အခန်း (၁၁၅+၁၁၆)
Vol. 5 Ch. 115+116
အခန်း(၁၁၅) လမ်းမှန်ရောက်နေပြီ
“မင်းကို ဘယ်သူပြောလဲ။ မင်းထက်အရင်စောပြီး ဆုံတာ မှန်ပေမယ့် ငါသူ့ကို ဝအောင် မချီရသေးဘူးကွ!” ချင်းရှင်းကျစ် ပြန်ချေပလိုက်ပါသည်။
“မင်းကို ဘယ်သူက မချီနဲ့လို့ တားထားလို့လဲ?! မင်းဖာသာမင်း မချီခဲ့တာကို ငါ့ကို အပြစ်လာတင်နေတာလား”။ ချင်းယန်ကျစ် အလျှော့မပေးနိုင်ပါ။
“ငါက မင်း အစ်ကိုကြီးနော်။ ငါ့စကား နားထောင်စမ်း!”
“ငါတို့ ဒီအရွယ်ရောက်နေပြီ။ အသက်ကြီးတာကို အသုံးချပြီး ငါ့ကို အနိုင်ကျင့်တာ ရပ်သင့်ပြီ။ အသက် ၅၂ နှစ်နဲ့ ၄၈ နှစ် ဆိုတော့ ငါတို့နှစ်ယောက်စလုံး အဘိုးကြီးတွေ ဖြစ်နေကြပြီ။ ဘာမှ မကွာဘူးကွ!”
“ဘာကို ဘာမှမကွာရမှာလဲ! မင်းအမေ့ဗိုက်ထဲမှာ ဇိမ်ခံလို့ ကောင်းနေတုန်း ငါအမေ့အတွက် ဈေးတောင် ထွက်ဝယ်ပေးနေပြီကွ!”။ ချင်းရှင်းကျစ်က ပြန်ပြောလေသည်။
“အခု ငါတို့နှစ်ယောက်စလုံး အသက် ၅၀ ဝန်းကျင် အဘိုးကြီးတွေ ဖြစ်နေပြီ မဟုတ်ဘူးလားလို့”
“အေး အဲ့လိုဆိုရင်တောင် ငါ မင်းထက် ပိုအသက်ကြီးတုန်းပဲ။ ငါက အစ်ကိုအကြီးဆုံးဆိုတော့ ငါ့စကား မင်းနားထောင်ရမယ်! အခု စူစူလေးကို ငါ့ပေးစမ်း!”
အဘိုးချင်းနဲ့ အဘွားချင်းတို့ အပေါ်ထပ်မှ ဆင်းလာကြသောအခါ ထိုမြင်ကွင်းကို မြင်သွားကြသည်။
သက်လတ်ပိုင်း ယောက်ျားရင့်မာကြီးနှစ်ယောက် ၃ နှစ်ခွဲ ညီမလေးကို ချီခွင့်ရဖို့အတွက် သတ်ပုတ်နေကြသည်။
ဒါကိုမြင်ပြီး သူတို့ညီအစ်ကိုတွေ ငယ်ငယ်တုန်းက ဘဝကို ပြန်သတိရကာ အဘွားချင်း စိတ်ချမ်းမြေ့သွားသည်။ ဤ အခိုက်အတန့်လေးမှာ အားလုံး အသက်တွေ ပြန်ငယ်သွားကြသလို ခံစားလိုက်ရပါသည်။
ချင်းယုကျီးတစ်ယောက် သူ့မျက်လုံးသူ မယုံနိုင်တော့ပါ။ ဒီလောက် ကလေးဆန်တဲ့လူက သူ့အဖေ ဖြစ်နိုင်ပါ့မလား။
သူတို့နှစ်ယောက် အသက်ပေါင်းလိုက်လျှင် ၁၀၀ တောင်ကျော်နေပြီ မဟုတ်ဘူးလား။
ထိုစဉ် အဘွားချင်းက ညီအစ်ကိုနှစ်ယောက်ဆီ ရောက်လာပြီး စူစူလေးကို သူတို့လက်ထဲမှ ပြန်ခေါ်လိုက်ပါသည်။
“နင်တို့နှစ်ကောင် တော်လိုက်တော့။ ငါ့သမီးလေးကို သက်မဲ့ပစ္စည်းလို လုမနေကြနဲ့။ သူ အနာတရဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
အမေဖြစ်သူကို မြင်မှ ညီအစ်ကိုနှစ်ယောက် ရပ်သွားကြပါသည်။
ချင်းယန်ကျစ်က အပြုံးဖြင့် အထွန့်တက်လိုက်သည်။ “အမေကလည်း မတရားဘူးဗျာ။ ညီမလေးတစ်ယောက် မွေးပေးထားတာကို ကျွန်တော်တို့ကို စောစော အသိမပေးဘူး။ သူနဲ့ တွေ့လို့ရမယ့် အချိန်တွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရသလဲမသိဘူး”
“ငါ့သမီးလေးကို နင်အဲ့လောက် ချစ်တာလား”။ အဘွားချင်းက သူမသားလတ်ကို မေးလိုက်ပါသည်။
“ချစ်တာပေါ့ဗျ! ချင်းမိသားစုရဲ့ ပထမဆုံး သမီးမိန်းကလေးပဲဥစ္စာ! မချစ်ဘဲ နေပါ့မလား”။ ချင်းယန်ကျစ်က ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပါသည်။
“နင်ပြောတာမှန်တယ်! ငါ့သမီးလေးနဲ့ မကြာမကြာ လာတွေ့လို့ရတယ် ကြားလား”။ ချင်းယန်ကျစ်၏ အဖြေကို အဘွားချင်း အလွန်သဘောကျပါသည်။
နောက်ဆုံးတော့ စူစူလေးကို လက်ခံနိုင်သူတစ်ယောက် ပေါ်လာခဲ့ပါပြီ။ ဒီလိုမှ အဘွားချင်း စိတ်အေးရတော့သည်။
ဒါကိုကြားတော့ ချင်းရှင်းကျစ်ကလည်း အမြန်ဝင်ကြေညာလိုက်သည်။ “အမေ ကျွန်တော်လည်း စူစူလေးကို ချစ်ပါတယ်ဗျ!”
သူ့ညီရောက်လာသည့်အချိန်မှာတော့ ချင်းရှင်းကျစ်တစ်ယောက် ဟန်မဆောင်နိုင်တော့ပါ။
“ဟုတ်လား။ အဲ့တာဆိုလည်း ငါစောင့်ကြည့်ရသေးတာပေါ့”။ အဘွားချင်းက ပြောလိုက်ပါသည်။
“ရတယ် စောင့်ကြည့်နေပါ”။ ချင်းရှင်းကျစ်ကလည်း သဘောတူလိုက်သည်။
သူတို့ အားလုံး ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြစဉ် အိမ်စေတစ်ယောက်က အညိုရောင် စက္ကူအိတ်တစ်လုံးကို ကိုင်လျက် အဘွားချင်းထံ ရောက်လာပါသည်။
“သခင်မကြီး၊ ဟိုဘက်အိမ်က လုမိသားစုရဲ့ အိမ်တော်ထိန်းကျန်းက သခင်မလေးစူစူအတွက် ဆိုပြီး ပေးခိုင်းလိုက်လို့ပါ”
ဟိုဘက်အိမ်က လုမိသားစုက စူစူလေးအတွက် ပေးခိုင်းလိုက်တာ?
“ကိုကြီးဆီကလား”။ စူစူလေး ချက်ချင်း ဆွဲယူလိုက်ပါသည်။
အဘွားချင်းက စက္ကူအိတ်ကလေးအား ကူဖွင့်ပေးလိုက်ပါသည်။ အထဲမှာ စာရွက်စာတမ်းတွေ အပုံလိုက်ပါဝင်သည်။ ဓာတ်ပုံတွေ စာတွေ အများကြီး ပါဝင်နေပါသည်။
“ဒါဘာကြီးတွေလဲ”။ နံပါတ်တွေကလွဲပြီး စကားလုံး တစ်လုံးနှစ်လုံးသာ ဖတ်တတ်သေးပြီး ကိုယ့်နာမည်ကိုယ်တောင် မရေးနိုင်သေးသည့် စူစူလေးတစ်ယောက် ထိုစာရွက်စာတမ်းတွေကို နားမလည်နိုင်ပါ။
ချင်းယုကျီးက လာကူကြည့်ပေးလိုက်သည်။ စာရွက်စာတမ်းတွေကို မြင်တာနဲ့ တစ်ပြိုင်နက် သူ့မျက်နှာ အံ့အားသင့် တုန်လှုပ်သွားပါသည်။
“ငါ့ကို ခဏလောက်ပြ စူစူ”။ ချင်းယုကျီးက စာရွက်စာတမ်းတွေကို ယူလိုက်ပြီး ဂရုတစိုက် သေချာဖတ်ကြည့်လိုက်သည်။
“ယုကျီး ဘာဖြစ်တာလဲ”။ ချင်းယုကျီး၏ အံ့အားသင့်နေသော မျက်နှာကို မြင်ပြီး ချင်းရှင်းကျစ်က အမြန် မေးလိုက်လေသည်။
… … …
အခန်း(၁၁၆) လုကျန်းယွီက ဘယ်သူလဲ
“ဒါတွေက ကျွန်တော့်အတန်းဖော်ကို ရှုယီဟောက် မတရားကျင့်ခဲ့တဲ့ သက်သေတွေပဲ။ ပြီးတော့ နစ်နာသူ မိသားစုကို သူနဲ့ သူ့အစ်ကိုတို့ ငွေပေးပြီး နှုတ်ပိတ်ခဲ့တဲ့ သက်သေတွေလည်းပါတယ်!”။ ချင်းယုကျီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူကိုယ်တိုင်တောင် သတိမထားမိဘဲ သူ့အသံ အနည်းငယ် ကျယ်သွားပါသည်။
“တကယ်လား။ အဲ့တာဆို မင်းအတန်းဖော် အမှုနိုင်,နိုင်ချေ ရှိသွားပြီပေါ့”
“ဒါပေါ့! ဒီသက်သေက အဓိကပဲ။ အမှုကို ပြန်ရင်ဆိုင်နိုင်ပြီ!”။ ချင်းယုကျီး ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဒီတစ်ခေါက် ရှုယီဟောက် ပြန်ပေးမှုအတွက်ပါမကဘဲ မုဒိမ်းမှုအတွက်ပါ ထောင်ကျတော့မှာ!”
စူစူလေးက အူတူတူဖြင့် မေးလိုက်သည်။ “ကိုကြီးလုပြောတော့ သမီးအတွက်ဆို။ သမီးအတွက်လည်း ဘာမှ မပါဘူး”
ချင်းယုကျီးက ရှင်းပြလိုက်သည်။ “ငါထင်တာတော့ နင်ပြန်ပေးဆွဲခံရပြီးတဲ့နောက် ရှုယီဟောက်ရဲ့ နောက်ကြောင်းကို လုကျန်းယွီ စုံစမ်းခဲ့တာဖြစ်မယ်။ နင့်အတွက် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးချင်လို့နေမှာပါ”
အဘွားချင်းကတော့ အတွေးမတူပါ။ “မဟုတ်ဘူး ငါထင်တာတော့ မနေ့က ရှုယီဟောက်က မုဒိမ်းကောင်မှန်း မနေ့က ဆေးရုံမှာ နင်စူစူလေးကို ပြောပြခဲ့သေးတယ်မလား။ အဲ့ဒီတုန်းက ငါ့သမီးလေး ရှုယီဟောက်ကို ဒီ့ထက် ပိုထိုးခဲ့သင့်တာ ဆိုပြီး ငြီးတွားနေသေးတယ်လေ”
ထိုအချိန်တုန်းက ချင်းမိသားစုဝင်တွေအပြင် လူနာခန်းထဲမှာ လုကျန်းယွီလည်း ရှိနေခဲ့ပါသည်။ ချင်းယုကျီးနဲ့ စူစူလေးတို့ ပြောသည့် စကားတွေကို လုကျန်းယွီ ကြားခဲ့သည်။
ချင်းယုကျီးက အံ့အားသင့်သွားသည်။ “သူအဲ့တာတွေ အကုန်လုံးကို မှတ်မိတယ်ပေါ့?”
“အင်း အတပ်ပြောဖို့တော့ ခက်တယ်။ အဲ့ဒီကောင်လေးက လူကြီးတွေထက် ပိုပြီး ရင့်ကျက်မှုရှိတာကိုး”။ အဘွားချင်းက ပြောလိုက်ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် လုကျန်းယွီ၏ လက်ဆောင်က တကယ်ပဲ စူစူလေးအတွက်ဖြစ်ပါသည်။
“ဒါပေမယ့် ကျွန်တော် မေးစရာရှိတယ်။ သခင်လေးလုက ဒီသက်သေတွေကို ဘယ်ကနေ ဘယ်လို ရလာခဲ့တာလဲ”။ ချင်းရှင်းကျစ်က သံသယဖြစ်စွာ မေးလိုက်ပါသည်။
ဒီသက်သေတွေသာ ဒီလောက်ရှာဖို့ လွယ်ကူနေလျှင် ရှုယီဟောက် အစကတည်းက အမှုကနေ ပြေးလို့လွတ်ခဲ့မှာ မဟုတ်ပေ။ သို့သော်လည်း လုကျန်းယွီကတော့ ထိုသက်သေတွေကို ရအောင် ရှာနိုင်ခဲ့သည်။
ချင်းရှင်းကျစ်က ထပ်ပြောလိုက်၏။ “စူစူလေး ပြန်ပေးဆွဲခံရတုန်းကလည်း သူအရင်ဆုံး ရှာတွေ့ခဲ့တာပဲ။ သူဘယ်လို လုပ်လိုက်တာလဲ။ ပြီးတော့ သူ့မိသားစုမှာ လူကြီးတွေဘာတွေလည်း မတွေ့မိဘူး။ သူတို့မိသားစု နောက်ကြောင်းလည်း ဘာမှ မသိရဘူး”
ဒါတကယ်ပဲ အလွန်ထူးဆန်းပါသည်။
ဒီလို တန်ဖိုးကြီး ဗီလာမှာ နေနိုင်ကတည်းက ဟွာချန့်မြို့ရှိ အကျော်အမော်မိသားစုတစ်စု ဖြစ်ဖို့များသည်။
သို့သော်လည်း ဟိုဘက်အိမ်က အိမ်ပိုင်ရှင်တွေအကြောင်းကို သူတို့ စုံစမ်းလို့ မရခဲ့ပါ။
နောက်ကြောင်း ရေရေရာရာ မသိရသည့် ကောင်လေးတစ်ယောက်က လူအများစု မရနိုင်သည့် ရင်းမြစ်တွေကို ရရှိထားပြီး ရဲတွေမှာတောင် မရှိသည့် စုံစမ်းစစ်ဆေးနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
သူက ဘယ်သူများလဲ။
အချိန်အတန်ကြာအောင် စဉ်းစားပြီးနောက် အဘွားချင်း ပြောလိုက်သည်။ “ထားလိုက်ပါတော့။ သူက ဘယ်သူဘယ်ဝါပဲ ဖြစ်ဖြစ် လက်ရှိအခြေအနေမှာ စူစူလေးကို သူ မကောင်းကြံမယ့်ပုံတော့ မပေါ်ပါဘူး။ ငါတို့ ရန်သူမဟုတ်ရင် သူဘယ်သူလဲဆိုတာ မသိရလည်း ဖြစ်ပါတယ်”
လူတိုင်းမှာ လျှို့ဝှက်ချက်တွေ ရှိတတ်မှန်း အဘွားချင်း နားလည်ပါသည်။ သူများလျှို့ဝှက်ချက်ကို မလိုအပ်လျှင် မထိပါးသင့်ပေ။
--- --- ---
အဘိုးယန် ချင်းအိမ်တော်မှာပဲ မနက်စာစားခဲ့ပြီး စူစူလေးကို နှုတ်ဆက်ခဲ့ပါသည်။
မပြန်ခင် အဘိုးယန်က သကြားလုံးများဖြင့် ပြည့်နှက်နေသော သစ်သားသေတ္တာကြီးတစ်လုံးကို ထုတ်လိုက်ပါသည်။
ထိုသေတ္တာကြီးကို ဖွင့်ကြည့်သောအခါ အကန့်ကြီး ၄ ကန့်ရှိပြီး ထိုတစ်ကန့်စီတိုင်းမှာ အကန့်ငယ် ၆ ကန့် ပါဝင်သည်။ ထို့ကြောင့် စူစူပေါင်း အကန့် ၂၄ ကန့် ရှိပါသည်။
အကန့်တိုင်းမှာ သကြားလုံးလေးတွေ ထည့်ထား၏။
“စူစူလေး ဒီသေတ္တာလေးက သမီးအတွက်။ အကန့်တိုင်းရဲ့အောက်မှာ မှတ်စုလေးတွေ ရေးပေးထားတယ်။ ဘယ်အချိန် ဘယ်သကြားလုံးကို စားရမလဲဆိုတာ ရေးပေးထားတယ်။ သေချာ သိမ်းထားပြီး လိုအပ်တဲ့အချိန်ကျရင် စားရမယ့် သကြားလုံးကိုပဲ စားနော် ဟုတ်ပြီလား”
“ခါးလားဟင်”။ စူစူလေးက မေးလိုက်သည်။
ဦးလေးပိုင်ဟူကျင်း၏ သကြားလုံးဖန်တီးသည့် စကေးများက မတိုးတက်သေးပါ။ သူပြုလုပ်ထားသော သကြားလုံးများက ယခုချိန်ထိ ခါးနေဆဲဖြစ်သည်။
“ခါးတော့ ခါးတယ်။ ဒါပေမယ့် ဆေးကောင်းတိုင်းက ခါးတတ်တယ်။ သမီးနာမကျန်း ဖြစ်တဲ့အခါကျရင် ခါးတာကို ကြောက်လို့မဖြစ်ဘူး။ ကျန်းမာရေးက ပိုအရေးကြီးတယ်လေ ဟုတ်ပြီလား”
“ဟုတ်ကဲ့…”
ဟူး… သကြားလုံး ခါးခါးကြီးတွေ မစားရဖို့ မဖျားအောင် နေမှဖြစ်မယ်!
“ဟုတ်ပြီ ဦးလေး သွားတော့မယ်”
အဘိုးယန် ဒီမှာ ဆက်ပြီး မနေရဲပါ။
“အင်းပါ တာ့တာ”။ စူစူလေး တာ့တာပြလိုက်သည်။
ဧည့်သည်တွေ ပြန်သွားသောအခါ စူစူလေး ငိုလည်းမငိုတတ်သလို ဆွဲလည်းဆွဲမထားတတ်ပါ။
အဘိုးယန်က အဘိုးချင်းနဲ့ အဘွားချင်းတို့ကိုတောင် မနှုတ်ဆက်ဘဲ လစ်ထွက်သွားသည်။
ထိုစဉ် လုကျန်းယွီကို အပ်စိုက်ကုထုံးဖြင့် ကုပေးပြီး ဦးလေးပိုင်လည်း လုအိမ်တော်မှ ပြန်ထွက်လာချိန် ဖြစ်သည်။
သူစိတ်နဲ့လူနဲ့ မကပ်သဖြင့် ရှေ့မှာလာနေသည့်လူကို ဦးလေးပိုင် မမြင်ခဲ့ပါ။ လမ်းချိုးတစ်ခုတွင် ချင်းအိမ်တော်မှ ထွက်လာသော အဘိုးယန်နဲ့ တည့်တည့်တိုးကာ ဝင်တိုက်မိလေသည်။