← Chapters

ခုခံကာကွယ်မှု

Vol. 139 Ch. 2073

ခုခံကာကွယ်မှု

Vol. 139 Ch. 2073

“ ကျုပ်တွေးနေတာ အဲ့ဒီ အဖွဲ့အစည်းကြီးက ဘာလို့ စီအဆင့် သွေးရည်ကြည်ကို ဒီလောက်တောင် တန်ဖိုးထားနေလဲပေါ့ … တကယ်လို့များ ဒီသတင်းကြီးသာ အပြင်ကို ပေါက်ကြားသွားလို့ကတော့ တစ်ကမ္ဘာလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားတော့မှာပဲ …”

“ အင်း …”

“ ဘေးထွက်ဆိုးကျိုးရဲ့ သက်ရောက်မှုကို လျှော့နိုင်တဲ့ နည်းလမ်းလည်း ရှိတော့ သူတို့က ကမ္ဘာကြီးကို ဖုံးကွယ်ချင်နေကြတာပဲ …”

လျိုဟုန်၏ စကားကို နားထောင်ပြီးသည့်နောက် အချိန်အတော် ကြာသည်ထိအောင် လင်းရီ တိတ်ဆိတ်သွားခဲ့သည်။

“ ဒါ တစ်ကမ္ဘာလုံးကို လှည့်စားတဲ့ အလိမ်အညာကြီးပဲကို သူတို့ ဒီလို လွယ်လွယ်နဲ့ လက်လျှော့မယ်လို့ မထင်ဘူး …”

ဤကိစ္စကို လင်းရီ ယခင်က ဖုန်းထဲတွင် ချိုးယွီလော့နှင့် ဆွေးနွေးခဲ့ဖူးသည်။

လက်ရှိ အနေအထားပေါ်တွင် မူတည်၍ သူတို့နှစ်ဦးလုံး တွက်ချက်ထားခဲ့သည်မှာ ဆန်းကြယ်သည့် အဖွဲ့အစည်းကြီးက သွေးရည်ကြည်ကိစ္စကို ငမ်းငမ်းတက် ဖြစ်နေမှာ မဟုတ်တော့ဟူ၍ပင်။

အမှန်တကယ်လည်း ဖြစ်နိုင်ချေက နည်းပါးလွန်းလှ၏။ အထူးသဖြင့် ကျုံးဝေ့တပ်ဖွဲ့ အခြေစိုက်ထားသည်က ကာကွယ်ရေးတို့ တင်းကြပ်ထားသည့် ရန်ကျင်း၌ ရှိနေသည့် အခါတွင်ပင်။ အကယ်၍ ၎င်းတို့ကသာ သတ္တိရဲပြီး ပြဿနာ လာရှာဝံ့သည်ဆိုပါက ဟွာရှဘက်ကလည်း ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ပေးဖို့ကို အားနာနေမှာ မဟုတ်ချေ။

သို့သော် ယခု … အခြေအနေက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ အကယ်၍ ဤသတင်းသာ အပြင်ကမ္ဘာသို့ ပေါက်ကြားသွားခဲ့မည်ဆိုပါက အဆိုပါ ဆန်းကြယ်သည့် အဖွဲ့အစည်းကြီး၏ နေ့ရက်တို့သည်လည်း လွယ်ကူမှာ မဟုတ်တော့ချေ။

“ ငါလည်း အဲ့ကိစ္စ စဉ်းစားဖူးတယ်… မနေ့ကတောင် အကြီးအကဲလျိုနဲ့ စကားပြောခဲ့သေးတယ် .. သူကတော့ ငါ့ကို နားစွင့်ထားလို့ ပြောတာပဲ … ငါလည်း ဖြစ်လာနိုင်မယ့် အခြေအနေတချို့ကို ကြိုတင်ကာကွယ်ဖို့ တချို့အရာလေးတွေ လုပ်နေတယ်…” လျိုဟုန် ပြောလိုက်သည်။

“ အဲ့တာကောင်းတယ်… တကယ်လို့ ဘာမှ ဖြစ်မလာဘူးဆိုရင်တော့ အကောင်းဆုံးပေါ့ … ဒါပေမယ့် တစ်ခုခု ဖြစ်လာမယ်ဆိုရင်တော့ အနည်းဆုံး ကျုပ်တို့ဘက်ကလည်း သတိလက်လွတ် ဖြစ်မနေတော့ဘူးပေါ့ …”

“ ငါ ဒီကိစ္စကို ဦးစားပေးထားလိုက်မယ်…”

“ ဒီကိစ္စပြောဖို့ ကျုပ်ကို ခေါ်လိုက်တာတော့ မဟုတ်ဘူးမလား …” လင်းရီ မေးမြန်းလိုက်သည်။

“ ဘယ်ဟုတ်မှာ .. နောက်ထပ် ရှိသေးတယ်…” လျိုဟုန် ပြောလိုက်ပြီး စီးကရက် နောက်တစ်လိပ်ထုတ်၍ မီးညှိလိုက်သည်။

“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက သုတေသန ဌာနကနေ အယူအဆ တချို့ကို အဆိုပြုခဲ့ဖူးတယ်… ဒီလို နည်းပညာမြင့် ဆေးရည်တွေကို ပြန်တိုက်ထုတ်ဖို့ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းနဲ့ ငါတို့ တပ်ဖွဲ့ဝင်တွေရဲ့ ခွန်အားကို တိုးမြင့်ဖိုပေါ့ .. ဒီတော့ ……..”

“ ကျုပ်ကို အစမ်းသပ်ခံ ဝက်လိုမျိုး နောက်တစ်ကြိမ်ထပ်ပြီး အသုံးချချင်နေတာတော့ မဟုတ်ဘူးမလား …”

လျိုဟုန် ရယ်မောလိုက်၏။ လင်းရီကဲ့သို့ သဘောပေါက်လွယ်သည့် လူနှင့် စကားပြောရသည်မှာ အမှန်တကယ် လေကုန်သက်သာသည်။

“ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ထူးခြားတယ် …. သူတို့က မင်းကို စဉ်းစားနေကြတာ …” လျိုဟုန် ပြောလိုက်ပြီး “ ငါ မင်းကို ဒီခေါ်လိုက်တာ မင်းရဲ့ အမြင်ကို မေးချင်လို့ပဲ … ဆုံးဖြတ်ချက်က မင်းလက်ထဲမှာပဲ .. ငြင်းလည်း ကိစ္စမရှိဘူး …”

“ ဒါပဲလား … ထပ်ပြောဦးလေ … ကျုပ်က မိန်းမလည်း မရသေးဘူး … ကလေးတွေလည်း မရှိသေးဘူး … ကျုပ်သာ တစ်ခုခု ဖြစ်သွားရင် ကျုပ်အမေ ခင်များဆီ သေချာပေါက် ရောက်လာမှာနော်… ခင်များ ချောင်လိမ့်မယ်မထင်နဲ့ …”

“ ဟားဟား ….” လျိုဟုန် အားပါးတရ ရယ်မောလိုက်ပြီး “ မပူနဲ့ … မင်းက ဘယ်လောက်တောင် အရေးပါတဲ့လူလဲဆိုတာ ကျုံးဝေ့တပ်ဖွဲ့ တစ်ခုလုံး သိတယ်… သုတေသန အဖွဲ့က လူတွေလည်း ဒီကိစ္စကို ဟာသလုပ်ရဲမှာ မဟုတ်ဘူး … လုံခြုံမှု အပြည့်အဝ ရှိမယ်လို့ အာမခံတယ် … ဒီတိုင်း တခြားလူတွေက မင်းလို သန်မာတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ မရှိလို့ပဲ … ဒါကြောင့်မို့ အစီအစဉ်ကို အကောင်အထည်ဖို့ ကြန့်ကြာနေခဲ့တာ .. အခု … မင်းရှိနေပြီဆိုတော့ … အံကိုက်ပဲ ဖြစ်သွားတာပေါ့ …”

“ စမ်းသပ်မှု ဖြစ်စဉ်ကရော ဘယ်လိုမျိုးလဲ …”

“ ငါလည်း အကြမ်းဖျင်းလောက်ပဲ သိတယ်… အသေးစိတ်တော့ မသိဘူး …” လျိုဟုန် ပြောလိုက်ပြီး “ ငါ နားလည်ထားသလောက်တော့ သူတို့က မင်းရဲ့ ကိုယ်လက် အစိတ်အပိုင်းတွေကို ခွန်အားတိုးမြင့်ပေးမှာပဲ … ပြီးတော့ အဲ့ထဲ အရိုးနဲ့ ကြွက်သား သိပ်သည်းဆတွေလည်း ပါလောက်တယ် … အသေးစိတ်ကိုတော့ ငါလည်း မသိဘူး ..”

“ နောက်တစ်ကြိမ်ထပ်ပြီး လျှပ်စစ်နဲ့ ရှော့ခ်တိုက်ခံရမှာတော့ မဟုတ်ဘူးမလား …” လင်းရီ မေးမြန်းလိုက်သည်။ “ အရင်တစ်ကြိမ်တုန်းက ကျုပ်ကို သတ်မိလုနီးပါးပဲဆိုတာရော ခင်များသိလား …”

“ မကြောက်နဲ့ … ဒီတစ်ခါတော့ လျှပ်စစ်နဲ့ ရှော့ခ်တိုက်ခံရမှာ မဟုတ်ဘူး … ဒီတစ်ခေါက် သူတို့ သုံးမယ့် နည်းလမ်းက ပိုပြီး အဆင့်မြင့်တယ်… အရင်းအမြစ် ကျောက်တုံးနဲ့ …”

“ အရင်းအမြစ် ကျောက်တုံး … ကျွန်းပေါ်က တွင်းထွက် တစ်မျိုးလား …”

ဤသည်က လင်းရီ တစ်ခါမျှ မကြားဖူးသည့် အရာပင်။

လျိုဟုန် ခေါင်းညိတ်လိုက်သည်။ “ ဘက်စ်ကျောက်တုံးက ကျွန်းပေါ်မှာ မရှားဘူး … ဒါပေမယ့် အရင်းအမြစ် ကျောက်တုံးကတော့ တော်တော်လေး မြင်တွေ့ရခဲတယ်… ကျုံးဝေ့တပ်ဖွဲ့က နှစ်တွေအကြာကြီး ကြိုးစားခဲ့ပြီးတာတောင် စုစုပေါင်း တစ်ဆယ် ကီလိုလောက်ပဲ စုနိုင်တယ်ခဲ့တယ်… အဲ့တာကြောင့်လည်း လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်တဲ့နေရာမှာ အခက်တွေ့နေရတာပဲ …”

“ ဆက်ပြော…”

“ ဘာပြောစရာမှ မရှိတော့ဘူး … ပြောရအောင် ငါက သိပ္ပံပညာရှင်လည်း မဟုတ် .. ဒါကြောင့်မို့ ငါ သိထားတာတွေက မများဘူး .. ဒါပေမယ့် အဲ့တာတွေကလည်း အတိုချုံးလောက်ပဲ …” လျိုဟုန် ပြောလိုက်ပြီး “ ငါ မင်းကို အခုချက်ချင်း ဆုံးဖြတ်ချက်ချဖို့ ဖြောင်းဖြနေတာ မဟုတ်ဘူး … မင်း အချိန်ယူပြီး စဉ်းစားလို့ရတယ် … စဉ်းစားပြီးရင် ငါ့ဆီ သတင်းပို့လိုက် …”

လင်းရီ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် လျိုဟုန်အား အဖြေချက်ချင်းမပေးဘဲ ခေါင်းညိတ်ပြလိုက်၏။

“ ဒါပဲလား … ဘာမှ မရှိတော့ဘူးလား … မရှိတော့ဘူးဆို ပြန်တော့မယ်…”

လျိုဟုန် ခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။

“ ငါ ယွီလော့ဆီက ကြားမိတာ မင်း ဒီကို လူဖမ်းဖို့ ရောက်လာခဲ့တာဆို …”

“ ပြောမနေစမ်းပါနဲ့ … ကျုပ် အခု ဒေသတွင်း ရဲစခန်း တစ်ခုမှာ တာဝန်ကျနေတာ .. ပြီးတော့ သူတို့က ကျုပ်ကို ခေါင်းဆောင် ရာထူးပေးပြီး လူဆိုးဖမ်းဖို့ ဒီနေရာ လွှတ်လိုက်တယ်လေ… စိတ်ရှုပ်ဖို့ကောင်းချက် …”

“ မင်းကို ကူညီဖို့ လူလွှတ်ပေးရဦးမလား ….”

“ မလိုဘူး … ခင်များက သူ့ကို အမှတ်တွေ အများကြီးရအောင် လုပ်ပေးနေတာပဲ ….”

လင်းရီ မတ်တပ်ရပ်၍ ကိုယ်ညောင်းဆန့်လိုက်ပြီ “ တကယ်လို့ တခြား မရှိဘူးဆိုရင် ကျုပ် သွားတော့မယ်…”

“ အိုကေ …”

လင်းရီ လှည့်ထွက်လာခဲ့သည်။ သို့သော် တံခါးပေါက်ဝသို့ ရောက်သည့်အချိန်၌ ခေတ္တ ရပ်တန့်သွားခဲ့ပြီး “ ဆေးလိပ်သောက်တာက ကိုယ့်ဘေးနားက လူတွေ အတွက်လည်း မကောင်းဘူး…. လျှော့ပြီးသောက်ဦး .... ”

လျိုဟုန် မဆိုစလောက်လေး အံ့အားသင့်သွားခဲ့သည်။ “ မင်းကိုယ်မင်းသာ အရင်စိတ်ပူစမ်းပါ …”

ထိုသို့ ပြောလိုက်သော်ငြားလည်း တစ်ဝက်လောက် ကျန်သေးသည့် လက်ထဲရှိ ဆေးလိပ်တိုကို ဖိချေပစ်လိုက်ဆဲပင်။

လျိုဟုန်၏ ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက် ချိုးယွီလော့ထံသို့ ထွက်လာခဲ့သည်။ ထိုနေရာ၌ နင်ချဲ့နှင့် ထောက်ချိန်တို့လည်း ရှိနေခဲ့ပြီး ၎င်းတို့ပုံစံကြည့်ရသည်မှာ သူရောက်အလာကို စောင့်ဆိုင်းနေကြဟန်ပင်။

“ နင့်ရဲ့ အေးအေးလူလူ အမူအရာကို ကြည့်ရတာ ထွေထူး ဘာကိစ္စမှ မရှိဘူးထင်တယ်…” နင်ချဲ့ ပြောလိုက်၏။

“ ထွေထူးတော့ မဟုတ်ဘူး … ဒီတိုင်း ငါ့ကို နောက်တစ်ကြိမ် စမ်းသပ်ချင်လို့တဲ့လေ .. အဲ့တာ ငါဘယ်လိုထင်လဲ မေးတာ …”

“ နောက်တစ်ကြိမ် ရှော့ခ်တိုက်ဦးမယ်ပေါ့ …” နင်ချဲ့ ဒေါသတကြီးဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

“ မဟုတ်ဘူး … ဒီတစ်ခါတော့ ခွန်အား တိုးမြင့်ပေးမယ့် စမ်းသပ်မှုဟ … အဲ့တာနဲ့ ပတ်သက်ပြီး ငါ ဘယ်လိုထင်လဲ မေးချင်နေတာ …” လင်းရီ သာမန်လျှံကာ ပြောဆိုလိုက်သည်။ ထို့နောက် ချိုးယွီလော့ထံသို့ ကြည့်၍ “ ညနေ သုံးနာရီတောင် ကျော်နေပြီ .. မင်း တွေ့ထားတယ်ဆိုတဲ့ ဝေကျန်းလုံရဲ့ အချက်အလက်တွေ ပေးဦး … အဲ့ကိစ္စ ပြီးအောင် လုပ်ရဦးမှာ ….”

“ ဒီမှာ ရော့ … ငါ နင့်အတွက် စုပေးထားတယ်…”

ချိုးယွီလော့သည် လက်တော့ကို လင်းရီဘက်သို့ လှည့်ပြလိုက်ပြီး သူလည်း သတင်းအချက်အလက်များကို ဂရုတစိုက်နှင့် စတင် ဖတ်ရှုကြည့်လိုက်၏။

ဝေကျန်းလုံ၏ သွင်ပန်းသဏ္ဌာန်က လင်းရီ စိတ်ကူးထားသည်နှင့်တော့ အနည်းငယ် ကွဲပြားနေသည်။

သူ၏ ထင်ရှားသည့် မေးရိုးတို့က ချဉ်းကပ်၍ မလွယ်ကူသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသော်လည်းပဲ ခြုံငုံ၍ ကြည့်မည်ဆိုပါက ပညာတတ် လူကြီးလူ‌ကောင်းတစ်ယောက်၏ သွင်ပြင်လက္ခာတို့ ရှိသည်။ တက္ကသိုလ် ပါမောက္ခတစ်ယောက် အဖြစ်ပင် ရုပ်ဖျက်၍ ရ၏။ ထိုသွင်ပြင်နှင့် ဒိတ်ဒိတ်ကျဲ လူမိုက်ကြီးဟူသော အရာနှစ်ခုက မည်သို့မျှ ဆက်စပ် တွေးတောကြည့်၍ မရသည့် အရာကဲ့သို့ပင်။

“ အလဲအလှယ်ကို ပင်လယ်ထဲ လုပ်မှာ … ဝေကျန်းလုံရဲ့ လူတွေက ပစ္စည်းကို ပြန်သယ်လာမှာ …”

“ အဲ့လောက်ထိ သတ္တိကောင်းနေတယ်ပေါ့ …” လင်းရီ မေးလိုက်မိသည်။ “ ဒီလို ကပြက်ကချော် နည်းလမ်းနဲ့ ဒီကောင် ဘယ်လိုလုပ်ပြီး အခုချိန်ထိ အသက်ရှင်နေသေးတာလဲတဲ့ …”

“ အဲ့တာက အပေါ်ယံလောက်ပဲ … သူ့နည်းလမ်းတွေက အဲ့တာတွေရဲ့ အလွန်မှာ …” ချိုးယွီလော့ ရှင်းပြလိုက်၏။ “ အလဲအလှယ် လုပ်နေတဲ့ အချိန်မှာ သူတို့ကိုယ်သူတို့ ငါးဖမ်းသမားတွေလို ဟန်ဆောင်ပြီး အနားမှာ သူတို့ကို စောင့်ကြပ်ပေးမယ့် လှေငယ်လေးတွေကလည်း တစ်ဒါဇင်လောက် ရှိတယ်… ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့ရဲ့ ကင်းလှည့်တာ ရှင်းတော့မှ အပေးအယူဆမှာ … ပစ္စည်းချင်း ဖလှယ်ပြီးတာနဲ့ ပစ္စည်းကို ရေထဲ ပစ်ချလိုက်ပြီး နောက်တော့မှ ရေငုပ်သမားတွေနဲ့ ပစ္စည်းတွေကို ပြန်သယ်တာပဲ .. တော်တော်လေး စနစ်ကျတယ်…”

“ အဲ့တာဆိုရင်တော့ နည်းနည်းလေး အထင်ကြီးဖို့ ကောင်းသွားပြီ …”

“ အဲ့လောက်လေးမှ ဉာဏ်မများတတ်ရင်လည်း သူ့ စီးပွားရေးလုပ်ငန်းကို ဒီလောက်ထိ ချဲ့ထွင်နိုင်မှာမှ မဟုတ်တာ ..”

“ ဒီ စစ်ဆင်ရေးမှာ ဝေကျန်းလုံ ကိုယ်တိုင် ရှိနေမှာလား …”

“ သူ ရှိနေမှာ … ဒါပေမယ့် ပင်လယ်ထဲတာ့ မလိုက်ဘူး … ကမ်းစပ်မှာ နေပြီး စိတ်ချရတဲ့ အထိ စောင့်ပြီးမှ ပြန်မှာ … သူက စစ်ဆင်ရေးတွေကို တိုက်ရိုက် ပါဝင်လေ့ မရှိဘူး …”

လင်းရီ ထိုင်ခုံနောက်သို့ မှီပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

“ သူ ကိုယ်တိုင် ရှိနေမယ်ဆိုတာ သေချာလား .. ဒီလို အရာမျိုးမှာ စွန့်စားရမယ့် ကိစ္စတွေ နည်းနိုင်သမျှ နည်းအောင် ခေါင်းဆောင်ဖြစ်တဲ့သူက ဘေးထွက်နေဖို့ အလွယ်လေးနော်…”

All Chapters