← Chapters

အခန်း (၂၆၁)

Vol. 27 Ch. 261

အခန်း (၂၆၁)

Vol. 27 Ch. 261

ခုန်းရှန်ဝူနှင့် မုန်ယောင်ရှန်နှစ်ဦးစလုံး ထိုငှက်ကို သွားရောက်ကြည့်ရှုခဲ့ကြပြီးနောက် မြင်ကွင်းကိုမြင်သောအခါတွင် ၎င်းတို့၏ စိတ်များ၌ မယုံနိုင်အောင် ဖြစ်နေခဲ့ရသည်။

ခုန်းရှန်ဝူတစ်ယောက် တစ်စုံတစ်ယောက်၏ ကျန်းကျန်းကို ဒူးထောက်လိုသည်ဟု ပြောကြားနေခဲ့ရပြီး သူကိုယ်တိုင်ကမူ ‘အံ့ဩစရာဘဲ’ ဟူသော စကားလုံးမှလွဲ၍ အခြားပြောစရာမရှိတော့ချေ။

ရှီကျွင့်ကျဲလည်း ကျန်းကျန်းကို အံ့အားတကြီး ကြည့်နေခဲ့မိသည်။ သူသည်ကား သူ၏ ချစ်သူကောင်မလေးမှာ ဤမျှအမဲလိုက်တော်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

ဤစုံတွဲက တစ်ဦးကိုတစ်ဦး ကြည့်၍ ပြုံးလိုက်သည်ကို မြင်ရသောအခါ ကွားရှောင်ချင်းတစ်ယောက်လည်း ကျန်းကျန်း၏ လက်မောင်းကို ချက်ချင်း လွှတ်ပေးလိုက်၏.

ရှုကျားကျားနှင့် မုန်ရန်ရှောင်တို့ကမူ အပစ်ခံလိုက်ရသော ငှက်၏ အမြီးမှ လှပသော အမွေးများကို ဆွဲထုတ်နေခဲ့ကြသည်။

ရှီကျွင့်ကျဲ၏ မျက်လုံးများ၌ ချီးကျူးစိတ်များ ပြည့်နှက်နေသည်။

“မင်း ဒီလောက်တောင် အမဲလိုက်တာ တော်နေလိမ့်မယ်လို့ ကိုယ် မထင်ထားမိခဲ့ဘူး၊ ကိုယ်က စတုတ္ထအစ်ကို ပေါ့ပေါ့ပါးပါးပဲ ပြောနေတာလို့ ထင်ခဲ့တာ။”

သူမ ချစ်ရသူ၏ ချီးကျူးခြင်းကို ခံရသဖြင့် ကျန်းကျန်း၏ ရင်ထဲ၌ ပျော်ရွှင်မှုများဖြင့် ဆူပွက်နေခဲ့သည်။ သူမက လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားခဲ့ပြီး ရှီကျွင့်ကျဲကို ပြုံးပြလိုက်သည်။

“ကျွန်မရဲ့ စတုတ္ထအစ်ကိုက ပုံမှန်အားဖြင့် ပေါ့ပေါ့ဆဆပြောဆိုတတ်လေ့ရှိတယ်၊ ဒါပေမဲ့ သူ အမှန်အတိုင်းပဲ ပြောတတ်တာပါ”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ မာန်မာနကြီးသော ပုံစံကို ကြည့်၍ ရယ်မောလိုက်မိကာ သူမ၏ ဆံပင်ကို ပွတ်သပ်လိုက်သည်။

“ဒါဆို ဒီနေ့ နေ့လယ်စာအတွက် ကိုယ့်ရဲ့ကျန်းကျန်းကိုပဲ အားကိုးရတော့မှာပေါ့”

“မခက်ခဲပါဘူး”

ကျန်းကျန်းက လျို့ချန်ဝူကို ပြန်လှည့်ကြည့်၍ ပြောလိုက်သည်။

“ရှင့်အလှည့်ကိုရောက်ပြီ။”

လျို့ချန်ဝူက သူ၏လက်ကို ကြည့်၍ မျက်ရည်မကျဘဲ ငိုချင်နေသည်။

“ဘာများ ထပ်ပြီး ပြိုင်ဆိုင်စရာရှိသေးလို့လဲ၊ ငါ့ဆီမှာ လက်ဆယ်ချောင်းရှိနေရင်တောင် မင်းရဲ့ ခြေတစ်ဖက်လောက်တောင် မကောင်းဘူး၊ ဒါက ငါ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။”

မုန်ယောင်ရှန်နှင့် ခုန်းရှန်ဝူတို့သည်လည်း ချက်ချင်းဆိုသလို ခေါင်းညိတ်လိုက်ကြသည်။

လျို့ချန်လင်း ကောင်လေးများဘက်သို့ စိုက်ကြည့်လိုက်လျှင် ၎င်းတို့က မိန်းကလေးများဘက်သို့ ပြတ်ပြတ်သားသားပင် ကူးပြောင်းသွားခဲ့ကြသည်။

“ငါတို့က သစ္စာမရှိတာ မဟုတ်ပါဘူး၊ အဓိကကတော့ ကျန်းကျန်းနဲ့အတူရှိမှ အသားစားရမှာလေ”

“အခု မပြိုင်တော့ဘူးလား”

ကျန်းကျန်းက ကောင်လေးများကို ပြုံး၍ မေးလိုက်လျှင် ၎င်းတို့လေးဦးလုံးက ခေါင်းကို တပြိုင်နက်တည်း ခါယမ်းကြသည်။

“မပြိုင်တော့ဘူး”

မိန်းကလေးအနည်းငယ်မှာ ကျန်းကျန်းမှ မြောက်ပိုင်းဒေသ၏ အမဲလိုက် အရှင်သခင်ဟု လူသိများသော အမျိုးသားကို မည်သို့မျိုး အနိုင်ယူလိုက်သည်ကို မြင်သောအခါ ၎င်းတို့အားလုံးမှာ အလွန်အမင်း စိတ်အားထက်သန်သွားခဲ့ကြသည်။

သူတို့က ကျန်းကျန်းထံမှပင် သင်ခန်းစာသင်ယူလိုကြသည်။ မူလက လေးခွသည်ကား ကောင်လေးများ၏ ဆော့ကစားစရာသာဖြစ်၍ မိန်းကလေးများအတွက်မူ အားသာချက်မရှိဟု ထင်ခဲ့ကြသော်လည်း ယနေ့ ကျန်းကျန်း ပြသလိုက်သည်က ၎င်းတို့၏ နားလည်မှုကို ပြောင်းလဲစေခဲ့သည်။

လေးခွဟူသည်မှာ မိန်းကလေးများ၏ ကစားစရာသာဖြစ်၍ ကောင်လေးများသည်ကား ရေနွေးများကိုသာ သယ်ဆောင်ပေးသင့်သည်ဟူ၍ပင်။

အချိန်က မနက်စောစောရှိသေးသည်ကို မြင်ရသောကြောင့် ကျန်းကျန်းကလည်း လူတိုင်းကို ပျော်ရွှင်စေရန် အချိန်ပေးလိုက်ပြီး သူမ၏ ဘေး၌ရှိသော အမြင့်ပေ ၂၀ ခန့်ရှိသည့် အယ်လ်မ်ပင်ကို ပုတ်ကာပြောလိုက်သည်။

“ဒီလိုဆိုမှတော့ နင်တို့ တစ်ယောက်ချင်းစီအတွက် လေးခွတစ်ခုစီ လုပ်ဖို့ သစ်ကိုင်းနည်းနည်းလောက်ကို ဘာလို့မချိုးဘဲနေမှာလဲ။”

မိန်းကလေးအနည်းငယ်က ကျန်းကျန်း၏ မျက်စိရှေ့သို့ လိုက်၍ အတူတူ မော့ကြည့်လိုက်ကြသည်၊ ထို့နောက် မြင့်မားသော အယ်လ်မ်ပင်ကို မြင်သောအခါ အနည်းငယ် ကြောင်အသွားကြသည်။

“ဒီလောက် မြင့်နေတဲ့ သစ်ပင်ကနေ သစ်ကိုင်းတွေကို ဘယ်လိုများ ယူမှာလဲ”

“တက်ပြီး ချိုးမယ်...”

ကျန်းကျန်း၏ စကားမဆုံးမီ ခုန်းရှန်ဝူက ချက်ချင်း ခုန်ထွက်လာသည်။

“ငါ သစ်ပင်တက်တတ်တယ်။ ငါက ငါ့ရဲ့ ဇာတိမှာတုန်းက တစ်နေကုန် သစ်ပင်ပေါ်ကို တက်ပြီး ဇီးသီးခူးနေကျပဲ”

ပြောပြီးသည်နှင့် ခုန်းရှန်ဝူက သူ၏အင်္ကျီလက်နှင့် ဘောင်းဘီများကို လှန်တင်၍ တက်ရန် ပြင်တော့သည်။

ရှီကျွင့်ကျဲက သူ့ကို ပြန်ဆွဲလိုက်သည်။

“ဒီအမြင့်က ဇီးပင်ရဲ့ အမြင့်မဟုတ်ဘူး၊ မင်း တက်နိုင်မယ်ဆိုတာ သေချာရဲ့လား”

ရှီကျွင့်ကျဲ၏ စကားများသည်ကား ခုန်းရှန်ဝူ၏ ပူနေသော ခေါင်းကို အေးစေခဲ့သည်။ သစ်ပင်ပေါ်မှ အနိမ့်ဆုံး အကိုင်းခွသည်ကား ခုနစ်မီတာ၊ ရှစ်မီတာခန့် မြင့်နေသည်ကို သူမြင်ရသောအခါ သူ၏ ရင်ထဲ၌ စည်သံအချို့ ကြားလာသကဲ့သို့ ခံစားရသည်။

“နည်းနည်း မြင့်လွန်းနေပြီလား”

မုန်ရန်ရှောင်က သစ်ကိုင်းကို မော့ကြည့်လိုက်သည်။

ခုန်းရှန်ဝူ၏ ရင်ထဲ၌ မုန်ရန်ရှောင်အပေါ် စိတ်ဝင်စားမှု အချို့ရှိနေသည်။ မဟုတ်လျှင် သူသည် ဤသို့မျိုး ကြွားဝါပြသရန် ထုတ်ဖော်လာမည်မဟုတ်ပေ။

သို့သော် စကားများ အားလုံးက ပြောပြီးစီးပြီဖြစ်သောကြောင့် တိုက်ခိုက်ခြင်းမရှိဘဲ ဆုတ်ခွာရခြင်းက အနည်းငယ် ရှက်စရာကောင်းသည်ဟု သူခံစားရသည်။ ခုံးရှန်ဝူက အံကိုတင်းတင်းကြိတ်၍ သစ်ပင်ပင်စည်ကို ပွေ့ဖက်လိုက်သည်။

“ရတယ်၊ ငါကြိုးစားကြည့်လိုက်ဦးမယ်၊ မရရင်တော့ ပြန်ဆင်းလာခဲ့မယ်”

ရှီကျွင့်ကျဲက သူ၏ပခုံးကို ပုတ်၍ “ဂရုစိုက်” ဟု ပြောပြီး ဘေးသို့ ဖယ်ပေးလိုက်သည်။

ခုန်းရှန်ဝူက သစ်ပင်ပင်စည်ကို မြဲမြဲကိုင်၍ တက်သွားသည်၊ အစပိုင်း၌ သူသည်ကား အလွန်လျင်မြန်စွာ တက်ခဲ့သော်လည်း နောက်ပိုင်း၌ အရှိန်သည်က သိသိသာသာ နှေးသွားသည်၊ သူ ငါးမီတာ၊ ခြောက်မီတာခန့် အရောက်၌ အမှန်တကယ်အားဖြင့် သူသည် ပြန်ဆင်းလိုနေပြီ။

“အရမ်း အန္တရာယ်များတယ်၊ ဆင်းတော့”

“မတက်နဲ့တော့။”

“ဆင်းခဲ့။”

ကျန်းကျန်းက ခုန်းရှန်ဝူကို သူမ၏ အာရုံခံစားမှုဖြင့် စစ်ဆေးလိုက်သည်။ သူသည်ကား ဖြည်းဖြည်းချင်း တက်သော်လည်း တည်တည်ငြိမ်ငြိမ် တက်နေသည်ကို မြင်သောကြောင့် သူမ စိတ်သက်သာရာရသွားသည်။ သို့သော် ဤသို့ တည်ငြိမ်စွာရှိနေလျှင်ပင် သူမ လုံးဝ ဂစိုက်ဘဲ မနေရဲပါချေ။

ခုံးရှန်ဝူ ချော်ကျသွားလျှင် သူမသည် ချက်ချင်း သစ်ကိုင်းဖြင့် သူ့ကို ဖမ်းခိုင်းရန် စိတ်ဆုံးဖြတ်ထားသည်။

ခုံးရှန်ဝူသည်ကား အနိမ့်ဆုံး အကိုင်းသို့ ရောက်ရန် အချိန်အတော်ကြာခဲ့သည်၊ သို့သော် ထိုနေရာသို့ ရောက်သောအချိန်တွင် သူ အတော်လေး အံ့အားသင့်သွားရသည်။ ကိုင်းတစ်ကိုင်းလုံးကို ချိုးချရန်ဟူသည် မဖြစ်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ သူ၌ လက်တစ်ဖက်တည်းဖြင့် ဤမျှအင်အားမရှိ။ ထို့အတူ ပုဆိန်လည်း မပါရှိခဲ့ပါချေ။

အကိုင်းပေါ်တက်၍ ကိုင်းခွအသေးလေးကို ချိုးခြင်းသည်ကား အလွန်ပင်အန္တရာယ်များလှသည်။

အချိန်အတော်ကြာအောင် အလေးချိန်ကို ချိန်ဆပြီးနောက်တွင် ခုန်းရှန်ဝူက ပြန်ဆင်းလာပြီး မောပန်းစွာ ထိုင်ချလိုက်သည်။

“မရဘူး၊ ငါမချိုးနိုင်ခဲ့ဘူး။”

“ရတယ်၊ ငါတို့ မကစားတော့ဘူး၊ ဘာမှ မဖြစ်ပါဘူး”

“ကောင်းပြီ၊ တစ်လှည့်စီ ကြိုးစားကြည့်ရအောင်”

လူအနည်းငယ်က ခုန်းရှန်ဝူကို စကားများစွာဖြင့် နှစ်သိမ့်ပေးကြသည်။ ရှီကျွင့်ကျဲက ခုံးရှန်ဝူ၏ ကျောင်းအိတ်ထဲမှ ရေဘူးကို ရှာကာ သူ့ဆီသို့ ကမ်းပေးလိုက်သည်။

သို့သော် သူ ခေါင်းကို ပြန်မော့ကြည့်လိုက်သောအချိန်တွင် ကျန်းကျန်းက နေရာမှ ပျောက်နေသည်ကို တွေ့လိုက်ရသည်။

ပြီးခဲ့သော ဆောင်းရာသီတုန်းက ကျန်းကျန်းတစ်ယောက် သစ်ပင်ပေါ်၌ ထိုင်နေသည်ကို မကြာခဏ မြင်နေရသော မြင်ကွင်းကို သတိရသောအခါ ရှီကျွင့်ကျဲ၏ မျက်နှာသည်ကား ရုတ်တရက် စိမ်းဖန်သွားရေော့သည်။

“ကျန်းကျန်း”

ရှီကျွင့်ကျဲက သစ်ပင်ကို မော့ကြည့်လိုက်သော် မျှော်လင့်ထားသည့်အတိုင်း ကျန်းကျန်းက သစ်ပင်တက်ခြင်း၌ အလယ်ခန့်ပင် ရောက်နေခဲ့ပေပြီ။

လူအနည်းငယ်က သူ၏ အသံကို ကြားသောအခါ ခေါင်းများကို အမြန် မော့ကြည့်လိုက်ကြသည်၊။ထို့နောက် ရုတ်တရက် ၎င်းတို့အားလုံး သရဲကိုမြင်လိုက်ရသကဲ့သို့ ဖြစ်သွားလေတော့သည်။

“သူမ ဘယ်တုန်းက တက်သွားတာလဲ၊ ဒါက အပင်ကိုတက်တာ အရမ်းမြန်လွန်းတာပဲမဟုတ်ဘူးလား”

သူမအပေါ်သို့ တက်သွားသည်မှာ ခုန်းရှန်ဝူတက်သကဲ့သို့ အနည်းငယ်ချင်းစီ ရွှေ့ခြင်းမျိုး မဟုတ်ပါချေ။ ကျန်းကျန်းက မြေကြီးပေါ်တွင် လမ်းလျှောက်သကဲ့သို့ သစ်ပင်ပေါ်၌ လမ်းလျှောက်နေခြင်းဖြစ်သည်။

ခုံးရှန်ဝူက ဆယ်မိနစ်ခန့် အချိန်ယူ၍ တက်ခဲ့သည့်သစ်ပင်ကို သူမက တစ်မိနစ်မျှပင် မပြည့်မီ တက်သွားခဲ့သည်။ လွတ်လပ်ပေါ့ပါးသော ကိုယ်ဟန်အနေအထားက ခုန်းရှန်ဝူအား သူ၏ ဘဝကိုပင် သံသယဝင်လာစေခဲ့သည်။

ထူထဲ၍ ဖြောင့်သော အကိုင်းခွတစ်ခုကို ရှာတွေ့ပြီးနောက် ကျန်းကျန်းက ၎င်းကို ညင်ညင်သာသာ တက်နင်းလိုက်သည်။

“သူမက သစ်ကိုင်းအဖျားလေး တစ်ခုကို ခူးဖို့ သစ်ကိုင်းလေးပေါ်ကနေဖြတ်သွားချင်တာလား”

ခုန်းရှန်ဝူက ခေါင်းမော့၍ မေးလိုက်သည်။ထို့နောက် ခေါင်းပြန်ခါလိုက်သည်။

“ဒါက အရမ်း အန္တရာယ်များတယ်၊ ဒီသစ်ကိုင်းက သူမရဲ့ အလေးချိန်ကို မထောက်ပံ့နိုင်ဘူး။”

သူ၏စကားများကို သက်သေပြသကဲ့သို့မျိုး ကျန်းကျန်းက သူမ၏ ခြေထောက်များကို အမှန်တကယ်ပင် ပြန်ရုပ်လိုက်သည်။ လူတိုင်း သက်ပြင်းချလိုက်ကြပြီးသည့်နောက်တွင် သူတို့က ကျန်းကျန်းက ပြန်ဆင်းလာလိမ့်မည်ဟု တွေးတောလိုက်ကြသည်။

“သူမ ခူးလို့မရဘူး”

ခုန်းရှန်ဝူက သူ၏လည်ပင်းကို ပွတ်၍ ကျောင်းသားအနည်းငယ်ကို ရှင်းပြလိုက်သည်။

“အဲဒီသစ်ကိုင်းက လျို့ချန်လင်းရဲ့ လက်မောင်းလောက်ဆောင် ထူတယ်၊ ပုဆိန်မပါဘဲ ခုတ်လို့မရဘူး။”

လူတိုင်း၏ အာရုံက လျို့ချန်လင်း၏ ကြီးမား၍ ကြွက်သားများနှင့် ပြည့်နေသော လက်မောင်းပေါ်သို့ ကျရောက်သွားပြီး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

“ကချာ…”

သစ်ပင်ပေါ်မှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း ခေါင်းကို မော့ကြည့်လိုက်သောအခိုက်တွင် ၎င်းတို့၏ ထိတ်လန့်နေသော မျက်လုံးများကို မျက်တောင်ခတ်ရန်ပင် မေ့လျောသွားသည်အထိ အံ့သြသင့်သွားခဲ့ကြတော့သည်။

ကျန်းကျန်းက သစ်ပင်ပင်စည်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် အကိုင်းကို ဖိထားသည်ကို မြင်လိုက်ရသည်။

ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသည့်အကြည့်အောင်တွင် သူမက လျို့ချန်လင်း၏ လက်မောင်းခန့် ထူသော အကိုင်းကို ချိုးချလိုက်တော့သည်။

ခုန်းရှန်ဝူက သူ၏မျက်လုံးများကို မပွတ်မိဘဲ မနေနိုင်တော့ပေ။ ထို့နောက်တွင် ကျန်းကျန်း၏ လက်ထဲမှ သစ်ကိုင်းကို မော့ကြည့်လိုက်ပြန်သည်၊ ထို့နောက် သူ၏မျက်လုံးများကို ပြန်ပွတ်ရင်း ခေါင်းငုံ့လိုက်မိသည်။

သူသည်ကား ဤအချိန်တွင် ပုံရိပ်ယောင်များကို မြင်နေရသည်ဟုသာ ခံစားရသည်။ မဟုတ်လျှင် နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် နုနုနယ်နယ် မိန်းကလေးတစ်ယောက်က ဤသို့ ထူထဲသော အကိုင်းကို ချိုးနိုင်ပါ့မည်လော။

လျို့ချန်လင်းက သူ၏ ထူထဲသော လက်မောင်းကို လက်ဖြင့် အသာထိတွေ့ပွတ်သပ်လိုက်ကာ အနည်းငယ် တုန်ယင်သွားသည်။

“ကျွင့်ကျဲ၊ မင်းအနေနဲ့ နောက်ကို မင်းရဲ့ ရည်းစားကို ဒေါသထွက်အောင် စနောက်မနေနဲ့တော့နော်၊ သူ ဒေါသထွက်ရင် မင်းရဲ့ လည်ပင်းကို ချိုးပစ်မှာကို ကြောက်ရတယ်။”

ရှီကျွင့်ကျဲက ကျန်းကျန်းကို စိုးရိမ်တကြီး စိုက်ကြည့်ရင်း သူမအတွက် မကာကွယ်မိဘဲ မနေနိုင်ပေ။

“ငါ့ရဲ့ ကျန်းကျန်းက နူးညံ့သိမ်မွေ့တဲ့သူပဲ”

လျို့ချန်လင်းကတော့ ထိုသူသည်ကား ဤနူးညံ့သိမ်မွေ့သည်ဟူသော စကားလုံးကို မှားယွင်းစွာ နားလည်ထားခြင်း ဖြစ်ရမည်ဟု ခံစားလိုက်ရတော့သည်။

*

All Chapters