အသင်း ၁ ထဲ၀င်ဖို့ လိုအပ်ချက်တွေ
Vol. 139 Ch. 2082
“ လင်းရီက ဒဏ်ရာရထားတယ်နော်… စမ်းသပ်မှုလုပ်လို့ ဖြစ်ပါ့မလား …” နင်ချဲ့ မေးမြန်းလိုက်သည်။
“ ဒဏ်ရာက ဘယ်နေရာမှာလဲ … ငါတစ်ချက်ကြည့်ကြည့်မယ်…”
နင်ချဲ့ လက်ဆန့်တန်း၍ လင်းရီ၏ ရှပ်ကို လှန်ပြီး ၎င်းအောက်ဘက်ရှိ ဒဏ်ရာအား ပြသလိုက်သည်။
ဒဏ်ရာကို မြင်တော့ လီဟန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လင်းရီ၏ နာမည်ဂုဏ်သတင်းကို ကျုံးဝေ့တပ်ဖွဲ့ထဲတွင် မသိသူ မရှိပေ။ သူ့လို လူစားမျိုးကို ယခုကဲ့သို့ ဒဏ်ရာ ကြီးကြီးမားမား ရစေခဲ့သူကလည်း ခေတော့ မခေလောက်ပင်။
သို့သော် လီဟန် သူ၏ စိတ်အား အလျင်အမြန် ပြန်လည်စုစည်းလိုက်ပြီး လင်းရီ၏ ဒဏ်ရာကို စစ်ဆေးကြည့်လိုက်၏။
“ ဒဏ်ရာက အနာဖေးတောင် တွယ်နေပြီ … အဆင်ပြေမှာပါ …” လီဟန် စိတ်ချထားရန် ပြောလိုက်ပြီး “ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်သရွေ့တော့ ပြဿနာ ရှိမှာ မဟုတ်ဘူး …”
“ အဲ့သာဆို ရပြီ …”
လီဟန် ခေါင်းညိတ်လိုက်ပြီး လင်းရီကို ကြည့်လိုက်သည်
“ ခေါင်းဆောင်လင်း … ငါ သွားပြီး လိုအပ်တာတွေ ပြင်လိုက်ဦးမယ် … မနက်ဖြန် အရုဏ်တက်လောက်အထိ ဘယ်သူမှ မနှောင့်ယှက်အောင် လုပ်ထားရင် အကောင်းဆုံးပဲ …”
“ အိုကေ …”
စကားအနည်းငယ် ပြောဆိုပြီးနောက် လီဟန် ထွက်ခွာသွားခဲ့သည်။
လင်းရီနှင့် နင်ချဲ့တို့လည်း ငြိမ်ငြိမ်ထိုင်ပြီး မစောင့်ချင်သဖြင့် ကျုံးဝေ့တပ်ဖွဲ့ လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်ရှိလာကာ ယှဉ်ပြိုင်သူများ၏ စွမ်းဆောင်မှုကို ကြည့်ရင်း အချိန်တချို့ ဖြုန်းရန် ဟန်ပြင်လိုက်သည်။
သူတို့နှစ်ဦး၏ ရောက်ရှိလာမှုက ပြိုင်ပွဲဝင်များကို တစ်ဖန်ပြန်ပြီး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေပြန်သည်။
အာရုံစူးစိုက်မှု အများစုက လင်းရီထံတွင်သာ ကျရောက်နေခဲ့သည်။ သို့သော် လူအုပ်ကြီးထဲရှိ လင်းဟန်ကတော့ တိတ်ဆိတ်လျက်သာ ရှိနေခဲ့၏။
သူမ၏ အကြည့်တို့က လင်းရီထံတွင် ကပ်ညှိနေပြီး မျက်ဝန်းတို့က ရှုပ်ထွေးသည့် စိတ်ခံစားချက်တို့ဖြင့် ရောပြွမ်းနေခဲ့သည်။
သူမ တစ်ချိန်က နှိမ့်ချ အထင်မြင်သေးခဲ့သည့်လူသည် ယခု တကယ်ကြီး အသင်းခေါင်းဆောင် ဖြစ်နေသည်တဲ့လော။ သူမ ခံစားခဲ့ရသည့် သာလွန်မှုသည်လည်း ချက်ချင်း ကျိုးပျက်သွားခဲ့ပြီး ရှုပ်ထွေးသည့် ခံစားချက်တို့ဖြင့် ကသောင်းကနင်း ဖြစ်နေမိတော့သည်။
လင်းရီနှင့် နင်ချဲ့တို့ ရောက်လာခဲ့သည့် အချိန်၌ စမ်းသပ်ပွဲက အလယ်အလတ် အချိန်အခါကို ရောက်ရှိနေလေပြီ။
“ ရလဒ်တွေ ဘယ်လိုနေလဲ … မျက်စိကျစရာ တစ်ယောက်လောက်များ ရှိလား …” နင်ချဲ့ မေးမြန်းလိုက်သည်။
“ တော်တဲ့ လေးငါးယောက်လောက်တော့ ရှိတယ် … ဒါပေမယ့် အသင်း ၁ ထဲ ဝင်နိုင်လောက်တဲ့ အထိတော့ မဟုတ်ဘူး …” ချိုးယွီလော့ ပြန်ဖြေလိုက်၏။
“ ဒီတစ်ခေါက်ထဲ ဒီ အဆင့်တွေ မပါတာက အရင်တစ်ခေါက်နဲ့ယှဉ်ရင်တော့ နည်းနည်း စိတ်ပျက်ဖို့ ကောင်းတယ်…”
“ လင်းရီလည်း တိုက်ခိုက်ရေးစွမ်းအား တစ်ခုတည်း ကြည့်တာမှ မဟုတ်တာ ဟုတ်တယ်မလား ..”
“ ဟုတ်ပါတယ်လေ… D class မဟုတ်လည်း D cup ရှိရင် အဆင်ပြေပြီပဲဟာ …” ချိုးယွီလော့ အရွှန်းဖောက်လိုက်၏။
လင်းရီ “ …… “
ပျင်းပျင်းရှိစွာဖြင့် လင်းရီသည် စမ်းသပ်ပွဲ ရလဒ်များအား တစ်ချက် ကြည့်ရှုလိုက်သည်။ လင်းဟန်၏ စွမ်းဆောင်မှုတို့က အတော်လေး မဆိုးလှချေ။ နောက်ဆက်တွဲ လုပ်ဆောင်ရမည့် အရာများ ကျန်နေသေးသဖြင့် သူမ၏ ယေဘုယျ ရလဒ်ကို ကောက်ချက်ချရန်တော့ စောလွန်းနေပါသေးသည်။
သို့ပေမယ့်လည်း သူမ၏ ရလဒ်တို့က ပျှမ်းမျှ အပေါ်ဘက်သို့ အနည်းငယ် ရောက်ရုံမျှသာ ရှိကာ အသင်း ၄ သို့ ဝင်ရောက်ခွင့်ပင် မရှင်းလင်းဘဲ ဖြစ်နေသည်။
“ ခေါင်းဆောင်လင်း …”
ထိုအချိန်မှာပဲ ဆံပင်အတိုနှင့် မိန်းကလေးတစ်ယောက်က သူမ၏ လက်ကို ပင့်မြှောက်ပြီး မေးမြန်းလာခဲ့၏။
“ ကျွန်မ အသင်း ၁ ထဲဝင်ဖို့ လိုအပ်ချက်က ဘာတွေလဲ သိချင်လို့ပါ … တကယ်ပဲ D cup ရှိမှ ဖြစ်မှာလားဟင် ….”
လင်းရီ “ ??? “
လင်းရီ၏ အကြည့်က ချိုးယွီလော့နှင့် ကျန်သူများထံ ယှက်သန်းသွားခဲ့သည်။
“ ဒီ ကောလဟာလကို ဘယ်သူတုန်း ဖြန့်တာ … ငါ့ရဲ့ သိက္ခာတွေတော့ ကုန်ပါပြီ …”
“ ငါ့ကို လာကြည့်မနေနဲ့ …” ချိုးယွီလော့ ပခုံးတွန့်ပြလိုက်ပြီ “ ဒီရဲ့ ယှဉ်ပြိုင်သူတွေထဲမှာ တချို့က ကျုံးဝေ့တပ်ဖွဲ့ရဲ့ မိသားစုဝင်တွေပါတယ် … ဒီတော့ တစ်ယောက်ယောက်က လျှာချော်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲလေ…”
“ အတည်ကြီးလား …”
ထိုအချိန်မှာပဲ အခြားကောင်မလေး တစ်ယောက်ကလည်း လက်မြှောက်ပြီး မေးခွန်းထုတ်လာသည်။
“ ခေါင်းဆောင်လင်းရှင့် … ကျွန်မက သဘာဝအတိုင်း ရှိတဲ့ E cup ပါ … ဒီလောက်ဆို စမ်းသပ်တာတွေ ကျော်ပြီး အသင်း ၁ ထဲ တိုက်ရိုက်ဝင်လို့ ရနေပြီမလား ….”
E cup … သဘာဝ …
ကောင်းကင်က မင်းကို တကယ် မျက်နှာသာ ပေးထားတာပဲ …
“ အဟမ်း …”
လင်းရီ လည်ချောင်းရှင်းလိုက်ပြီး လူအုပ်ကြီးထံသို့ လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“ မင်းတို့ ကြားထားတာတွေ အကုန်လုံးက ဒီတိုင်း ဟာသသပ်သပ်ပဲ … ငါတို့ လေးသင်းလုံးက ကျုံးဝေ့တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေး အသင်းတွေ ဖြစ်တယ်… ပြီးတော့ ဝင်ရောက်မယ့် အဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းရဲ့ ကိုယ်ရည်ကိုယ်သွေး စံနှုန်းတွေကလည်း အင်မတန် မြင့်တယ် … ဒီတော့ မင်းတို့ရဲ့ အရည်အချင်းကသာ အခရာ အကျဆုံးပဲ … ရုပ်ပိုင်းဆိုင်ရာ ကိုယ်လုံးကိုယ်ပေါက် သာလွန်မှုတွေကတော့ ဒီတိုင်း ဘောနပ်စ်ပေါ့ ….”
လင်းရီ၏ အကြောင်းပြချက်က လူအုပ်ကြီး မျှော်မှန်းထားသည်နှင့် ကိုက်ညီနေသည်။ မည်သို့ပင်ဆိုစေ အကယ်၍ လူတိုင်းက ညီတူမျှတူ ဖြစ်နိုင်မည်ဆိုပါက မည်သူကရော ကောင်းမွန်လှပသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် အသင်းဝင်ကို မလိုချင်ဘဲ နေပါ့နည်း။
“ ခေါင်းဆောင်လင်း … ငါ ကြားဖူးတာ အသင်း ၁ က အရင်တုန်းက E အဆင့် လူသစ်လေးတွေကို ခေါ်ယူခဲ့ဖူးတယ်ဆို … ဒါကြောင့်မို့ အသင်း ၁ ထဲ ဝင်ဖို့ အမှန်တကယ် လိုအပ်ချက်တွေက ဘာလဲဆိုတာ ငါတို့ သိချင်နေကြတာ …”
အုပ်စု၏ စံနှုန်းများအပေါ် သိချင်စိတ်က ယာယီ ထိုးတက်လာခဲ့ပြီး နင်ချဲ့ ၊ ချိုးယွီလော့နှင့် ထောက်ချိန်တို့အားလုံး လင်းရီကို စိတ်ဝင်တစားနှင့် ကြည့်ရှုလာခဲ့ကြသည်။
လင်းရီ ဤသို့သော အခြေအနေမျိုးကို မည်သို့ ကိုင်တွယ်မည်လဲ ဆိုတာ သူမတို့ ကြည့်ချင်နေကြ၏။
“ စံနှုန်းတွေနဲ့ ပတ်သက်ပြီးကတော့ ………”
ဤတစ်ကြိမ်တွင်တော့ လင်းရီ ဟာသမလုပ်တော့ပေ။ သူ ခွန်းတုံ့မပြန်မီ ဂရုတစိုက်နှင့် သေချာစဉ်းစားနေ၏။
“ တကယ်လို့ မင်းတို့က အသက် သုံးဆယ်ကျော်ပြီး ဒီ အဆင့်ကို မရောက်သေးဘူးဆိုရင် မင်းတို့ရဲ့ စမ်းသပ်မှု ရလဒ်တွေက ငါ့မှတ်တမ်းရဲ့ အနည်းဆုံး ၉၀ ရာခိုင်နှုန်းကို ရောက်ရမယ် … တကယ်လို့ မင်းတို့က ၂၇ နဲ့ ၃၀ ကြားမှာ ဆိုရင် မင်းတို့ရဲ့ ရလဒ်တွေက ငါ့မှတ်တမ်းရဲ့ ၈၅ ရာခိုင်နှုန်းကို ရောက်ရမယ် … ၂၇ အောက်တွေကတော့ ၈၀ ရာခိုင်နှုန်းကို ရောက်ရမယ် ..”
ဤသည်ကို ကြားသည်တွင် ပါဝင်ယှဉ်ပြိုင်သူများအားလုံး အချင်းချင်း အကြည့်ချင်း ဖလှယ်လျက် အပြုံးကိုယ်စီနှင့် ဖြစ်သွားခဲ့ကြသည်။
ဤတစ်ကြိမ် လာရောက်ယှဉ်ပြိုင်သည့် လူအများစုက အသက် သုံးဆယ်အောက်များ ဖြစ်ကြ၏။
လင်းဟန်သည်ပင် ၂၉ နှစ်သာလျှင် ရှိသေးသည်။
လင်းရီ၏ တောင်းဆိုချက်အတိုင်းဆိုပါက သူတို့တွင် မျှော်လင့်ချက် ရှိသေး၏။
အစောပိုင်းတွင် မေးခွန်းထုတ်ခဲ့သည့်လူက တစ်ဖန်ပြန်ပြီး လက်ကို ပင့်မြှောက်လာခဲ့ပြန်သည်။
“ ခေါင်းဆောင်လင်း … မင်းရဲ့ ရလဒ်မှတ်တမ်းတွေက ဘယ်လောက်လဲ …”
“ ငါ ရှာပေးမယ်….” ထောက်ချိန် ပြောပြီး ဖုန်းကို ပွတ်ဆွဲလိုက်သည်။
“ အလျင်စမ်းသပ်မှုမှာ ခေါင်းဆောင်လင်းက ဘောလုံး ၁၆၀၀ ကို ရှောင်နိုင်ခဲ့တယ်…”
ဟစ် …
အုပ်စုမှာ တစ်ညီတစ်ညွတ်တည်း လေအေးကြီးများ အဆုတ်ထဲသို့ ရှူသွင်းမိသွားခဲ့ကြသည်။ စမ်းသပ်ပွဲကို သူတို့ မပြီးဆုံးသေးသော်လည်းပဲ အများစုက အလျင်စမ်းသပ်မှုကို ဖြေဆိုထားပြီးကြပြီ ဖြစ်၏။
“ တင်းနစ်ဘောလုံး ပစ်စက် ဆယ်လုံးက စုစုပေါင်း အလုံး ၁၆၀၀ ပစ်နိုင်တယ်… ခေါင်းဆောင်လင်းက တစ်လုံးမကျန် အကုန် ရှောင်နိုင်ခဲ့တယ်ပေါ့ ….”
“ ဟုတ်တယ်… သူက အမှတ်ပြည့်နဲ့ အောင်ခဲ့တဲ့လူပဲ …”
လူတိုင်း မေးရိုးကြီးများ အောက်ပြုတ်ကျသွားခဲ့ကြသည်။ သူတို့အားလုံး၏ အမူအရာမှာ တထေရာတည်း ဖြစ်နေခဲ့ကြ၏။
သူတို့ အုပ်စုထဲရှိ အကောင်းဆုံး တစ်ယောက်ပင် ဘောလုံး ၉၀၂ လုံးကိုသာ ရှောင်နိုင်ခဲ့ပြီး လင်းရီကတော့ အလုံး ၁၆၀၀ ကို ရှောင်နိုင်ခဲ့သည်တဲ့လော။
ရာခိုင်နှုန်းနှင့် တွက်ကြည့်မည်ဆိုပါက လင်းရီ စွမ်းဆောင်ပြခဲ့သည့် မှတ်တမ်း၏ ၅၆ ရာခိုင်နှုန်းကိုသာလျှင် ရောက်ရှိသေးသည်။ လိုအပ်ချက် ပြည့်မီဖို့ အလှမ်းအဝေးကြီး ဖြစ်၏။
လင်းဟန်၏ လှပသည့် မျက်ခုံးလေးများ တင်းကြပ်သွားခဲ့ရသည်။
ဤ ရလဒ်က သူမ လက်လှမ်းမီနိုင်သည့် အလွန်ကို ရောက်ရှိနေသည်။
သူမက ဘောလုံး ၈၇၈ လုံးကိုသာလျှင် ရှောင်တိမ်းနိုင်ခဲ့သဖြင့် …. တော်တော်လေး ဝေးကွာနေသည်။
၎င်းတို့၏ အမူအရာကို မြင်တော့ ထောက်ချိန်လည်း ၎င်းတို့အား ကြိုပြီး စိန်ခေါ်မှု ပေးလိုက်သည်က ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။
“ လင်းရီ အလုံး ၁၆၀၀ ပဲ ရှောင်နိုင်တယ်လို့ မထင်လိုက်နဲ့… စက်ထဲ ရှိတဲ့ ဘောလုံးက အဲ့လောက်ပဲ ရှိလို့ … တကယ်လို့ အဲ့ထက် ပိုရှိရင် သူ့ရဲ့ မှတ်တမ်းက ပိုပြီးတောင် အထင်ကြီးဖို့ ကောင်းသွားဦးမယ်…”
အုပ်စု၏ အမူအရာမှာ ပိုပြီး လေးလေးနက်နက် ဖြစ်လာခဲ့တော့သည်။
ဤလူက စူပါမန်းများ ဖြစ်နေသည်လော။
“ အဲ့တာတင် မကသေးဘူး … ခေါင်းဆောင်လင်းက Squat (200 kg ) ၊ deadlift (150kg) နဲ့ bench press ( 140kg) လေ့ကျင့်ခန်းတွေမှာလည်း တစ်မျိုးကို အခေါက်သုံးဆယ်စီ လုပ်ပြနိုင်ခဲ့တယ် … သူက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အရင် စံချိန်ဟောင်းတွေ အကုန်လုံးကို ချိုးဖျက်ခဲ့တဲ့လူပဲ … ဒါပေမယ့် အဲ့လောက်နဲ့ပဲ ရပ်တန့်ခဲ့လို့… မဟုတ်ဘဲနဲ့ သူသာ ဆက်လုပ်ခဲ့ရင် မှတ်တမ်းတွေက ပိုပြီးတောင် မြင့်နေဦးမှာ … မင်းတို့ရဲ့ အကန့်အသတ်ကို သေချာပြန်ဆန်းစစ်ပြီး သူ့ရဲ့ တောင်းဆိုချက်တွေနဲ့ ကိုက်ညီနိုင်မလား ပြန်စဉ်းစားကြည့်ကြည့်ပေါ့ …”
“ ဒါ … ဒါက …”
အုပ်စုမှာ ဆွံ့အသွားခဲ့ကြရသည်။
အဆိုပါ လေ့ကျင့်ခန်းများ အားလုံးက သူတို့ ပုံမှန် ကစားနေကျ ၊ လေ့ကျင့်နေကျ လေ့ကျင့်ခန်းများ ဖြစ်ပြီး သူတို့အားလုံး အဖို့ အကြိမ်ရေ ၁၅ ခေါက် ပြုလုပ်ရသည်ကပင် အတော်လေး ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေချေပြီ။ သုံးဆယ်ဆိုလျှင်တော့ …….
“ ခေါင်းဆောင်လင်း … အဲ့ဒီ ယူနစ် အတိုင်းအတာတွေနဲ့ အကဲဖြတ်မယ်ဆိုရင်တော့ နည်းနည်းလေး စာအုပ်ကြီး ဆန်လွန်းတယ်လို့ မထင်ဘူးလား …” ဝမ်ချုံ မေးမြန်းလိုက်သည်။ “ တကယ့် စစ်ဆင်ရေးတွေမှာ အဓိကျတာက တိုက်ပွဲ အတွေ့အကြုံနဲ့ မျှော်လင့်မထားတဲ့ အခြေအနေတွေမှာ အလိုက်သင့် လုပ်ကိုင်နိုင်စွမ်းပဲ … ငါကတော့ ဒီရဲ့ မှတ်တမ်းတွေက အရာအားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ မထင်ဘူး …”
“ ဒီတော့ မင်းဆိုလိုချင်တာက …… လက်တွေ့ တိုက်ပွဲတစ်ခု လုပ်ဖို့ အကြံပြုချင်နေတာလား …” လင်းရီ အပြုံးလေးဖြင့် မေးမြန်းလိုက်သည်။