အကြိုတိုက်ပွဲ လေ့ကျင့်ရေး
Vol. 139 Ch. 2075
ညနေ ငါးနာရီဝန်းကျင်ခန့်တွင် လင်းရီနှင့် နင်ချဲ့တို့နှစ်ဦး ထျန်းကျင်းသို့ ရောက်လာသည်။ သို့သော် သူတို့၏ စစ်ဆင်ရေးကို ချက်ချင်း စတင်ချင်း မပြုဘဲ ထိုအစား ဒေသ၏ စားသောက်ဖွယ်ရာများကို အရင်ဆုံး မြည်စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြ၏။ ‘သစ်သီး ပန်ကိတ်’နှင့် ‘ကိုပုလီ' ပေါက်စီတို့မှာ ဒေသ၏ နာမည်ကြီး စားသောက်ဖွယ်ရာများ ဖြစ်၏။ သူမတို့နှစ်ဦးလုံး ညနေစာအဖြစ် ထိုစားသောက်ဖွယ်ရာများအား သုံးဆောင်လိုက်ကြသည်။
စားသောက်ပြီးနောက် ချိုးယွီလော့ ပြောပြခဲ့ဖူးသည့် တံငါရွာငယ်လေးသို့ မောင်းနှင်သွားခဲ့လေသည်။
ထိုနေရာသို့ ရောက်ရှိသည်တွင် ပတ်ဝန်းကျင် ရှုခင်းက လင်းရီ စိတ်ကူးထားသည်နှင့် အတော်လေး ကွဲပြားနေကြောင်းကို သတိထားမိလိုက်သည်။
ရွာနာမည်ကို ခိုင်ကျန်းရွာဟု နာမည်ပေးထားပြီး နှစ်ထပ် သုံးမဟုတ် သုံးထပ် အုတ်အိမ်လေးတို့ဖြင့် ပြည့်နှက်နေသည်။ နံရံတစ်ချို့က အက်ကွဲနေပြီ ဖြစ်သော်လည်းပဲ ခေတ်မီသည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့၏။ ဤနေရာရှိ နေထိုင်သူများက ကောင်းမွန်သည့် လူနေမှုဘဝကို ပိုင်ဆိုင်နေကြောင်း သိသာပေသည်။
ပင်လယ်ပြင်နှင့် မီတာနှစ်ရာခန့်အကွာတွင် ငါးဖမ်းလှေ ဒါဇင်ကျော်ခန့်က ဆိပ်ကမ်းတွင် ကမ်းကပ်ထား၏။ ထိုအနက် နှစ်စင်းက ကြီးမားခေတ်မီပြီး ကျန်သည်များကတော့ ငါးဖမ်းပိုက်ကွန်တပ်ထားသည့် သစ်သားလှေကလေးများပင်။ နေဝင်ညနေခင်း၏ ဆည်းဆာအလှတရားဖြင့် ထိုမြင်ကွင်းက သဘာဝ ဆေးရေး ပန်းချီကားတစ်ချပ်ကို ခံစားကြည့်ရှုနေရသလိုပါပင်။
“ ဒီနေရာက ချိုးယွီလော့ ပြောတဲ့ နေရာပဲ ဖြစ်ရမယ် … ငါ ထင်တာထက်ကို ပိုပြီး လျှို့ဝှက်ထားတာပဲ…” နင်ချဲ့ ဘေးပတ်ပတ်လည်ကို ကြည့်ရှုရင်း မှတ်ချက်ပေးလိုက်သည်။
“ ဒါပေမယ့် ဝေကျန်းလုံတို့ ဘယ်နေရာမှာ ပုန်းနေလဲ ရှာရဦးမယ်…”
လင်းရီသည် ဝေးကွာသည့် နေရာရှိ နေဝင်ဆည်းဆာကို ငေးရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ “ ငါတော့ သူ ရောက်လာဦးမယ်လို့ မထင်ဘူး … သူ လုပ်နေတဲ့ အလုပ်ကို သူ သိတယ်… တခြားလူတွေ အလစ်ငိုက် ဖမ်းပြီး တိုက်ခိုက်လို့ရအောင် သတ်သတ်မှတ်မှတ် တစ်နေရာမှာ ပုန်းနေမှာတော့ မဟုတ်လောက်ဘူး … ဖော်ထုတ်ခံရမယ့် အခြေအနေကို အနည်းဆုံးဖြစ်အောင် အပေးအယူ လုပ်ပြီးမှပဲ ရောက်လာလောက်တယ်…”
“ ဒီတော့ … ငါတို့က ဒီနေရာမှာပဲ စောင့်နေကြမှာလား …”
“ ဒီမှာ နေရင် အန္တရာယ်များတယ်…”
လင်းရီ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရင်း “ တကယ်လို့ ဝေကျန်းလုံက ဒီနေရာမှာ အလဲအလှယ်လုပ်ဖို့ သတ္တိရှိနေတယ်ဆိုရင် ပတ်ဝန်းကျင်ကိုလည်း သေချာစုံစမ်းထားပြီးလောက်တယ်… လုံးဝ အန္တရာယ် မကင်းဘဲနဲ့တော့ မရွေးချယ်လောက်ဘူး … ပြီးတော့ ဒီနေ့က အပေးအယူလုပ်မယ့်နေ့ … မဆိုင်တဲ့ အပြင်လူတွေ ပေါ်လာရင် သံသယ ဖြစ်ဖို့ ကောင်းသွားလိမ့်မယ်.. ငါတို့ ဒီမှာ ကြာကြာနေလို့မရဘူး …”
ပြောပြီးသည်နှင့် လင်းရီ ကားစက်နှိုး၍ ပိုမို ဝေးလံသည့် နေရာသို့ မောင်းနှင်သွားခဲ့သည်။ တောင်ကုန်း တစ်ခုအနားတွင် ကားကို ရပ်တန့်လိုက်ပြီး စစ်တပ်သုံး မှန်ဘီလူးအား ထုတ်၍ ရွာဘက်သို့ လှမ်းကြည့်လိုက်၏။
နင်ချဲ့ကတော့ ထိုင်ခုံကို မှီလျက် အေးအေးဆေးဆေး သက်တောင့်သက်သာ ဖြစ်နေသည်။
လင်းရီနှင့် အတူ လက်တွဲ အလုပ်လုပ်ရသည့် အကျိုးကျေးဇူးတစ်ခုက များများစားစား တွေးတောစရာ မလိုအပ်ခြင်းပင်။ ထိုကောင်က အရာအားလုံးကို ကိုင်တွယ် စီစဉ်သွားမည် ဖြစ်ပြီး သူမ လုပ်ဖို့ လိုသည်က သူ့ဦးဆောင်မှုနောက်သို့ အသာလေး လိုက်ပါသွားရုံပင်။
ညအချိန် ကျရောက်လာသည်နှင့် လင်းရီတို့နှစ်ဦးလုံး နောက်တစ်ကြိမ် ထမင်းသွားစားလိုက်ကြသည်။
ပင်လယ်၏ နံဘေး … နွေဦး၏ နွေးထွေးမှုတို့ ပွင့်လန်းမှုအောက်တွင် နင်ချဲ့သည် အနည်းငယ် စိတ်တက်ကြွလာခဲ့ပြီး လင်းရီနှင့် ကားထဲ၌ မှတ်ဉာဏ်အချို့အား ဖျောက်ဖျက်ဖို့ ဆုံးဖြတ်လိုက်၏။
လင်းရီက ဒဏ်ရာရထားသဖြင့် အနာ ပြန်မပွင့်စေရေးအတွက် နင်ချဲ့ကပဲ အရာရာကို ဂရုတစိုက်နှင့် ဦးဆောင်သွားခဲ့သည်။
ည ဆယ်နာရီ ဝန်းကျင်ခန့်တွင် လင်းရီ နာရီ တစ်ချက်ကြည့်လိုက်ပြီး နင်ချဲ့အား အချက်ပြလိုက်၏။ “ အချိန်ကျတော့မယ် … အလုပ်စကြစို့ …”
“ အိုကေ … သွားကြမယ်…”
နှစ်ဦးသားမှာ ကားထဲက ထွက်လာခဲ့ကြပြီး အမှောင်ရိပ်အား လွှမ်းခြုံ၍ ရွာသို့ ပြန်လာခဲ့ကြသည်။
ရွာသို့ ပြန်ရောက်လာသည်နှင့် ကမ်းခြေအနားတွင် ရပ်နားထားသည့် ငါးဖမ်းလှေ အသေးစားလေးပေါ်သို့ တက်ရောက်လိုက်ကြသည်။ လှေပေါ်တွင် ဖမ်းမိထားသည့် အသေကောင်ငါးတို့ဖြင့် ပြည့်နှက်နေသော်လည်းပဲ လင်းရီနှင့် နင်ချဲ့တို့ နှစ်ဦးလုံးက ထွက်ပေါ်နေသည့် အနံ့အသက်များကို စိတ်ရှိခြင်း မရှိပါဘဲ လူ မမြင်ကွယ်ရာ တစ်နေရာ၌ ပုန်းအောင်း၍ ပတ်ဝန်းကျင်အား စောင့်ကြည့်ကာ အချိန်မရွေး လှုပ်ရှားနိုင်ရန် အဆင်သင့် ဖြစ်နေသည်။
ရွာဘက်တွင် ညဘက် ပျော်ပါးကြသည့် ဓလေ့တို့ မရှိပေ။ ည ၁၁ နာရီတွင် ခိုင်ကျန်း တစ်ရွာလုံး အိမ်တိုင်းစေ့ မီးမှိတ်ထားကြပြီ ဖြစ်၏။
နောက်ဆုံး ကျန်ရစ်သည့် တစ်အိမ်ရှိ မီးအလင်းရောင်သည်လည်း ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်လာနေသည်။
ကောင်းကင်ယံရှိ တိမ်စိုင်တို့က ကြယ်ရောင်ဖျော့ဖျော့ကိုပင် ပိတ်ဆို့ထားပြီး လှိုင်းလုံးတို့ ကမ်းခြေအား ပုတ်ခတ်နေသည့် အသံကိုသာ ကြားနေရသည်။ ငါးညှီနံ့တို့ ထုံလွှမ်းနေခြင်းသာ မရှိပါက အဆိုပါ လှိုင်းရိုက်ပုတ်ခတ်သံများ၊ တိုက်ခတ်နေသည့် ပင်လယ်လေညှင်းများနှင့် တိတ်ဆိတ်သည့် ညပတ်ဝန်းကျင်မှာ နှစ်ကိုယ်တူ အတူရှိရန်အတွက် ရိုမန်တစ် ဆန်သည့် နေရာလေးပင်။
“ ကြည့်ရတာ တစ်ခုခု ဖြစ်တော့မယ်နဲ့တူတယ်…”
ည ၂ နာရီခွဲအချိန်တွင် နင်ချဲ့ တီးတိုးပြောလာခဲ့သည်။
“ အနောက်တောင်ဘက်က အလင်းရောင် မြင်နေရတယ် … ကြည့်ရတာ ငါတို့ဘက်ကို ရွေ့လျားလာနေပုံပဲ …”
နင်ချဲ့၏ အကြည့်တို့နောက် လိုက်ပါကြည့်ရှုသည်တွင် လင်းရီသည်လည်း အဝေးတစ်နေရာရှိ ခပ်ဖျော့ဖျော့ မီးအလင်းရောင်ကို မြင်တွေ့လိုက်ရသည်။ ပင်လယ်ပြင်ထက်တွင် မှိန်ပျနေသော်လည်းပဲ မြင်တွေ့နေရဆဲဖြစ်၏။
လင်းရီ မှန်ဘီလူးအား ကောက်ကိုင်ပြီး သူ၏ သံသယကို အတည်ပြုလိုက်သည်။
“ ယာဉ်နှစ်စင်းလာနေတယ် …” လင်းရီ ပြောလိုက်ပြီး “ ဝေကျန်းလုံနဲ့ သူ့လူတွေ နေမှာ …”
“ လောလောဆယ် စောင့်ကြည့်ကြတာပေါ့ …” နင်ချဲ့ ခွန်းတုံ့ပြန်လိုက်ပြီး သူမ၏ နာရီကို တစ်ချက် ကြည့်လိုက်သည်။
“ ဖြတ်သွားဖြတ်လာ ခရီးသည်တွေလည်း ဖြစ်နိုင်တာပဲလေ… ဒါပေမယ့် အချိန်ကြည့်ရသလောက်တော့ သူတို့ရဲ့ အပေးအယူလုပ်တာလည်း ပြီးသွားလို့ ပြန်လာနေလောက်ပြီ …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ အခြေအနေကို စုံစမ်းဖို့ ရှေ့ပြေးလူတစ်ချို့ လွှတ်လိုက်တာလည်း ဖြစ်နိုင်တယ်… ငါတို့ သတိထားဖို့လိုတယ်…”
ခေတ္တ ဆွေးနွေးပြီးနောက် စကားပြောဆိုနေသည်ကို ရပ်တန့်လိုက်ပြီး ရွာအနီးသို့ ချဉ်းကပ်လာနေသည့် မီးအလင်းရောင် နှစ်ခုကို စောင့်ကြည့်နေခဲ့ကြသည်။
တစ်ချိန်တည်းတွင် Range Rover နှင့် လန်ခရူဇာ တစ်စင်းက ခန်ကျန်းကျေးရွာဘက်သို့ ဦးတည် မောင်းနှင်လာနေသည်။
Range Rover ထဲတွင် လူနှစ်ဦး ရှိနေပြီး ဒရိုင်ဘာက အနက်ရောင် အနောက်တိုင်းကို ဝတ်ဆင်ထားကာ သိန်းငှက်ကဲ့သို့ ထက်ရှသည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ ကားမောင်းနေရင်းဖြင့်ပင် နိုးနိုးကြားကြား ရှိစွာဖြင့် ဘေးပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေလေသည်။
ဒရိုင်ဘာ၏ နာမည်က ကျောက်တုံဟိုင်ဖြစ်ပြီး ဝေကျန်းလုံ၏ ယုံကြည်ရသည့် လူများထဲက တစ်ယောက်ပင်။ ထို့အတူ သူ၏ ဘော်ဒီဂတ်လည်း ဖြစ်၏။
ဝေကျန်းလုံ မည်သည့် နေရာကိုပဲ သွားပါစေ၊ ကျောက်တုံဟိုင်က သူ့နံဘေးတွင် အမြဲတစေပါသည်။
ခရီးသည်ထိုင်ခုံတွင်တော့ ထင်ရှားသည့် မေးရိုးကြီးများနှင့် ပိန်ပိန်ပါးပါး လူတစ်ယောက် ထိုင်နေလျက် ရှိကာ ရွှေရောင် ကိုင်းမျက်မှန် တစ်လက်ကို တပ်ဆင်ထားခဲ့သည်။ သူ၏ သပ်ရပ်သည့် ဆံပင်ပုံစံနှင့် ဝတ်ဆင်သည့် ပုံစံက အောင်မြင်နေသည့် စီးပွားရေး သမားတစ်ယောက်၏ အရှိန်အဝါတို့အား ထုတ်လွှင့်နေသည်။
သူက အဖြူရောင် လီနင်ရှပ်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ပုတီးတစ်ကုံးအား ကိုင်၍ စိပ်နေလျက် ရှိသည်။ အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်နေသည်။ ကားထဲတွင် အင်ဂျင်ဟည်းသံနှင့် ပုတီးစေ့ချသံတို့သာ ထွက်ပေါ်နေခဲ့သည်။
ဤလူကတော့ ပိုင်ရုံရှိုအား ပစ္စည်း ထောက်ပံ့ပေးနေသည့် ဝေကျန်းလုံပင်။
ဂျစ် ဂျရစ် …
ထိုအချိန်မှာပဲ ဝေါ်ကီတော်ကီက စက်အသံမြည်လာခဲ့၏။
“ ဘော့စ် … အပေးအယူပြီးပြီ … ကျုပ်တို့ လာတဲ့ လမ်းမှာ … သတ်မှတ်ထားတဲ့ နေရာကို နာရီဝက်အတွင်း ရောက်မယ်…”
“ လာတဲ့လမ်းမှာ ဂရုစိုက်ဦး … ပိုင်ရုံရှိုတောင် အဖမ်းခံလိုက်ရပြီ … ဒီတော့ အခြေအနေ သိပ်မဟန်ဘူး … သတိကို မပေါ့ဆနဲ့ …”
“ နားလည်ပါပြီ …”
ပြောပြီးသည်နှင့် ဝေါ်ကီတော်ကီက ပြန်ပြီး တိတ်ဆိတ်သွားခဲ့သည်။
“ ဘော့စ် … အခု ပိုင်ရုံရှိုက ဖမ်းခံလိုက်ရပြီဆိုတော့ သူ ကျုပ်တို့ကို ရောင်းစားလိုက်မယ်လို့ ထင်လား …” ကျောက်တုံဟိုင် မေးမြန်းလာခဲ့သည်။
“ သူ မလုပ်လောက်ဘူး … ငါ ဘယ်သူလဲ သူသိတယ်.. သူ့မှာ ဇရှိရင်တောင် ငါနဲ့တော့ ဇယားမရှုပ်ဘူး … မဟုတ်ရင် သူ့ တစ်မိသားစုလုံး မျိုးပြုတ်သွားမယ်…” ဝေကျန်းလုံ အေးစက်စွာ ဆိုလိုက်သည်။
“ ဒါပေမယ့် ကျုပ်ကတော့ ပိုင်ရုံရှိုကို သစ္စာစောင့်တည်တဲ့ လူစားမျိုးလို့ မမြင်ဘူး…” ကျောက်တုံဟိုင် ပြောဆိုလိုက်သည်။
“ မင်းမှန်တယ်… သူက သစ္စာစောင့်တည်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး … ဒါပေမယ့် သူက သံယောဇဉ်ကို တန်ဖိုးထားတတ်တယ်… ဒါကြောင့်မို့ ငါ့စကားက ဩဇာရှိနေတုန်းပဲ …” ဝေကျန်းလုံ ပြန်ပြောလိုက်ပြီး “ ငါသာ မရှိရင် သူ အောက်ခြေ ပါမွှားလေး အဆင့်ကနေ ဒီနေ့လို အဆင့်မျိုးတောင် ရောက်လာခဲ့မှာ မဟုတ်ဘူး … သူလည်း အဲ့တာကို သိတယ်… သူ့မှာ ဇရှိတယ်ဆိုရင်တောင် ငါ့ကိုတော့ သစ္စာဖောက်ဝံ့မှာ မဟုတ်ဘူး …”
“ ကျုပ် နားမလည်တာက ကျိုးဟိုင် ရဲတပ်ဖွဲ့က ဘာလို့ ပိုင်ရုံရှိုကို ပစ်မှတ်ထားလိုက်လဲ ဆိုတာကိုပဲ …” ကျောက်တုံဟိုင် ပြောလိုက်ပြီး သူ၏ လေသံက ရှုပ်ထွေးနေသည်။
“ သူ့ ရည်မှန်းချက်က သေးငယ်လွန်းတယ်… အကောင်ကြီးကြီး ဖြစ်ဖို့ မတန်ဘူး … တကယ်လို့ အာဏာပိုင်တွေက ဥပမာ တစ်ခု လုပ်ပြချင်တယ်ဆိုရင် ပိုင်ရုံရှိုက ကောင်းတဲ့ ရွေးချယ်မှုမှ မဟုတ်တာ …”
(T/N - ကိုပုလီ ပေါက်စီဆိုတာက ချင်မင်းဆက်ခေတ် နာမည်ကြီး ပေါက်စီရောင်းသမားရဲ့ ငယ်နာမည် ကိုဇီ(gouzi - ခွေးလေး) ကို အစွဲပြုပြီး ပေးထားတာပါ။ သူ့ဆိုင်က ရောင်းကောင်းလွန်းတော့ တခြားလူတွေကို ဂရုစိုက်ဖို့ အချိန်မပေးနိုင်တာကနေ 'ကိုပုလီ' ဆိုပြီး ဖြစ်လာတာပါ။ ' ပုလီ' ရဲ့ အဓိပ္ပာယ်ကတော့ ဂရုမစိုက်ဘဲ ပစ်ထားတာကို ဆိုလိုပါတယ် )