← Chapters

အခန်း (၁၂၁+၁၂၂)

Vol. 5 Ch. 121+122

အခန်း (၁၂၁+၁၂၂)

Vol. 5 Ch. 121+122

အခန်း(၁၂၁) ဒေါ်လေးလုပ်ရတာ ခက်လိုက်တာ!

ချင်းယုကျီးသာ မရှင်းပြဘူးဟု ပြောလိုက်လျှင် အခုချက်ချင်း စာထလုပ်ရလောက်သည်။

“အဟမ်း အဟမ်း…”။ ချင်းယုကျီး သူရဲဘောကြောင်သွားပြီး ဆောင့်ကြောင့်ထိုင်ကာ စူစူလေးကို ရှင်းပြလိုက်ပါသည်။ “စူစူလေး နင့်တူကြီးက ယောက်ျားလေးလေ၊ ဒီက အစ်ကိုချောချောကြီးကလည်း ယောက်ျားလေးပဲ။ ယောက်ျားလေး အချင်းချင်း တွဲလို့ ဖြစ်ပါ့မလား”

“ဘာလို့ မဖြစ်တာလဲ”။ စူစူလေးက နားမလည်စွာ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့… ယောက်ျားလေး အချင်းချင်းဆို ကလေးယူလို့ မရဘူးလေ!”

“ကလေးယူလို့ မရဘူးဟုတ်လား။ ကလေးယူမှ ဖြစ်မှာလား။ မယူရင်ကော မရဘူးလား”။ စူစူလေး၏ မျက်နှာလေးက ဇဝေဇဝါဖြစ်မှုတွေနဲ့ ပြည့်နှက်နေပါသည်။

“အဲ… မရဘူးလို့တော့ မဟုတ်ပါဘူး”

ချင်းယုကျီး စူစူလေးကို ရှင်းပြဖို့ ကြံထားသော်လည်း စူစူလေး၏ မေးခွန်းများကြောင့် ချင်းယုကျီး အဖြေပျောက်သွားသည်။

ယုဝမ်ရှုကလည်း ဆောင့်ကြောင့်ထိုင်ကာ ခံစားချက်မဲ့သော မျက်နှာဖြင့် စူစူလေးကို ပြောလိုက်သည်။ “ငါတောင်းပန်ပါတယ် ချင်းစူစူ။ ငါနင့်တူကြီးကို မကြိုက်ဘူး။ တကယ်လို့ တစ်ယောက်ယောက်ကို မဖြစ်မနေ ရွေးရမယ်ဆိုရင် နင့်တူလေးကိုပဲ ရွေးမယ်”

“အမ်”

“ဟာ?!”

ပထမအသံက စူစူလေး၏ အသံဖြစ်ပြီး ဒုတိယအသံက ချင်းယုကျီး၏ အသံဖြစ်ပါသည်။

“ဒါပေမယ့် သမီးတူလေးက ငယ်သေးတယ်လေ။ ဖေဖေနဲ့ မေမေက တူကြီးကိုပဲ မိန်းမရှာဖို့ ပြောတာ။ တူလေးက ရှာဖို့ မလိုသေးဘူးတဲ့”

စူစူလေး အခက်တွေံသွားသည်။ မျက်မှောင်လေးလည်း ကြုတ်သွား၏။

သူမ တူကြီးအတွက် ရည်းစားရှာပေးရတာ ဘာလို့ အဲ့လောက် ခက်နေရတာလဲ။

ဟူး…။ ဒေါ်လေးလုပ်ရတာ ပင်ပန်းလိုက်တာ!

“ရပါတယ် ငါစောင့်ပေးနိုင်ပါတယ်”။ ယုဝမ်ရှုက သဘောကောင်းစွာ ပြောလိုက်သည်။

ချင်းယုကျီး ချောက်ချားသွားပြီး ယုဝမ်ရှု၏ လက်ကို ဆွဲလိုက်ပါသည်။ “ယုဝမ်ရှု မင်းငါ့ကို ချောက်ထဲ တွန်းမချနဲ့နော်!”

“ငါ့ကျတော့ ပြောပြီး မင်းကျတော့ ဘာလို့ ငါ့ကို အကွက်ဆင်တာလဲ” ယုဝမ်ရှုက မျက်လုံးမှေးကာ မေးလိုက်ပါသ်ည။

“အဲ… ငါမင်းကို အကွက်ဆင်တာ မဟုတ်ပါဘူး။ မင်းကိုရွေးဖို့ စူစူလေးကို ငါပြောခဲ့တာ မဟုတ်ဘူး။ စူစူလေးက အမြင်ရှိလို့ မင်းလို ရုပ်ချောချောလူကို ရွေးလိုက်တာ နေမှာပါ”။ ချင်းယုကျီးက ရှင်းပြလိုက်ပါသည်။

“ဟုတ်လား”။ ယုဝမ်ရှု သွေးအေးစွာ ပြန်ပြောလိုက်သည်။ “မင်းသေချာ ရှင်းမပြရင် ငါမင်းကိုပဲ ရွေးလိုက်တော့မှာ”

ချင်းယုကျီးတစ်ယောက် အစ်ကိုဖြစ်သူရဲ့ ခြိမ်းခြောက်မှုကိုသာမက သူငယ်ချင်းဖြစ်သူ၏ ခြိမ်းခြောက်မှုကိုပါ ခံနေရပါသည်။

သူ့ကို အနိုင်ကျင့်ဖို့လောက်ပဲ သိကြသည်။ စူစူလေးကိုကျတော့ အပြစ်လုံးဝ မတင်ကြပါ။

ဘယ်လိုပဲဖြစ်ဖြစ် စူစူလေးကို ချင်းယုကျီး သေချာရှင်းပြနိုင်မှ အသက်ဘေးက လွတ်တော့မည်။

သူ ဆောင့်ကြောင့်ထပ်ထိုင်လိုက်ပြီး စူစူလေးကို ရှင်းပြလိုက်ပါသည်။ “စူစူလေး အစ်ကိုကြီးကော ငါကော ကလေးလေးတွေ မွေးမှဖြစ်မှာမို့လို့ ယောက်ျားယူလို့ မဖြစ်ဘူး။ ငါတို့ ကလေးလေးတွေ မွေးရင် နင်က ဘွားလေး ဖြစ်သွားမှာနော်! ဘွားလေးလို့ အခေါ်မခံချင်ဘူးလား”

“အွန်း!” စူစူလေးက တစ်ချက်ကလေးတောင် မစဉ်းစားဘဲ ခေါင်းငြိမ့်လိုက်ပါသည်။

ဒါကိုကြားမှ ချင်းယုကျီး သက်ပြင်းချနိုင်တော့သည်။ ကံကောင်းစွာနဲ့ သူ့အကြံ အောင်မြင်သွားသည်။

“အဲ့တာကြောင့် အစ်ကိုကြီးအတွက် ကောင်လေး ရှာပေးလို့ မရဘူးနော်။ လှလှပပ ကောင်မလေး ရှာပေးမှ ဖြစ်မှာ!”

စူစူလေးက ခေါင်းငြိမ့်လိုက်ပြီး ချင်းယုဟွိုင်းကို ပြောလိုက်ပါသည်။ “စိတ်မပူပါနဲ့ တူကြီး။ ဒီတစ်ယောက်က အဆင်မပြေရင် နောက်တစ်ယောက် ရှာကြမယ်။ နည်းနည်းလောက်ပဲ ကြိုးစားလိုက်ရင် ရှာတွေ့မှာပါ!”

ချင်းယုဟွိုင်း ဝမ်းနည်းသွားမှာကို စူစူလေး စိတ်ပူပါသည်။

ဒီလိုအသက်အရွယ်နဲ့ မိတ်ဖက်မရှာနိုင်လျှင် အတော်လေး သနားစရာ ကောင်းသည်။

သို့သော် လွယ်လွယ်နဲ့ အရှုံးပေးလို့ မရပါ။ အစွမ်းကုန် ကြိုးစားရမည်။

ချင်းယုဟွိုင်း နှုတ်ခမ်းတွေ တွန့်သွားပြီး လည်ပင်းပေါ်က အကြောတွေတောင် ထောင်လာပါသည်။

“ငါအလျင်မလိုသေးဘူးလို့” ချင်းယုဟွိုင်း ထပ်ပြောလိုက်သည်။

သို့သော်လည်း စူစူလေးက မကြားပါ။ သူမရဲ့ လက်ကလေးနဲ့ ချင်းယုဟွိုင်း၏ ခြေထောက်ကို ပုတ်ပေးလိုက်ပါသည်။ “ငါ့ တူကြီး လိမ္မာတယ်။ ငါ့တူကြီးကို မလှောင်ပါဘူး!”

သူမရဲ့ အရပ်ကြောင့် ချင်းယုဟွိုင်း၏ ပခုံးကို ပုတ်ပေးလို့မရသဖြင့် ခြေထောက်ကိုပဲ ပုတ်ပေးလိုက်ပါသည်။

သူ့ပေါင်ကို ပုတ်ပေးနေသည့် ဖြူဖြူသေးသေး လက်ကလေးကို ချင်းယုဟွိုင်း ငုံ့ကြည့်လိုက်ပါသည်။

… … …

အခန်း(၁၂၂) နွေးထွေးသော ခံစားချက်

သူ့မျက်နှာက မှောင်မိုက်ပြီး ရှုုံ့မဲ့နေသော်လည်း စူစူလေးကို မတားခဲ့ဘဲ သူမ နှစ်သိမ့်ပေးတာလေးကို ဆက်ခံယူလိုက်ပါသည်။

ယွမ်ဖေးဖေးက ထွက်မသွားသေးပါ။ ဘေးကနေ အဖြစ်အပျက်တွေကို စောင့်ကြည့်နေပြီး နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ တိုးတိုးလေး ရယ်လိုက်မိပါသည်။

ဒီကလေးမလေးက ရယ်ဖို့ကောင်းလိုက်တာ! ပြီးတော့ ချင်းယုဟွိုင်းလိုလူမျိုးက ဒီကလေးမလေးကြောင့် အရှက်ကွဲသွားရတယ်လို့!

ဒီလိုအချိန်မျိုးမှာ ရယ်မိတာ မကောင်းသော်လည်း ယွမ်ဖေးဖေး မထိန်းနိုင်ပါ။

ယွမ်ဖေးဖေး ရယ်လိုက်တာနဲ့ တစ်ပြိုင်နက် ချင်းယုဟွိုင်းက ခပ်စူးစူး စိုက်ကြည့်လိုက်ပါသည်။ သူ စူစူလေးကို မကြည့်ရဲပါ သို့သော်လည်း တခြား မိန်းကလေးတွေကိုတော့ ဒီလိုမျိုး ညှာတာနေမှာ မဟုတ်ပေ။

ယွမ်ဖေးဖေးလည်း မျက်နှာပိုးကို အမြန်သတ်လိုက်ရပါသည်။

ယွမ်ဖေးဖေးကို ချင်းယုဟွိုင်း စိုက်ကြည့်လိုက်သောအခါ စူစူလေးက လှမ်းဆုံးမလိုက်သည်။

“တူကြီး ဒီအစ်မကြီးကို မရက်စက်ပါနဲ့~ မဟုတ်ရင် တူကြီး ကောင်မလေး ရှာရတာ ခက်နေလိမ့်မယ်~”

သူမ တူကြီးအတွက် ဒီလောက် စိတ်ပူပေးနေတာကို တူကြီးကတော့ အလိုက်မသိပါ။

ထို့နောက် စူစူလေးက ယွမ်ဖေးဖေး ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “အစ်မကြီး သမီး တူကြီးကို စိတ်မဆိုးပါနဲ့နော် သူက နည်းနည်း ဒုံးဝေးပေမယ့် သဘောကောင်းပါတယ်~”

“မဆိုးပါဘူး မဆိုးပါဘူး~”။ ယွမ်ဖေးဖေးက အမြန် လက်ခါပြပြီး ရှင်းပြလိုက်ပါသည်။ “ရပါတယ်။ သခင်လေးချင်းက အမြဲတမ်း ဒီလိုပုံစံပဲဆိုတာ အစ်မ သိပါတယ်”

“ကျေးဇူးတင်ပါတယ် အစ်မကြီး”

ထို့နောက် စူစူလေး လူအုပ်ထဲ ထပ်ဝင်ပြေးဖို့ ပြင်လိုက်သည်။

သို့သော်လည်း သိပ်မကြာလိုက်ဘဲ သူမ ခြေထောက်လေးနှစ်ဖက် လေထဲ မြောက်တက်သွားခဲ့သည်။

လေထဲမှာ စက္ကန့်ပိုင်းလောက် ယက်ကန်ယက်ကန် လုပ်ပြီးမှ သူမ လေပေါ်ရောက်နေမှန်း စူစူလေး သတိထားမိသွားသည်။

စူစူလေး အမြန် နောက်လှည့်ကြည့်လိုက်၏။

“တူကြီး ဘာလုပ်တာလဲ”။ စူစူလေးက အူတူတူဖြင့်မေးလိုက်သည်။

သူ့အတွက် လူအုပ်ထဲကနေ လူတွေထပ်ပြီး သွားခေါ်မလာခင် စူစူလေးကို ချင်းယုဟွိုင်း ပွေ့ချီလိုက်ခြင်း ဖြစ်ပါသည်။

ပထမတစ်ခေါက်က မိန်းကလေးတစ်ယောက်၊ ဒုတိယတစ်ခေါက်က ယောက်ျားလေးတစ်ယောက်၊ တတိယ တစ်ခေါက်သာဆို ဘာတွေပါလာမလဲ မတွေးရဲပါ။

“ဟိုမှာ မုန့်ကောင်းကောင်းရှိတယ်။ သွားစားကြရအောင်”။ ချင်းယုဟွိုင်းက တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။

“မုန့် ဟုတ်လား”

စူစူလေး မျက်လုံးများ တောက်ပသွားသည်။

“အင်း”။ မုန့်တွေတင်ထားသည့် စားပွဲရှည်ကြီးထံသို့ စူစူလေးအား ချင်းယုဟွိုင်း ခေါ်သွားလိုက်ပြီး မုန့်တွေကို အသုံးချလျက် သူ့ကို ရည်းစားရှာပေးမည့် အစီအစဉ်ကို စူစူလေး မေ့သွားအောင် လုပ်လိုက်ပါသည်။

“တူကြီး ဘာစားမလဲ”။ စူစူလေးက ဘာမှမစားသေးဘဲ ချင်းယုဟွိုင်း ဘာစားချင်သလဲဆိုတာ အရင်မေးလိုက်ပါသည်။

ချင်းယုဟွိုင်း အနည်းငယ် တွန့်ဆုတ်သွား၏။ စူစူလေး၏ မျက်နှာသေးသေးလေးနဲ့ တောက်တောက်ပပ မျက်လုံးလေးများကို ငေးကြည့်ရင်း သူ့ရင်ထဲ နွေးထွေးလာသည်။

ဒီကလေးမလေးရဲ့ တွေးခေါ်ပုံတွေက အနည်းငယ် ထူးခြားသော်လည်း သူတို့ မိသားစုကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ဂရုစိုက်ပေးတတ်သည်။

သူ့ကို ရည်းစားရှာပေးဖို့ အပါအဝင်ပေါ့။

ဒါ့ကြောင့်လည်း သူမရဲ့လုပ်ရပ်တွေကို မကြိုက်သော်လည်း ချင်းယုဟွိုင်း ဒေါသထွက်ကာ လှည့်ထွက်မသွားခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

သူက ရည်းစားထား၊ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသည့် လူတစ်ယောက်ဖြစ်သည်။

အချစ်ရေးကို ခံစားနိုင်မှာ မဟုတ်ဘူးဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်တွေကိုလည်း သူနားမလည်နိုင်ပါ။

သို့သော်လည်း ယခု စူစူလေးလို နူးညံ့သိမ်မွေ့သည့် ကလေးမလေးကို ချီထားရသောအခါ တစ်နေ့ကျလျှင် သူမလို သမီးလေး ပိုင်ဆိုင်ရလျှင်လည်း သိပ်မဆိုးလောက်ပါဟု တွေးမိလာသည်။

“တူကြီးရေ”။ ချင်းယုဟွိုင်း အတွေးလွန်နေပြီး သူမ ခေါ်နေတာကို မကြားသောအခါ စူစူလေး ထပ်ခေါ်လိုက်ပါသည်။

“ငါဗိုက်မဆာသေးဘူး နင်အရင်စားပါ”။

ချင်းယုဟွိုင်းက စူစူလေးကြိုက်သည့် မုန့်ကို ယူပေးလိုက်ပါသည်။

“ဒါလေးက အရသာရှိတယ် စားကြည့်”။ စူစူလေးက သူမ ကြိုက်သည့် မုန့်လေးကို ချင်းယုဟွိုင်းအား မျှကျွေးလိုက်ပါသည်။

စူစူလေးရဲ့ လက်သေးသေး ကစ်ကစ်ကလေးက ကိတ်မုန့်လေးကို ဖဲ့လိုက်ပြီး ချင်းယုဟွိုင်းကို ခွံ့လိုက်သည်။

ချင်းယုဟွိုင်း ခေတ္တ တွန့်ဆုတ်သွားသော်လည်း ပါးစပ်ဟကာ စားလိုက်ပါသည်။

တကယ် အရသာရှိသည်။

စူစူလေးကို ထိန်းကျောင်းနေသော ချင်းယုဟွိုင်းအား ညစာစားပွဲတက်ရောက်လာသူတွေ မြင်ကုန်ကြပြီး အံ့အားသင့်ကုန်ကြပါသည်။

ချင်းမိသားစုရဲ့ အကြီးဆုံး သခင်လေး ချင်းယုဟွိုင်းက အလွန်သွေးအေးတတ်သူဖြစ်သည်။ စီးပွားရေး ပါတနာတွေနဲ့ ဆက်ဆံရာမှာကော၊ ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ ဆက်ဆံရာမှာကော၊ မိန်းကလေးတွေနဲ့ ဆက်ဆံရာမှာကော အလွန် အေးတိအေးဆက် ပြုမူတတ်ပါသည်။

သို့သော်လည်း ဒီနေ့တော့ အလွန် နူးညံ့သိမ်မွေ့နေပုံပေါက်ပြီး မျက်နှာတောင် အနည်းငယ် ကြည်လင်လန်းဆန်းလျက် ရှိနေပါသည်။

All Chapters