အနက်ရောင် အရိပ်
Vol. 139 Ch. 2079
ထိုမွန်းလွဲပိုင်းတွင် ဝေကျန်းလုံနှင့် ပတ်သက်သည့် လုပ်ရိုးလုပ်စဉ်များ အားလုံး ပြုလုပ်ပြီးစီးသွားခဲ့ကြသည်။
၎င်းကို ဆက်လက်စုံစမ်း စစ်ဆေးရန်အတွက် ကျိုးဟိုင်သို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး ကျန်သည့် သူ့လက်အောက်ငယ်သားများကိုတော့ ရန်ကျင်း ရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ၎င်းတို့လည်း ယခု စစ်ဆင်ရေးအတွက် အကျိုးရမှတ် ခရစ်ဒစ် တချို့ ရရှိသင့်သည်။
“ အစ်ကိုလီ .. ကျုပ် ကိုယ်ရေးကိုယ်တာ ကိစ္စလေး ရှိနေသေးလို့ ခင်များတို့နဲ့ ပြန်မလိုက်တော့ဘူးနော်…” ရုံးခန်း ဝင်ပေါက်ဝတွင် မတ်တပ်ရပ်နေလျက် လင်းရီ ပြောဆိုလိုက်သည်။
“ ကောင်မလေးနဲ့ သွားတွေ့မလို့လား …”
ကျန်းဟွေ့က သိနေပါတယ်ဟူသော အပြုံးကြီးဖြင့် ပြောလာခဲ့၏။
“ အစ်ကိုကျန်း … ခင်များမနောက်နဲ့ .. ကျုပ်က လူရိုးသားလေးပါ ….”
“ မပြောနဲ့တော့ … ငါ သဘောပေါက်တယ်…” ကျန်းဟွေ့ ရင်ဘက်အား ပုတ်လျက် လင်းရီထံသို့ လက်ညှိုးညွှန်လိုက်ပြီး အချင်းအချင်း နားလည်ပါတယ်ဟု အရိပ်ပြလိုက်၏။
“ ဒီရောက်ရောက်ချင်း နေ့တုန်းကလည်း တစ်ညလုံး ကောင်မလေးနဲ့ သွားတွေ့နေတယ် … ဒီမှာ ယောက်ျားလေးတွေချည်းပဲကို ငါတို့ နားလည်ပါတယ်ကွာ …”
လင်းရီ ကူကယ်ရာမဲ့စွာဖြင့်သာ ရယ်မောမိလိုက်တော့သည်။ သူ ဆက်ပြီး ရှင်းပြမနေတော့ချေ။
“ ကောင်းပြီ .. ငါတို့ သွားတော့မယ် .. မင်းဒီမှာ ရှိနေဦးမယ်ဆိုတော့လည်း ကောင်းတာပေါ့ … တကယ်လို့ ရန်ကျင်းမှာ တစ်ခုခု ဖြစ်လာရင် မင်း သွားလို့ရနေတာပဲ …”
“ ပြဿနာ မရှိဘူး …”
“ အင်း … တစ်ခုခုဆို လှမ်းခေါ်လိုက်ကွာ …”
ထိုအချိန်တွင် လင်းဟန်သည်လည်း စုန့်ကျန်း အသင်းဝင်များနှင့် နှုတ်ဆက်စကားဆိုနေသည်။ သူမလည်း ကျိုးဟိုင်သို့ ပြန်လိုက်ဖို့ စီစဉ်မထားချေ။ ကျုံးဝေ့တပ်ဖွဲ့၏ လူရွေးပွဲက စတင်တော့မှာ ဖြစ်၏။
နှစ်သင်းလုံး ထွက်ခွာသွားသည့် အချိန်၌ လင်းရီလည်း လိုက်ပါမသွားသည်ကို လင်းဟန် သတိထားမိလိုက်သည်။ သို့ပေမယ့် သူမ အံ့အားသင့်မသွားခဲ့ချေ။
မည်သို့ပင်စေဆို သူလည်း ရန်ကျင်းသို့ ရောက်တုန်းရောက်ခိုက် မိတ်ဆွေသူငယ်ချင်း အချို့နှင့် တွေ့ဆုံစရာ ရှိသည်မှာ ပုံမှန်ပင်။
“ ဘာလာကြည့်တာ …”
လင်းရီ မျက်လုံးကြီးပြူးပြီး မေးလိုက်သည်။ လင်းဟန်နှင့် ပတ်သက်၍ သိပ်ပြီး အကောင်းမြင်မနေချေ။ တနေ့ည စစ်ဆင်ရေးက ချောမွေ့စွာနှင့် ပြီးဆုံးသွားခဲ့သော်လည်းပဲ လင်းရီနှင့် နင်ချဲ့တို့နှစ်ဦးလုံး ဖိအားတချို့ ခံစားခဲ့ရသည်ကတော့ အမှန်စကား ဖြစ်၏။
မည်သို့ပင်ဆိုစေ တစ်ဖက်သူများတွင် လက်နက်များ ရှိနေပြီး ထိခိုက်ဒဏ်ရာရသွားခဲ့မည်ဆိုပါက သူတို့နှစ်ဦးလုံးအတွက် လွယ်ကူမှာ မဟုတ်ချေ။
“ နင် ဝေကျန်းလုံကို ဖမ်းနိုင်တာနဲ့ပဲ ဒီလိုမျိုး လုပ်စရာ တကယ်ပဲ လိုလို့လား …”
လင်းဟန် အမူအရာ ကင်းမဲ့စွာ ပြောလိုက်ပြီး စိတ်ခံစားချက်အတိုင်း ပြန်လည် တုံ့ပြန်ခြင်း ပြုခဲ့ချေ။ သူမနှင့် လင်းရီကြားရှိ ကွာဟမှုကို သူမတစ်ဦးတည်းသာလျှင် နားလည်သည်။ သူမတို့နှစ်ဦးက တူညီသည့် လူစားမျိုးများ မဟုတ်ကြချေ။ လင်းရီတွင် အောင်မြင်မှုတို့ မည်မျှပဲ ရှိရှိ၊ ညီမျှခြင်း၏ တစ်ဖက်တစ်ချပ်တွင် သူမတို့နှစ်ဦး ရှိနေနိုင်မှာ မဟုတ်ချေ။
“ မင်း မဆင်မခြင် လုပ်လို့ ငါ့မိတ်ဆွေ ထိခိုက်လုနီးပါး ဖြစ်သွားခဲတာကိုရော မင်းသိလား … အဲ့တာကို ငါက ကပြနေရမှာလား ..” လင်းရီ ပြန်ပြောလိုက်ပြီး “ ငါ့မိတ်ဆွေ ဒဏ်ရာ မရသွားခဲ့တာကိုပဲ မင်း ဝမ်းသာလိုက် … မဟုတ်ရင် ငါမင်းကို ကိုယ်တိုင်ကိုယ်ကျ သင်ခန်းစာပေးမိလောက်တယ်…”
သူ့ကိုယ်သူ ဒဏ်ရာရသွားလည်း လင်းရီ ဂရုမစိုက်ပေ။ သို့သော် နင်ချဲ့သာ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက လင်းရီသည် သူမကို လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်သည်မှာ သေချာသည်။
“ ငါ့အမှားဆိုတာ ငါ ဝန်ခံတယ် … ဒါပေမယ့် အန္တရာယ် ဖြစ်တာနဲ့ပဲ ငါ့အပေါ် အပြစ်ပုံချလို့တော့ ဘယ်တရားမှာ …” လင်းဟန် အေးစက်စွာ တုံ့ပြန်လိုက်ပြီး “ ရာဇဝတ်သား ဖမ်းဆီးတဲ့ ကိစ္စမှာ အန္တရာယ် ရှိတယ်ဆိုတာ ပုံမှန်ပဲ … ချွေးတစ်ပေါက် မကျဘဲ ရာဇဝတ်သား ဖမ်းနိုင်မယ်လို့ နင့်ကိုယ်နင် ထင်နေလား …”
“ ဟက် …” လင်းရီ နှာမှုတ်လိုက်သည်။ “ မင်းသာ ပေါ်မလာရင် ငါတို့လည်း အန္တရာယ် ရှိမှာတောင် မဟုတ်ဘူး …”
ပြောပြီးသည့်နောက် လင်းရီ လှည့်ထွက်ခွာသွားခဲ့ပြီး နင်ချဲ့နှင့် ချိုးယွီလော့တို့ထံ ဦးတည်လိုက်၏။
အဝေးသို့ ထွက်ခွာသွားခဲ့သည့် လင်းရီ၏ ပုံရိပ်ကို ကြည့်ရင်း လင်းဟန်၏ ရင်ဘက်ထဲတွင် ဒေါသမီးတို့ တောက်လောင်လာခဲ့ရသည်။ လင်းရီနှင့် မတွေ့ခင်ချိန် အထိ သူမမှာ ရွှေမင်းသမီးလေး တစ်ပါးပင်။ အရာရာတိုင်းတွင် ထူးချွန် ပြောင်မြောက်ပြီး သူမက သူတပါးမိဘတို့ သူတို့ကလေးများအား အတုယူရန် သွန်သင်ဆုံးမသည့် စကားဝိုင်း၌ မပါမဖြစ်သည့် အဓိက ဇာတ်ဆောင်တစ်ယောက်လည်း ဖြစ်ခဲ့သည်။
ယခုလိုမျိုး တစ်စုံတစ်ယောက်၏ ကြမ်းတမ်းစွာ ဝေဖန်ကဲ့ရဲ့ခြင်းကို ခံရသည်ကတော့ ပထမဆုံး အကြိမ်ပင်။
ဝူးရှ် ….
လင်းဟန် အသက်ပြင်းပြင်း မှုတ်ထုတ်၍ ဖြစ်ပေါ်နေသည့် ဒေါသများအား ထွက်သက်နှင့်အတူ လွင့်ပါသွားစေလိုက်သည်။
မည်သို့ပင်ဖြစ်နေစေကာမူ ဤသည်က သူမအမှားဖြစ်ကြောင်းကို သူမကိုယ်သူမ သိသည်။ ထို့ပြင် သူမနှင့် လင်းရီကလည်း ဘယ်တော့မှ ထပ်ဆုံစရာမလိုတော့သည့် ဘဝမတူသည့် လူနှစ်ဦးဖြစ်၏။
ထို့ကြောင့် သူ့စကားလုံးများအား ခံစားပြီး စိတ်အနှောင့်အယှက် ဖြစ်နေစရာ မလိုချေ။ ထို့သို့ ပြုလုပ်သည်က သူမ၏ ကျန်းမာရေးအတွက်လည်း မကောင်းချေ။
သို့ပေမယ့်လည်း လင်းဟန်သည် လင်းရီအကြောင်း မသိချင်ဘဲနဲ့တော့ မနေနိုင်ခဲ့ချေ။
တနေ့ည စစ်ဆင်ရေးနှင့် ပတ်သက်၍ အသေးစိတ်ကို သူမ သိရှိခဲ့ရပြီး ဖြစ်သည်။ ရှင်းရှန်းရဲစခန်းက တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ခြင်း မပြုဘဲ ဝေကျန်းလုံကို ဖမ်းဆီးခေါ်ဆောင်လာသည်က ထျန်းကျင်းရဲတပ်ဖွဲ့ဖြစ်၏။
သူတို့ ရောက်ရှိလာသည့် အချိန်၌ လင်းရီက ဝေကျန်းလုံနှင့် သူ့လူများကို နှိမ်နင်းပြီး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်ဟု ဆိုသည်။ သူ့ဘေးတွင်လည်း အခြား အမျိုးသမီး တစ်ယောက် ရှိနေခဲ့သေး၏။
တစ်နည်းဆိုရသော် သူတို့နှစ်ယောက်က နှစ်ဆယ်ကျော်သည့် ဝေကျန်းလုံ၏ လူများကို ချေမှုန်းခဲ့ခြင်းပင်။ ၎င်းတို့၏ အစွမ်းအစက အထင်ကြီးဖို့ကောင်းသည်ကိုတော့ သူမ မငြင်းပေ။
သို့တိုင် ၊ အထင်ကြီးဖို့ကောင်းသည် ဖြစ်စေ ၊ မကောင်းသည် ဖြစ်စေ ၊ သူတို့က သာမန်လူများသာ ဖြစ်နေဆဲဖြစ်၏။
ဗဟို ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက်တွင် လင်းရီသည် သူ ရောက်ရောက်ချင်းနေ့တုန်းက ညစာစားခဲ့သည့် ပင်လယ်စာ စားသောက်ဆိုင်ဘက်သို့ ထွက်လာခဲ့သည်။ သူ ရောက်သည့် အချိန်၌ အမျိုးသမီး နှစ်ဦးက အစားအစာများ အော်ဒါမှာနှင့်ပြီး သူ့အား စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။
“ အားလုံး ပြီးသွားပြီလား …” ချိုးယွီလော့ စားရင်းနှင့် မေးလိုက်၏။
“ အကုန်ပြီးပြီ … ကျန်တာက စမ်းသပ်ခံ လုပ်ဖို့ပဲ …”
အမျိုးသမီး နှစ်ဦးလုံး သူ့အား မော့ကြည့်လာခဲ့ကြသည်။
“ နင် သဘောတူလိုက်ပြီပေါ့ …”
“ အင်း … တစ်ချက် စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တာ … အန္တရာယ် မရှိသရွေ့တော့ အဆင်ပြေပါတယ် … သူတို့ ငါ့ကို စမ်းသပ်ရင်း မတော်တဆ မသတ်မိရင် ရပြီ …”
စမ်းသပ်မှုအား လင်းရီ သဘောတူလိုက်ရသည့် အကြောင်းပြချက်မှာ စနစ်၏ ဆုလဒ်တို့က သူ့အား လက်ရှိ ကမ္ဘာ့အခင်းအကျင်း၏ အနေအထားကို လိုက်မီဖို့ မလုံလောက်စေသောကြောင့်ပင်။
သူ့ကိုယ်သူ တတ်နိုင်သမျှ အင်အားကြီးမားစေမည့် နည်းလမ်းတို့အား ရှာဖွေဖို့ လိုအပ်လေသည်။
သဘောတူလိုက်ရသည့် နောက်ထပ်အကြောင်းပြချက် တစ်ခုကတော့ ဘေးကင်း လုံခြုံမှုပင်။ စွန့်စားရမည့် အန္တရာယ်တို့လည်း မရှိရာ လင်းရီ တုံ့ဆိုင်းမနေတော့ပေ။ သူတို့ သူ့အား မသတ်မိသရွေ့ ကြိုးစားကြည့်ရန် ထိုက်တန်သည်။
“ ဒါဆို နင်လောလောဆယ်တော့ ပြန်လို့ရသေးဦးမှာ မဟုတ်ဘူး …” နင်ချဲ့ ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲရဲ့ လူရွေးပွဲက မနက်ဖြန် စတော့မှာ … နင်လည်း ဒီမှာနေပြီး စောင့်ကြည့်ကြည့်ပေါ့ … တကယ်လို့ သင့်တော်မယ့် တစ်ယောက်ယောက်တွေ့ရင် နင် တစ်ခါတည်း ခေါ်လိုက်လို့ရတယ် …”
“ စောင့်ကြည့်တာပေါ့ …” လင်းရီ ပြန်ပြန်လိုက်သည်။
“ ငါတို့အသင်းက လူတွေ အများကြီး လိုနေတာလည်း မဟုတ်ဘူး … လော့ချီကလွဲရင် လူတိုင်းက ဒီ အဆင့်မဟုတ်ရင် အဲ့ထက်မြင့်တဲ့လူတွေချည်းပဲ … သူတို့ထဲက တစ်ဝက်လောက် ဒဏ်ရာရသွားတာမျိုး … ဒါမှမဟုတ် အသတ်ခံလိုက်ရတာကလွဲရင် ငါ လူထပ်ခေါ်ဖို့ အစီအစဉ် မရှိဘူး .. ဒါပေမယ့် တကယ်တော်တဲ့ လူနဲ့ တွေ့ရင်တော့ တစ်မျိုးပေါ့ …”
“ ကျိုးလျန်နဲ့ ဖြစ်ရပ်ကို နင် စိတ်ထဲ ထားနေတုန်းလား …” ချိုးယွီလော့ ညင်သာစွာ မေးမြန်းလာခဲ့သည်။
လင်းရီ ဘီယာကို အားပါးတရ တစ်ကျိုက်သောက်လိုက်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့၏။
“ ငါသာ ဆုံးဖြတ်ချက် မမှားယွင်းခဲ့ရင် … တကယ်လို့ ငါသာ ပိုပြီး သတိထားခဲ့မယ်ဆိုရင် သူ အဲ့လိုမျိုး ဖြစ်သွားခဲ့စရာ အကြောင်း မရှိဘူး …”
“ ဒါပေမယ့် နင် အကောင်းဆုံး လုပ်ခဲ့တာပဲလေ… လူတိုင်းလည်း ပြီးပြည့်စုံတယ်ရယ်လို့မှ မရှိတာ …”
“ တော်လိုက်ပြီ … သေခြင်းတရားက ကျုံးဝေ့တပ်ဖွဲ့ရဲ့ ပုံမှန် ဖြစ်နေတဲ့ တစ်စိတ်တစ်ပိုင်းပဲ …” နင်ချဲ့ ဝင်ပြောလိုက်ပြီး လေထုအား ပေါ့ပါးသွားစေရန် ခွက်ကိုမြှောက်လိုက်သည်။
“ ဘယ်သူက သိနိုင်မှာ… တစ်နေ့ ငါတို့သုံးယောက်လုံး ငရဲမှာ ပြန်ဆုံရင် ဆုံနိုင်တာပဲလေ … အဲ့ကိစ္စအပေါ် စိတ်အစွဲထားမနေနဲ့ … သေခြင်းတရားနဲ့ ငါတို့က နီးနီးလေးမှာ … ပြီးတော့ လူတိုင်း တစ်နေ့ ရင်ဆိုင်ရမယ့် အရာပဲ …”
“ ချီးယား …”
ထိုနေ့ ညစာထမင်းဝိုင်းက ညဉ့်နက်ပိုင်းအထိ ရောက်သွားခဲ့ပြီး သုံးယောက်မှာ ဆယ်နာရီကျော်ထိတိုင်အောင် ပုလင်းပေါင်းများစွာကို သောက်နေခဲ့ကြသည်။
ညစာ စားပြီးသည့်နောက် ချိုးယွီလော့ အိမ်သို့ မပြန်သွားခဲ့ချေ။ ထိုအစား ပန်ဂုဟိုတယ်၌ တစ်ခန်း ငှားလိုက်၏။
သို့ပေမယ့် သူမအခန်းနှင့် သူမ ဖြစ်ပြီး လင်းရီတို့နှင့် အတူ မနေပေ။
………..
ထျန်းကျင်း သင်္ဘောဆိပ်က ကမ္ဘာ့ထိပ်တန်း ဆယ်ခုဝင်သည့် သင်္ဘောဆိပ်တစ်ခုဖြစ်ပြီး အဓိက အာရုံစူးစိုက်ရာ နေရာတစ်ခု ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။
အထူးသဖြင့် ဤနေရာမှတဆင့် အပြိုင် တင်သွင်းနေသည့် ယာဉ်တို့ကြောင့် နာမည်ကြီး လူသိများ၏။ အကယ်၍ ကိုယ်က တစ်ခါလောက် မမောင်းဖူးလျှင်ပင် ၎င်းအကြောင်းကို ကြားဖူးနားဝ ရှိမည်ကတော့ သေချာသည်။
နေ့စဉ်နေ့တိုင်း သောင်းနှင့်ချီသည့် ကွန်တိန်နာ သင်္ဘောတို့ ဝင်ထွက်သွားလာနေပြီး ဤနေရာမှတဆင့် သယ်ယူပို့ဆောင်နေသည့် ကုန်ပစ္စည်းတန်ဖိုးက ခန့်မှန်းမရနိုင်အောင်ကိုပင်။
တိတ်ဆိတ်ငြိမ်သက်နေသည့် ညချမ်း အချိန်ခါ၌ ၊ မီတာ ၃၀၀ ကျော် ရှည်လျားသည့် ကာဂို သင်္ဘောကြီးသည် ပင်လယ်ပြင်တွင် နှစ်လခန့် ရွက်လွင့်ပြီးနောက် ထျန်းကျင်း သင်္ဘောဆိပ်သို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။
ဒူ ဒူ ဒူ …
မရေမတွက်နိုင်သည့် ကွန်တိန်နာတို့အကြား ဖုန်းတစ်လုံးက တုန်ခါနေသည်။
အနက်ရောင် အရိပ်တစ်ခုက ဖုန်းအား ဆွဲထုတ်လိုက်၏။
“ ငါတို့ ရောက်တော့မယ်…”