← Chapters

ဒေသခံ ကျွန်းသားများ

Vol. 139 Ch. 2085

ဒေသခံ ကျွန်းသားများ

Vol. 139 Ch. 2085

လီဟန်သည် သတ္တုကွန်တိန်နာ အခန်းဘေးသို့ လျှောက်သွားခဲ့ပြီး သူ၏ လက်ဗွေရာနှင့် လျှို့ဝှက်နံပါတ်ကို ရိုက်နှိပ်ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။

ချက်ချင်းဆိုသလို တိမ်စိုင်များကဲ့သို့ ဖြူဆွတ်သည့် မြူခိုးငွေ့တို့က တံခါးနောက်ကနေ ထွက်ပေါ်လာသည်။ ကမ်းနံဘေးကို ရိုက်ခတ်လာသည့် လှိုင်းလုံးများသဖွယ် ခန့်ညားမှု ရှိလှကာ ရုပ်ရှင်ဆန်သည့် ခံစားချက်မျိုးအား ပေးစွမ်းနေသည်။

လီဟန်သည် အထဲသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားခဲ့ပြီး အချင်း ၂၀ စင်တီမီတာမျှ ရှိမည့် လုံးရှည်ပုံသဏ္ဌာန်(ဆလင်ဒါ) ကွန်တိန်နာ အသေးလေး တစ်ခုကို ထုတ်ယူလာခဲ့သည်။ ယင်းက ကြည်လင်သည့် ဖန်သားတစ်ခုဖြင့် ပြုလုပ်ထားပြီး အတွင်းတွင် ကလေးလက်သီးဆုပ် အရွယ်ရှိ ခရမ်းရောင် ကျောက်တုံးတစ်တုံးက ငြိမ်သက်စွာ တည်ရှိနေသည်။

“ ခရမ်း ကျောက်တုံးလား …”

( နာမည်ခေါ်လို့ အဆင်ပြေအောင် အရင်းမြစ်ကျောက်တုံးကို ခရမ်းကျောက်တုံးဆိုပြီး သုံးနှုန်းသွားပါ့မယ်ဗျ…. )

ဆလင်ဒါထဲရှိ ပစ္စည်းကို မြင်တော့ နင်ချဲ့ ခေတ္တမျှ ကြက်သေသေသွားခဲ့သည်။ လီဟန်က ထိုပစ္စည်းကို ထုတ်ယူလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

“ ခရမ်း ကျောက်တုံးက ဘာကြီးလဲ …”

“ တိလိရာ့ ကျွန်းပေါ်မှာ ရှိတဲ့ ရှားပါး ကျောက်တုံးတစ်မျိုးပဲ … ဘက်စ် ကျောက်တုံးလိုမျိုး ခဏခဏ တွေ့နေရတဲ့ ကျောက်တုံးနဲ့ ကွဲတယ်…” နင်ချဲ့ ပြောလိုက်ပြီး “ အရင်တုန်းက ငါနဲ့ ယွီလော့ အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရတာ အကြောင်းအရင်းက မစ်ရှင်တစ်ခုမှာ ခရမ်း ကျောက်တုံးအပိုင်းအစ သေးသေးလေးကို ယူလာနိုင်ခဲ့လို့လေ …”

“ ခေါင်းဆောင်နင် … ငါ့လက်ထဲ ရှိတဲ့ဟာကလည်း မင်းနဲ့ ခေါင်းဆောင်ချိုးတို့ ယူလာခဲ့တဲ့ ခရမ်းကျောက်တုံးပဲ …”

“ အဲ့တာကို ဘာလို့ ထုတ်လာခဲ့တာ … စမ်းသပ်မှုမှာ သုံးမှာမလို့တော့ မဟုတ်ဘူးမလား …”

လီဟန် လေးနက်တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။ “ တကယ်တော့ ဒီရဲ့ စမ်းသပ်မှုကို ဘက်စ်ကျောက်တုံးနဲ့လည်း စမ်းသပ်ကြည့်လို့ရတယ် .. ဒါပေမယ့် မသေချာတဲ့ ရာခိုင်နှုန်းက များပြီး စမ်းသပ်ခံအပေါ် တန်ပြန် သက်ရောက်မှု တစ်ချို့ ရှိလာနိုင်တာမို့ ခရမ်းကျောက်တုံးကို စွမ်းအင် အရင်းအမြစ် စွမ်းအင် အနေနဲ့ အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာ …”

“ ကျွန်မ နားလည်ပြီ …”

လီဟန်သည် ခရမ်းကျောက်တုံးကို လင်းရီ အရှေ့မှာပဲ ထုတ်ယူလိုက်ပြီး စမ်းသပ်အခန်းငယ်လေးထဲသို့ ထားလိုက်သည်။

ထို့နောက် သူ တိုးတိုးလေး ပြောလာသည်။

“ ခေါင်းဆောင်လင်း … မင်း အဆင်သင့် ဖြစ်ပြီလား … ငါတို့ စတော့မယ်…”

“ ပြဿနာ မရှိဘူး … ကျုပ် အချိန်မရွေး အဆင်သင့်ပဲ …”

“ ကောင်းပြီ …”

လီဟန်သည် အနီရောင် ခလုတ်လေးကို နှိပ်လိုက်ပြီး မကြာခင်မှာပဲ ကျယ်လောင်သည့် စက်အသံကို ကြားလိုက်ရသည်။ ဤသည်က စမ်းသပ်မှု စတင်ပြီဟူသည့် အဓိပ္ပာယ်ပင်။

“ နင် ဘယ်လိုနေလဲ …” နင်ချဲ့ မေးမြန်းလိုက်၏.

“ ငါ့လက်မောင်းတွေ နည်းနည်းထုံတယ်… ဒါပေမယ့် အဆင်ပြေပါတယ်…”

“ အဲ့တာ ပုံမှန်ပဲ …” လီဟန် ပြောလိုက်ပြီး “ ဒီလို ခံစားချက်မျိုးက စမ်းသပ်မှု ပြီးတဲ့အထိ ဖြစ်နေမှာ … ဒါပေမယ့် စိတ်ချပါ ခေါင်းဆောင်လင်း .. ဒါတွေက စမ်းသပ်မှုရဲ့ အကျိုးသက်ရောက်မှုတွေကြောင့်ပါ …”

“ ကျုပ်ကတော့ စိတ်မရှိဘူး … ဒီတိုင်း အရင်တစ်ခေါက်ကလို လျှပ်စစ်နဲ့ ရှော့ခ်မတိုက်ရင် အဆင်ပြေပြီ …”

“ ငါတို့ မလုပ်ပါဘူး … မလုပ်ပါဘူး …” လီဟန် ကိုးရို့ကားယားနိုင်စွာ ပြန်ပြောလိုက်လေသည်။ “ အဲ့စမ်းသပ်မှုကလည်း ခေါင်းဆောင်လင်းရဲ့ ခန္ဓာကိုယ် စွမ်းဆောင်နိုင်စွမ်း အခြေအနေကို အတိအကျသိချင်လို့ပါ … မဟုတ်ရင် အဲ့လိုလုပ်စရာ အကြောင်းလည်း မရှိပါဘူး …”

“ အဲ့ စမ်းသပ်မှု ရလဒ်ကရော ကျုပ်တို့ကို အကူအညီဖြစ်စေရဲ့လား …” လင်းရီ မေးလိုက်သည်။ “ ကျုပ်ကြားတာ စီ အဆင့် သွေးရည်ကြည်က လူသား သက်တမ်းကို သက်ရောက်မှု ရှိစေတယ်ဆို .. သုံးလို့လည်း မရဘူး …. ဖန်တီးနိုင်စွမ်းလည်း မရှိဘူးဆိုတော့ … နည်းနည်းလေး အဓိပ္ပာယ် မရှိသလိုပဲ …”

“ လောလောဆယ်မှာတော့ များများစားစား အသုံးမဝင်တာ အမှန်ပဲ …” လီဟန် အမှန်အတိုင်း ပြောဆိုလိုက်သည်။ “ ဒါပေမယ့် ဆေးရည်ထဲမှာ ပါဝင်တဲ့ ဇီဝမျိုးစိတ် ပေါင်းစိတ်မှုတွေက တော်တော်လေး အဆင့်မြင့်တယ် …. တကယ်လို့ ကျုပ်တို့သာ နားလည်နိုင်မယ်ဆိုရင် နိုင်ငံရဲ့ ဇီဝဆေးတွေ ထုတ်လုပ်မှု နယ်ပယ်မှာ အကြီးအကျယ် လွှမ်းမိုးမှု ရှိလာနိုင်တယ်…”

“ ပြီးတော့ … အနာဂတ်မှာ နည်းပညာကဏ္ဍ တိုးတက်လာတာနဲ့အမျှ ဆေးရည်ရဲ့ အားနည်းချက်တွေကို ဖြည့်စွက်လာနိုင်မယ်… အဲ့ဒီအခါကျရင် တန်ဖိုးရှိသွားပြီ … ဒီတော့ စမ်းသပ်မှုလုပ်ဖို့က လုံးဝ တန်တယ်…”

ထိုအခိုက် လီဟန် သက်ပြင်းချလျက် ပြောလာသည်။ “ ဆေးက ချို့ယွင်းချက်တွေ ရှိနေတယ်ဆိုရင်တောင် အဲ့တာကို ဖန်တီးနိုင်ခဲ့တဲ့လူတွေက တကယ့်ကို ဉာဏ်ကြီးရှင်တွေပဲ …”

လီဟန်၏ မျက်လုံးထဲတွင် သိပ္ပံ သုတေသန ပညာရှင်တစ်ဦး၏ စိတ်အားထက်သန်မှုဖြင့် အလျှော့မပေးသည့် ဇွဲသန်မှုတို့ကို လင်းရီ မြင်တွေ့လိုက်ရသည်။

“ ဖြည်းဖြည်းပေါ့ … အလျင်လိုစရာ မလိုပါဘူး …” လင်းရီ ပြောလိုက်ပြီး “ ကျုပ် အမေပြောတာ ကျုပ် ငယ်ငယ်တုန်းက တော်တော် ရုပ်ဆိုးခဲ့တာတဲ့ …. အခု ကျုပ် ဘယ်လောက်ချောလာလဲတာ ကြည့်လိုက် …”

ခစ် …

အနားတွင် ရပ်နေသည့် ရွှီလန်သည် မနေနိုင်ဘဲ အသံထွက် ရယ်မောမိသွားခဲ့သည်။

ခေါင်းဆောင်လင်းက အမြဲတမ်း အတည်ပေါက်ကြီးပုံစံ ရှိနေသော်လည်း ၎င်းထံတွင် ရယ်ရသည့် အခြားဘက်ခြမ်းလည်း ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပါချေ။

“ ဆိုတော့ .. တိလိရာ့ကျွန်းကို တူးဖော်နေတာ ခရီး ဘယ်လောက် ပေါက်နေပြီတုန်း …”

လင်းရီသည် တိလိရာ့ကျွန်းအကြောင်းကို အမြဲတမ်း သိချင်စိတ် ပြင်းပြခဲ့၏။

သို့သော် ပြဿနာက တိုက်ခိုက်ရေး အသင်းဝင်များမှာ ထိုအကြောင်း များစွာ သိရှိခြင်း မရှိသဖြင့် လင်းရီသည် ဤခု အခွင့်အရေးကို အသုံးချ၍ ပိုပြီး သိနားလည်ချင်နေသည်။

“ အင်း …….”

အတန်ငယ်ကြာအောင် အတွေးနက်နေပြီးနောက် လီဟန် ပြောလာခဲ့၏။

“ ရိုးရိုးသားသား ပြောရရင် တိလိရာ့ကျွန်းအပေါ် ငါတို့ရဲ့ နားလည်သဘောပေါက်မှုက ၁ ရာခိုင်နှုန်းတောင် မရှိသေးဘူး … ဖြေရှင်းဖို့လိုတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ကျန်နေသေးတယ်… ကျုံးဝေ့တပ်ဖွဲ့ ဆက်လျှောက်ရမယ့် လမ်းက ဟိုးအဝေးကြီး ကျန်နေတုန်းပဲ …”

“ ၁ ရာခိုင်နှုန်းတောင် မရှိသေးဘူးလား ….”

လင်းရီနှင့် နင်ချဲ့တို့ နှစ်ဦးလုံး သံပြိုင် မေးလိုက်မိကြသည်။

“ ခေါင်းဆောင်လီ … ရှင် လျှာချော်သွားတာတော့ မဟုတ်ဘူးမလား …”

“ အဲ့တာ အမှန်ပါ …” လီဟန် ရိုးရှင်းစွာ ပြော၍ “ တကယ်တော့ ငါတို့ လုပ်နေတဲ့ ဒီရဲ့ စမ်းသပ်မှုက ၇ နှစ်တာ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲ ရှိသေးတယ် … ရည်ရွယ်ချက်က စမ်းသပ်မှုကို ပြုပြင်ပြီး စမ်းသပ်ခံရဲ့ ကိုယ်ကာယပိုင်းဆိုင်ရာ လိုအပ်ချက်ကို လျော့ချနိုင်ဖို့ပဲ .. အဲ့လိုမှပဲ ကျုံးဝေ့တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ပွဲစွမ်းရည်ကို တိုးတက်လာစေနိုင်မှာ ….”

“ ငါတို့ ဒီအစီအစဉ်ရဲ့ လေးနှစ်တာ စီမံကိန်းကို အခုလေးတင် ပြီးမြောက်တာပဲ … ပြီးတော့ အရှိန်မြင့်နေရတာကလည်း ကမ္ဘာ့ အင်အားစုကြီးတွေက တိလိရာ့ကျွန်းပေါ်မှာ သူတို့ရဲ့ သုတေသနတွေကို အရှိန်အမြန်နဲ့ လုပ်ဆောင်နေကြလို့ပဲ … ဒီတော့ ငါတို့ဘက်က စောင့်နေဖို့ မတတ်နိုင်ဘူး …”

“ အရှိန်မြင့်တယ်…” လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး “ ထိန်းချုပ်မရတဲ့ တစ်ခုခု ဖြစ်သွားလို့လား …”

“ တိလိရာ့ကျွန်းနဲ့ ဆက်စပ်နေတာတော့ မဟုတ်ပါဘူး … ကမ္ဘာ့ စွမ်းအင် အရင်းအမြစ် ပြတ်လပ်မှုကြောင့်ပါ … “ လီဟန် ရှင်းပြလိုက်သည်။

“ တကယ်တော့ လူသားသမိုင်းရဲ့ အတိတ် နှစ် ၂ ရာလောက်ကို ပြန်လှည့်ကြည့်ရင် စွမ်းအင်အရင်းအမြစ် သမိုင်းချည်းပဲ … တစ်ချို့ ကိစ္စတွေကို မင်းတို့ သိမှာတော့ မဟုတ်ဘူး … အခု ငါတို့ ဖုန်းတွေထဲ သုံးနေတဲ့ လီသီယမ် ဘက်ထရီတွေ … သုံးလာတာ အနှစ် ၂၀ ကျော်နေပြီ … အခုချိန်ထိ ဘာတိုးတက်မှုမှ မရှိသေးဘူး …”

“ ပြီးတော့ လက်ရှိ ကမ္ဘာကြီးက စီလီကွန်ချစ်ပ်တွေကို အသုံးပြုနေကြရတုန်းပဲ … ကာဗွန်ချစ်ပ်တွေကို အသုံးပြုဖို့ လုပ်ဆောင်နေကြတယ်ဆိုပေမယ့် ခရီးပေါက်မှုက နှေးကွေးနေတုန်းပဲ … ဒါတွေက အရင်းအမြစ် စွမ်းအင် သယ်ဆောင်လာတဲ့ ကန့်သတ်မှုတွေပဲ …”

“ ပြီးတော့ ဘက်စ်ကျောက်တုံးရဲ့ ထွက်ပေါ်လာတဲ့ ကိစ္စ … တကယ်လို့ အဲ့တာကိုသာ စွမ်းအင် အရင်းအမြစ်အနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးချနိုင်မယ်ဆိုရင် တတိယအကြိမ် စက်မှုတော်လှန်ရေးတော် ပေါ်ပေါက်လာနိုင်တယ်… တစ်နည်းပြောရရင် ကျွန်းပေါ်မှာ အရင်းအမြစ်တွေကို ပိုပြီး ထိန်းချုပ်ထားနိုင်တဲ့သူက အနာဂတ်မှာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာမှာပဲ ….”

“ ဒါပေမယ့် ကျုပ် လောလောဆယ် သိထားသလောက်ဆိုရင် ကျွန်းပေါ်က တွင်းထွက်ကျောက်တုံးတွေကို ရာနှုန်းပြည့်နီးပါး စူးစမ်းထားပြီးသား မဟုတ်ဘူးလား … ခင်များက ဘာလို့ ၁ ရာခိုင်နှုန်းတောင် နားမလည်နိုင်သေးဘူးလို့ ပြောတာ …”

“ ခေါင်းဆောင်လင်း … မင်းက အဲ့တာကို ပေါ့ပြက်ပြက် တွေးနေတာပဲ … “ လီဟန် အပြုံးလေးဖြင့် ဆိုလိုက်ပြီး “ တွေးကြည့်လိုက် … လူသားတွေက ဘက်စ်ကျောက်တုံးကို သေချာ အသုံးချနိုင်မှပဲ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာနိုင်မယ် … ဒါပေမယ့် ပြဿနာက သုတေသန ရလဒ်တွေ ပြောပြနေတာ ကျွန်းပေါ်မှာ ဌာနေ တိုင်းရင်းသားတွေ ရှိနေတယ်… အဲ့ဒီလူတွေက ဟိုးအစောကြီးတုန်းကတည်းကနေ စွမ်းအင်ကျောက်တုံးတွေကို ဘယ်လို အသုံးချရမလဲ သဘောပေါက်ပြီးကြပြီ ….”

လီဟန် ရပ်တန့်၍ “ မင်းတို့ စဉ်းစားကြည့်ကြည့် .. သူတို့ ဒီကျောက်တုံးတွေကို အသုံးချပြီး ဘာတွေ လုပ်မလဲ …”

ဟစ် ….

လင်းရီနှင့် နင်ချဲ့တို့ ကြက်သီးဖြန်းသွားခဲ့ကြသည်။

ယင်းက အမှန်တကယ်ကို ကြောက်မယ်ဖွယ်ရာကောင်းသည့် အတွေးတစ်ခုပင်။ အကယ်၍ တိလိရာ့ကျွန်းပေါ်ရှိ ဌာနေတိုင်းရင်းသားတို့ကသာ မျိုးတုံးပျောက်ကွယ်သွားခြင်း မရှိပါက ၎င်းတို့သည် ယခုအချိန်လောက်ဆို ကမ္ဘာကြီးကို အုပ်စိုးနိုင်နေလောက်ပြီ မဟုတ်လော….

( T/N - မူရင်း စာရေးဆရာ ဒီနိုဗယ် ရေးတဲ့ ကာလတုန်းကတော့ အဲ့တာအမှန်ပါ (လီသီယမ်ဘက်ထရီ) … ဒါပေမယ့် ဒီနှစ် 2025 ထဲမှာ တရုတ်က ကာဗွန် ဘက်ထရီတွေကို စပြီး သုံးဖို့ ကြိုးစားနေပါပြီ.. တော်တော်ကြမ်းတယ်လို့တော့ ကြားမိတယ်… နောက်ပြီးတော့ ကမ္ဘာကြီးက စွမ်းအင် အရင်းအမြစ် ပြတ်တောက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်နေရတာကလည်း အမှန်ပါပဲ .. အခု ကျနော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးထဲက တွင်းထွက် သတ္တုတွေဆိုတာ သုံးမကုန်တဲ့ လိုတရ ရွှေတွင်းကြီးတွေ မဟုတ်ပါဘူး … တစ်နေ့ ကုန်ခမ်းသွားနိုင်ပါတယ် … ဒါကြောင့်မို့လည်း ချမ်းသာပြီး တိုးတက်တဲ့ နိုင်ငံကြီးတွေက အာကာသဘက်ခြမ်းကို စိတ်ဝင်စားနေကြတာပါ .. အထူးသဖြင့် အပြင်ဘက်က ရှားပါးသတ္တုတွေကို လိုချင်တာ ပါတာပေါ့ ... ဒီလောက်ဆို လင်းရီတို့ ကမ္ဘာကြီးမှာ ဘာလို့ ဘက်စ်ကျောက်တုံးကို အရူးအမူး ဖြစ်နေကြလဲ ဆက်စပ် နားလည်နိုင်ကြမှာပါ... တကယ်တော့ ဒီနိုဗယ်က အပြင်လောကရဲ့ လက်ရှိ အခင်းအကျင်းအပေါ် မှီညှမ်းပြီး အကြောင်းအရာ တချို့တွေကိုလည်း ထည့်သုံးထားသေးတယ်။ C sub မူရင်းမှာ အပိုင်းလေးထောင်ကျော်ကို ရောက်နေပါပြီ။ နောက်လာမယ့်အပိုင်းတွေမှာ ဘယ်လိုစိတ်၀င်စားစရာ အကြောင်းအရာတွေ ပါလာဦးမလဲဆိုတာ အတူဆက်ပြီး ဖတ်ရှုကြတာပေါ့။ ပြီးတော့ စိတ်ရှည်ရှည်နဲ့ စောင့်ပြီး အားပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ (⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤ )

စာစဉ် (၁၃၉) ပြီး၏။

All Chapters