ အာရုံစိုက်လာခဲ့ကြသည်။

“ ရှောင်ဟန် .. ဘာဖြစ်တာလဲ … သူတို့ ဝေကျန်းလုံကို ဖမ်းလိုက်နိုင်ပြီ ဟုတ်လား …” ကျန်းယွီ့လင် မေးမြန်းလာခဲ့သည်။

“ ငါတို့ခေါင်းဆောင် ပြောတာတော့ ရှင်းရှန်း ရဲစခန်းက ဝေကျန်းလုံကို ဖမ်းလိုက်ပြီတဲ့ … အသေးစိတ်တော့ သူလည်း မသိဘူး … သူပြောတာ မြန်မြန်ပြန်ပြီး ဘာဖြစ်လဲ စုံစမ်းဖို့ ပြောတာပဲ …”

ကားထဲရှိ လူတိုင်း ရှုပ်ထွေးစွာဖြင့် အကြည့်ချင်း ဖလှယ်မိလိုက်ကြသကာ ဘာတွေ ဖြစ်နေလဲဆိုတာကို မည်သူကမျှ လိုက်မမီကြတော့ချေ။

သို့သော် အတွင်းစိတ် တစ်နေရာတွင်တော့ ဤကိစ္စက လင်းရီနှင့် တစ်မျိုးတစ်ဖုံ ပတ်သက်နေမည်ကိုတော့ အာရုံရနေခဲ့ကြ၏။

တစ်နာရီခန့် ကြာပြီးသည့်နောက် ရန်ကျင်း ဗဟိုရုံးခန်းသို့ ရောက်ရှိလာသည်။ ရှင်းရှန်း ရဲစခန်းအသင်းက ဝေကျန်းလုံနှင့် သူ့လူများအား လွှဲပြောင်းပေးနေသည်ကို မြင်တော့ စုန့်ကျန်း အသင်းသားတို့မှာ လူပိုများ ဖြစ်နေသကဲ့သို့ ခံစားလိုက်ရပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေကြတော့၏။

လင်းရီ လင်းဟန်အား တစ်ချက်ကြည့်လိုက်သည်။

“ မင်းတို့ကို ဘယ်သူက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဖို့ ပြောတာ …”

“ ငါတို့လည်း ငါတို့အလုပ် ငါတို့ လုပ်တာပဲလေ… နင်ပြောတဲ့အတိုင်း ဘာမှမလုပ်ဘဲ ရှုခင်းတွေ လိုက်ကြည့်နေဖို့မှ မဖြစ်နိုင်တာ …”

လင်းဟန်သည် သူမတို့ဘက်က မှားယွင်းနေမှန်း သိသော်လည်းပဲ မဝန်ခံလိုစွာဖြင့် ကိုယ်ဟန်အား ထိန်းသိမ်းကာ ပြန်လည်ခွန်းတုံ့ပြန်လိုက်သည်။

“ ရှုခင်းတွေ ကြည့်တော့ရော ဘာဖြစ်လဲ .. ငါတို့ ဒီကောင်ကို ဖမ်းနိုင်နေတာပဲလေ …” လင်းရီ ပြန်ချေပလိုက်သည်။ “ ငါ သည်းမခံနိုင်ဆုံးလူတွေက သူတို့ကိုယ်သူတို့ အကုန်လုံး သိတယ်၊ နားလည်တယ် ထင်ပြီး နောက်ဆုံးကျ အကုန် လျှောက်မွှေပစ်တဲ့လူတွေကိုပဲ … မင်းတို့ ဘယ်လောက်ထိ ပြဿနာရှာခဲ့လဲ မင်းတို့ကိုယ်မင်းတို့ သိလား …”

“ နင်တို့ ဝေကျန်းလုံကို ဖမ်းလိုက်နိုင်မှန်း သိတယ် … ဒါပေမယ့် ငါတို့အပေါ် ဗိုလ်ကျဖို့တော့ မလိုဘူးထင်တယ်…” လင်းဟန် ပြောလိုက်သည်။ “ ငါတို့သာ သူတို့ရဲ့ အစီအစဉ်ကို မနှောင့်ယှက်ပေးထားရင် နင်လည်း သူတို့ကို ဖမ်းဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး …”

“ စောက်ရေး မပါတာ …” လင်းရီ ရှူးရှူးရှားရှား ဖြစ်သွားခဲ့ပြီး “ မင်း သတင်းကို ဘယ်ကနေ ရလာခဲ့လဲ ငါ သိချင်စမ်းပါဘိ … ဝေကျန်းလုံ လှေပေါ်မှာ ရှိနေတာကို မင်းမြင်လား … မင်း ဘာလို့ အဲ့လောက်တောင် သေချာနိုင်ရတာ …”

လင်းရီ၏ စကားက စုန့်ကျန်း အသင်းကို ပြောစရာစကားတို့ ကင်းမဲ့သွားစေခဲ့သည်။

သူတို့၏ စစ်ဆင်ရေးတွင် ဝေကျန်းလုံကို မတွေ့ခဲ့ရသည်ကတော့ အမှန်ပင်။

“ တော်ပြီ လင်းရီ … ဒီကိစ္စ ထပ်မပြောနဲ့တော့ … အရေးကြီးတာ ငါတို့ ဝေကျန်းလုံကို ဖမ်းလိုက်နိုင်ပြီပဲမလား …” လီရှန်းဟွေ့ ကြားဖြတ်ပြောလာခဲ့ပြီး တင်းမာမှုကို ပြေလျော့အောင် ကြိုးပမ်းလိုက်သည်။ ထို့နောက် လင်းဟန်ဘက်သို့ လှည့်ပြီး “ လှေပေါ်ပါတဲ့လူတွေက ဒီတိုင်း ဝေကျန်းလုံရဲ့ ငယ်သားတွေ သပ်သပ်ပဲ … သူက အဲ့မှာ မရှိဘူး … သူက ကမ်းခြေမှာ စောင့်နေခဲ့တာ .. ဒါပေမယ့် မင်းတို့က ကုန်ပစ္စည်းတွေ ရခဲ့တယ်ဆိုတော့ အဲ့တာက သူ့ကို စွဲချက်တင်ဖို့ သက်သေပိုပြီး ခိုင်မာသွားတာပေါ့ … ဒီတော့ စစ်ဆင်ရေးရဲ့ အကျိုးမှတ်တွေကို နှစ်ဖက် ခွဲယူကြမယ် … ငါတို့တစ်ယောက်တည်း အပိုင်မစီးပါဘူး …”

လီရှန်းဟွေ့၏ ကြားဝင် ဖျန်ဖြေပေးသည့်လေသံက တင်းမာမှုကို ပျော့ပြောင်းသွားစေခဲ့ပြီး စုန့်ကျန်းရဲစခန်း အသင်းဝင်တို့အား အနည်းငယ် နေရထိုင်ရ သက်သာလာစေခဲ့လေသည်။ ထို့နောက် နှစ်ဖက်မှာ ပြန်လည် သင့်မြတ်သွားခဲ့ကြပြီး နောက်ဆက်တွဲ လုပ်ငန်းစဉ်တို့အား အတူ ပူးပေါင်းပြီး အလုပ်လုပ်ကြတော့သည်။

လင်းဟန်သည် လီရှန်းဟွေ့ကို ဘေးတစ်နေရာသို့ ဆွဲခေါ်သွားပြီး “ ခေါင်းဆောင်လီ … ဒါက ကျွန်မ အမှားပါ …. ရှင်တို့ အသင်းကို ကျေးဇူးပြုပြီး ကျွန်မကိုယ်စား တောင်းပန်ပေးနိုင်မလားဟင် .. ကျွန်မရဲ့ အမှားကြောင့်နဲ့ ကျွန်မရဲ့ အသင်းသားတွေ အပြစ်တင်ခံရတာမျိုး မဖြစ်စေချင်လို့ပါ …”

လီရှန်းဟွေ့ ကိုးရို့ကားယား ရယ်မောမိလိုက်သည်။

“ အမှန်အတိုင်း ပြောရရင် ဒီရဲ့ စစ်ဆင်ရေးမှာ ငါတို့ လုပ်ပေးခဲ့တာလည်း တစ်ခုမှ မပါဘူး .. ဒါတွေအကုန်လုံး လင်းရီလုပ်ခဲ့တာပဲ …” လီရှန်းဟွေ့ ပြောဆိုရင်းဖြင့် သူမအား နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။ “ သူက စိတ်နည်းနည်းဆတ်တတ်တယ်.. ဒါပေမယ့် ပြောတုန်း ခဏပဲ .. ဒီတော့ သူ ပြောတာတွေကို စိတ်ထဲ ထားမနေနဲ့ ….”

“ တကယ်ပဲ ကျွန်မတို့ကြောင့် ဝေကျန်းလုံကို ဖမ်းတဲ့ ကိစ္စ ပျက်စီးလု နီးပါး ဖြစ်သွားခဲ့တာလား ….”

ခေတ္တကြာ တုံ့ဆိုင်းနေပြီးနောက်တွင် လင်းဟန် မေးမြန်းလိုက်သည်။

“ မင်း သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားတာတော့ ဖြစ်နိုင်တယ် … ပြီးတော့ ဝေကျန်းလုံလည်း လွတ်သွားလုနီးပါးပဲ.. အဲ့တာကြောင့် လင်းရီလည်း တအား စိတ်ဆိုးနေတာ .. တကယ်လို့ ဝေကျန်းလုံသာ ထွက်ပြေးသွားခဲ့ရင် နောက်တစ်ကြိမ် ပြန်ဖမ်းနိုင်ဖို့ဆိုတာက မဖြစ်နိုင်လုနီးပါးပဲ …”

ဤသည်ကို ကြားတော့ လင်းဟန်သည် သူမ ပြုလုပ်ခဲ့မိသည့် မထင်မှတ်သော အမှားက မည်မျှ ကြီးမားသည်ကို သတိပြုမိရင်း သူမ၏ အမူအရာမှာ ကွက်ခနဲ ပျက်သွားခဲ့ရသည်။

“ ဟင်း … တကယ်ပဲ ကျွန်မရဲ့ အမှား ဖြစ်နေခဲ့တာကိုး … ခေါင်းဆောင်လီ … ကျေးဇူးပြုပြီး ကျွန်မကိုယ်စား သူ့ကို တောင်းပန်ပေးပါဦးနော်…”

“ အဲ့ကိစ္စ စိတ်ထဲ ထားနေစရာ မလိုပါဘူး … အရေးကြီးတာက ငါတို့ သူ့ကို ဖမ်းနိုင်ခဲ့တယ်လေ… အဲ့တာက အဓိကပဲ … မင်းကိုယ်မင်း အပြစ်တင်မနေပါနဲ့ …”

“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လီ ..”

စကားပြောဆိုပြီးနောက် လင်းဟန်သည် ဆိုဖာပေါ်တွင် ထိုင်လျက် ဂိမ်းဆော့နေသည့် လင်းရီကို လှမ်းကြည့်လိုက်မိသည်။

သူမ၏ စိတ်ထဲ၌ သူ့အကြောင်း သိလိုစိတ်တို့က တိုးပွားလာသည်။

ဒီလိုမျိုး တိကျတဲ့ သတင်းအချက်အလက်ကို သူ ဘယ်လိုမျိုး ရနိုင်ခဲ့တာလဲတဲ့ …

All Chapters