အလားအလာ မြင့်တင်ရေး စမ်းသပ်မှု
Vol. 139 Ch. 2081
“ နင်က အသင်း ၁ ထဲ ဝင်ဖို့ စိတ်ကူးနေတာလား …”
ရန်ရှောင်ရှန်း မေးမြန်းလိုက်သည်။
“ အဲ့လိုမဟုတ်ပါဘူး .. ငါက ဒီတိုင် သိချင်လို့ပါ …”
လင်းဟန်က ပြိုင်ဆိုင်မှုစိတ်ဓာတ် ပြင်းထန်သည့် မိန်းမသား တစ်ယောက်ပင်။ သို့သော် ထိုအခိုက်အတန့်တွင်တော့ သူမ၏ ရည်မှန်းချက်အား ပွင့်လင်းစွာ ဖော်ထုတ်ခြင်း မပြုခဲ့ချေ။
တချို့အရများက စကားနှင့် ပြောဖို့ မလိုအပ်ဘဲ လုပ်ရပ်ဖြင့်သာ သက်သေပြဖို့ လိုအပ်သည်ဟု သူမ ယုံကြည်သည်။
“ စံနှုန်း သတ်မှတ်ချက် အတိအကျတော့ ငါလည်း မသိဘူး …” ရန်ရှောင်ရှန်း ဆက်ပြောလိုက်ပြီး “ ငါ့ဝမ်းကွဲ ပြောတာ အသင်း ၁ က ခွန်အားချည်းသပ်သပ်ကိုပဲ မကြည့်ဘူးတဲ့ … ဘက်ပေါင်းစုံက လုပ်ဆောင်နိုင်စွမ်းကို ကြည့်တာ … ဉာဏ်ရည်ဉာဏ်သွေးရောပေါ့ … သူတို့က ထက်မြက်တဲ့ လူတွေကို ရှာနေတာ … ဒါပေမယ့် နင်သာ ကောင်းကောင်းလုံလောက်အောင် စွမ်းဆောင်ပြုနိုင်မယ်ဆိုရင် အသင်း ၁ ရဲ့ခေါင်းဆောင်က နင့်ကို သတိထားမိမှာ ကျိန်းသေတယ် … အဲ့ခါကျ နင့်ကို ခေါ်ရင်လည်း ခေါ်မှာပေါ့ …”
“ အဲ့တာက ယုတ္တိရှိတယ်…”
လင်းဟန် ပြန်ပြောလိုက်ရင်း သူမ၏ အမူအရာက ပိုပြီး လေးလေးနက်နက် ဖြစ်လာသည်။
ကနေဦးတုန်းက သူမ၏ ရည်ရွယ်ချက်မှာ ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ချင်ရုံမျှသာ ဖြစ်သည်။ ယင်းက သူမအား ဂုဏ်ပုဒ်တစ်ခု ရှိစေမည်။ သို့သော် အသင်း ၁ အကြောင်းကို ကြားသိလိက်ရသည်က သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ပြိုင်ဆိုင်လိုစိတ်ကို မီးညှိပေးလိုက်သကဲ့သို့ပင်။
သူမက ပြီးပြည့်စုံမှုကို နှစ်သက်သည့်လူတစ်ယောက် ဖြစ်၏။ တစ်ခုခု လုပ်မည်ဆိုလျှင် အကောင်းဆုံး ကြိုးစားပြီး မလုပ်လျှင်လည်း လုံးဝ မလုပ်ပေ။
ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်နိုင်သည်ကပင် ကြီးမားသည့် အောင်မြင်မှု တစ်ရပ် ဖြစ်နေပြီး ပိုကောင်းသည့် အခွင့်အလမ်းတို့ ရှိနေပါကလည်း ၎င်းအနောက်သို့ သူမ ကျိန်းသေပေါက် လိုက်ပါလိမ့်မည်။
ထို့ပြင် အသင်း ၁ ၏ ခေါင်းဆောင်အကြောင်းလည်း သူမ အတော်လေး သိချင်နေမိသည်။ မည်သူကမျှ ငယ်ငယ်ရွယ်ရွယ်လေးနှင့် စီအဆင့်သို့ ရောက်ရှိနေခဲ့သနည်း။
အုပ်စုက ထိုအကြောင်းအရာများကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေစဉ် ထောက်ချိန်သည် ကျုံးဝေ့တပ်ဖွဲ့ အဆောက်အဦးထဲက ထွက်ပေါ်လာခဲ့သည်။
သူ့ကို မြင်တော့ ပါဝင်ယှဉ်ပြိုင်မည့် အသင်းသားများ အားလုံး အတူစုဝေးလိုက်ကြပြီး မတ်မတ်ရပ်ကာ စမ်းသပ်ပွဲ စတင်မည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ထောက်ချိန် စီတန်းထားသည့် လူအုပ်ကြီးကို တစ်ချက် သိမ်းကျုံးကြည့်၍ ကျယ်လောင်စွာ ကြေညာလိုက်၏။
“ ငါတို့ နည်းနည်း ထပ်စောင့်ရမယ် … ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင် ၃ ယောက်က ခဏနေ ရောက်လာလိမ့်မယ်… သူတို့ ရောက်လာတာနဲ့ စမ်းသပ်ပွဲ တရားဝင် စတင်ပြီ … အခု အားနေတဲ့အချိန်မှာ မင်းတို့ စိတ်ကြိုက် သွေးပူအောင် လုပ်နေလို့ရတယ် … စိတ်လှုပ်ရှားဖို့ မလိုဘူး … အကောင်းဆုံးသာ ကြိုးစား ….”
အသင်းခေါင်းဆောင် ၃ ယောက်လည်း ရောက်လာမည်ကို ကြားသိလိုက်ရတော့ ပါဝင်ယှဉ်ပြိုင်မည့် လူများအားလုံး စိတ်လှုပ်ရှားတကြီးဖြင့် အချင်းချင်း တီးတိုးပြောဆိုကြတော့သည်။
ကျုံးဝေ့တပ်ဖွဲ့၏ တိုက်ခိုက်ရေး အသင်းက ၄ သင်းရှိပြီး သူတို့အရှေ့တွင် ရှိနေသည့်လူက အသင်း ၄ ၏ ခေါင်းဆောင်ဖြစ်သည်ကို သူတို့အားလုံး သိထားကြသည်။ ယခု အသင်း ခေါင်းဆောင် ၄ ဦးလုံးက လူရွေးပွဲတွင် ရှိနေမည်ဆိုတော့ အခမ်းအနားအား ပိုပြီး ကြီးကျယ် ထည်ဝါသွားစေခဲ့သည်။
ပါဝင်ယှဉ်ပြိုင်သူများထဲ၌ လင်းဟန်ကဲ့သို့ အသင်း ၁ ထဲ ဝင်ရောက်ချင်နေသူများလည်း အများအပြားပင်။ အသင်း ၁ ၏ ခေါင်းဆောင်က ပါရမီရှင်ဟု နာမည်သတင်းမွှေးပြီး လူတိုင်းကလည်း လူကိုယ်တိုင် မျက်မြင်တွေ့ရန်အတွက် စိတ်အားထက်သန် နေခဲ့ကြ၏။
လူအုပ်ကြားထဲတွင် မတ်တပ်ရပ်နေသည့် လင်းဟန်မှာ လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ စိတ်ပိုင်းဖြတ်ထားမှုတို့က မျက်ဝန်းထဲတွင် အထင်းသား ဖြစ်နေသည်။
အသင်း ၁ ၏ ခေါင်းဆောင်ကို ယနေ့တွင် ဆုံတွေ့ရမည်ဟူ၍ သူမ မျှော်လင့်မထားခဲ့ချေ။ ၎င်းက သူမအား စိတ်လှုပ်ရှားစေသကဲ့သို့ စိုးရိမ်မှုကိုလည်း အနည်းငယ် မြင့်တက်လာစေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ဝင်ပေါက်ဝမှ ကားအင်ဂျင်သံ ထွက်ပေါ်လာခဲ့သည်။
ထောက်ချိန် လှမ်းကြည့်လိုက်သည်တွင် ချိုးယွီလော့၏ ကားက အထဲသို့ ဝင်လာနေသည်ကို မြင်တွေ့လိုက်ရ၏။ သူ ပါဝင်ယှဉ်ပြိုင်သူများထံသို့ လှည့်၍ ကျယ်လောင်စွာဖြင့် “ လူတိုင်း … တန်းစီမယ်…”
ယှဉ်ပြိုင်သူများအားလုံး ရင်ထဲ တလှပ်လှပ် ဖြစ်နေရင်း အလျင်အမြန် တန်းစီလိုက်ကြကာ ကိုယ်ကို လှံတစ်စင်းကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေခဲ့ကြ၏။ သူတို့အားလုံး၏ ရင်ထဲတွင် သိချင်စိတ်တို့ ပြင်းထန်နေကြပြီး မည်သူရောက်လာသလဲဆိုတာကို လှည့်ကြည့်ချင်နေကြပါသော်လည်းပဲ မည်သူကမျှ ထိုသို့ မလုပ်ဝံ့ကြချေ။ ကျုံးဝေ့တပ်ဖွဲ့ကဲ့သို့သော နေရာမျိုး၌ အမိန့်မလိုက်နာသည်က တားမြစ်ထားသည့် အရာပင်။
သို့ပေမယ့် ရောက်လာသူများက ကျန်သည့် အသင်းခေါင်းဆောင်များ ဖြစ်သည်ကိုတော့ သူတို့အားလုံး သိကြသည်။ မကြာခင် သူတို့အားလုံး လူကိုယ်တိုင် မျက်မြင်တွေ့ရတော့မည် ဖြစ်၏။
ချိုးယွီလော့၏ ကားက အဆောက်အဦးရှေ့ပေါက်ဝတွင် ရပ်တန့်သွားခဲ့ပြီး လူသုံးယောက်က ကားတံခါးဖွင့်၍ သာမန်လျှံကာ ထွက်လာခဲ့ကြသည်။
လင်းရီကို မြင်တွေ့လိုက်ရသည့် အချိန်၌ လင်းဟန်၏ အမူအရာမှာ အေးခဲသွားခဲ့ပြီး သူမ မြင်တွေ့နေရသည့် မြင်ကွင်းကို အစီအစဉ်တကျ ဆက်လက် အကဲမဖြတ်နိုင်တော့ချေ။ သူမ၏ စိတ်ထဲတွင်လည်း မေးခွန်းပေါင်းများစွာတို့ဖြင့် ပြည့်နှက်လာလေသည်။
ကားထဲ ထွက်လာတဲ့လူတွေက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင်တွေ ဖြစ်ရမှာလေ …
ဘာလို့ လင်းရီက ဒီနေရာမှာ ရှိနေတာလဲ ..
ဒါက စစ်စခန်း … သူ့လို သာမန် နိုင်ငံသားက ဒီတိုင်း လမ်းလျှောက်ဝင်လာလို့ရတဲ့ နေရာမှ မဟုတ်တာ …
သုံးယောက်မှာ ထောက်ချိန်နှင့်အတူ မတ်တပ်ရပ်လိုက်ကြပြီး ထောက်ချန်ကလည်း သူတို့သုံးယောက်ကို မိတ်ဆက်ပေးသည်။
“ ဒီဘက်က အသင်း ၃ ရဲ့ ခေါင်းဆောင် နင်ချဲ့ ……”
“ ဒီဘက်က အသင်း ၂ ရဲ့ ခေါင်းဆောင် ချိုးယွီလော့ ……”
“ နောက်ဆုံး ဒီဘက်က အသင်း ၁ ရဲ့ ခေါင်းဆောင် လင်းရီ ……”
လင်းရီတို့ တစ်ယောက်ချင်းစီကလည်း လက်များ ဝှေ့ယမ်း၍ လာရောက်ယှဉ်ပြိုင်သူများအား နှုတ်ဆက်လိုက်ကြရင်း လူအုပ်ကြီးထံမှ အံ့အားတကြီး အာမေဋိတ်သံတို့အား လက်ခံရယူနေသည်။
နင်ချဲ့နှင့် ချိုးယွီလော့တို့ကလည်း မတူညီသည့် အကျင့်စရိုက် ကိုယ်စီနှင့် ထင်ရှားပေါ်လွင်နေပြီး လင်းရီကလည်း လူများ၏ အာရုံစူးစိုက်မှုတော်တော်များများကို ရရှိနေသည်။
“ သေစမ်း… အသင်း ၁ ခေါင်းဆောင်က သောက်ကျိုးနည်း ချောတာဟ …”
“ ဒါ အထူးတပ်ဖွဲ့ လူရွေးပွဲရော ဟုတ်ရဲ့လား … ငါ နေရာမှားပြီးများ ရောက်လာခဲ့တာလား .. ခေါင်းဆောင် သုံးယောက်လုံးက ဘာလို့ အဲ့လောက် ချောနေရတာလဲ … ငါတို့ရော ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရင် ရုပ်ချောမှ အဆင်ပြေမှာလား …”
လူတိုင်း အံ့အားတကြီး ဖြစ်နေမိကြသည်။ လင်းဟန်တစ်ဦးတည်းသာလျှင် ဘာကိုမျှ မကြားနိုင်ဘဲ သူမ၏ ကိုယ်ပိုင် ကမ္ဘာသေးသေးလေးထဲတွင် မေးခွန်းများ ထုတ်နေမိ၏။
လင်းရီက အသင်း ၁၏ ခေါင်းဆောင်ဖြစ်သည်ဟူသော သတင်းကိုပင် အနိုင်နိုင် ချေဖျက်နေရသည်။ တစ်စုံတစ်ယောက်၏ အထောက်အထားက ဒရာမာဆန်ဆန် ပြောင်းလဲသွားသည်အား သူမ လက်ခံနိုင်ဖို့ အတော်လေး ခဲယဉ်းနေခဲ့၏။
“ ရပြီ… အားလုံးပဲ အသံတိတ်ကြတော့ …” ထောက်ချိန် တစ်ခွန်းပြောလိုက်ရာ လူအုပ်ကြီး တစ်ခုလုံးက ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ သို့သော် သူတို့၏ မျက်ဝန်းများကတော့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ တလက်လက် ဖြစ်နေသည်။
လင်းရီ ထောက်ချိန်ကို တစ်ချက်ကြည့်လိုက်၏။
“ အစ်ကိုချိန် … ကျုပ် လုပ်စရာလေး ရှိသေးလို့ ဒီမှာ မနေတော့ဘူး … ကိစ္စပြီးမှပဲ ပြန်လာခဲ့တော့မယ် …”
“ သွားလေ … မင်းလုပ်စရာရှိတာ သွားလုပ်ချည် …”
“ ငါ သူနဲ့ လိုက်သွားမယ် …” နင်ချဲ့ ထပ်ပေါင်းပြောလာခဲ့ပြီး “ တစ်ခုခု လိုအပ်ရင် ငါ့ကို လှမ်းခေါ်လိုက် …”
“ အိုကေ … ဂရုစိုက်ဦး …”
သို့နှင့် … လင်းရီနှင့် နင်ချဲ့တို့ နှစ်ဦးမှာ သုတေသန စင်တာဘက်သို့ ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။ သို့သော် လင်းရီ ထွက်သွားတော့မည့် အချိန်မှာပဲ လင်းဟန်လည်း လူအုပ်ကြီးထဲ မတ်တပ်ရပ်နေသည်ကို သတိထားမိလိုက်လေသည်။
သူတို့နှစ်ဦး မျက်လုံးချင်း ဆုံမိသွားခဲ့ကြသည်။
သူမကို ဤနေရာတွင် မြင်တွေ့လိုက်ရ၍ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။ သို့သော်လည်း စိတ်ထဲ ထားမနေချေ။
သူမကို တစ်ချက်သာ ကြည့်ပြီး နင်ချဲ့နှင့်အတူ သုတေသန စင်တာသို့ ထွက်ခွာလာခဲ့လိုက်သည်။
လူအုပ်ကြားထဲတွင်တော့ လင်းဟန်မှာ သူ၏ လက်သီးကို ယခင်ကထက်ပိုပြီး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
ဖြုံလောက်သည့် ခေါင်းဆောင်ကြီးဟူသည့် ပုံရိပ်ကို လင်းရီနှင့် မတွဲစပ်နိုင်သေးချေ။ သူမ၏ စိတ်ထဲတွင် ရှိသည့် လင်းရီသည်ကား ပေါ့ပြက်ပြက်နိုင်သူ တစ်ဦးပင်။
ထိုအချိန်တွင် လင်းရီနှင့် နင်ချဲ့တို့မှာ ရုံးအဆောက်အဦး အနောက်ရှိ သုတေသန စင်တာသို့ ရောက်ရှိလာပြီး အသင်း ၈ ၏ ခေါင်းဆောင် လီဟန်ကို နှုတ်ဆက်လိုက်သည်။
“ ထပ်ပြီး တွေ့ကြပြန်ပြီနော် ခေါင်းဆောင်လင်း ..” လီဟန် လက်ဆန့်တန်းလာပြီး နွေးထွေးစွာ လက်ဆွဲ နှုတ်ဆက်လာသည်။
“ အရင်အတိုင်းပဲ … ထပ်ပြီး ဒုက္ခပေးရတော့မယ် …” လင်းရီ အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။
“ မဟုတ်တာ … ပေးမယ့်ပေး ငါတို့ကပဲ မင်းကို ပေးရမှာ …”
“ အချင်းချင်းတွေကို ဒါတွေ မလိုပါဘူး … ဆိုတော့ အားနာနေတာတွေ တော်ပြီး စမ်းသပ်တာကို ဘယ်နေရာမှာ လုပ်မှာ … ကျုပ် ပြင်ဆင်ထားဖို့ လိုတာတွေ ရှိလား …”
“ ဘာပြင်ဆင်စရာမှ မလိုဘူး …” လီဟန် ရှင်းပြလိုက်သည်။ “ ဒါပေမယ့် စမ်းသပ်မှုက ဆယ့်နှစ်နာရီလောက်တော့ ကြာမယ် … ဒီတော့ အဲ့အချိန်အတွင်း ဘယ်လို အနှောင့်အယှက်မျိုးမှ ပေါ်မလာအောင် မင်းဘက်က နည်းနည်းပါးပါး စီစဉ်ထားဖို့တော့ လိုမယ်…”
“ အဲ့တာက ကိစ္စမရှိဘူး …” လင်းရီ သဘောတူလိုက်သည်။
“ ဒါပေမယ့် ကျုပ် ဘော့စ်လျိုဆီက ကြားတာ ဒီတစ်ခါ စမ်းသပ်မှုက ခြေလက်တွေကို မြင့်တင်ပေးဖို့ဆို … စမ်းသပ်မှုပြီးရင် ကျုပ် ဘယ်လောက် အတိုင်းအတာအထိ တိုးတက်လာမယ်ထင်လဲ …”
အတန်ငယ်ကြာ တွေးတောပြီးနောက် လီဟန် ပြန်ဖြေလိုက်သည်။
“ လူအများစုကတော့ စမ်းသပ်မှုပြီးရင် ခွန်အားက ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်တယ်… ဒါပေမယ့် မင်းကတော့ အဲ့ထက် ကျော်မှာပါ .. အနည်းဆုံး ၂၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ပေါ့ …”