ဆန်းကြယ်တဲ့ မြေအောက် ဓာတ်ခွဲခန်း
Vol. 139 Ch. 2084
“ ဒါပေမယ့် ပြဿနာက အထဲမှာ ကင်မရာတွေ အများကြီး ရှိနေတာပဲ … ပြီးတော့ ခွင့်ပြုချက်မရှိရင် ဘယ်သူမှ အထဲဝင်ခွင့် မရှိဘူး … အသင်း ၃ ရဲ့ ခေါင်းဆောင်ဆိုရင်တောင် မရဘူး …”
“ ခေါင်းဆောင်လီကို ခက်ခဲအောင် လုပ်မနေနဲ့တော့ … ငါ အကြီးအကဲလျန်ကို ဖုန်းခေါ်ပြီး မေးကြည့်ပေးမယ်…”
လင်းရီ ဖုန်းထုတ်၍ ပြောဆိုလိုက်ပြီး လျန်ရှန့်ဟော်ထံ ဆက်သွယ်လိုက်သည်။
“ အကြီးအကဲလျန် … ကျွန်တော် အခု သုတေသန စင်တာမှာ … နင်ချဲ့လည်း အထဲကို အတူဝင်ချင်နေတာ အဆင်ပြေနိုင်မလား မသိဘူး …”
“ နင်ချဲ့လား ….” လျန်ရှန့်ဟော် ရေရွတ်လိုက်ပြီး “ နင်ရုံပေရဲ့ မြေးမလေးလား …”
“ ဟုတ်တယ် … သူပဲ …”
လင်းရီသည် နင်ချဲ့၏ မိသားစုရေးရာ ကိစ္စများကို အာရုံမထားသော်လည်းပဲ အချိန်အတော်ကြာအောင် ရင်းနှီးလာခဲ့သဖြင့် သူမ၏ နောက်ခံအကြောင်းကို အနည်းငယ်မျှတော့ သိထားသည်။
“ ဒီရဲ့ စမ်းသပ်မှုက လုံခြုံရေး အဆင့် သတ်မှတ်ချက်မြင့်တဲ့ စမ်းသပ်မှုပဲ … ဒါပေမယ့် သူက ယုံကြည်ရတယ်လို့ မင်း အာမခံနိုင်တယ်ဆိုရင် သူလည်း လိုက်ဝင်လို့ရတယ်…”
“ ဒါဆိုရင်တော့ သေချာပေါက် ပြဿနာ မရှိပါဘူး … ကျေးဇူးတင်ပါတယ် အကြီးအကဲလျန် …”
လင်းရီသည် နင်ချဲ့နှင့် အတွင်းကျကျ ရင်းနှီးပတ်သက်မှုတို့ ရှိထားပေမယ့် လျန်ရှန့်ဟော်၏ ရှေ့မှောက်တွင်တော့ သင့်တင့်လျောက်ပတ်သည့် လေးစားမှုတို့ ထားရှိနေခဲ့ဆဲပင်။
ဖုန်းချပြီးသည့်နောက် လီဟန်ဘက်သို့ လှည့်၍ “ ပြဿနာ ဖြေရှင်းပြီးသွားပြီ ခေါင်းဆောင်လီ …”
“ အကြီးအကဲလျန်က အဆင်ပြေတယ် ဆိုမှတော့ ဒါဆိုလည်း အဆင်ပြေပြီပေါ့ …” လီဟန် ပြောဆိုပြီးနောက် သူ့နောက်သို့ လိုက်ခဲ့ရန် လက်ဟန်ပြလိုက်သည်။
“ ခေါင်းဆောင်လင်း … ခေါင်းဆောင်နင် … ငါ့နောက်က လိုက်ခဲ့ပေးပါ …”
လီဟန်သည် သူတို့နှစ်ယောက်ကို ရုံးခန်းထဲက ဦးဆောင်ခေါ်ထွက်လာခဲ့ပြီး မြေအောက်ခန်းသို့ ဆင်းသည့် လှေကားထံသို့ ရောက်လာသည်။ မကြာမီ လေးလံသည့် ငွေရောင် အက်လွိုင်း တံခါးကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့ကြသည်။ လီဟန် သံလိုက်ကတ်ကို အသုံးပြုလိုက်ရာ တံခါးက အလိုအလျောက် ပွင့်ဟလာခဲ့၏။
၎င်းနောက်တွင် ထွက်ပေါ်လာခဲ့သည်ကတော့ သာမန်လျှံကာ ပုံစံပေါက်နေသည့် ကွန်ကရစ် အခန်းလေးပင်။ သို့သော် များပြားလှသည့် ကင်မရာတို့က တင်းကြပ်ထားသည့် လုံခြုံရေး အခြေအနေကို ဖော်ပြနေသည်။
မြေအောက် ဒုတိယထပ်သို့ ရောက်လာခဲ့ပြီးနောက် ရှေ့သို့ ဆက်လက် တက်လှမ်းလာခဲ့ရာ မကြာမီ နောက်ထပ် အက်လွိုင်း တံခါးတစ်ချပ်နှင့် ပြန်လည်ကြုံတွေ့လိုက်ရ၏။
လီဟန် တူညီသည့် နည်းလမ်းကို အသုံးပြု၍ တံခါးပေါက်ကို ဖွင့်လိုက်သည်။
တစ်ဖန်ထပ်ပြီး ရှေးကနည်းတူ ရိုးရှင်းသည့် အခန်းငယ်လေးက မျက်စိရှေ့ထွက်ပေါ်လာခဲ့ပြန်သည်။ သို့သော် အောက်ထပ်သို့ ဆင်းသည့် လှေကားနှင့် များပြားလှသည့် ကင်မရာတို့က လူကို ရင်တထိတ်ထိတ် ဖြစ်စေသည့် ခံစားချက်တို့အား ပေးစွမ်းနေခဲ့သည်။
လင်းရီ မျက်ခုံးပင့်၍ သူ့ကိုယ်သူ တွေးတောမိလိုက်၏။ ‘ ဒီလောက်တောင် လျှို့ဝှက်နေရတာ ဒီထဲ ဘာတွေများ သိမ်းထားလို့ပါလိမ့်….’
မြေအောက်ခန်း တတိယထပ်သို့ ရောက်သောအခါ နောက်ထပ် အက်လွိုင်း တံခါးတစ်ချပ်ကို တွေ့လိုက်ရပြန်သည်။
ဤတစ်ကြိမ်တွင်တော့ ၎င်းတံခါးချပ်နောက်ကွယ်တွင် ကျယ်ပြန့်သည့် အခန်းကြီး တစ်ခု ရှိနေပြီး အခန်းတို့ကလည်း မျက်စိတစ်ဆုံး များပြားလှသည်။
လီဟန် သူတို့နှစ်ဦးကို အစွန်ဆုံး အခန်းသို့ ခေါ်ဆောင်လာခဲ့၏။
လင်းရီနှင့် နင်ချဲ့တို့မှာ ကိုယ့်ကိုယ်ကို ရုပ်ရှင်ဇာတ်ကားထဲ ရောက်နေသည့်နှယ် ခံစားနေကြရသည်။ ဤကဲ့သို့သော နေရာမျိုးကို သူမတို့တွေ ပထမဆုံးအကြိမ် ရောက်ဖူးကြခြင်း ဖြစ်၏။
ကျုံးဝေ့တပ်ဖွဲ့ သုတေသန စင်တာ၏ မြေအောက်ခန်းက ဤမျှ တင်းကြပ်စွာ ကာကွယ်ထားသည်မှာ အတော်လေး စိတ်ကူးကြည့်ဖို့ ခဲယဉ်းလှသည်။
“ ဒီရဲ့ စမ်းသပ်ချက်က တကယ်ပဲ အဲ့လောက်ထိ လျှို့ဝှက်ထားတာလား …” နင်ချဲ့ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
“ စက်တွေကို အသက်သွင်းလိုက်ရင် သံလိုက်စက်ကွင်းတစ်ခုကို ထုတ်လွှတ်တော့ တခြား စက်ကိရိယာတွေ အပေါ် သက်ရောက်မှု ရှိလာနိုင်တယ် … ဒါကြောင့်မို့ မြေအောက် အနက်ထဲမှာ ဆောက်ထားတာပဲ …”
“ ဒါပေမယ့် ဒါတောင် နည်းနည်း အပေါ်ရောက်နေသေးတယ်….”
“ တကယ်တော့ ဒီရဲ့ စမ်းသပ်မှုက ခေါင်းဆောင်တို့ ထင်နေသလောက်လည်း လျှို့ဝှက်မနေဘူး …” လီဟန် ပေါ့ပေါ့ပါးပါး ရယ်မောလျက် အနီးနားတွင် ရှိသည့် အခန်းတစ်ခန်းသို့ ညွှန်ပြလိုက်သည်။
“ ဒါပေမယ့် အဲ့ဒီအထဲမှာ ကျုံးဝေ့တပ်ဖွဲ့ရဲ့ အရေးပါတဲ့ စာရွက်စာတမ်းတွေ သိမ်းထားတာကြောင့်လေ … ဒီထဲဝင်ဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ဓာတ်ခွဲခန်းသော့ကို သုံးရက်ကြိုပြီး တောင်းခံထားရတာ … ပုံမှန်ဆို အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ငါတောင် ဒီထဲ ဝင်ခွင့် မရှိဘူး ….”
ဤသည်ကို ကြားတော့ လင်းရီနှင့် နင်ချဲ့တို့မှာ အခြေအနေကို ပိုပြီး နားလည်သဘောပေါက်သွားခဲ့ကြသည်။
စမ်းသပ်မှုက လျှို့ဝှက်ချက် ဖြစ်နေတာမဟုတ်ဘဲ သိုလှောင်သိမ်းဆည်းထားသည့် စာရွက်စာတမ်းတို့ကသာ အခရာ ဖြစ်နေခဲ့သည်။
ဤသည်က လျန်ရှန့်ဟော်သည် သူတို့အပေါ် အထူးယုံကြည်ကြောင်း ပြသလိုက်သည်မှာ သိသာပေသည်။ ယခုလိုမျိုး အထိခိုက်မခံသည့် နေရာတစ်ခုသို့ ဝင်ရောက်ရန် တကယ်ပဲ ခွင့်ပြုပေးခဲ့သည်။
တံခါးဝတွင် ရပ်နေရင်း သုံးယောက်မှာ ခေတ္တကြာ စကားပြောနေခဲ့ကြပြီး လီဟန်က သူတို့ရှေ့ရှိ အက်လွိုင်း တံခါးကို ဖွင့်လိုက်သည်။
၎င်းနောက်ဘက်တွင်တော့ မီတာ နှစ်ရာကျော် ကျယ်ဝန်းသည့် အခန်းကြီး တစ်ခု ရှိပြီး ထူထဲသည့် အက်လွိုင်းနံရံတို့ဖြင့် ကာရံထားသည်။
ကြီးမားသည့် သံမဏိလှောင်အိမ်ကြီးထဲသို့ ဝင်ရောက်လာသည့်နှင့် လှောင်ပိတ်ခြင်းကို ကြောက်ရွံ့သည့် စိတ်က လင်းရီ၏ ရင်ဘက်ထဲ အနည်းငယ် ပေါက်ဖွားလာသည်။
အခန်းက ကြီးမားသော်လည်းပဲ သူ နားမလည်နိုင်သည့် အမျိုးမျိုးသော စက်ကိရိယာတို့ဖြင့် နေရာယူထားခဲ့ကာ အခန်းကြီး တစ်ခုလုံး ပြည့်နှက်လုနီးပါးပင်။ ပုံစံကြည့်ရသလောက်တော့ အကုန်လုံးက တော်တော်လေး အဆင့်မြင့်ပုံရ၏။
အံ့ဩလောက်စရာ အကောင်းဆုံး တစ်ခုကတော့ အလယ်ဗဟိုတွင် ရှိနေသည့် ဧရာမ သတ္တု ကွန်တိန်နာကြီး ဖြစ်ပြီး အချင်း ၄ မီတာမျှ ကျယ်ဝန်းသည်။ သို့သော် အမြင့်ကတော့ ရင်ဘက်လောက်သာ ရှိ၏။
တလက်လက်တောက်ပနေသည့် မီးအလင်းရောင် ခလုတ်များနှင့် အင်ဒီဂိတ်တာတို့က နင်ချဲ့၏ ခေါင်းကိုပင် မူးနောက်နောက် ဖြစ်လာစေသည်။
ထိုနေရာတွင် စက်ပစ္စည်း ကိရိယာများကို ထိန်းညှိနေသည့် ရွှီလန်ကိုလည်း သူတို့တွေ မြင်တွေ့လိုက်ရသည်။ ဤသို့သော အစိတ်အပိုင်းများ ဖွဲ့စည်းထားမှု သဏ္ဌာန်က လင်းရီနှင့် နင်ချဲ့တို့က အနည်းငယ် ထူးဆန်းသည်ဟု ခံစားသွားခဲ့ရ၏။
“ ခေါင်းဆောင်လီ ၊ ခေါင်းဆောင်လင်း နဲ့ ခေါင်းဆောင်နင် … ရှင်တို့ ရောက်လာပြီလား ….”
သူတို့ သုံးယောက် အထဲဝင်လာသည်ကို မြင်တော့ ရွှီလန် နှုတ်ဆက်လာခဲ့သည်။
သို့သော် ရွှီလန်တစ်ဦးတည်းကလွဲ၍ ဤနေရာတွင် အခြားမည်သူ့ကိုမျှ မမြင်တွေ့ရသည်ကတော့ အနည်းငယ် ထူးဆန်းလှသည်။
“ အားလုံး စစ်ဆေးပြီးပြီလား …”
ရွှီလန် ခေါင်းညိတ်လိုက်သည်။ “ ကျွန်မတို့ အချိန်မရွေး စတင်လို့ရပြီ ….”
“ ကောင်းပြီ …”
“ ခေါင်းဆောင်လီ …. ဒီရဲ့ စမ်းသပ်မှုက တော်တော်လေး အရေးကြီးတယ် မဟုတ်လား … ဘာလို့ ခင်များတို့ နှစ်ယောက်တည်းလဲ …” လင်းရီ မနေနိုင်ဘဲ ထုတ်မေးမိတော့သည်။
“ စမ်းသပ်မှုက အရေးကြီးလို့ပဲ လူအနည်းငယ်လောက်ပဲ သိခွင့် ရှိတာလေ … “ လီဟန် မည်သည်ကိုမျှ ကွယ်ဝှက်ခြင်း မပြုဘဲ ပြန်ဖြေပေးလာခဲ့၏။
“ ငါတို့ အသင်း ၈ ထဲမှာ ငါတို့နှစ်ယောက်က ဝါအရင့်ဆုံးနဲ့ ယုံကြည်ရဆုံးပဲ … အဲ့တာကြောင့်လည်း အကြီးအကဲလျန်က ဒီစမ်းသပ်မှုကို ပြုလုပ်ဖို့ ငါတို့နှစ်ယောက်ကို လျှို့ဝှက်ပြီး တာဝန်ပေးခဲ့တာ … မဟုတ်ရင် ပြင်ဆင်တာလေးကို ဒီလောက်ကြာမှာတောင် မဟုတ်ဘူး …”
ဤသည်ကို ကြားတော့ လင်းရီတို့လည်း များများ စားစား မှတ်ချက် ပေးမနေတော့ဘဲ ခေါင်းညိတ်လိုက်ကြသည်။
နင်ချဲ့ ဤနေရာသို့ ဝင်လာနိုင်သည့် အကြောင်းအရင်းက သူမ၏ နောက်ခံကြောင့် ဖြစ်နိုင်သည်။ မဟုတ်ပါက ယခုလို နေရာမျိုးသို့ ဝင်ရောက်ဖို့ဆိုသည်မှာ ဖြစ်နိုင်မှာ မဟုတ်ချေ။
ထို့ပြင် အကယ်၍ လင်းရီကလည်း စမ်းသပ်ခံ တစ်ဦး မဟုတ်ခဲ့ပါက အထက်အကြီးအကဲ ခေါင်းဆောင်များ၏ သဘောတူညီမှု မပါဘဲနှင့် ဤသို့သော နေရာမျိုးနှင့် ဝင်ရောက်နိုင်မှာ မဟုတ်ချေ။
“ ခေါင်းဆောင်လီ … စမ်းသပ်မှုက အဲ့မှာ လုပ်မှာလားဟင် ..” နင်ချဲ့ အနီးနားရှိ သတ္တု ကွန်တိန်နာအား လက်ညှိုးထိုးပြီး မေးလိုက်သည်။
လီဟန် ခေါင်းညိတ်လိုက်၏။ “ ဒါပေမယ့် စက်နဲ့ ချိတ်ဖို့ အချိန်ခဏလောက်တော့ ပေးရမယ် … အခု စကြတာပေါ့ ..”
“ ကောင်းပြီလေ…”
နင်ချဲ့ ခေါင်းညိတ်ပြီး မည်သည်ကိုမျှ မဆိုဘဲ ဘေးကပ်ရပ်လိုက်သည်။ အပြင်လူတစ်ယောက်အနေနှင့် ဘေးမှ ရပ်ကြည့်ဖို့သာ လိုသည်။
“ ခေါင်းဆောင်လင်း … စမ်းသပ်မှု မလုပ်ခင် အဝတ်လဲဖို့ လိုမယ်..”
လီဟန်လက်ထဲရှိ အတိုကို မြင်တော့ လင်းရီ မရယ်ဘဲ မနေနိုင်တော့ချေ။
“ ဘာလို့ ရေချိုးတဘက်နဲ့ တူနေရတာ …”
“ အတူတူပဲလေ… အရှက်လုံရုံ ဖုံးဖို့ဆိုတော့ ထွေထူး ကိစ္စမှ မဟုတ်တာ …”
“ နားလည်ပြီ ….”
လူမမြင်သည့် ထောင့်တစ်နေရာသို့ သွား၍ လင်းရီ အတိုအား ပြောင်းလဲ ဝတ်ဆင်လိုက်သည်။
နောက်ထပ် နာရီ အနည်းငယ် ကြာသည်ထိတိုင်အောင် နှစ်ဦးမှာ မရေမတွက်သည့် စမ်းသပ်ပြားမျာကို လင်းရီ၏ ခန္ဓာကိုယ်သို့ တွယ်ကပ်လိုက်ကြပြီး အထူးသဖြင့် သူ့လက်မောင်းများကို ပိုပြီး အာရုံစိုက်ထားခဲ့ကြသည်။
လီဟန် အစောပိုင်းတုန်းက ပြောထားခဲ့သည့်အတိုင်း ယခု စမ်းသပ်မှုက သူ့လက်မောင်းများကို အဓိက ဦးတည်နေသည်။
ညနေ သုံးနာရီဝန်းကျင်လောက် ရောက်တော့ အကုန်လုံး အဆင်သင့် ဖြစ်ပြီ ဖြစ်၏။
အတိုလေးသာ ဝတ်ဆင်ထားသည့် လင်းရီသည် သတ္တုကွန်တိန်နာထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွားခဲ့သည်။
“ ခေါင်းဆောင်လင်း … တကယ်လို့ သက်တောင့်သက်သာ မဖြစ်သလို ခံစားရရင် နည်းနည်းပါးပါး လှုပ်ရှားလို့ ရတယ် … တကယ်လို့ ပင်ပန်းလာပြီဆို ကျွန်မကို အသိပေးလိုက် … တစ်ရေးအိပ်လို့ရအောင် ထိုင်ခုံတစ်ခု ယူခဲ့ပေးမယ်…” ရွှီလန် ပြောလိုက်သည်။
“ ဟင် … စမ်းသပ်မှုက ကျုပ် တရေးအိပ်လို့ရတဲ့အထိ လွယ်နေတယ်ပေါ့ …”
ရွှီလန် ခေါင်းညိတ်လိုက်သည်။ “ ၁၂ နာရီလောက်ကြာမှာဆိုတော့ လိုအပ်တာတွေ ပြန်ပြီး ထိန်းညှိဖို့ အဲ့ဒီအတွက်ပါ ထည့်သွင်း တွက်ချက်ထားခဲ့တာလေ …”
“ အဆင်ပြေသားပဲ … အခု စလိုက်ကြတာပေါ့ …”
“ အိုကေ …”