အခန်း (၁၂၃+၁၂၄+၁၂၅)
Vol. 5 Ch. 123+124+125
အခန်း(၁၂၃) သခင်မလေးများရဲ့ စိတ်ဝင်စားမှု
ယုဟွိုင်းက ယခုဆို ပိုပြီးတောင် ဆွဲဆောင်မှု ရှိနေသည်။ ချင်းယုဟွိုင်းရဲ့ ဒီလို ပုံစံကို မြင်လိုက်ရတော့ လက်လျှော့ပြီးသား ကောင်မလေးတွေကတောင် မျှော်လင့်ချက် ပြန်လည် ပြည့်ဝလာခဲ့ကြသည်။
တကယ် ထူးဆန်းတဲ့ မြင်ကွင်းပါလား။
ယုဟွိုင်းရဲ့ ရင်ခွင်ထဲက ကလေးမလေးကို အတော်လေး စိတ်ဝင်စားနေကြပါပြီ။
အပျိုလေးတွေပဲ ချင်းယုဟွိုင်းကို စိတ်ဝင်စားနေကြတာ မဟုတ်ဘဲ ယောက္ခမလောင်းဖြစ်ချင်သည့် တချို့ အမျိုးသမီးကြီးတွေကလည်း ချင်းယုဟွိုင်းနဲ့ စူစူလေးတို့၏ အပြုအမူတွေကို စောင့်ကြည့်နေကြပါသည်။
ဝမ်ချင်းနဲ့ ရင်းနှီးကြသော သူဌေးကတော်တချို့က စူစူလေးအကြောင်းကို စိတ်ဝင်စားသဖြင့် ဒီနေ့ ဝမ်ချင်းနဲ့ တွေ့ဆုံခိုက် အခွင့်အရေးယူပြီး မေးမြန်းကြလေသည်။
“အစ်မချင်းကတော့ လျှိုထားပြန်ပြီနော်။ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးမလေး မိသားစုထဲ ရောက်လာတာကို ဘယ်သူ့ကိုမှ မပြောပြဘူး”
“မဟုတ်ပါဘူး ကျွန်မလည်း လျှိုထားဖို့ မရည်ရွယ်ပါဘူး။ ကျွန်မတောင် ပြန်ပေးဆွဲတဲ့ ကိစ္စဖြစ်ပြီးမှ သိရတာပါ”။ ဝမ်ချင်းက အနေခက်စွာ ပြုံးပြီး ရှင်းပြလိုက်ပါသည်။
“သူက ယုဟွိုင်းရဲ့ သမီးလေးလား။ သေချာကြည့်ရင် ယုဟွိုင်းနဲ့ နည်းနည်း ရုပ်ဆင်သလိုပဲ”
“မဟုတ်ပါဘူး”။ ဝမ်ချင်းမျက်နှာ သိသိသာသာ ပျက်လာပါသည်။
“ဟုတ်လား။ အစ်မချင်းကလည်း ဒီအခြေအနေထိတောင် ရောက်နေပြီ ဖုံးကွယ်မထားပါနဲ့တော့!”
“ဟုတ်ပါတယ် အစ်မချင်းရယ်။ သူက ဘယ်သူ့ကလေးပဲဖြစ်ဖြစ် ချင်းမိသားစုဝင်မလား။ မကြာခင် သူစိမ်းတွေလည်း အနှေးနဲ့အမြန် သိသွားကြမှာပဲ”
“ဧကန္တ။ အစ်မယောက်ျား ရှင်းကျစ်က….”
သူဌေးကတော်တွေက ဝမ်ချင်းကို မေးခွန်းပေါင်း သောင်းခြောက်ထောင်ဖြင့် ဝန်းရံကာ တိုက်ခိုက်လာကြသည်။
“မဟုတ်ဘူး! ပေါက်ကရတွေ လျှောက်မတွေးပါနဲ့!”။ ဝမ်ချင်း ခေါင်းတွေပေါက်ကွဲချင်လာသည်။
သူမ နှုတ်ဆိတ်နေလျှင် သူမ ယောက်ျားကို သံသယ ဖြစ်ကြလိမ့်မည်။ ရှင်းပြ ပြန်ရင်လည်း ဒီ သူဌေးကတော်တွေက သူမ နောက်ကွယ်မှာ အတင်းတုပ်ကြလိမ့်မည်။
“အစ်မချင်း ဘယ်လိုတွေဖြစ်လို့လဲ။ ဒီကလေးမလေး ဘယ်သူလဲဆိုတာ တကယ်ပြောပြလို့ မရဘူးလာား”
ဝမ်ချင်း၏ အပြုအမူကြောင့် သူဌေးကတော်တွေ သိချင်စိတ် ပိုပြင်းပြလာခဲ့ကြပါသည်။
“ကျွန်မ နေမကောင်းဘူး”။ ဝမ်ချင်း ဆင်ခြေပေးပြီး ထိုနေရာမှ အမြန်ထွက်လာခဲ့လိုက်ပါသည်။
ဝမ်ချင်း ဒီလို ရှောင်ထွက်သွားသောအခါ သူဌေးကတော်တွေ ပိုပြီး ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။
ဘာတွေဖြစ်နေတာလဲ။
ဧကန္တ အဲ့ဒီကလေးမလေးမှာ ချင်းမိသားစုက ထုတ်မပြရဲတဲ့ နောက်ကြောင်းရာဇဝင်မျိုး ရှိနေလို့လား။
--- --- ---
ဟိုတည်သို့ ချင်းကျင်းဖန်၊ ဟုံပေါင်ကျူးနဲ့ သူတို့ရဲ့ မြေးမလေး ချင်းလောင်ယွင်တို့လည်း ရောက်လာကြပါသည်။
အဘိုးချင်းကို မြင်သောအခါ ချင်းကျင်းဖန်က သူ့မိန်းမနဲ့ မြေးမလေးတို့ကို ခေါ်ပြီး အမြန် သွားနှုတ်ဆက်ပါသည်။
“အစ်ကိုကြီး!” ချင်းကျင်းဖန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်လိုက်ပါသည်။
“အစ်ကိုကြီး”။ ဟုံပေါင်ကျူးကလည်း နှုတ်ဆက်လိုက်ပါသည်။
သူတို့နှစ်ယောက်ကို မြင်သောအခါ အဘိုးချင်း၏ မျက်နှာပေါ်က အပြုံး အနည်းငယ် မှေးမှိန်သွားသည်။
“မင်းတို့ ဘာလာလုပ်ကြတာလဲ”
“အရင်တုန်းက ဆရာကြီးချိုင်ရဲ့ လက်ရာတွေကို ဝယ်ဖူးလို့လေ။ အဲ့တာကြောင့် ဆရာကြီးချိုင်က ငါ့ကို မွေးနေ့ပွဲ ဖိတ်ခဲ့တာ”။ ချင်းကျင်းဖန်က အပြုံးမပျက်ဘဲ ပြောလိုက်ပါသည်။
ချင်းကျင်းဖန်က လက်ထဲ ငွေရှိတာနဲ့ အဆင်အခြင်မဲ့ သုံးစွဲတတ်သည်။ ထို့အပြင် ရှေးဟောင်းပစ္စည်းတွေ၊ လက်ရေးပန်းချီတွေ ဝယ်ယူပြီးတော့လည်း ကြွားဝါတတ်ပါသေးသည်။
လက်ထဲမှာ ငွေပြတ်သွားတာနဲ့ တစ်ပြိုင်နက် ထိုရှေးဟောင်းပစ္စည်းတွေ၊ လက်ရေးပန်းချီတွေကို ပြန်ရောင်းစားလိမ့်မည်။
“အဲ့တာ ဂုဏ်ယူစရာလို့ မင်းထင်နေတာလား”။ အဘိုးချင်းက ဒေါသဖြင့် ပြောလိုက်သည်။
ချင်းကျင်းဖန်က အားနာသော အပြုံးဖြင့်သာ ပြုံးပြနိုင်ခဲ့ပြီး ချင်းလောင်ယွင်လေးကို ဆွဲခေါ်ကာ အဘိုးချင်းအား နှုတ်ဆက်ခိုင်းလိုက်ပါသည်။ “ယွင်ယွင်လေး သမီး ဘကြီးနဲ့ ဘွားလေးတို့ကို လာနှုတ်ဆက်ပါဦး”
“ဘကြီးနဲ့ ဘွားလေး။ ဦးလေးနဲ့ ဒေါ်လေးတို့လည်း ပါလာတာလား”။ ချင်းလောင်ယွင်က အရင်လိုပဲ လိမ်လိမ်မာမာ ချိုချိုသာသာ အသံလေးနဲ့ နှုတ်ဆက်လိုက်ပါသည်။
သို့သော် အဘွားချင်းက သွေးအေးစွာ ပြန်ပြောလိုက်၏။ “နင်နှုတ်ဆက်တာ ငါတို့ မခံချင်ဘူး”
အဘွားချင်း၏ ရုတ်တရက် သူစိမ်းဆန်သွားသော စကားများကြောင့် ချင်းလောင်ယွင် ကြက်သေသေသွားသည်။
“မရီး ဘယ်လိုပြောလိုက်တာလဲ”။ ချင်းကျင်းဖန်က အဘွားချင်းကို နားမလည်နိုင်စွာ ကြည့်ကာ မေးလိုက်ပါသည်။
“သူ့ကြောင့် ငါတို့ သမီးလေး ပြန်ပေးဆွဲခံခဲ့ရတာ!” အဘွားချင်း စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်လေသည်။
… … …
အခန်း(၁၂၄) ငယ်သေးလို့ ရိုးအတာပါ
အစတုန်းက ချင်းလောင်ယွင်ကို အဘွားချင်း မမုန်းခဲ့ပါ။ သူမက သာမန် ကလေးလေး တစ်ယောက်သာ ဖြစ်ပြီး သူမ အိမ်မှာ ခေါ်ထားရတာလည်း မငြိုငြင်ပါ။ လူတစ်ယောက်တိုးလာလို့ သူတို့ မိသားစုအတွက် ဘာမှ အပန်းမကြီးပေ။
သို့သော် သူတို့ သမီးလေးကို လာပြီး မထိခိုက်ဖို့တော့ လိုပါသည်။
သူတို့ သမီးလေး ပြန်ပေးဆွဲခံရအောင် ချင်းလောင်ယွင် လုပ်ခဲ့တာကို အဘွားချင်း လုံးဝ ခွင့်မလွှတ်ပေးနိုင်ပါ။
ဒါကိုကြားတော့ ချင်းကျင်းဖန်က အမြန်ရှင်းပြလိုက်ပါသည်။ “မရီးရယ်။ ယွင်ယွင်လေးက ငယ်သေးလို့ပါ။ သူက အသက် ၄ နှစ်ပဲ ရှိသေးတာ။ စူစူလေးထက် ၆ လ ပဲ ပိုကြီးတယ်။ သူက ဘာနားလည်မှာလဲ”
ဟုံပိုင်ကျူးကလည်း ဝင်ထောက်ခံသည်။ “ဟုတ်ပါတယ်။ အစ်မကြီးရယ်။ အစ်မကြီးက ဟွာချန့်မြို့မှာ ဒီလောက် နာမည်ကြီးတဲ့လူတစ်ယောက်ပဲ။ ကလေးလေး တစ်ယောက်ကို အဲ့လိုတော့ အငြှိုးမထားပါနဲ့။ မဟုတ်ရင် သူစိမ်းတွေက အစ်မကြီးကို သဘောထား သေးသိမ်တယ်လို့ ထင်သွားကြလိမ့်မယ်။ ကလေးက ငယ်သေးလို့ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့နော်”
ငယ်သေးလို့ပါ ဟူသည့် စကားကို တာဝန်မဲ့သည့်လူတွေ အပြောများကြသည်။
“ဟုတ်တယ် သူက ငယ်သေးတယ် ဘာမှလည်း နားမလည်ဘူး။ သူဘာကိုမှ တာဝန်ယူစရာ မလိုဘူး။ အဲ့တာကြောင် ငါတို့ဘက်က ဘာမှ ဆက်မလုပ်ခဲ့တာ! နင်တို့ဆီ ငါတို့ စာရင်းလာမရှင်းခဲ့ဘူးနော်။ ဒါပေမယ့် သူ့ကို မချစ်တာ ဘာဖြစ်လို့လဲ။ ငါသူ့ကို ချစ်မှ ရမယ်လို့ ဥပဒေထုတ်ထားလို့လား”
ဟုံပေါင်ကျိုးက ဝမ်းနည်းစွာ ပြန်ပြောလိုက်သည်။ “အစ်မကြီးက ပြောရဆိုရခက်နေပြန်ပါပြီ။ ကျွန်မ မြေးမလေး ယွင်ယွင်က အရမ်းဖြူစင်ရိုးသားပါတယ်။ သူ့အပေါ် အခုလို ဒေါသပုံချနေတော့ ယွင်ယွင်လေး သနားစရာ မကောင်းလွန်းဘူးလား”
အဘွားချင်း ဒေါသများ ပိုပေါက်ကွဲသွားသည်။ “သူက သနားစရာကောင်းတယ်ပါ့?။ အဲ့တာဆို ငါ့သမီးလေးကကော?။ သူ့ကို အောက်တန်းစား အယုတ်တမာကောင်တွေက တောကြီးမျက်မည်းထဲ ပြန်ပေးဆွဲပြီး ခေါ်သွားတာလေ! အဲ့လို အယုတ်တမာကောင်တွေလက်ထဲမှာ ငါ့သမီးလေး ဘယ်လောက်တောင် ခိုကိုးရာမဲ့ပြီး ကြောက်နေလိုက်မလဲ နင်တို့ မစဉ်းစားမိဘူးလား?!”
ပြန်ပေးဆွဲခံရသည့် ကိစ္စက တစ်ပတ်ကျော် ကြာသွားပြီဖြစ်သော်လည်း သူမ သမီးလေး ကြုံတွေ့ခဲ့ရသည့် ကိစ္စကို ပြန်စဉ်းစားမိတိုင်း အဘွားချင်း ရင်နာရသည်။
အဘွားချင်း၏ ဒေါသထွက်နေသော အမူအရာကြောင့် ချင်းလောင်ယွင် ထိတ်လန့်သွားပါသည်။
ထိုနေ့က ပြန်ပေးဆွဲခံရသည့် ပြဿနာဖြစ်ပြီး သူမ ပြဿနာတက်မည်စိုးသဖြင့် ချင်းမိသားစုအိမ်မှာ မနေရဲတော့ဘဲ ချင်းလောင်ယွင် အိမ်ပြန်ပြေးခဲ့ပါသည်။
တစ်ပတ်လောက်ကြာသည့် အချိန်ထိ သူမ ဘကြီးနဲ့ ဘွားလေးတို့ သူမကို လာမတွေ့ကြသဖြင့် ချင်းလောင်ယွင် စိတ်အေးသွားခဲ့သည်။
သူမကလည်း ကလေးလေးဖြစ်သဖြင့် သူမဘကြီးနဲ့ ဘွားလေးတို့ အပြစ်မတင်လောက်ဘူးဟု ချင်းလောင်ယွင် ထင်ထားခဲ့တာ ဖြစ်သည်။
ယခု သူမရဲ့ ဘွားလေးက သူမကို အပြစ်တင်နေပြီး သူမကို မချစ်တော့ဘူးဟု ပြောနေသဖြင့် ချင်းလောင်ယွင် အလွန်ကြောက်သွားပါသည်။
သူမ တကယ်မရည်ရွယ်ခဲ့ပါ။ ဘာလို့ ဘွားလေးက သူမကို အပြစ်တင်နေတာလဲ။
ချင်းလောင်ယွင် မျက်လုံးများ နီမြန်းလာပြီး မျက်ရည်တွေ ကျလာပါသည်။
ညစာစားပွဲမှာ လူတွေ အများကြီး ရှိနေသဖြင့် ချင်းမိသားစု နဂိုကတည်းက လူအာရုံစိုက်ခံနေရတာဖြစ်သည်။ ယခု ချင်းလောင်ယွင်ကပါ ထငိုသဖြင့် လူတွေ ပိုပြီး ဝိုင်းကြည့်လာကြပါသည်။
ချင်းကျင်းဖန်ကော ဟုံပေါင်ကျူးကော ချင်းလောင်ယွင်ကို မချော့ဘဲ ဆက်ငိုခွင့်ပေးထားတာ သူတို့ အစ်ကိုကြီးနဲ့ မရီးတို့ ဘယ်လောက် ရက်စက်သလဲဆိုတာကို လူတွေမြင်အောင် ပြသလိုက်သည်။
အဘွားချင်းက စိတ်ပျက်စွာ ရယ်မောလိုက်ရင်း ပြောလိုက်သည်. “ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့။ ဒီနေ့က ဆရာကြီးချိုင်ရဲ့ အသက် ၈၀ နှစ်ပြည့်မွေးနေ့နော်။ သူများမွေးနေ့ပါတီမှာ နင်တို့ မြေးမကို ဘာလို့ လာငိုခိုင်းထားတာလဲ။ သူက ငယ်သေးလို့ ဘာမှ မသိဘူးဆိုရင် နင်တို့ကကော ငယ်သေးလို့ နားမလည်ကြတာလား”
အဘွားချင်း၏ စကားလုံးများကြောင့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ အလွန်ထိတ်လန့်သွားကြသည်။ သူတို့ လုပ်ရပ်က ဘယ်လောက် ရူးသွပ်သလဲဆိုတာ နားလည်သွားကြပါသည်။
ချင်းကျင်းဖန်က ချင်းလောင်ယွင်၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ဆက်မငိုတော့အောင် တားလိုက်ပါသည်။
ချင်းလောင်ယွင် ပါးစပ်အပိတ်ခံလိုက်ရသော်လည်း ဝမ်းနည်းမှုက မပျောက်သေးသဖြင့် ရှိုက်ကြီးတငင် ငိုကြွေးဆဲ ဖြစ်ကာ သူမ ခန္ဓာကိုယ်လေးလည်း တုန်ယင်နေပါသည်။
သူမ ဖေဖေနဲ့ မေမေကို ချင်းကျင်းဖန်တို့ စကားလာပြောနေသည့် မြင်ကွင်းအား စူစူလေး ခပ်လှမ်းလှမ်းမှ မြင်သွားပါသည်။ ထို့အပြင် သူမ မေမေကလည်း အနည်းငယ် စိတ်တိုနေသည့်ပုံစံပင်။
စူစူလေးက ချင်းယုဟွိုင်းကို အမြန်ပြောလိုက်သည်။
“တူကြီး။ ဟိုဘက်ကို ပြန်သွားကြစို့! လူဆိုးကြီး ရောက်နေတယ်! ဖေဖေနဲ့ မေမေကို ဒေါသထွက်အောင် လုပ်ခွင့်ပေးလို့ မဖြစ်ဘူး!”
စူစူလေး၏ လက်သေးသေးလေးက ချင်းယုဟွိုင်း၏ ပခုံးကို အမြန်အဆန် ရိုက်နေကာ ခပ်သွက်သွက်သွားဖို့ အချက်ပြနေပါသည်။
… … …
အခန်း(၁၂၅) မေမေ့ကို အနိုင်ကျင့်ရင် လူဆိုးပဲ
“အိုကေ”။ ချင်းယုဟွိုင်းလည်း ခေါင်းငြိမ့်လိုက်ပြီး စူစူလေးကို အဘိုးချင်းနဲ့ အဘွားချင်းတို့ထံ ပြန်ခေါ်သွားခဲ့ပါသည်။
ပြန်ရောက်လာတာနဲ့ တစ်ပြိုင်နက် စူစူလေးက ချင်းကျင်းဖန်ကို လက်ညှိုးထိုးကာ သတိပေးလိုက်သည်။ “ဖေဖေနဲ့ မေမေ့ကို အနိုင်ကျင့်ရဲ ကျင့်ကြည့်နော်!”
သူမ ဖေဖေနဲ့ မေမေကို ဒေါသထွက်အောင် လုပ်သည့်လူတိုင်းက လူဆိုးဖြစ်သည်။
ယခု ချင်းမိသားစု၏ ရန်ပွဲကို ကြည့်ဖို့အတွက် အနားမှာ လူတွေအများကြီး ဝိုင်းအုံနေကြတာဖြစ်သည်။ ထို့ကြောင့် စူစူလေး၏ ဖေဖေနဲ့ မေမေဟု ခေါ်သံအား ကြားပြီး အားလုံး အံ့အားသင့်ကုန်ကြသည်။
ဘယ်သူ့ကို ဖေဖေနဲ့ မေမေလို့ ခေါ်လိုက်တာလဲ။ သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ကို ခေါ်လိုက်သလိုပဲ။
ဘာတွေဖြစ်နေတာလဲ။ ဒီကလေးမလေးက သခင်ကြီးတို့ လင်မယားကို ဘာလို့ ဖေဖေနဲ့ မေမေလို့ ခေါ်နေတာလဲ။
လူတွေအားလုံး နားမလည်နိုင်ကြတော့ပါ။
စူစူလေးကို မြင်တော့ ချင်းကျင်းဖန်က အမြန်ပြောလိုက်ပါသည်။ “စူစူလေး အချိန်မှီ ရောက်လာတာပဲ။ အစ်ကိုကြီးနဲ့ မရီးတို့ကို ကူရှင်းပြပေးပါဦး။ သမီး ပြန်ပေးဆွဲခံရတဲ့ကိစ္စက ယွင်ယွင်လေးရဲ့ အပြစ်မဟုတ်ဘူး ဆိုတာကိုလေ။ သူဘာမှ မသိပါဘူး”
စူစူလေး၏ မျက်နှာက ခက်ထန်နေပါသည်။ “နင်က လူဆိုးကြီး! ငါနင့်ကို စကားမပြောဘူး!”
စူစူလေးက ထိုနေ့တုန်းက အဖြစ်အပျက်ကို စဉ်းတောင် မစဉ်းစားတော့ပေ။ ချင်းလောင်ယွင်ကိုလည်း အပြစ်တင်ဖို့ သတိမရပါ။
သို့သော် ချင်းကျင်းဖန်ဟူသည့် လူကြီးကိုတော့ သူမ တကယ် သဘောမကျပါ။
“စူစူလေး ဘယ်လိုပြောလိုက်တာလဲ။ ဦးလေးက စူစူလေးရဲ့ ဦးလေးအရင်းလေ။ သမီးကို ဘာမှ မကောင်းတာ မလုပ်ဖူးပါဘူး။ ဘာလို့ လူဆိုးကြီး ဖြစ်ရတာလဲ”။ ချင်းကျင်းဖန်က မေးလိုက်သည်။
ချင်းကျင်းဖန်၏ “ဦးလေးအရင်း”ဟူသော စကားကြောင့် စူစူလေး ဘယ်သူဘယ်ဝါဆိုတာ ထင်ရှားသွားတော့သည်။
သူမက တကယ်ပဲ အဘိုးချင်းနဲ့ အဘွားချင်းတို့ရဲ့ သမီးလေးဖြစ်သည်။
ဘုရားရေ! အဘိုးချင်းတို့ လင်မယားက ဒီအသက်အရွယ်ကြီးရောက်မှ သမီးလေးတစ်ယောက် မွေးထားတာလား?!
လူတွေအားလုံး မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ တချို့တွေဆို တီးတိုး အတင်းတုပ်နေကြပါပြီ။
“အဘိုးချင်းနဲ့ အဘွားချင်းတို့က အဲ့လောက်တောင် စွမ်းတာလား။ သူတို့ အသက်အရွယ်နဲ့ သမီးလေးတစ်ယောက် မွေးထားတာဆိုတော့…”
“မယုံနိုင်စရာပဲ။ အဘိုးကြီးနဲ့ အဘွားကြီးက လျှော့တွက်လို့မရဘူး!”
“မနောက်တမ်း ပြောရရင် တကယ် ဆန်းကြယ်တဲ့ ဖြစ်ရပ်ပဲ။ သူတို့ နှစ်ယောက်ကိုလည်း ကြည့်ပါဦး။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကထက် ပိုပြီး နုပျိုသွားကြတယ်။ အသက် ၇၀ ကျော်မပြောနဲ့ အသက် ၆၀ ကျော်လို့ပဲ ထင်ရတော့တယ်!”
“အဘိုးချင်းနဲ့ သူ့ညီနဲ့ ဘေးချင်းယှဉ်ရပ်ရင် သူ့ညီကတောင် ပိုပြီး အသက်ကြီးနေသေးတယ်”
“လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး သူတို့ ဘယ်ရောက်နေခဲ့ကြတာလဲ။ ပိုပြီး နုပျိုလာရုံတင်မကဘဲ သမီးလေးပါ ရလာတာ!”
“…”
ဘေးကလူတွေရဲ့ စကားသံတွေကြောင့် ဝမ်ချင်း မျက်နှာ တောင့်တင်းသွားပါသည်။ သူမ ဒီကိစ္စ မပေါ်အောင် ကြိုးစား ဖုံးဖိခဲ့ပါသေးသည်။ သို့သော်လည်း စူစူလေးနဲ့ ချင်းကျင်းဖန်တို့ ရန်ပွဲကြောင့် အားလုံး သိကုန်ကြလေသည်။
စူစူလေးက ခါးထောက်ကာ ပြန်ပြောလိုက်သည်။ “ဟွန်း! နင်က ငါ့ဦးလေး မဟုတ်ဘူး။ နင်က လူဆိုးကြီး! ငါ့ဖေဖေနဲ့ မေမေကို အနိုင်ကျင့်တယ်! ဖေဖေနဲ့ မေမေကို စိတ်ညစ်အောင်လုပ်တယ်! မေမေ့ကို စိတ်ညစ်အောင် လုပ်တဲ့ လူတိုင်းက လူဆိုးလို့ ဖေဖေ ပြောဖူးတယ်! ဖေဖေကော ငါကော မေမေ့ကို ဒေါသထွက်အောင် မလုပ်ဖူးဘူး၊ နင်က ဘာလို့ မေမေ့ကို ဒေါသထွက်အောင် လုပ်ရတာလဲ”
စူစူလေး၏ ချစ်စရာကောင်းသော ရန်တွေ့မှုကြောင့် လူတွေပိုပြီး ဝိုင်းအုံလာကြသည်။
ဝိုင်းကြည့်နေသူတွေ များလာတာကို သတိထားမိသောအခါ ချင်းကျင်းဖန် ယုံကြည်ချက် ပိုပြည့်ဝသွားပြီး ဆက်ပြောလိုက်သည်။ “စူစူလေး သေချာ စဉ်းစားကြည့်ပါဦး။ ယွင်ယွင်လေးကို သမီးရဲ့ ဖေဖေနဲ့ မေမေက အရင် စိတ်ဆိုးတာပါ။ ယွင်ယွင်လေးက အသက် ၄ နှစ်ပဲ ရှိသေးတယ် သူဘာမှ နားမလည်ဘူးလေ။ ယွင်ယွင်လေးက ပြန်ပေးသမားတွေကို ပြန်ချပြီး သမီးကို ကယ်ခဲ့မှ သမီးဖေဖေနဲ့ မေမေတို့က ကျေနပ်နိုင်မှာလား”
အဘွားချင်းက ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်ပြီး ထပ်ပြောလိုက်ပါသည်။ “သူ့ကို ငါဘာမှ မလုပ်ခိုင်းဘူး။ ဒါပေမယ့် သူက ပြန်ပေးသမားတွေအတွက် တံခါးဖွင့်ပေးပြီး စူစူလေးကိုပါ မျှားခေါ်ပေးခဲ့သေးတယ်! သူ နားလည်တာ နားမလည်တာ အရေးမကြီးဘူး သူ့ကြောင့် ငါ့သမီးလေး အသက်ဆုံးရှုံးတော့မလို့! ငါ့သမီးကို သေမလိုဖြစ်အောင် လုပ်ခဲ့တဲ့လူကို ငါ့ဘက်က မုန်းပိုင်ခွင့် မရှိဘူးလား?!”
အဘွားချင်း ဒေါသပေါက်ကွဲသွားတာကို မြင်ပြီး စူစူလေး သည်းမခံနိုင်တော့ပါ။
ရုတ်တရက်ဆိုသလို စူစူလေး ချင်းယုဟွိုင်း၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။
စူစူလေး အချီမခံချင်လျှင် သူမရဲ့ ခွန်အားကြောင့် ချင်းယုဟွိုင်းလည်း ဘာမှ မတတ်နိုင်ပါ။ ချင်းယုဟွိုင်းပေါ်မှ စူစူလေး ခုန်ချပြီးသောအခါ စားပွဲတစ်လုံးဆီ အမြန်ပြေးသွားလိုက်သည်။
စားပွဲပေါ်မှာတင်ထားသည့် အစားအသောက်တွေကို ကြည့်ပြီး စူစူလေး မဖျက်ဆီးရက်ပါ။ ထို့ကြောင့် ဘေးနားမှာ ချထားသည့် ထိုင်ခုံကိုပဲ ဆွဲမ လိုက်ပါသည်…။
… … …