အခန်း (၂၅၂)
Vol. 26 Ch. 252
ဝမ်စုဖန်းတစ်ယောက် လိမ္မော်ရည်များပေနေသည့် ကျန်းကျန်း၏ လက်ထဲမှ ရွှေထည်များကို စိတ်ပူပန်နေသည့် မျက်နှာဖြင့် ကြည့်လိုက်လေသည်။
သူမက လက်လှမ်း၍ ယူရန်လုပ်စဉ် သူမ၏လက်များ၌ ဟင်းရွက်ဖတ်များ ပေနေသည်ကို တွေ့လိုက်ရလေသည်။ သို့နှင့် သူမ အလျှင်အမြန်ပင် ရေတစ်ပန်းကန် ထည့်ယူလိုက်ပြီး ဆေးကြောလိုက်သည်။
မဒမ်လီသည်လည်း ရေဇလုံကိုယူ၍ ၎င်းတို့၏လက်များကို အသည်းအသန်ဆေးကြောခဲ့သည်။ ထို့နောက်တွင် သန့်စင်အောင် သုတ်ပေးပြီးမှ သေတ္တာထဲရှိ လက်ဝတ်ရတနာများကို ဂရုတစိုက် ထုတ်ယူလိုက်ချေသည်။
ကျန်းကျန်းက ဘေး၌ ရပ်၍ ၎င်းတို့နှစ်ဦး တစ်ခုချင်းစီ ဝတ်ကြည့်နေသည်ကို ကြည့်နေခဲ့သည်။
တစ်ခါတစ်ရံ သူမ၏ လိမ္မော်သီးအရည်များပေကျံနေသည့် လက်ချောင်းဖြင့် ထောက်၍ အကြံပေးတတ်လေ့ရှိသည်
ဝမ်စုဖန်းလည်း သူမ၏လက်များကိုကို မြင်သော် နှလုံးသားထဲတွင် အနည်းငယ်စိတ်ပူပန်သွားခဲ့ရပြီး သူ့မကို ဘေးသို့ တွန်းဖယ်လိုက်လေသည်။
“အဘွားရဲ့ အဖိုးတန်လေး၊ မြန်မြန်လေး လက်သွားဆေးလိုက်ဦး၊ ပြီးတော့မှ ဒီကိုပြန်လာခဲ့လိုက်၊ တော်ကြာ ညစ်ပတ်နေတဲ့လက်နဲ့ထိပြီး အရောင် မလှတော့ရင် ဘယ်လိုလုပ်မလဲ”
ကျန်းကျန်းလည်း ရယ်မောလိုက်မိသည်။
“ရွှေဆိုတာက အရောင်မမှိန်ပါဘူး၊ ကြေးနီကို ရွှေရည်စိမ်ထားတာတွေပဲ အဲဒီလိုမျိုး အရောင်ကြွတ်သွားတတ်တာ”
သို့သော်လည်း ဝမ်စုဖန်း၏ သတိကြီးကြီးထားရှိနေသည့် ပုံစံကို မြင်သည့်အတွက်ကျန်းကျန်းတစ်ယောက် သူမ၏ လက်ထဲမှ နောက်ဆုံးသောလိမ္မော်သီးကို ပါးစပ်ထဲသို့ အမြန်ထည့်လိုက်ပြီး လက်ဆေးပြီးမှသာ ၎င်းတို့ကို အကြံဉာဏ်ပေးရန်အတွက် ပြန်လာခဲ့လေသည်။
ဤရတနာသေတ္တာ၏ ပိုင်ရှင်သည်ကား ကျန်းမိသားစုဝင်ဖြစ်သည့် အသက် ၆၀ ကျော် အမျိုးသမီးကြီး၏ ပစ္စည်းများဖြစ်ချေသည်။
ထို့ကြောင့် ရတနာအများစုမှာ ရင့်ကျက်တည်ငြိမ်မှုများနှင့် ပြည့်နေခဲ့ပြီး မဒမ်လီနှင့် ဝမ်စုဖန်းတို့အတွက် ပို၍ပင် သင့်တော်နေခဲ့သည်။
သို့သော်လည်း မဒမ်လီနှင့် ဝမ်စုဖန်းတို့နှစ်ဦးလုံးက ခေတ်ဟောင်းဆန်လွန်းလှပြီး အလှဆင်ပစ္စည်းများနှင့် ကျောက်မျက်ရတနာများပါဝင်သည့် လက်ဝတ်ရတနာများကို မလိုချင်ကြပါချေ။
၎င်းတို့က ရိုးရိုးရှင်းရှင်းနှင့် လေးလံသည့် ပုံစံများကိုသာ ကြိုက်နှစ်သက်ကြသည်။
၎င်းတို့နှစ်ဦး ထိုရွှေထည်လက်ဝတ်ရတနာများကို အချိန်အကြာကြီး ဝတ်ကြည့်ပြီးနောက်တွင် ဝမ်စုဖန်းသည်က ရွှေနားဆွဲတစ်ရံနှင့် ရွှေလက်ကောက်တစ်ခုကို ရွေးလိုက်ပြီး မဒမ်လီကလည်း ရွှေလက်ကောက်တစ်ခုကို ထပ်ယူလိုက်သည်။
ကျန်ရှိသည့် လက်ဝတ်ရတနာများကိုမူ သေတ္တာအတွင်းသို့ ပြန်ထည့်ပြီး ကျန်းကျန်းဆီသို့ တွန်းပေးလိုက်ကြလေသည်။
ကျန်းကျန်းက ၎င်းတို့ကို အနည်းငယ်ကြောင်အစွာနှင့် ကြည့်လိုက်မိသည်။
“အမေတို့ ပိုပြီးရွေးလို့ရပါတယ်၊ သမီးမှာ နောက်ထပ် အများကြီး ရှိပါသေးတယ်”
“ဒါတွေက အတော်လေး အများကြီးဖြစ်နေပြီပဲ၊ ဒီလို တန်ဖိုးရှိတဲ့ပစ္စည်းကို ငါ့ရဲ့ဘဝမှာ ဝတ်နိုင်လိမ့်မယ်လို့တောင် မထင်ခဲ့ဘူး၊ ဒါပေမဲ့ အသက်ကြီးမှ သမီးဆီက ကောင်းချီးခံစားခဲ့ရတယ်”
ဝမ်စုဖန်းသည်ကား သူမ၏ လက်ကောက်ဝတ်ရှိ ရွှေလက်ကောက်ကြီးကို ပျော်ရွှင်စွာ ဝတ်ဆင်ထားပြီး ခဏလောက် လှည့်အတ်ကြည့်နေခဲ့လိုက်သည်။
သူမက လက်ကောက်ကို အင်္ကျီ၏အပြင်ဘက်၌ ဝတ်လိုက်သော် ခဏတာလောက်နေပြီးလျှင် လူများ သိရှိမြင်တွေ့မည်ကို စိုးရိမ်ပြီး အင်္ကျီလက်ထဲသို့ ပြန်ထည့်လိုက်ပြန်သည်။
သို့သော်လည်း လက်ကောက်ကို မမြင်ရလျှင်လည်း ခဏတာလောက် မသက်မသာ ခံစားနေခဲ့ရပြီး ပြန်ဆွဲချလိုက်ပြန်သည်။
နောက်ဆုံးတွင်တော့ တစ်ဝက်ကို အင်္ကျီအတွင်းဘက်၌ ဝှက်ထားပြီး တစ်ဝက်ကို အပြင်ဘက်သို့ တစ်ဝက်လောက်ပေါ်နေတော့မှ စိတ်ကျေနပ်သွားခဲ့သည်။
ကျန်းကျန်းက သေတ္တာကိုပြန်လှပ်လိုက်ပြီး ရွှေလက်စွပ်နှစ်ကွင်းကို ထုတ်ယူကာ မဒမ်လီနှင့် ဝမ်စုဖန်းကို ပေးလိုက်သည်။
သို့နှင့် ၎င်းတို့နှစ်ဦးကလည်း အလျှင်အမြန်ဝတ်ဆင်လိုက်ပြီး မှန်ရှေ့တွင် အချိန် ကြာမြင့်စွာ လှည့်ပတ်ကြည့်နေခဲ့ကြသည်။
မဒမ်လီက ရုတ်တရက် ပြုံးလိုက်လေပြီး ပြောလာလေသည်။
“ငါ့ရဲ့ ပုံစံက အရင်တုန်းက မြေပိုင်ရှင်အရင်းရှင်တစ်ယောက်နှင့် တူနေလား ကြည့်ပါဦး”
ဝမ်စုဖန်းသည်ကား သူမ၏ပါးစပ်ကို နားရွက်ကိုထိလုမတတ် ကွေးညွတ်၍ ဆိုလိုက်ချေသည်။
“အဲဒီတုန်းက ချမ်းသာတဲ့လူတွေတောင် ဒီလောက်ထိ ကောင်းတာတွေ မရှိလောက်ဘူး”
“အိုး ၊ ဒီမှာ ပုလဲဆွဲကြိုးနှစ်ကုံး ထပ်ရှိတယ်၊ ဒါက အမေတို့နဲ့ လိုက်ဖက်မှာပဲ”
ကျန်းကျန်းက လုံးဝန်းပြီး ဖြူဖွေးသည့် ပုလဲဆွဲကြိုးနှစ်ကုံးကို အိတ်အသေးလေးထဲ၌ တွေ့လိုက်ရလေသည်။ သို့နှင့် သူမ ထုတ်ယူလိုက်ပြီး မဒမ်လီနှင့် ဝမ်စုဖန်းတို့ကို တစ်ဦးလျှင် တစ်ကုံးစီ ခွဲပေးလိုက်သည်။
မဒမ်လီက လက်ကိုဝှေ့ရမ်းပြလာခဲ့သည်။
“ငါတို့တွေ ဒါကို ဝတ်ပြီးသွားစရာ နေရာတွေမရှိဘူး၊ မင်းပဲ သိမ်းထားလိုက်ပါ”
ကျန်းကျန်းသည်လည်း မတတ်နိုင်တော့ဘဲ ဆွဲကြိုးများကိုခွဲ၍ ၎င်းတို့ကို ပေးလိုက်သည်။
“တရုတ်နှစ်သစ်ကူးကျရင် ဝတ်လို့ရတယ်လေ”
မဒမ်လီလည်း ထိုစကားကို ကြားသော် များစွာ စိတ်လှုပ်ရှားသွားပြီး မှန်ရှေ့တွင် ဝတ်ကြည့်လိုက်သည်။
“ဒါတွေနှင့်ဆိုရင် အရမ်းကြီး ထင်ပေါ်နေမှာကို စိုးရိမ်တယ်”
“ကိစ္စမရှိပါဘူး၊ လူတွေ မေးရင် အဖွားရဲ့မြေးမလေးက ပေးတာလို့ ပြောလိုက်လေ၊ ကြွားလို့ရတာပေါ့”
ကျန်းကျန်းက ပြန်ပြောခဲ့လေသည်။
မဒမ်လီသည်လည်း ကြွားဝါရမည့်အကြောင်းကိုကြားသော် များစွာ ပျော်ရွှင်သွားသည်။
“ကျွန်မတို့ရဲ့ ဇာတိကို ပြန်ရင် ဒါတွေကို အကုန်ဝတ်သွားမယ်၊ ဒီပတ်ဝန်းကျင်မှာကျတော့ ကျွန်မတို့ကို သိတဲ့လူသိပ်မရှိဘူး”
ဝမ်စုဖန်းလည်း ခဏလောက်စဉ်းစားပြီး ပြောလာခဲ့သည်။
“စတုတ္ထချွေးမ ရောက်လာရင်တော့ သူမရဲ့ရှေ့မှာ ကြွားရမယ်၊ ပြီးသွားရင် နေ့တိုင်း သူမကို ငါ့ရဲ့ရွှေလက်ကောက်ကြီးကို မြင်အောင် ပြသထားလိုက်မယ်”
မဒမ်လီသည်လည်း ထိုအကြောင်းကို တွေးတောပြီးနောက် ချက်ချင်းပျော်သွားခဲ့ရသည်။
“အမေက သူမကို စိတ်တိုစေချင်တာလား၊ သူမ ညဘက် ဒေါသတကြီးနဲ့အိပ်ပျော်မှာတောင် မဟုတ်ဘူး”
ဝမ်စုဖန်းတစ်ယောက် သူမ၏ စတုတ္ထယောက်မက သူတစ်ပါးပစ္စည်းများကိုသာ တစ်နေကုန် ကြည့်ပြီး မနာလိုတတ်သည်ကို သတိရသွားပြီး မထိန်းနိုင်အောင် ရယ်မောလိုက်သည်။
“သူမ ဒီလိုမျိုး မောက်မာပြီး ငါတို့ကို လျစ်လျူရှုနေခဲ့တာလေ၊ သူမ ဒေါသထွက်နေရတာကို ငါကြိုက်တယ်၊ နှစ်သစ်ကူးပွဲတော်ကိုရောက်ရင် ကြည့်ကြတာပေါ့၊ ဒါက ပျော်စရာကြီးပဲ”
“ဒါဆို ဒီနှစ်တော့ သူမရဲ့မျက်နှာက ကြည့်ကောင်းလောက်တော့မှာမဟုတ်ဘူး”
မဒမ်လီက သူမ၏ လက်ပေါ်မှရွှေလက်ကောက်ကြီးကို စမ်းသပ်ရင်း ပြောလာခဲ့သည်။
“ငါ မင်ပေကို ကြေးနန်းပို့ခိုင်းလိုက်မယ်၊ ဒီနှစ် တတိယနဲ့ စတုတ္ထတို့မိသားစုတွေကို ငါတို့ရဲ့အိမ်ကိုလာပြီး နှစ်သစ်ကူးကျင်းပဖို့ ပြောလိုက်မယ်၊
အခု သူတို့အားလုံးမှာ မြေးတွေ မြေးမတွေလည်းရှိပြီ ၊ ဒီတော့ မိသားစုကြီးတစ်ခုအဖြစ် သူတို့မိသားစုနဲ့ နှစ်သစ်ကူးကို လာကြလိမ့်မယ်၊ ငါတို့တွေ တစ်လခွဲလောက်တောင် စောင့်စရာလိုတော့မှာမဟုတ်ဘူး။”
ဝမ်စုဖန်းသည်ကား မဒမ်လီက အသက်ကြီးလာသည်နှင့်အမျှ ကလေးဆန်လာသည်ကို ရယ်မောလိုက်မိသည်။
“တတိယမောင်လေးနဲ့ စတုတ္ထမောင်လေးတို့ကလည်း အမေ့ကို နှစ်တိုင်း ပိုက်ဆံပို့ပေးနေတာပဲမဘား”
“ဒါက ငါ့အသက်ကြီးလာတဲ့အတွက် သုံးဖို့ပေးတဲ့အရာတွေလေ၊ သူတို့တွေက ငါတို့ကျွေးမွေးပြုစုခဲ့တာကို စားသောက်ခဲ့ရင် တန်ဖိုးကိုသိပြီး ကျေးဇူးတုံ့ပြန်ရမယ်”
မဒမ်လီက ဝမ်စုဖန်းကို ကြည့်လိုက်သည်။
“လီမူဝူရဲ့ ပိုက်ဆံကရော ဘယ်လိုရှိနေသေးလဲ ၊ ငါတို့ အများကြီး သုံးရင် ကျန်းကျန်းကို ပြန်ပေးရလိမ့်မယ်၊ ငါတို့တွေ ကျန်းကျန်းကို ပြန်မပေးဘဲ အများကြီးသုံးနေလို့မရဘူး”
ကျန်းကျန်းသည်ကား လှပသည့် ပတ္တမြားဆွဲကြိုးကို ဆော့ကစားနေခဲ့သည်။ မဒမ်လီ၏ စိတ်ပူပန်သည့် မျက်နှာကို မြင်သော် သူမက ချက်ချင်း ပြုံးလိုက်လေသည်။
“ရပါတယ်၊ ပိုက်ဆံမရှိတော့ရင် ဂျင်ဆင်းမြစ်ရောင်းကြတာပေါ့၊ အဘွားတို့ ကြိုက်သလောက် သုံးလို့ရတယ်၊ ဂျင်ဆင်းကို စိုက်လို့ရနေတာပဲလေ၊ စိတ်အေးအေးထားပါ”
မဒမ်လီက ၎င်းကို ကြားသော် အားပါးတရ ရယ်မောလိုက်သည်။
ထို့နောက် သူမ၏ ခါးရှိ ဗီရိုသော့ကို ထုတ်ယူပြီး ပုလဲဆွဲကြိုးနှင့် ရွှေလက်ကောက်ကြီးတို့ကို ဗီရိုထဲသို့ ထည့်ပြီး သော့ခတ်လိုက်လေသည်။ သူမက ရွှေနားဆွဲတစ်ရံနှင့် ရွှေလက်စွပ်တစ်ကွင်းကိုသာ ယူထားသည်။
“ဒီလိုဆိုရင် ပိုပြီးသက်သောင့်သက်သာရှိတယ်၊ ခဏစောင့်ဦး၊ ငါ မ သေခင် ဒါတွေကို ပြန်ဝတ်မယ်”
*
ရှီကျွင့်ကျဲတစ်ယောက် တစ်နေ့တစ်ညလုံး ချက်ထားသည့် ဗုဒ္ဓနံရံပေါ်ကခုန်ကျော်ဟင်းအိုးများကို မီးပိတ်လိုက်ပြီး အိုးတစ်အိုးကို ဘေးအိမ်သို့ တိုက်ရိုက်ယူသွားခဲ့သည်။
ရင်းနှီးနေသည့် ဟင်းအိုးကို မြင်သော် မဒမ်လီက အလျှင်အမြန်ပင် သဘက်တစ်ထည်ကိုယူလာပြီး စားပွဲပေါ်သို့တင်လိုက်လေသည်။
“ဘာလို့ ဒီလို ဈေးကြီးတာတွေ ထပ်လုပ်လာရပြန်တာလဲ”
ရှီကျွင့်ကျဲသည် ပြုံးလိုက်သည်။
“ကျွန်တော့်ရဲ့အဘွားကို သမားတော်ကျန်းရန်ကျယ်ဆီမှာ နှလုံးခုန်နှုန်းကို သွားပြဖို့ သွားမလို့လေ၊ ဒါကြောင့် ဒီနေ့ သူ့အတွက် ချက်ထားပေးရင်းနှင့် နည်းနည်း ပိုချက်ထားတယ်၊ သမားတော်ကျန်းဆီကိုတော့ နောက်မှပဲ မြည်းစမ်းဖို့ တစ်အိုး ယူသွားမလို့”
မဒမ်လီက ချက်ချင်းပင်ပြောလိုက်သည်။
“မင်း ကျန်းရန်ကျယ်ကို အရင်ဆုံး တစ်ပန်းကန် ပေးလိုက်၊ မင်းရဲ့ အဘွားရဲ့ နှလုံးခုန်နှုန်းကို တစ်ပတ်တစ်ခါ စမ်းသပ်ချင်စိတ်တွေ ဖြစ်လာလိမ့်မယ်လို့ ငါ အာမခံတယ်”
ကျန်းကျန်းက အဝတ်အစားလဲရန်အတွက် သူမ၏ အခန်းထဲသို့ သွားနေခဲ့သည်။
“အဘွား၊ သမီး ဒီနေ့ ရှီကျွင့်ကျဲနဲ့အတူ လိုက်သွားမလို့”
“သွား၊ သွား”
မဒမ်လီက ခေါင်းပင် မထောင်ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။ ယခုက ထမင်းစားချိန် မဟုတ်သေးသည်ကိုလည်း ဂရုမစိုက်တော့ဘဲ မီးဖိုချောင်သို့သွားပြီး ပန်းကန်များ၊ တူများနှင့် ဇွန်းများကို သွားယူလာခဲ့လေသည်။
အသားနံ့သင်းသင်းလေးတို့က အခန်းတစ်ခုလုံးကို ချက်ချင်း လွှမ်းသွားခဲ့သည်။ မဒမ်လီတစ်ယောက် အသက်ပြင်းပြင်း ရှူလိုက်ကာ မပြောဘဲ မနေနိုင်တော့ချေ။
“တကယ်ကို မွှေးတာပဲ။”
*