← Chapters

အခန်း (၁၁၃+၁၁၄)

Vol. 5 Ch. 113+114

အခန်း (၁၁၃+၁၁၄)

Vol. 5 Ch. 113+114

အခန်း(၁၁၃) အစ်ကိုလတ်ရဲ့ ယုတ္တိရှိသော ဆန်းစစ်မှု

အဲ့ဒီကိစ္စကို ငါမတွေးမိဘဲနေပါ့မလား။ ဒါပေမယ့် ဘယ်လိုလုပ် နှုတ်က ထုတ်ပြောလို့ ဖြစ်မလဲ။ မသင့်တော်ဘူးလေ! အထူးသဖြင့် ငါတို့မေးရမယ့်လူတွေက ငါတို့မိဘအရင်းတွေ ဖြစ်နေတော့ ပိုဆိုးတာပေါ့! အဲ့လို မေးခွန်းမျိုး ငါတို့ မိဘတွေကို ဘယ်မျက်နှာနဲ့ မေးရမှာလဲ?!

“အစ်ကိုကြီးတို့ ဘာတွေပြောနေကြတာလဲ”။ စူစူလေးက သူတို့ စကားဝိုင်းကို ဘာမှနားမလည်ဘဲ မေးလိုက်ပါသည်။

“ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး။ ဖေဖေနဲ့ မေမေတို့ စူစူလေးကို ဒီကမ္ဘာကြီးပေါ် ဘယ်လို ခေါ်ဆောင်လာကြသလဲဆိုတဲ့အကြောင်း ပြောနေတာပါ”။ ချင်းယန်ကျစ်က ချော့ပြောလိုက်သည်။

“သမီးသိတယ်!” စူစူ‌လေးက ဆိုသည်။

“အမ် သိတယ်လား”။ ချင်းယန်ကျစ်က အံ့အားသင့်စွာ မေးလိုက်သည်။ “ဒါဆိုလည်း ပြောပြပါဦး။ မေမေနဲ့ ဖေဖေတို့က စူစူလေးကို ဒီကမ္ဘာပေါ် ဘယ်လို ခေါ်လာကြတာလဲ”

ပုံမှန်ဆို မိဘတွေကို ကလေးတွေ ဒီမေးခွန်းမေးတိုင်း မိဘတွေက အမှိုက်ပုံထဲက ကောက်လာတာတို့၊ သူများ လက်ဆောင်ပေးတာတို့ စသည်ဖြင့် ဆင်ခြေတွေပေးပြီး လိမ်လေ့ ရှိကြသည်။

စူစူလေးလည်း ဒီလိုပဲ သိထားတာ ဖြစ်ပါလိမ့်မည်။

“ကလေးမွေးဖို့ဆို အမလေးက အရင်ဆုံး သားတောင်းရမယ်၊ ပြီးရင် အထီးလေးကို ရှာရတယ်။ အထီးလေးက အမလေးပေါ် ခုန်တက်ပြီး…”

စူစူလေးက ကလေးဖန်တီးသော နည်းလမ်းကို လေးလေးနက်နက် ရှင်းပြနေသဖြင့် အစ်ကိုနှစ်ယောက် အလွန် တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ချင်းယန်ကျစ်က စူစူလေး ဆက်မပြောနိုင်အောင် အမြန် ဝင်တားလိုက်ရပါသည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ ပူကျူးလေး ဆက်မပြောပါနဲ့တော့!”

ချင်းယန်ကျစ် အံကြိတ်ကာ သူတို့ ညီမလေးကို ဒီလိုတွေ သင်ပေးထားတာ ဘယ်သူပဲဖြစ်ဖြစ် စိတ်ထဲမှ ကျိန်စာ တိုက်လိုက်ပါသည်။

ချင်းရှင်းကျစ်ကလည်း အမြန်မေးလိုက်သည်။ “စူစူလေး အဲ့တာတွေ သမီးကို ဘယ်သူ သင်ပေးထားတာလဲ”

“ဘယ်သူမှ မသင်ပေးဘူး! သမီးဖာသာ မြင်ဖူးတာ! ရွာမှာ ဟိုဘက်အိမ်က ဒေါ်လေးနျို့ရဲ့ ဝက်တွေက အဲ့လို ဝက်ပေါက်လေးတွေ လုပ်ကြတာ”။ စူစူလေးက ရိုးရိုးသားသား ပြန်ဖြေလိုက်ပါသည်။

ဒါဆို တိရိစ္ဆာန်တွေအကြောင်း ပြောနေတာပေါ့! ညီအစ်ကိုနှစ်ယောက် အလန့်လွန်ပြီး နှလုံးရပ်မလိုတောင် ဖြစ်သွားခဲ့သည်။

စိတ်ပြန်ထိန်းပြီးနောက် ချင်းရှင်းကျစ်က စူစူလေးကို အောက်ခဏချဖို့ ချင်းယန်ကျစ်အား ပြောလိုက်ပြီး သူ့ညီကို ချောင်တစ်နေရာသို့‌ ခေါ်သွားကာ တီးတိုး စကားပြောလိုက်ပါသည်။

“ယန်ကျစ်… ငါတို့ညီမလေးက ငါတို့ထက် အသက်အများကြီးငယ်တယ်ဆိုတဲ့ အချက်ကို မင်းနည်းနည်းလေးတောင် လက်မခံနိုင် မဖြစ်ဘူးလား”

“လက်မခံနိုင် ဖြစ်ရမယ် ဟုတ်လား။ ငါက ဘာကို လက်မခံနိုင်ရမှာလဲကွ။ ပျော်တောင် ပျော်နေသေးတယ်! ဒါငါ့ ညီမလေးပဲ! ချစ်စရာ ညီမလေး။ အစ်ကိုကြီးလို့ အခေါ်ခံရတာ ဒုတိယဘိုးဘိုးလို့ အခေါ်ခံရတာထက် ပိုတောင် ကောင်းသေးတယ်ကွာ။ ပြီးတော့ ချစ်ဖို့လည်း ကောင်းတယ်! ငါတို့ အမြဲတမ်း ညီမလေး လိုချင်ခဲ့တာ မဟုတ်ဘူးလား။ အငယ်ကောင် ငယ်ငယ်တုန်းကဆို မိန်းကလေးနဲ့တူအောင်ဆိုပြီး စကတ်တွေတောင် ဝတ်ပေးခဲ့သေးတယ်လေ! စောတာတွေ နောက်ကျတာတွေ အရေးမကြီးဘူး။ ငါတို့အိပ်မက် အကောင်အထည်ပေါ်လာပြီလေကွာ”

“အဲ့တာ အတော်ကြာနေပြီကွ! နှစ်ပေါင်း ဘယ်လောက်တောင် ရှိနေပြီလဲ?!”

“ဘယ်တော့မှ မကြုံရတော့မှာထက်စာရင်တော့ ပိုကောင်းပါသေးတယ်ကွာ။ စိတ်ကူးယဉ်ကြည့်စမ်းပါ။ နောက် နှစ်တွေတိုင်း ချစ်စရာ ကလေးမလေးတစ်ယောက် ငါတို့နောက် တကောက်ကောက် လိုက်ရင်း အစ်ကိုကြီးလို့ ခေါ်နေတော့မှာ။ အဲ့တာ အိပ်မက်တွေ အကောင်အထည်ပေါ်လာတာ မဟုတ်လို့ ဘာလဲ။ အချိန်တွေ နောက်ကျနေလည်း ဘာဖြစ်လဲကွာ?!”

ချင်းယန်ကျစ်၏ စကားကို နားထောင်ပြီး ချင်းရှင်းကျစ်လည်း သူပြောသည့်အတိုင်း စိတ်ကူးယဉ်ကြည့်ခဲ့ပါသည်။

သို့သော် သူ့မိန်းမပြောသည့် အကြောင်းတွေကိုလည်း ပြန်တွေးမိကာ ချင်းရှင်းကျစ် စိတ်ပူနေဆဲဖြစ်သည်။ “တကယ် ဘာပြဿနာမှ မဖြစ်နိုင်ဘူးလို့ ထင်လား”

ချင်းယန်ကျစ်က အကောင်းမြင်စိတ်ဖြင့် ဆန်းစစ်ပြလိုက်သည်။ “အစ်ကိုကြီး၊ အကယ်၍ဆိုတဲ့ အရာတွေကို စိတ်ပူနေတာ တော်ပါတော့ကွာ။ ငါတို့ မိသားစုက တတ်နိုင်တာထက် ပိုတယ်! ငွေကြေးမပြည့်စုံတဲ့ မိသားစုတွေကို စဉ်းစားကြည့်လိုက်စမ်းပါ။ ရှိနေပြီးသား သားသမီးတွေကို ပျိုးထောင်ရတာတောင် ပင်ပန်းခက်ခဲလှပြီ။ အဲ့တာကြောင့် နောက်ထပ် ညီလေးတွေ ညီမလေးတွေ မွေးပေးရင် သူတို့အတွက် တကယ် အခက်တွေ့ရမှာ။ ဒါပေမယ့် ငါတို့ မိသားစုမှာ အဲ့လို ပြဿနာမျိုးရှိလား။ တစ်ယောက်တည်းတင်မကဘူး အဖေနဲ့ အမေတို့ ထပ်လိုချင်သေးရင် ၁၀ ယောက်မက ထပ်မွေးပေးလို့ရတယ်!”

ထိုသို့ပြောရင်း ချင်းယန်ကျစ် တစ်ခုခုကို စဉ်းစားမိကာ ထပ်ပြောလိုက်သည်။ “ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ မွေးလာတဲ့ ကလေးက မိန်းကလေးတော့ဖြစ်ရမယ်။ ငါသားယောက်ျားလေးတွေ မမြင်ချင်တော့ဘူး! တော်တော် စိတ်ကုန်နေပြီ!”

“အပြင်လူတွေ ထူးထူးဆန်းဆန်း အကြည့်တွေနဲ့ ဝိုင်းကြည့်ကြမှာကိုကော မင်းမတွေးဘူးလား”။ ချင်းရှင်းကျစ်က မေးလိုက်သည်။

“ဘာထူးထူးဆန်းဆန်း အကြည့်လဲကွ? ငါတို့မိဘတွေ ကလေးယူတာ မသင့်တော်ဘူးလို့ ဝိုင်းပြောမှာကို မင်းကြောက်နေတာလား။ ဘာမှ သောက်ဂရုစိုက်စရာ မလိုဘူး! သူတို့က တရားဝင်လက်ထပ်ထားတဲ့ လင်မယားတွေလေ။ အသက်ကြီးလို့ ကလေးမယူရဘူးလို့ ဘယ်ဥပဒေက ထုတ်ထားလို့လဲ။ ငါတို့ မိဘတွေ ကျန်းမာရေး ကောင်းမှန်းတောင် ပိုသိသာစေသေးတယ်! တခြားသူတွေ ဘာပြောပြော ပြောကြပါစေ။ ငါတို့ အိမ်မှာ ငါတို့ ပျော်ရွှင်နေရင် လုံလောက်ပြီမဟုတ်ဘူးလား။ ငါတို့ မိသားစု ပျော်ရွှင်ဖို့က အရေးအကြီးဆုံး မဟုတ်ဘူးလား”

… … …

အခန်း(၁၁၄) ညီမလေး အာရုံစိုက်တာကို ခံချင်နေသော အစ်ကိုကြီးများ

“ဒီကိစ္စကြောင့် အနာဂတ်မှာ ငါတို့ သားသမီးတွေရဲ့ အိမ်ထောင်ရေး ထိခိုက်လာမှာကို မင်းမရီးက စိတ်ပူနေတာ”။ ချင်းရှင်းကျစ်က သူ့မိန်းမ၏ စိုးရိမ်ပူပန်မှုကို ပြောပြလိုက်သည်။

“ဘာကို ထိခိုက်မှာတုန်းကွ! ဟိုကောင်တွေ အနေခက်ပြီး စူစူလေးကို လက်ခံဖို့ ခဲယဉ်းနေမှာ ငါနားလည်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ ညီမလေးရလိုက်တာမှမဟုတ်တာ၊ သူတို့ ဒေါ်လေးတစ်ယောက် ရလိုက်တာကိုး။ ဒါပေမယ့် သူတို့ အိမ်ထောင်ရေးကို ထိခိုက်မယ်ဟုတ်လား။ အဲ့တာ အဝေးကြီး တွေးနေတာပါကွာ။ ဒီခေတ်ကြီးထဲမှာ လူတိုင်းက လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တွဲနေကြတာ။ ငါတို့ ချွေးမလောင်း တစ်ယောက်က ငါတို့ အိမ်မှာ အဒေါ်သေးသေးလေး တစ်ယောက် ရှိတာနဲ့ပဲ လက်ထပ်ဖို့ ငြင်းဆန်မှာတဲ့လား။ အဲ့လိုသာဆို အဲ့ဒီချွေးမ ဒီမိသားစုထဲ ရောက်မလာလေ ကောင်းလေပဲ!”

ညီဖြစ်သူ၏ ကျိုးသင့်ကြောင်းသင့် ရှင်းပြချက်ကို နားထောင်ပြီး ချင်းရှင်းကျစ် မျက်လုံးများ အရောင်လက်သွားသည်။

ဟုတ်တယ်! ငါ့ညီပြောတာ မှန်တယ်! သူများတွေ ဘယ်လိုတွေးသလဲဆိုတာ ဘာဂုရုစိုက်စရာ လိုလို့လဲ?! ငါတို့ မိသားစု ပျော်ရွှင်ရရင် ပြီးတာပဲ! တရားဥပဒေ ချိုးဖောက်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ဒုက္ခ ပေးနေတာလည်း မဟုတ်ဘူး။ အဲ့တာကြောင့် ဘာကို လိပ်ပြာမလုံရမှာလဲ။

“ကဲအစ်ကိုကြီး မင်း စိုးရိမ်နေတာတွေ ရှိသေးလား။ မရှိတော့ရင် ငါ့ညီမလေးကို ခဏလေက် သွားဖက်ထားဦးမယ်!”

ထိုသို့ပြောပြီး သိပ်မကြာခင် စူစူလေးဆီ ချင်းယန်ကျစ်ပြန်သွားလိုက်ပြီး ရင်ခွင်ထဲ ပွေ့ချီထားလိုက်ပြန်ပါသည်။

စူစူလေး၏ အူတူတူ ချစ်စရာမျက်နှာလေးကို ကြည့်ရင်း ချင်းယန်ကျစ် မနေနိုင်ဘဲ ပြောလိုက်သည်။ “ပူကျူးလေး အစ်ကိုကြီးက ပူကျူးလေးရဲ့ အစ်ကိုလတ်လေ။ ‘အစ်ကိုလတ်’လို့ ခေါ်ကြည့်ပါလား”

စူစူလေး၏ မျက်လုံးဝိုင်းဝိုင်းလေးများက ချင်းယန်ကျစ်ကို ကြည့်ရင်း သေချာ စဉ်းစားနေသည်။ ဒီလူက သူမရဲ့ အစ်ကိုလတ် တကယ်ဟုတ်မဟုတ် အတည်ပြုဖို့ လိုသေးသဖြင့် ချက်ချင်း မခေါ်သေးပါ။

သူမနဲ့ ရင်းနှီးသည့် လူတစ်ယောက်ထံမှ အတည်ပြုချက်ကို မရမချင်း စူစူလေး အလွယ်တကူ လက်ခံမှာ မဟုတ်ပေ။

“စူစူလေး သူက သမီးရဲ့ အစ်ကိုလတ်ပါ”။ ချင်းရှင်းကျစ်က ဝင်မိတ်ဆက်ပေးလိုက်သည်။။

ချင်းရှင်းကျစ် မိတ်ဆက်ပေးလိုက်မှ စူစူလေးလည်း ချင်းယန်ကျစ်ကို အစ်ကိုလတ်အဖြစ် ချက်ချင်း အသိအမှတ် ပြုလိုက်တော့သည်။

“အစ်ကိုလတ်!” စူစူလေး ခေါ်လိုက်သည်။

“အောင်မယ်လေး~” ချင်းယန်ကျစ် တခြားကမ္ဘာ ရောက်သွားသလို ပျော်ရွှင်သွားသည်။ “ဪ ဟုတ်သား! ဒီမှာ လက်ဆောင်လေး ပါတယ်!”

ပြောပြောဆိုဆိုနဲ့ ချင်းယန်ကျစ် သူ့အိတ်ကပ်တွေထဲသူ နှိုက်ရှာလိုက်ပြီး ကီးချိန်းလေးတစ်ခုကို ထုတ်လိုက်ပါသည်။

ရွှေအနားကွပ်ထားသော ကျောက်စိမ်း ကီးချိန်းလေးဖြစ်သည်။ ရွှေစစ်စစ်နဲ့ ပြုလုပ်ထားပြီး ရွှေအနားကွပ် ကျောက်စိမ်း ပညာကို အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်ပါသည်။

ယန်ကျစ်က ထပ်ပြောလိုက်သည်။ “လောလောဆယ်တော့ ဒါလေးပဲ ယူထားနှင့်ဦးနော်။ အလောတကြီး လာလိုက်ရလို့ အစ်ကိုလတ် လက်ဆောင်ကောင်းကောင်း ယူမလာနိုင်ခဲ့ဘူး။ နောက်တစ်ခါ လာလည်မှ ကားတစ်စီးနဲ့အပြည့် ယူလာခဲ့မယ်!”

“ရပါတယ်! အစ်ကိုလတ် ရောက်လာရင် တော်ပြီ! ဘာလက်ဆောင်မှ မလိုဘူး! သမီး အစ်ကိုလတ်ကို သဘောကျတယ်!” စူစူလေးက ယန်ကျစ်ကို အပြုံးကျယ်ကျယ်လေးဖြင့် ပြောလိုက်ပါသည်။

သူမကို ယန်ချစ် တကယ် ချစ်ခင်မှန်း စူစူလေး ခံစားမိပါသည်။ စူစူလေးက အမြဲတမ်း ဒီလိုပဲဖြစ်သည်။ တစ်စုံတစ်ယောက်က သူမအပေါ် ကောင်းမွန်လျှင် သူမဘက်ကလည်း ပြန်ကောင်းပေးဖို့ ဝန်မလေးပါ။

ထိုသို့ပြောပြီးနောက် စူစူလေး သူမ အိတ်ကပ်ထဲမှ သကြားလုံးလေးတစ်လုံး ထုတ်ကာ ယန်ကျစ်အား ပေးလိုက်ပါသည်။ “ဒါအစ်ကိုလတ်အတွက် သမီး လက်ဆောင် ပြန်ပေးတာ!”

“ကျေးဇူးပါ ပူကျူးလေး!”။ ယန်ကျစ်လည်း သကြားလုံးကို ချက်ချင်းယူပြီး အခွံခွာကာ ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး အရသာခံလိုက်ပါသည်။

ဘေးနားမှ ရပ်ကြည့်နေသော ချင်းရှင်းကျစ်တစ်ယောက် ကြည့်ရင်းကြည့်ရင်းနဲ့ မနာလိုဖြစ်လာသည်။

သူတောင် စူစူလေးရဲ့ သကြားလုံးကို မစားဖူးသေးပါ။ သူ့ညီက ရောက်လာတာ ၁၀ မိနစ်တောင် မကြာသေးဘဲ သကြားလုံး စားခွင့်ရခဲ့သည်။

ထို့နောက် ချင်းယန်ကျစ်က စူစူလေးကို မေးလိုက်ပါသည်။ “ပူကျူးလေးက ချစ်ဖို့ကောင်းလိုက်တာ! အစ်ကိုလတ်ကို အာဘွားပေးပါဦး”

စူစူလေး ခေါင်းငြိမ့်လိုက်ပြီး ယန်ကျစ်၏ ပါးကို ‘မွ’ခနဲ မြည်အောင် အာဘွားပေးလိုက်ပါသည်။ ချင်းယန်ကျစ် နတ်ပြည်တက်သွားလေပြီ။

ချင်းရှင်းကျစ်ကတော့ မနာလိုမှုတွေ ပြည့်လျှံထွက်နေပါပြီ။

နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ချင်းရှင်းကျစ် လက်နှစ်ဖက်ကို ဆန့်တန်းလျက် ပြောလိုက်သည်။ “စူစူလေး အစ်ကိုကြီးဆီ လာပါဦး”

စူစူလေး ဘာမှ မပြောနိုင်ခင် ချင်းယန်ကျစ်က ဝင်ပြောလိုက်သည်. “အစ်ကိုကြီး ငါတို့ညီမလေးနဲ့ မင်းရက်ပေါင်းများစွာ နေပြီးသားလေကွာ။ ငါက အခုမှ ရောက်တာ ပြီးတော့ ခဏလေးပဲ ချီရသေးတယ်!”

All Chapters