အခန်း (၁၁၉+၁၂၀)
Vol. 5 Ch. 119+120
အခန်း(၁၁၉) တူကြီးအတွက် ကောင်မလေးရှာပေးခြင်း
ချင်းမိသားစုတစ်စုလုံးက ကြည့်ကောင်းကြသည်။ အဘိုးချင်းနဲ့ အဘွားချင်းတို့ကစလို့ မြေးတွေအထိ အားလုံး ဆွဲဆောင်မှု ရှိကြပါသည်။ ထို့အပြင် အဘိုးချင်းနဲ့ အဘွားချင်းတို့က တောင်ပေါ်ဒေသမှာ နှစ်ပေါင်းများစွာ အနားယူနေခဲ့တာဖြစ်ပြီး ဒီနေ့မှ လူတွေရဲ့ ရှေ့မှောက်မှာ ပထမဆုံး ပြန်ပေါ်လာခြင်း ဖြစ်ပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အားလုံး အံ့အားသင့်ကုန်ကြလေသည်။
သူတို့က ချင်းမိသားစုရဲ့ သခင်ကြီးနဲ့ သခင်မကြီးကော ဟုတ်ရဲ့လား။
လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကထက်တောင် ဘာလို့ နုပျိုသွားကြတာလဲ။
ခန္ဓာကိုယ် နုပျိုအောင်လုပ်တဲ့ ကုထုံးတွေဘာတွေ ခံယူနေကြတာလား။
အချိန်စက်သွားက အဘိုးချင်းနဲ့ အဘွားချင်းတို့ပေါ် သက်ရောက်ပုံ မပေါ်ပါ။
အဘိုးချင်းနဲ့ အဘွားချင်းတို့ ခေါ်လာသည့် ကလေးမလေးကို မြင်သောအခါ လူတွေ တီးတိုး ပြောလာကြပါသည်။
“အဲ့တာ သတင်းထဲမှာ ပါလာတဲ့ ကလေးမလေးမလား။ ပြန်ပေးဆွဲခံရတဲ့ ကောင်မလေးလေ”
“သူပဲနေမယ်။ ချင်းမိသားစုမှာ တခြား မိန်းကလေး မရှိဘူး။ အဲ့တာကြောင့် သူပဲ ဖြစ်နိုင်တယ်!”
“ကလေးမလေးက တော်တော်လှတာပဲ။ ချင်းမိသားစုဝင်ဆိုတာ သံသယဖြစ်စရာ မရှိဘူး”
“ဘယ်သခင်လေးက မွေးထားတာလဲ မသိဘူးနော်။ ချင်းမိသားစုမှာ အရွယ်ရောက်ပြီးသား ယောက်ျားလေး မရှားဘူး”
“… … …”
သူမ ဘေးနားက စကားသံတွေ၊ အတင်းအဖျင်းသံတွေကို စူစူလေး သတိမထားမိပါ။ ဟိုတည် လော်ဘီထဲ ရောက်တာနဲ့ တစ်ပြိုင်နက် သူမရဲ့ တောက်တောက်ပပ မျက်လုံးလေးများက နေရာစုံအောင် လိုက်ကြည့်နေလေသည်။
စူစူလေး ဒီလိုညစာစားပွဲမျိုး ပထမဆုံးအကြိမ် တက်ရောက်ဖူးတာ ဖြစ်သဖြင့် စပ်စုနေတာဟု အဘိုးချင်းနဲ့ အဘွားချင်းတို့က ထင်သွားကြပါသည်။
သို့သော်လည်း စူစူလေးက ရုတ်တရက်ကြီး အဘိုးချင်း၊ အဘွားချင်းတို့နဲ့ လက်တွဲဖြုတ်လိုက်ပြီး ချင်းယုကျီး၏ လက်ကို သွားဆွဲလိုက်ပါသည်။ “တူလေး သွားကြစို့!”
သူတို့နှစ်ယောက် လူအုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားလေသည်။
“ဒီကလေးနှစ်ယောက် ဘာဖြစ်နေတာလဲ။ ဘာတွေခိုးကြောင်ခိုးဝှက်လုပ်ဖို့ ပြင်နေကြတာလဲ မသိဘူး” ချင်းရှင်းကျစ်က ကြောင်စီစီဖြင့် ပြောလိုက်သည်။
ချင်းယုကျီးက တစ်ခါတလေ ကလေးလိုပဲ စူစူလေးနဲ့ မဟုတ်တာတွေ ပေါင်းကြံတတ်သည်။
ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွား၏။ သူ့ညီနဲ့ စူစူလေးတို့ ပြုံးနေတာကို မြင်ပြီးနောက် သူ့ရင်ထဲက ခံစားချက်တွေ မကောင်းတော့ပါ။
သိပ်မကြာလိုက်ဘဲ စူစူလေးက လူအုပ်ထဲမှာ အလွန်ဆွဲဆောင်မှုရှိပြီး လှပသော ကောင်မလေးတစ်ယောက်ကို ရှာတွေ့သွားသည်။
ဘာတွေပြောလိုက်လဲမသိဘဲ စူစူလေးက ထိုကောင်မလေး၏ လက်ကို ဆွဲပြီး ချင်းယုဟွိုင်းထံသို့ ခေါ်လာခဲ့ပါသည်။
“ဒါ သမီးတူကြီးလေ! သူက နည်းနည်းတုံးပေမယ့် ရုပ်ကတော့ ချောပါတယ်! သူ့ကောင်မလေး လုပ်ပေးပါလား”။ စူစူလေးက မိတ်ဆက်ပေးလိုက်သည်။
စူစူလေး ခေါ်လာသည့် ကောင်မလေးလည်း ထိတ်လန့်သွား၏။ ချင်းယုဟွိုင်း၏ မျက်နှာလည်း မှောင်မိုက်သွားပါသည်။
ချင်းယုကျီးကတော့ သူတို့နောက်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
အရင်တစ်ခေါက် သူမ တူကြီးအတွက် ကောင်မလေး ရှာပေးဖို့ ကြိုးစားတုန်းက မအောင်မြင်ခဲ့ပါ။ ကောင်မလေးတွေက ငယ်လွန်းသေးတာကြောင့်ဖြစ်သည်။
ဒီတစ်ခါတော့ စူစူလေး သင်ခန်းစာရပြီး အရွယ်ရောက်ပြီးသား ကောင်မလေး တစ်ယောက်ကို ရှာပေးခဲ့ပါသည်။
ထို့အပြင် အသားဖြူဖြူ၊ လှလှပပနဲ့ ခြေတံသွယ်သွယ်လေးများ ရှိသည့် ကောင်မလေးကို သေချာ ရွေးပေးခဲ့သည်။
ဒီလို ကောင်မလေးမျိုး တူကြီး ကြိုက်လိမ့်မည်ဟု တူလေး ယုကျီးက ပြောသည်။
“အဲ… သခင်လေးချင်း… ဒီကလေးမလေးက ဘယ်သူလဲ”
ထိုကောင်မလေးက ဟွာချန့်မြို့တွင် နေထိုင်သည့် ယွမ်ဖေးဖေး ဖြစ်ပြီး ချင်းယုဟွိုင်းအကြောင်း အနည်းငယ် သိထာပါသည်။
ချင်းယုဟွိုင်းမှာ ဟွာချန့်မြို့က နာမည်ကြီး လူပျိုချောဖြစ်သည်။ ကောင်မလေးများစွာ ပိုးပန်းရသော မင်းသားလေး တစ်ပါးဖြစ်၏။
ချင်းယုဟွိုင်းက မျက်နှာမှောင်မိုက်စွာဖြင့် ချင်းယုကျီးကို မေးလိုက်သည်။ “ယုကျီး ဒါမင်းအကြံမလား”
“ငါဘာမှ မလုပ်ဘူးနော်! ငါ့ကို လာမစွပ်စွဲနဲ့! ငါစူစူလေး ခိုင်းတဲ့အတိုင်းပဲလုပ်တာ! မင်းကို ဥပဒေဘောင်အတွင်းကနေ ဘယ်လိုကောင်မလေး ရှာပေးရမလဲလို့ စူစူလေး ငါ့ကို လာမေးတယ်။ အဲ့တာကြောင့် ဒီနေ့ ညစာစားပွဲမှာ မမလှလှတွေ အများကြီး တွေ့ရမှာမို့လို့ သူတို့ကို ရည်းစားရှိလားလို့ မေးကြည့်ဖို့ ပြောလိုက်တာ။ ရည်းစားမရှိရင် အဆင်ပြေတယ်လို့”
ချင်းယုကျီးက အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ပြောလိုက်ပါသည်။
“မင်းက သူမေးတိုင်း ဖြေစရာလား”။ ချင်းယုဟွိုင်းက ဒေါသကို မနည်းချုပ်တည်းထားရပြီး မေးလိုက်ပါသည်။
သူစိမ်းတွေကြားထဲမှာသာ မဟုတ်လျှင် သူ့ညီကို သူပညာ ကောင်းကောင်း ပေးနေပါပြီ။
“ဖြေရမှာပေါ့ကွ! စူစူလေးက သာမန်လူမှ မဟုတ်တာ သူ့မေးခွန်းကို တလေးတစား ဖြေပေးရမှာပေါ့!”
ပြောပြောဆိုဆိုနဲ့ ချင်းယုကျီးက စူစူလေးနောက်မှာ ဝင်ပုန်းလိုက်ပြီး အနိုင်ကျင့်ခံနေရသလို ပြောလိုက်ပါသည်။ “စူစူလေး ကြည့်ပါဦး။ သူငါ့ကို ဆူနေပြီ။ ငါ့ကို ထိုးတောင် ထိုးတော့မယ်ထင်တယ်! ငါ့ကို ကာကွယ်ပေးပါဦး!”
… … …
အခန်း(၁၂၀) ကောင်လေး ရှာပေးတာ
“စိတ်မပူနဲ့၊ ငါကာကွယ်ပေးမယ်! နင်ဘာမှ အမှားလုပ်မထားဘူး! အဲ့တာကြောင့် အရိုက်ခံစရာ အကြောင်းမရှိဘူး! ငါ့တူကြီး နင့်ကိုမရိုက်စေရဘူး” စူစူလေးက ချင်းယုကျီးကို အားပေးလိုက်ပါသည်။
အမှားလုပ်မထားသည့် တူလေးကို ကာကွယ်ပေးရမှာ ဒေါ်လေးတစ်ယောက်၏ တာဝန်မဟုတ်လား။
“ဒါပဲလေ! စူစူလေးက အတော်ဆုံးပဲ!”။ ချင်းယုကျီးက စူစူလေး၏ မြှောက်ပင့်မှုတွေကြားထဲမှာ သာယာနေပါသည်။
ထို့နောက် စူစူလေးက ချင်းယုဟွိုင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “နင်လည်း လိမ်လိမ်မာမာနေ၊ ပြောစကား နားထောင်၊ မဆိုးနဲ့။ ဒီအစ်မကြီးက လက်ခံတယ်ဆိုရင် နင်ကောင်မလေး ရသွားပြီ!”
ချင်းယုဟွိုင်း နှုတ်ခမ်းများတွန့်သွားပြီး သူ့မျက်နှာကြီးလည်း မည်းသထက် မည်းနက်လာပါသည်။
သူတို့ ၃ ယောက်ကို ကြည့်ရင်း ယွမ်ဖေးဖေး ကြောင်တောင်တောင်ဖြစ်နေပါသည်။
ဒီကလေးမလေးက ဘယ်သူလဲ။
သူတို့ ၃ ယောက်က ဘယ်လိုတော်စပ်တာလဲ။ သူတို့ စကားပြောနေတဲ့ပုံက… နည်းနည်း မထူးဆန်းလွန်းဘူးလား။
ပြီးတော့… ချစ်စရာလည်း ကောင်းသလိုပဲ။
“ငါထပ်ပြောမယ်။ ငါ ဘာကောင်မလေးမှ မလိုအပ်ဘူး။ မ လို ဘူး” ချင်းယုဟွိုင်း ပြောလိုက်သည်။ စကားလုံးတိုင်းကို သွားကြားထဲမှ ညှစ်ထုတ်ပြောနေရသလိုပင်။
“တကယ်လား”
“တကယ်”
“အင်းလေ အဲ့တာဆို ငါလည်း ဘာမှ မလုပ်ပေးနိုင်ဘူး”
စူစူလေး သက်ပြင်းချကာ မျက်နှာလေးကလည်း အနည်းငယ် စိတ်ပျက်သွားသလို ဖြစ်သွားပါသည်။
ထို့နောက် သူမ ခေါ်လာသည့် မမလှလှဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “သမီးတောင်ပန်းပါတယ် အစ်မကြီး။ သမီး တူကြီးက အရမ်းဆိုးတာ။ အဲ့တာကြောင့် သူ့ကောင်မလေး လုပ်စရာ မလိုတော့ဘူး~”
“ရပါတယ် ရပါတယ်!” ယွမ်ဖေးဖေးက လက်ခါပြလိုက်ပြီး အမြန်ပြောလိုက်ပါသည်။
ဘာတွေဖြစ်နေသလဲဆိုတာ သူမ ဘာမှ နားမလည်သော်လည်း ဒီကလေးမလေးကတော့ ချစ်ဖို့ကောင်းပါသည်။
ထို့အပြင် ယဉ်လည်းယဉ်ကျေး၊ ပျော်လည်းပျော်တတ်မည့်ပုံပင်။
ဒီကလေးမလေးနဲ့ ချင်းယုဟွိုင်းတို့ ဘယ်လို ပတ်သတ်နေသလဲဆိုတာ ယွမ်ဖေးဖေး ခန့်မှန်းနေစဉ် စူစူလေးက လူအုပ်ကြီးထဲ လှည့်ဝင်သွားပြန်သည်။
ချင်းယုကျီးကလည်း အနောက်မှ လိုက်သွားလေသည်။
ပြန်ပေးဆွဲခံရသည့် ကိစ္စဖြစ်ပြီးကတည်းက စူစူလေးကို ဘယ်တော့မှ တစ်ယောက်တည်းသွားခွင့် မပေးတော့ပါ။
ခဏကြာတော့ စူစူလေး ပြန်ရောက်လာပြီး နောက်ထပ် လူတစ်ယောက် ထပ်ခေါ်လာပြန်သည်…။
သူမ ခေါ်လာသည့်လူက… ယောက်ျားကြီးလာား?
သူမ ခေါ်လာသည့်လူက တခြားသူမဟုတ်ဘဲ ယုဝမ်ရှု ဖြစ်ပြီး ကြောင်စီစီဖြစ်ကာ သူ့ သူငယ်ချင်း ချင်းယုကျီးကို စိုက်ကြည့်နေပါသည်။
ချင်းယုကျီးကတော့ တစ်ယောက်တည်း ကျိတ်ရယ်ရင်း အလုပ်ရှုပ်နေသည်။
စူစူလေးက တကယ်ကြီး ယောက်ျားလေးတစ်ယောက် ခေါ်လာတာပဲ။ ခေါ်လာသည့် ယောက်ျားလေးကလည်း တခြားသူမဟုတ်ဘဲ ချင်းယုကျီး၏ သူငယ်ချင်း ယုဝမ်ရှုဖြစ်သည်။
ယုဝမ်ရှုကို ချင်းယုကျီး ပစ်မှတ်ထားခဲ့တာ မဟုတ်ပါ။ စူစူလေးကိုယ်တိုင် လူအုပ်ထဲကနေ ယုဝမ်ရှုကို မျက်စိကျပြီး ပြန်ခေါ်လာခြင်းဖြစ်သည်။
သူမ ခေါ်လာသည့်လူက သူမ တူလေးရဲ့ သူငယ်ချင်းဖြစ်မှန်း စူစူလေး မသိပါ။ ရုပ်ချောတာကြောင့် ရွေးလိုက်ခြင်းသာ ဖြစ်သည်။
“တူကြီး နင့်အတွက် ကောင်လေးတစ်ယောက် ရှာလာတယ်။ ဒီအစ်ကိုကြီးက အရမ်းချောတာ။ နင်ကျေနပ်ပြီလား”။ စူစူလေးက ပြောလိုက်ပါသည်။
ကောင်လေး?
ယုဝမ်ရှု လန့်သွားသည်။
ယုကျီးရဲ့ ဒေါ်လေးက သူ့ကို ရည်းစားရှိလားဟု လာမေးပြီး ယုကျီးရဲ့ အစ်ကို ချင်းယုဟွိုင်းနဲ့ ပေးစားဖို့ ခေါ်လာတာလား။
ချင်းယုကျီးတစ်ယောက် အူတက်အောင် လှိမ့်ရယ်နေတာကို ကြည့်ခြင်းအားဖြင့် သူခန့်မှန်းတာ မှန်ကန်မှန်း ယုဝမ်ရှု သိလိုက်ပါသည်။
ယုကျီးက သူ့ သူငယ်ချင်းကိုသူ အကွက်ချ ကြံစည်လိုက်တာပဲ။
သူငယ်ချင်း မေတ္တာဆိုတာ ဒါလား?!
ချင်းယုဟွိုင်း၏ မျက်နှာက ယုဝမ်ရှုထက်ပင် ပိုရှုံ့မဲ့နေပါသေးသည်။
“တူကြီး တစ်ခုခုပြောဦးလေ!” စူစူလေးက အော်လိုက်သည်။
သူမ တူကြီး ဆက်ပြီး စူပုပ်နေဦးမည်ဆိုလျှင် သူမခေါ်လာသည့် အစ်ကိုချော ထွက်ပြေးသွားလိမ့်မည်။
“ချင်းယုကျီး။ အခုအခြေအနေကို စူစူလေးကို ရှင်းပြဖို့ အချိန် ၁၀ မိနစ်ပေးမယ်။ မဟုတ်ရင် ဒီနေ့ည စာမေးပွဲ မေးခွန်းဟောင်း ၁၀ စုံစာ ဖြေလို့ မပြီးမချင်း မင်းမအိပ်ရဘူး”
“၁၀ စုံ ဟုတ်လား။ အဲ့တာဆို တစ်ညလုံး ဘာလို့ အိပ်နေဦးမှာလဲ?!” ချင်းယုကျီးက မေးခွန်းဟောင်း ၁၀ စုံစာ ဖြေမည့်အစား တစ်ညလုံး မအိပ်ဘဲနေလိုက်မည်။
“မင်းရှင်းပြမှာလား မရှင်းပြဘူးလား”။ ချင်းယုဟွိုင်း၏ ဒေါသက လည်မျိုအထိ တက်လာပါပြီ။