အခန်း (၁၁၁+၁၁၂)
Vol. 5 Ch. 109+110
အခန်း(၁၁၁) စိတ်လှုပ်ရှားလွယ်တဲ့ အစ်ကိုလတ်
“ယန်ကျစ်? မင်းဒီမှာ ဘာလုပ်နေတာလဲ?” ထိုလူကို ချင်းရှင်းကျစ် ကောင်းကောင်းသိပါသည်။ ဒါသူ့ညီ ချင်းယန်ကျစ် မဟုတ်လား။
ညီအစ်ကိုတွေက မျက်နှာတွေ သိပ်မတူကြပါ။ ချင်းရှင်းကျစ်က အဖေနဲ့တူသော်လည်း ချင်းယန်ကျစ်က အမေတူ ဖြစ်သည်။
သို့သော် ငြင်းလို့မရသည့် အချက်က နှစ်ယောက်စလုံး အသက်ကြီးလာတာတောင် ရုပ်ရည် သန့်ပြန့်ကြဆဲဖြစ်သည်။ ငယ်ငယ်တုန်းကဆို သူတို့နှစ်ယောက်စလုံး ဘယ်လောက်တောင် ချောမလဲဆိုတာ စိတ်ကူးကြည့်လို့ ရပါသည်။
ချင်းယန်ကျစ်က မြောက်ပိုင်းရှိ ချင်းမိသားစု စီးပွားရေးကို အဓိက တာဝန်ယူရသည်။ ထို့ကြောင့် သူ့မိသားစု တစ်စုလုံး ပေကျင်းမြို့မှာ နေထိုင်ကြပြီး အားလပ်ရက်တွေ၊ ပွဲတော်ရက်တွေမှသာ အဘိုးချင်းတို့ထံ ပြန်လာလေ့ ရှိပါသည်။
“ငါ လုပ်ငန်းကိစ္စနဲ့ ခရီးထွက်လာတာ။ မနေ့ညက ချင်းမိသားစုရဲ့ သခင်မလေးတစ်ယောက် ပြန်ပေးဆွဲခံရတယ်လို့ သတင်းကြည့်လိုက်ရတယ်။ အဲ့တာကြောင့် ငါအပြေးရောက်လာတာပဲ! ငါတို့ ချင်းမိသားစုထဲ တကယ် သခင်မလေး အသစ် ပေါ်လာပြီလား။ ဘယ်ဆန်ကုန်မြေလေးရဲ့ တရားမဝင် သမီးလေးလဲ”။ ချင်းယန်ကျစ်က အလွန် သိချင်စိတ်ဖြင့် မေးလိုက်သည်။
သတင်းကို ကြားမိကတည်းက ချင်းယန်ကျစ် စိတ်ထိန်းမရခဲ့ပါ။ နောက်ဆုံးတော့ ချင်းမိသားစုကို ကောင်းကင်ဘုံက သမီးမိန်းကလေး ချီးမြှင့်ခဲ့ပြီပေါ့။
ဘယ်သူ့ရဲ့ တရားမဝင် သမီးလေးပဲ ဖြစ်နေပါစေ သူတို့ ချင်းမိသားစုဝင် ဖြစ်နေဖို့က အရေးကြီးပါသည်။
“ဟုတ်တယ်။ ငါတို့ ချင်းမိသားစုထဲ သခင်မအသစ်လေး ပေါ်လာပြီ…”။ ချင်းရှင်းကျစ် ပြောလိုက်သည်။
ဒါကိုကြားတော့ ချင်းယန်ကျစ်က ချက်ချင်း ပြုံးရွှင်သွားပါသည်။ “ကောင်းတာပေါ့ကွ! နောက်ဆုံးတော့ ဆန်ကုန်မြေလေး သားတွေနဲ့ပဲ ပြည့်မနေတော့ဘူး။ အဲ့ဒီကောင်တွေကြောင့် ငါဘယ်လောက် ခေါင်းကိုက်ရသလဲ ဘုရားပဲသိမယ်!”
ထိုသို့ပြောပြီးနောက် သူ့ရှေ့က စူစူလေးဆီ ချင်းယန်ကျစ် အာရုံရောက်သွားပြီး မျက်လုံးများ အရောင်လက်သွားသည်။
“ဒီကလေးမလေးလား?! အား!!! ချစ်ဖို့ကောင်းလိုက်တာ! မနေ့က သတင်းကြားပြီး ဒီကောင်မလေး ဘယ်လို ပုံစံဖြစ်မလဲ စိတ်ကူးယဉ်ကြည့်နေတာ~ ငါထင်ထားတာထက်တောင် ပိုချစ်ဖို့ကောင်းနေတာပဲ!!”
ထိုသို့ပြောပြီးနောက် ချင်းယန်ကျစ် စိတ်မထိန်းနိုင်ဘဲ စူစူလေးကို ကောက်ချီလိုက်ပါသည်။
“ပူကျူးလေး ဘိုးဘိုးက ပူကျူးလေးရဲ့ ဒုတိယဘိုးဘိုးလေ~ လုပ်ပါ ‘ဒုတိယဘိုးဘိုး’လို့ ခေါ်ပါဦး~ ဒုတိယဘိုးဘိုးက ပူကျူးလေးကို အရုပ်တွေအများကြီး ဝယ်ပေးမယ်။ ကုန်တင်ကားတစ်စီး အပြည့် အရုပ်တွေ အများကြီး ဝယ်ပေးမယ်နော်~”။ ချင်းယန်ကျစ် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
စူစူလေးက ချင်းယန်ကျစ်ကို အူတူတူ မျက်နှာလေးနဲ့ ကြည့်နေပါသည်။ ထို့နောက် ချင်းရှင်းကျစ်ကို လှည့်ကြည့်လိုက်၏။
ချင်းရှင်းကျစ် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ စူစူလေးရဲ့ သရုပ်မှန်ကို သိခဲ့ရတုန်းက သူဘယ်လို ခံစားခဲ့ရသလဲဆိုတာ သူကိုယ်တိုင်ပဲ သိသည်။
ယခု သူ့ညီအလှည့်ကို ရောက်ပါပြီ။
စူစူလေး ဘယ်သူဆိုတာကို သိလိုက်ရချိန်မှာ သူ့ညီ အလတ်ကောင်မျက်နှာ ဘယ်လို ဖြစ်သွားမလဲ တကယ် ကြည့်ချင်နေပါပြီ။
ဘာမှ မသိရှာသေးသည့် ချင်းယန်ကျစ်ကတော့ သူ့ ‘မြေးမ’လေးရဲ့ ချစ်စရာကောင်းနေမှုကို ကြည့်မဝ ဖြစ်နေသည်။ သူ့ အစ်ကိုကြီးရဲ့ လူယုတ်မာ အကြံအစည်ကို မရိပ်မိပါ။
“ယုဟွိုင်းက တော်တော် စွမ်းတဲ့ကောင်ပဲ! သမီးလေး မွေးနိုင်တယ်ပေါ့! ငါတို့ ညီအစ်ကိုတွေ အရင်တုန်းက အရမ်း ကြိုးစားခဲ့တာတောင် ဝတုတ်ယောက်ျားလေးတွေပဲ မွေးလာတာ! ယုဟွိုင်းကတော့ တစ်ချက်တည်းနဲ့ မိန်းကလေး တန်းမွေးတာပဲ!”
သူ သမီးမိန်းကလေး လိုချင်ခဲ့သည့် နေ့ရက်တွေကို ချင်းယန်ကျစ် ပြန်တွေးမိပါသည်။
သို့သော်လည်း ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါ။
သူ့အတွေးနဲ့သူ အလုပ်ရှုပ်နေသဖြင့် သူ့အစ်ကိုကြီးရဲ့ မျက်နှာကို သတိမထားမိဘဲ ချင်းယန်ကျစ် ဆက်ပြောလိုက်သည်။ “အစ်ကိုကြီး ယုဟွိုင်းအတွက် မင်္ဂလာဆောင် မြန်မြန် စီစဉ်ပေးတာ ပိုကောင်းမယ်နော်! ကလေးအမေက ဘယ်သူပဲဖြစ်ဖြစ် လူကောင်းသူကောင်းဖြစ်ရင်ရပြီ။ ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကို မွေးပေးထားတာ ယုဟွိုင်း လက်ထပ်မှဖြစ်မယ်!”
“အောင်မယ်လေး ပူကျူးလေးကို ကြည့်စမ်းပါဦး။ ငါ့သားတွေကိုလည်း မိန်းမယူဖို့ အမြန် တိုက်တွန်းရမယ်။ ဒါမှ ငါလည်း မြေးမလေးတွေ ချီနိုင်မှာ။ နူးညံ့ပြီး ချစ်ဖို့ကောင်းနေရာပဲ။ ငါ့ဘဝမှာ ညီမလေးကော သမီးလေးကော တစ်ခါမှ မချီခဲ့ရဘူး။ အနည်းဆုံးတော့ မြေးမလေးတစ်ယောက် ချီခွင့်ပေးကြပါ!”
“မဟုတ်ဘူး မင်းမှားသွားပြီ” ချင်းရှင်းကျစ်က ခေါင်းခါလိုက်သည်။
“ဘာမှားလို့လဲ။ မင်းက မြေးမလေး ချီနေရပြီဆိုတော့ ငါ့ကို သရော်တာလားကွ!”
“မင်းပြောတာ အတော်များများ မှန်ပေမယ့် တစ်ချက်တော့ မှားနေတယ်”
“ဘယ်တစ်ချက်လဲကွ”
“အားလုံးနည်းပါး မှန်ပါတယ်။ ဒါပေမယ့် မင်းဘဝမှာ ညီမလေး တစ်ယောက်မှ မချီဖူးဘူးဆိုတဲ့ အချက်က မှားနေတယ်” ချင်းရှင်းကျစ်က ပြန်ပြောလိုက်သည်။
… … …
အခန်း(၁၁၂) အစ်ကိုလတ်ရဲ့ တွေးပုံတွေးနည်းက အဆန်းကြီး
“အဲ့အချက်က ဘယ်လို မှားတာတုန်း”။ ချင်းယန်ကျစ် နားမလည်နိုင်ပါ။
“မင်းမှာ ညီမရှိတယ်”။ ချင်းရှင်းကျစ်က ပြောလိုက်သည်။
“အစ်ကိုကြီး မင်းကြောင်နေတာလား။ ငါတို့ ဘယ်တုန်းက ညီမ ရသွားတာလဲ”
သူ့ ပူကျူးလေးကို ချီထားရတာကြောင့်သာမဟုတ်လျှင် ချင်းယန်ကျစ်တစ်ယောက် သူ့အစ်ကိုကြီးရဲ့ နဖူးကို စမ်းကြည့်ပြီး အဖျားတက်နေတာလားဆိုတာ စစ်ဆေးကြည့်မိလောက်သည်။
“မင်း အခု ချီထားတယ်လေ”။ ချင်းရှင်းကျစ်က ပြန်ပြောလိုက်သည်။
“ဘာတွေပြောနေတာလဲ။ ငါ ယုဟွိုင်းရဲ့ သမီးလေးကို ချီထားတာ မဟုတ်ဘူးလား။ ငါတို့မှာ ညီမလေး ရှိရင် အခုလောက်ဆို အဘွားကြီး ဖြစ်နေလောက်ပြီ။ ငါချီထားတာက… ဟားဟားဟား အစ်ကိုကြီး မင်းငါ့ကို လာနောက်နေတာမလား”
ချင်းရှင်းကျစ်က သူ့ညီကို ဘာမှ ဆက်ရှင်းပြမနေတော့ဘဲ စူစူလေးကိုသာ ပြောလိုက်သည်။ “စူစူလေး နင့်ကို ချီထားတဲ့ လူကို ပြောပြလိုက်စမ်းပါ။ ငါ့ကို နင်ဘယ်လိုခေါ်လဲ”
“အစ်ကိုကြီး!” စူစူလေးက ချိုမြိန်စွာ ခေါ်လိုက်သည်။
“အစ်- အစ်ကိုကြီး?” ချင်းယန်ကျစ် ကြက်သေသေသွားသည်။ “ဘာလို့ သူ့ကို အစ်ကိုကြီးလို့ ခေါ်တာလဲ။ သူ့ကို ငါတို့ပဲ အစ်ကိုကြီးလို့ ခေါ်တာလေ။ နင်က…”
ချင်းယန်ကျစ် ၃ စက္ကန့်လောက် သေချာ စဉ်းစားလိုက်ရသည်။
“မဖြစ်နိုင်တာ...။ သူ- သူက ယုဟွိုင်းရဲ့ သမီးမဟုတ်ဘူးလား။ သူက… ငါတို့ မိဘတွေရဲ့ သမီးလား?”
ချင်းရှင်းကျစ်က ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်တယ်။ သူက ငါတို့ မိဘတွေ မွေးပေးထားတဲ့ ငါတို့ရဲ့ ချစ်ဖို့ကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ ညီမလေးပဲ”
“အ- အတည်ပြုပြီးပြီလား”
“သေချာတာပေါ့။ DNA တောင် စစ်ပြီးသွားပြီ”
“တကယ်ကြီး? ငါ့ကို နောက်နေတာ မဟုတ်ဘူးလား” ချင်းယန်ကျစ် ထပ်အတည်ပြုလိုက်ရသည်။
“တကယ် မနောက်ဘူး။ သူက ငါတို့ မိဘတွေရဲ့ သမီးလေးပဲ။ အဲ့တော့ ငါတို့ ညီမလေးပေါ့။ အဖေလည်းတူ အမေလည်းတူ”
ချင်းယန်ကျစ် ကြက်သေသေသွားသည်။
ချင်းရှင်းကျစ်ကို ကြောင်တောင် ကြည့်နေပြီး အချိန်အတော်ကြာအောင် ဘာမှ မပြောနိုင်ခဲ့ပါ။
ချင်းရှင်းကျစ်က သူ့ညီရဲ့ ကြက်သေသေနေသော မျက်နှာထားကို မြင်ပြီး ရင်ထဲမှာ အူမြူးသွားပါသည်။
ခဏကြာတော့ ချင်းယန်ကျစ်တစ်ယောက် သူချီထားဆဲ ဖြစ်သော စူစူလေးကို လှည့်ကြည့်လိုက်သည်။
ချစ်စရာ ကောင်းသော မျက်နှာဖြူဖြူ သေးသေးလေးက သူ့ကို ရိုးရိုးအအ ကြည့်နေပါသည်။
“ဒါ… ဒါ အရမ်းအံ့ဩဖို့ ကောင်းတာပဲ!”
ချင်းယန်ကျစ် အကြာကြီး တိတ်ဆိတ်သွားပြီးနောက် စကားပြောနိုင်ခဲ့ပါပြီ။
“အံ့ဩဖို့ကောင်းတယ်?။ အဲ့တာ ဘာစကားလဲ”
“ဟုတ်တယ်လေ! ပူကျူးလေးရဲ့ အသက်ကို တွက်ချက်ကြည့်ရင် သူ့ကို ကိုယ်ဝန်ဆောင်တုန်းက ငါတို့ အဖေနဲ့အမေ အသက် ၇၀ ကျော်နေပြီမလား! အဲ့တာကြောင့် ငါတို့အဖေက အံ့ဩဖို့ မကောင်းလွန်းဘူးလား။ ငါတို့အမေက ပိုတောင် အံ့ဩဖို့ကောင်းသေးတယ်!”
“အခု အဲ့တာက အရေးကြီးလို့လား…” သူ့ညီရဲ့ အတွေးကြောင့် ချင်းရှင်းကျစ် အံ့အားသင့်သွားသည်။
“အရေးကြီးတာပေါ့ကွ။ သာမန်လူတွေဆို ဒီလို လုပ်နိုင်လား။ လုပ်နိုင်တဲ့လူတွေက သာမန်ထက် ထူးခြားတဲ့လူတွေပဲ! ငါတို့ မိဘတွေအတွက် ဂင်းနစ်စံချိန် လျှောက်ကြည့်ရမလား”။ ချင်းယန်ကျစ်က အကြံပေးလိုက်သည်။
ဒီလိုအခြေအနေမျိုးမှာ သူပထမဆုံးတွေးမိတာက ဂင်းနစ်စံချိန်လျှောက်ဖို့တဲ့လား?!
သူ့ညီရဲ့ အကောင်းမြင်စိတ်ကို ချင်းရှင်းကျစ် ဘယ်လိုပြောရမလဲ မသိတော့ပါ။
ငယ်စဉ်ကတည်းက သူ့ညီ ချင်းယန်ကျစ်မှာ အရာရာကို အကောင်းမြင်တတ်ပြီး ပျော်တတ်ကာ အရေလည်းထူသည်။ သို့သော် သာမန် အကောင်းမြင်စိတ်ဟုပဲ ချင်းရှင်းကျစ် ထင်ခဲ့သည်။
ဒီနေ့ကျမှ သူ့ညီရဲ့ အရေထူပုံနဲ့ အကောင်းမြင်စိတ်တို့က သာမန်လူတွေထက် အများကြီး ကျော်လွန်နေတာကို သိလိုက်ရပါသည်။
ထို့နောက် ချင်းယန်ကျစ်က ချင်းရှင်းကျစ်ကို ပြောလိုက်သည်။ “အစ်ကိုကြီး ငါတို့ မိဘတွေ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဘယ်လို အားဆေးတွေ မှီဝဲသလဲဆိုတာ မေးကြည့်ကြမလား။ အသက် ၇၀ ကျော်တဲ့အချိန်မှာတောင် ဒီလောက် အားအင်တွေ ပြည့်ဝနေတာ… ငယ်ရွယ်နုပျိုမှုတွေနဲ့ စစ်ချီပြီး တိုင်းပြည်တွေကို သိမ်းပိုက်နေကြတုန်းပဲ”
“မင်းဘာတွေ လာပြောနေတာလဲ?!” သူ့ညီရဲ့ တွေးပုံခေါ်ပုံတွေကို ချင်းရှင်းကျစ် ဉာဏ်မမှီတော့ပါ။
“ဒါပေမယ့် အဲ့တာ ထူးဆန်းတဲ့ ကိစ္စပဲလေ။ မင်းကော မသိချင်ဘူးလား”။ ချင်းယန်ကျစ်က လူယုတ်မာ အကြည့်ဖြင့် သူ့အစ်ကိုကို ကြည့်လိုက်သည်။
ချင်းရှင်းကျစ် ရှက်သွေးဖြာသွားခဲ့ပါသည်။