← Chapters

အခန်း (၁၁၇+၁၁၈)

Vol. 5 Ch. 117+118

အခန်း (၁၁၇+၁၁၈)

Vol. 5 Ch. 117+118

အခန်း(၁၁၇) မကုပေးချင်လို့ မကုပေးတာ

သူတို့ အကြည့်ချင်းဆုံသွားကြသည်။ အချိန်တွေရပ်တန့်သွားပြီး လေတွေတောင် မတိုက်ခတ်တော့သလိုပင်။

အဘိုးယန်က အရင်ဆုံး အသိစိတ်ပြန်ကပ်ပြီး ထွက်ပြေးဖို့ ကြိုးစားလေသည်။ သူ ခြေလှမ်း ၂ လှမ်းတောင် မလှမ်းနိုင်ခင် ပိုင်ဖုန်းမြန်က သူ့ကို လှမ်းဆွဲကာ တားလိုက်ပါသည်။

“ဆရာကြီးရှုယီလား?! ဆရာကြီးရှုယီမလား?!”

အဖြစ်အပျက်က ရုတ်ခြည်းဆန်လွန်းသဖြင့် သူ့ရှေ့က လူမှာ သူတစ်ချိန်လုံး ရှာဖွေနေခဲ့သည့် ဆရာကြီးရှုယီဖြစ်လိမ့်မည်ဟု ပိုင်ဖုန်းမြန် မယုံကြည်နိုင်ခဲ့ပါ။

“မဟုတ်ပါဘူး မဟုတ်တာတွေ။ ငါ ရှုယီမဟုတ်ဘူး။ မင်းလူမှားနေပြီ! ရှုယီအကြောင်း ငါဘာမှ မသိဘူး!” အဘိုးယန်က ငြင်းဆန်လိုက်ပါသည်။

လူမမိအောင် အဘိုးယန် အသံကိုတောင် တမင်တကာ ပြောင်းပြီး ပြောလိုက်သေးသည်။

“မဖြစ်နိုင်တာ! ခင်ဗျားက ဆရာကြီးရှုယီပဲ! ခင်ဗျားကို လူမှားစရာအကြောင်း မရှိဘူး!”

ပို်ငဖုန်းမြန်က အဘိုးယန်၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လုံးဝ လွှတ်မပေးပါ။

“မင်းလူမှားနေပြီလို့! ငါဘာရှုယီမှ မသိဘူး! ဒီတိုင်းဖြတ်သွားဖြတ်လာပါ!” အဘိုးယန်က ထပ်ပြောလိုက်ပါသည်။

“ဆရာကြီးရှုယီ! ခင်ဗျားမျက်နှာကို ကျုပ် ၂ ကြိမ်တိတိ မြင်ဖူးတယ်။ အဲ့တာကြောင့် ခင်ဗျားမျက်နှာကို သေသေချာချာကို မှတ်မိနေတာ! ကျုပ်ကို အရူးလုပ်လို့မရဘူး!” ပိုင်ဖုန်းမြန်က လုံးဝ သေချာစွာ ပြောလိုက်သည်။

“မင်းကို ဘယ်သူက အရူးလုပ်နေလို့လဲကွ! ရှုယီက သေသွားပြီ။ စကားပြောချင်ရင် အမွှေးတိုင် ထွန်းပြီး ပူဇော်လိုက်!”

“ဆရာကြီးရှုယီ”

“ဟာကွာ! ဟုတ်တယ်ကွာ! ရှုယီဆိုတော့ ဘာဖြစ်လဲကွာ”။ အဘိုးယန် ငြင်းလို့မရတော့သဖြင့် အလျှော့ပေးပြီး ဝန်ခံလိုက်ပါတော့သည်။

အမှန်ပင်။ သူက ရှုယီဖြစ်သည်။ နာမည်အပြည့်အစုံက ယန်ရှုယီဖြစ်ပါသည်။

“ဆရာကြီးရှုယီ။ ခင်ဗျားကို ကျုပ်ရှာနေတာ ကြာပြီ!”

“ဘာအတွက်ရှာတာလဲ။ ငါ့ကို ရှာတွေ့တော့ ဘာထူးမှာလဲ။ ငါ့ကို မရှာစမ်းပါနဲ့။ ငါသေသွားပြီလို့သာ သဘောထားစမ်းပါ!”

“ဆရာကြီးရှုယီ! ကျုပ်မှာ ခြေထောက်မသန်တဲ့ လူနာတစ်ယောက်ရှိတယ်! ခင်ဗျား သူ့ကို ကုပေးနိုင်တယ်မလား”

“မကုပေးဘူး! ငါလူတွေကို ဆေးမကုပေးတော့တာ တော်တော်ကြာနေပြီ! မင်းတခြားသူသာ သွားရှာစမ်းပါကွာ”။ အဘိုးယန်က ပြတ်ပြတ်သားသား ငြင်းလိုက်ပါသည်။

“ဆရာကြီးရှုယီ ကျေးဇူးပြုပြီး မသွားပါနဲ့ဦးဗျာ။ ကျုပ်တို့ သခင်လေးနဲ့ တစ်ခါလောက်ပဲ တွေ့ပေးလို့ မရဘူးလား”

“မရဘူး ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး! စိတ်မဝင်စားဘူး!”

“သခင်ကြီးရှုယီ၊ ကျုပ်တို့ သခင်လေးက ဒီနှစ်မှ အသက် ၈ နှစ်ပြည့်တာပါ။ သူ့ခြေထောက်တွေ မသန်လို့ လမ်းမလျှောက်နိုင်ဘူး။ ခင်ဗျားအကူအညီကို တကယ် လိုအပ်လို့ပါ!”

“ငါ့အကူအညီလိုအပ်နေတဲ့လူတွေ အများကြီးရှိတယ်။ အားလုံးကိုသာ လိုက်ကူညီပေးနေရရင် ငါသာ သေသွားမယ် ကူညီပေးလို့ ပြီးမှာ မဟုတ်ဘူး!”

အဘိုးယန်က လုံးဝ စိတ်မပြောင်းပါ။ သူ မကုပေးဘူးဆို တကယ် မကုပေးတတ်ပါ။

“ဆရာကြီးရှုယီ ဘာပဲ တောင်းဆိုတောင်းဆို ကျုပ်တို့ လိုက်လျောပေးပါ့မယ်!”

“မလိုချင်ဘူးလို့! ဒီအဘိုးကြီးဆီမှာ ဘာမှ မရှားသလို ဘာမှလည်း မလိုအပ်ဘူး။ လွှတ်စမ်းကွာ ငါအိမ်ပြန်တော့မယ်!”

ဒီကောင် တော်တော် အာရု့နောက်ဖို့ကောင်းတာပဲ။ အချိန်ထပ်ဆွဲနေရင် ဘတ်စ်ကားလွတ်တော့မယ်!

“ဆရာကြီးရှုယီ!” ပိုင်ဖုန်းမြန်က တောင်းပန်လိုက်ပါသည်။ “ကျေးဇူးပြုပြီး ကျုပ်တို့သခင်လေးကို အခွင့်အရေး တစ်ခါလောက် ပေးပါဗျာ”

“ငါ့ကို လာမတောင်းပန်နဲ့! မင်းအခွင့်အရေးလိုချင်ရင် ပေးနိုင်တဲ့လူကို သွားတောင်း! ငါက သာမန် ရွာသား အဘိုးကြီး တစ်ယောက်ပဲ! ငါဆေးတွေ လိုက်ကုမပေးတော့တာ နှစ်နဲ့ချီပြီး ကြာနေပြီ!”

“ဆရာကြီး ရှုယီ…”

“လွှတ်လို့ပြောနေတယ်! အခုချက်ချင်းလွှတ်နော်! မလွှတ်ရင် ငါရဲခေါ်တော့မှာ!”

ရွေးချယ်စရာမရှိတော့သဖြင့် အဘိုးယန်ကို ပိုင်ဖုန်းမြန် လွှတ်ပေးလိုက်ရတော့သည်။

အဘိုးကြီးတစ်ယောက်ကို အတင်းအကျပ် စေခိုင်းလို့ ဘာမှမရနိုင်ပါ။ တွန်းအားပေးတာ များသွားလျှင် သူတို့ လိုချင်သည့် ရလဒ်မရဘဲ ပိုတောင် ဆိုးသွားနိုင်ပါသည်။

ပိုင်ဖုန်းမြန် လက်မှ လွတ်သွားတာနဲ့ တစ်ပြိုင်နက် အဘိုးယန်က ဘတ်စ်ကားဂိတ်သို့ ခြေဦးလှည့်လိုက်ပါသည်။

ပိုင်ဖုန်းမြန်က မျှော်လင့်ချက်ကို လက်မလျှော့သေးဘဲ အဘိုးယန်နောက်မှလိုက်တာ တောင်းတောင်းပန်ပန်နဲ့ ပြောနေဆဲ ဖြစ်သည်။

“ဆရာကြီးရှုယီ တောင်းဆိုချင်တာဘာပဲဖြစ်ဖြစ် ပြောသာ ပြောလိုက်ပါ။ ကျုပ်တို့ အကုန်ဖြည့်ဆည်းပေးပါ့မယ်!”

“ကောင်းကင်ပေါ်က ငါလိုချင်တဲ့ ကြယ်ပွင့်ကို မင်းသွားခူးပေးမှာလား။ ကိုးရွက်ပါတဲ့ လေးညှင်းပွင့် ရှာပေးနိုင်လား။ ဆောင်းယဉ်စွန်း ပုစဉ်းရင်ကွဲ ပိုးတုံးလုံးကို ရှာပေးနိုင်လား၊ မနှစ် တစ်နှစ်က ကျခဲ့တဲ့ နှင်းပွင့်တစ်ပွင့်ကိုကော ရှာပေးနိုင်လား။ ဒါမှမဟုတ် ငါလုပ်ပေးထားတဲ့ ဆေးလုံးတွေကို ချစ်စရာကောင်းတဲ့ အဲ့ဒီကလေးမလေး လိမ်လိမ်မာမာနဲ့ သောက်လာအောင် လုပ်ပေးနိုင်လား?!”။ အဘိုးယန် စိတ်မရှည်စွာ ပြန်ပြောလိုက်လေသည်။

… … …

အခန်း(၁၁၈) စူစူလေး ပထမဆုံး ညစာစားပွဲ တက်ရောက်ခြင်း

ပိုင်ဖုန်းမြန် မျက်မှောင်ကြုတ်သွားပါသည်။

ဆရာကြီးရှုယီက မဖြစ်နိုင်တာတွေချည့် တောင်းဆိုနေတာကို ကြည့်ခြင်းအားဖြင့် သူ ကုသပေးဖို့ လုံးဝ အစီအစဉ် မရှိမှန်း သိသာပါသည်။

ပိုင်ဖုန်းမြန် တိတ်ဆိတ်သွားတာကို မြင်ပြီး အဘိုးယန် ပြောလိုက်သည်။ “မင်းမလုပ်ပေးနိုင်ဘူးမလား။ ဒါဆိုလည်း လေလာဖြုန်းတီး မနေနဲ့တော့”

“ဆရာကြီးရှုယီ ကျုပ်တကယ် အကူအညီတောင်းတာပါ!” ပိုင်ဖုန်းမြန် လက်မလျှော့ချင်သေးဘဲ ပြောလိုက်သည်။

“မင်းဘာလို့ အဲ့လောက် ခေါင်းမာနေရတာလဲ။ ငါ ရောဂါတွေ ကုမပေးတော့ဘူး သူများအသက်လည်း မကယ်ပေးနိုင်တော့ဘူးလို့ ပြောပြီးပြီလေ! ငါ ပင်စင်ယူပြီးသွားပြီကွ!”

အဘိုးယန် အတော်လေး စိတ်မရှည်ဖြစ်လာပါပြီ။ ဒါ့ကြောင့် မြို့ကြီးပြကြီးတွေကို မလာချင်တာဖြစ်သည်။ အလွန်စိတ်ရှုပ်စရာ ကောင်းပါသည်။

စူစူလေး တစ်ခုခုဖြစ်သွားတာကြောင့်သာ မဟုတ်လျှင် သူ မြို့ကြီးပြကြီးတွေဘက်ကို ခြေဦးတောင် လှည့်မှာ မဟုတ်ပါ။

ဘတ်စ်ကားတစ်စီး ဘတ်စ်ကားဂိတ်ကို ရောက်လာပါသည်။ အဘိုးယန်က သူ စီးရမည့် ကားဟုတ်သလား ဆိုတာကိုတောင် သေချာ မကြည့်ဘဲ ဘတ်စ်ကားပေါ် တက်သွားပါသည်။

ပိုင်ဖုန်းမြန်လည်း အဘိုးယန် ဘတ်စ်ကားပေါ် တက်သွားတာကို စိတ်ဓာတ်ကျစွာသာ ငေးကြည့်နေနိုင်တော့သည်။

သူ့နောက် ဆက်လိုက်လို့ ရသော်လည်း မလိုက်ရဲတော့ပါ။

သခင်လေးလုကို တကယ် ကုသပေးဖို့ နည်းလမ်းမရှိတော့ဘူလား။

ပိုင်ဖုန်းမြန်လည်း လုမိသားစုထံ စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားပြီး ဆရာကြီး ရှုယီနဲ့ တွေ့ခဲ့ကြောင်းကို တင်ပြခဲ့ပါသည်။

… … …

ပြန်ပေးဆွဲခံရသည့် ကိစ္စကြောင့် ချင်းမိသားစုအတွင်း စူစူလေးတည်ရှိနေတာကို သိသွားတာ ချင်းယန်ကျစ် တစ်ယောက်တည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံးက သိသွားတာဖြစ်သည်။

သို့သော်လည်း ထိုကလေးမလေးနဲ့ ချင်းမိသားစု ဘယ်လို ပတ်သတ်သလဲဆိုတာကိုတော့ အပြင်လူတွေ သိပ်မသိကြသေးပါ။

ခန့်မှန်း သုံးသပ်နေကြဆဲဖြစ်သည်။

တချို့က စူစူလေးကို ချင်းမိသားစုအတွင်းရှိ သားများရဲ့ တရားမဝင်သမီးလေးတစ်ဦးဖြစ်လိမ့်မည်ဟု ခန့်မှန်းကြသည်။ တချို့တွေကတော့ ချင်းမိသားစုအပေါ် ကျေးဇူးရှိသည့်‌ ကျေးဇူးရှင်တစ်ဦး၏ သမီးဖြစ်မည်ဟု ခန့်မှန်းကြသည်။

ခန့်မှန်း သုံးသပ်ချက်တွေ တစ်ပုံတစ်ခေါင်းထွက်ပေါ်နေသော်လည်း သက်သေခိုင်ခိုင်လုံလုံ တစ်ခုမှ မရှိကြပါ။

လာမည့် တနင်္ဂနွေနေ့မှာ အဘိုးချင်း၏ မိတ်ဆွေဟောင်းဖြစ်သော လက်ရေးလှဆရာကြီး အဘိုးချိုင်၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်ကာ အဘိုးချင်းက စူစူလေးကို မွေးနေ့ပွဲခေါ်သွားဖို့ စီစဉ်ထားပါသည်။

အဘွားချင်းက စူစူလေးအတွက် ဂါဝန်သေးသေးလေး ပြင်ဆင်ပေးထားပြီး ဆံပင်ကိုလည်း ဆံထုံးသေးသေးလေး ထုံးပေးလိုက်ပါသည်။

အရုပ်ကလေးလို လှပနေသော စူစူလေးကို ကြည့်ကာ အဘွားချင်း ပြုံးရွှင်လျက် ပြောလိုက်၏။ “ငါ့သမီးလေး ကြီးလာရင် အရမ်းလှမှာပဲ”

“လှဖို့က အရေးမကြီးပါဘူး! သန်မာဖို့က အရေးကြီးတယ်!” စူစူလေးက ပြန်ပြောသည်။

စူစူလေးက သန်မာတာကိုသာ အလိုချင်ဆုံးဖြစ်သည်။

ကြမ်းကြုတ်သော နတ်သားရဲတစ်ကောင်က သန်မာဖို့ အရေးကြီးပါသည်။

သန်မာမှ ထိုနတ်ယုတ်မာကို ကလဲ့စား ချေနိုင်မည်ဖြစ်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါတို့ စူစူလေးက အသန်မာဆုံးပါ”။ အဘွားချင်းက အပြုံးဖြင့် ပြောလိုက်ပါသည်။

“အွန်း!”

အဝတ်အစားလဲပြီးနောက် အဘွားချင်းက စူစူလေးကို လက်တွဲပြီး အောက်ထပ်သို့ ဆင်းလာပါသည်။

ကျန် ချင်းမိသားစုဝင်များ အသင့်ဖြစ်နေကြပြီဖြစ်ပြီး အဘွားချင်းနဲ့ စူစူလေးတို့ကို စောင့်နေကြတာဖြစ်သည်။

စူစူလေး အောက်ထက်သို့ ရောက်တာနဲ့ တစ်ပြိုင်နက် ချင်းရှင်းကျစ်က သူ့ညီမလေးကို အမြန်ပြေးပြီး ပွေ့ချီလိုက်သည်။

“ငါတို့ ညီမလေးက ချစ်ဖို့အရမ်းကောင်းလိုက်တာ!”

သူ့ညီ အိမ်မှာမရှိတော့သဖြင့် သူတို့ ညီမလေးကို သူတစ်ယောက်တည်း အပိုင်သိမ်းလို့ရပါပြီ။

ချင်းယုကျီးက ကြည့်မရစွာ မျက်စပစ်လိုက်သည်။

သူ့အဖေ တဖြည်းဖြည်းနဲ့ ရှက်စရာ ကောင်းလာပြီ။

စူစူလေးကို သူ ‘ညီမလေး’ဟု ခေါ်လိုက်တိုင်း ချင်းယုကျီး ကြက်သီးမွေးညှင်းများ ထသွားမိသည်။

ဝမ်ချင်းက မျက်မှောင်ကြုတ်သွားပြီး တစ်ခုခုပြောချင်သော်လည်း ရင်ထဲမှာပဲ ထားလိုက်ပါသည်။

အပြင်လူတွေက စူစူလေးရဲ့ သရုပ်မှန်ကို ခန့်မှန်းနေကြဆဲ ဖြစ်သော်လည်း ဒီနေ့မှာတော့ စူစူလေး ဘယ်သူဘယ်ဝါဆိုတာ အားလုံး သိသွားတော့မည်။

ထိုအခါကျလျှင် လူတွေ ဘယ်လိုပြောကြမလဲ ဝမ်ချင်း စိုးရိမ်မိပါသည်။ ရင်ထဲမှာ သက်ပြင်းချလျက် သူမ အတွေးများကို မျိုသိပ်ထားလိုက်သည်။

သူမ ပြောစရာရှိတာကို အရင်တစ်ခေါက်ကတည်းက ပြောပြီးခဲ့ပါပြီ။ သူမ ယောက္ခမတွေ နားမထောင်ပါက ဆက်ပြောနေလည်း သူတို့ ဒေါသထွက်ရုံသာ ရှိမည်။ ထို့ကြောင့် ဘာမှမပြောတော့တာ ပိုကောင်းသည်။

ချင်းမိသားစုတစ်စုလုံး ကား ၂ စီးဖြင့် အဘိုးချိုင် မွေးနေ့ ညစာစားပွဲကျင်းပမည့် ဟိုတည်သို့ သွားခဲ့ကြပါသည်။

ဟိုတည် လော်ဘီထဲ ချင်းမိသားစု ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံလိုက်ကြရသည်။

All Chapters