← Chapters

အခန်း (၂၇၄)

Vol. 28 Ch. 274

အခန်း (၂၇၄)

Vol. 28 Ch. 274

စပျစ်သီးများကို ပန်းကန်များစွာဖြင့် တည်ခင်းထားပြီးသည့်နောက်တွင် ရှီချန်ရှန်းသည်လည်း အပြင်ဘက်မှ ပြန်ရောက်လာပြီ ဖြစ်လေသည်။

မစ္စတာရှီသည်က သတင်းစာကိုချ၍ သူ၏သားဖြစ်သူကို ကြည့်လိုက်သည်။

“မင်းရဲ့ မျက်ကွင်းတွေက ဘာလို့ ဒီလောက်တောင် မည်းမှောင်နေရတာလဲ၊ ပရိဘောဂစက်ရုံကိစ္စက ခုချိန်ထိ မပြီးသေးဘူးလား”

ရှီချန်ရှန်းသည်ကား အလွန်စိတ်မောနေဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“ဒီလောက်ကြီးမားတဲ့ စက်ရုံကို ဘယ်သူကမှ လွှဲပြောင်းယူဖို့ မဝံ့ရဲကြဘူးလေ၊ သတ္တိရှိတဲ့သူတွေကျပြန်တော့လည်း ဒီလောက်ပမာဏအထိ များပြားတဲ့ ပိုက်ဆံ မရှိဘူး၊ စက်ရုံက အလုပ်သမားတွေကို လဝက်စာ လုပ်ခအကြွေးတင်နေပြီ၊

သူတို့တွေက တစ်ပြားမှ မရသေးဘဲ အရင်ဆုံးထောင်ချီပြီး ကြိုပေးနေရမယ်ဆိုတော့ ဒီကိစ္စက အတော်လေး ခက်ခဲလွန်းတယ် မဟုတ်ဘူးလား”

ကျန်းကျန်းတစ်ယောက် ဤစကားများကိုကြားသောအခါတွင် မျက်လုံးများ လင်းလက်သွားခဲ့လေသည်။

သူမအနေဖြင့် မူလက ညစာစားပြီးမှသာ ရှီချန်ရှန်း နှင့် ဤအကြောင်းကို ပြောရန် စဉ်းစားထားခြင်းဖြစ် သော်လည်း သူ့ဘက်မှ ဦးစွာ ပြောလာမည်ဟု မထင်မှတ်မိခဲ့ပေ။

သို့နှင့်သူမလည်း အခြေအနေကို အခွင့်ကောင်းယူကာ အလျင်အမြန် မေးလိုက်သည်။

“ ဦးလေးချန်ရှန်း၊ ဒီစက်ရုံကို လွှဲပြောင်းယူဖို့အတွက်ဆိုရင် ဘယ်လို အခြေအနေမျိုးတွေ လိုအပ်နိုင်မလဲဆိုတာ မသိဘူး၊ ကျွန်မကို ကြည့်ခွင့်ပေးလို့ ရမလား”

ရှီချန်ရှန်းသည်ကား နားမလည်ခြင်း ကြောင့် ကျန်းကျန်းကို ကြည့်၍ မေးလိုက်လေသည်။

“ဒီစက်ရုံကို မင်းတို့ မိသားစုက လက်လွှဲယူချင်တယ်လို့ ပြောတာလား၊ မင်း စက်ရုံအခြေအနေကို သိထားရဲ့လား။ သူတို့ကို ငါနဲ့ စကားလာပြောခိုင်းလိုက်လေ”

ကျန်းကျန်းသည်ကား သူ၏စကားကြောင့် ပြုံးလိုက်လေသည်။

“စက်ရုံကို ကျွန်မကိုယ်တိုင် ယူချင်တာပါ”

ဤတစ်ကြိမ်တွင်မူ ရှီချန်ရှန်းသာ မကဘဲ တစ်မိသားစုလုံးပင် ကြောင်အမ်းခဲ့သွားကြသည်။

အခန်းထဲတွင် အချိန်ခဏမျှလောက် တိတ်ဆိတ်သွားခဲ့လေသည်။ တက္ကသိုလ်ပင် မပြီးသေးသော ကောင်မလေးတစ်ဦးသည်က ဤမျှ သတ္တိရှိမည်ဟု မည်သူမျှ မထင်မှတ်ခဲ့ပုံရသည်။

ရှီချန်ရှန်းသည် ဦးစွာ သတိပြန်ဝင်လာခဲ့ကာ ပြောလာလေသည်။

“ဒါက စကားနှင့် ပြောရုံလောက်နဲ့ ယူလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူး၊ ပထမဆုံး အစောပိုင်းမှာ ပိုက်ဆံအများကြီး ရင်းနှီးရမယ်၊ အလုပ်သမားတွေရဲ့ လုပ်ခကို အချိန်မီ ပေးနိုင်ကြောင်း သေချာစေရမယ်”

ကျန်းကျန်းက သူမ၏အိတ်ကို ဆွဲကိုင်၍ ငွေသွင်းလက်မှတ်တစ်ခုကို ထုတ်ယူကာ ရှီချန်ရှန်းထံသို့ ပေးလိုက်သည်။

ရှီချန်ရှန်းသည်ကား နားမလည်နိုင်စွာ ဖြင့် ယူ၍ ဖွင့်ကြည့်လိုက်သောအခါတွင် လီမင်ကျန်း၏ နာမည်ကို တွေ့လိုက်ရလေသည်။

ထို့နောက် အောက်ဘကာတွင် ငွေပမာဏသည်က ယွမ် ၃၀၀၀၀ တိတိ ရှိနေခဲ့သည်။

ကျန်းကျန်းက အနည်းငယ် ပြုံး၍ ပြောလာခဲ့လေသည်။

“ဒီလောက်ဆိုရင် လုံလောက်ပြီလား။”

“လုံလောက်ပြီ”

ရှီချန်ရှန်းတစ်ယောက် အလွန်ပင် အံ့သြသွားခဲ့သည်။ ဤမိန်းကလေးထံ၌ ဤမျှ ငွေကြေးရှိမည်ဟု သူ မထင်မှတ်ခဲ့ပေ။

သို့သော်လည်း သူ့အမေ၏ အသက် ၈၀ ပြည့် မွေးနေ့၌ ပေးခဲ့သော လက်ဆောင်များကို စဉ်းစားမိသောအခါ ဤသည်က ကိစ္စ အကြီးအကျယ် မဟုတ်ဟု တွေးမိသွားခဲ့ရသည်။

ဂျင်ဆင်းနှင့် သက်တန်းရှည်ဆေးဖက်ဝင်မှိုများကို ရောင်းချပါက ယွမ် ၁၀၀၀၊ ၂၀၀၀ ခန့် ဆိုသည်က ပြဿနာမရှိပေ။

ဤသို့ ရက်ရောသော လက်ဆောင်များကို ပေးရဲသော သူတချို့သည်က သေချာပေါက် မိသားစု နောက်ခံ ကောင်းကြပေလိမ့်မည်။

ဘဏ်အပ်ငွေစာအုပ်ကို ကျန်းကျန်း ထံသို့ ပြန်ပေးရင်း ရှီချန်ရှန်းက ကျန်းကျန်းကို ပို၍ ဂရုစိုက်စွာ ပြောလာခဲ့သည်။

“မင်းက တော်ဝင်တက္ကသိုလ်မှာ စီးပွားရေး ဘာသာရပ်ကို အဓိက သင်ယူထားတယ်ဆိုတာကို ငါသိတယ်၊ ဒါပေမဲ့ ဒီစီမံခန့်ခွဲမှုစက်ရုံက စာအုပ်ထဲက သင်ကြားတာနဲ့ မတူဘူး၊

မင်းမှာ ပိုက်ဆံရှိရင်တောင် ငါက မင်းကို စက်ရုံ ရောင်းဖို့ဆိုရင် ဒီစက်ရုံကို ဆက်လက် လည်ပတ်နိုင်ကြောင်း၊ အလုပ်သမား ဒါဇင်ပေါင်းများစွာ အလုပ်အကိုင်ရရှိကြောင်း သေချာအောင် လုပ်ပေးရမယ်၊

ဒါမှပဲ ငါက မင်းကို စက်ရုံကို ယုံကြည်မှုအပြည့်နဲ့ ပေးအပ်နိုင်မှာ”

ကျန်းကျန်းသည်လည်း ခေါင်းငြိမ့်လိုက်သည်။

“ဦးလေးချန်ရှန် ပြောတာ မှန်ပါတယ်။ ဦးလေးက စက်ရုံနဲ့ ဝန်ထမ်းတွေအတွက် တာဝန်ယူရတာက အမှန်ပဲလေ။

ဒါပေမဲ့ ကျွန်မအတွက်လည်း ဒီစက်ရုံကို သေသေချာချာ စဉ်းစားပြီးမှ လုပ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ရဲ့ပိုက်ဆံမှ လေထဲကနေ ရတာမဟုတ်ပါဘူး၊ ကျွန်မလည်း မသေချာတဲ့ တိုက်ပွဲကို မတိုက်ရဲပါဘူး”

ကျန်းကျန်းက သူမ၏ အိတ်ထဲမှ စစာရွက်များကို ထုတ်၍ ရှီချန်ရှန်းကို လှမ်းပေးလိုက်သည်။

“ဒါက ကျွန်မရဲ့ အကြံဉာဏ်တွေပါ။ ဦးလေး တစ်ချက်လောက် ကြည့်ပေးပါဦး”

ရှီချန်ရှန်း ယူ၍ကြည့်လိုက်သောအခါ ပထမစာကြောင်း၌ စာလုံးကြီးကြီးသုံးလုံး ရေးထားလေသည်။

“စီမံကိန်းစာအုပ်”

ထို့နောက် ကျန်းကျန်းသည်ကာစ ၀ာအုပ်၏ နောက်ဘက်၌ ငါးမျက်နှာကို လက်ရေးလှလှဖြင့် ထူထူထပ်ထပ် ရေးထားသည်။

ရှီချန်ရှန်းတစ်ယောက် အသက်ကိုပြင်းပြင်း ရှူလိုက်၍ သေသေချာချာ ကြည့်လိုက်သည်။

ရှီချန်ရှန်းနှင့် ကျန်းကျန်းတို့နှစ်ယောက်က စီးပွားရေးလုပ်ငန်းအကြောင်းများကို ပြောနေခဲ့ကြသည်။

ထို့ကြောင့် ဤခဏတာတွင် အခန်းထဲ၌ မည်သူကမျှ အသံကျယ်ကျယ် မပြောရဲကြပေ။ ချန်လဲ့ချင်းသည်ပင် ဤကိစ္စကို အမြန်ဆုံး ပြီးစေလိုနေခဲ့သည်။

ရှီချန်ရှန်းသည်ကား ဤအကြောင်းကိစ္စကြောင့် တစ်နေကုန် ကောင်းစွာ မစားနိုင်၊ မအိပ်နိုင်ဖြစ်နေရကာ အလွန်ပင်ပန်းနေခဲ့ပေပြီ။

ရှီစူးမေ့ကတော့ မနာလိုစိတ်ဖြင့် သူမ၏ နောက်ကျောကို တစ်ချက် လှည့်လိုက်ကာ ကျန်းကျန်း၏ အိတ်ကို အဆက်မပြတ် ကြည့်နေခဲ့သည်။

သူမက ကျန်းကျန်းထံတွင် စက်ရုံဝယ်ရန်အတွက် ဘဏ်အပ်ငွေစာအုပ် ၌ မည်မျှရှိသည်ကို သိလိုနေခဲ့ကာ ခေါင်းကုတ်နေခဲ့လေသည်။

ရှန်ချင်းရန်က ရှီစူးမေ့၏ မျက်နှာကို ကြည့်၍ သူမ၏အမေ မည်သည့် အရာများကို တွေးနေသည်ကို သိလိုက်သည်။

သူမက ရှီးစူးမေ့၏လက်ကို တိတ်တဆိတ် ဖိညှစ်လိုက်လေသည်။

ရှီစူးမေ့ကတော့ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ကာ သူတို့မိသားစု ပိုင်ဆိုင်မှုသည်ကား ယွမ် ၁၀၀ အောက်အထိပင် လျော့နည်းနေသည်ကို သတိရသွားသည်။

ချက်ချင်းပင် သူမက အလွန် မနာလိုမရှုံ့စိမ့်သော စိတ်ဖြင့် သခွားမွှေးတစ်ခြမ်းကို ခါးသက်သက် ကိုက်လိုက်တော့သည်။

သူ၏ လက်ထဲမှ ထူထဲသော စီမံကိန်းစာအုပ်ကို ဖတ်ပြီးနောက် ရှီချန်ရှန်း သည်ကား ကျန်းကျန်းကို မူလနှင်မတူညီတော့သည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

“မင်းက အရမ်းထက်မြက်တယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ငါတွေးထားတာထက် မင်းက အများကြီး ပိုပြီး အမြော်အမြင်ရှိတယ်လို့ ငါ မထင်ထားဘူး၊

ဒီစာအုပ်ထဲမှာ ရေးထားတာအတိုင်း လုပ်နိုင်ရင်တော့ ငါ ဆုံးဖြတ်ပြီး မင်းကို စက်ရုံကို လွှဲပြောင်းယူခွင့် ပေးနိုင်တယ်”

ပရိဘောဂစက်ရုံသည်ကား တော်ဝင်မြို့တော်အစိုးရ၏ ဖိအားပေးမှု အောက်ရှိ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။

ယခု စက်ရုံကို ရုတ်တရက် လွှဲယူခြင်းကိစ္စ ဖြစ်ပေါ်လာသောအခါတွင် ရှီချန်ရှန်းတစ်ယောက် အိမ်တွင် တစ်မိနစ်ပင် ထိုင်ရန် စိတ်မဝင်စားတော့ဘဲ စာချုပ်အတွက် ရုံးသို့ ချက်ချင်း ပြန်သွားလိုနေခဲ့လေသည်။

ရှီအဘွားကြီးက သူ့ကို စူးစူးစိုက်စိုက် ကြည့်၍ ပြောလိုက်သည်။

“ကျန်းကျန်းက မစားရင်တောင် မင်းကတော့ သေချာပေါက်စားရမယ်၊ သွားရမယ့် လမ်းက အရှည်ကြီး ရှိသေးတယ်။ မင်းတို့နှစ်ယောက်လုံး ညစာစားပြီးမှ အလုပ်ကိုပြန်သွားရမယ!”

ရှီချန်ရှန်းသည်လည်း သူ၏စိတ်ကို ထိန်းချုပ်ရခြင်းမှ လွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

ထို့နောက် ပရိဘောဂစက်ရုံ၏ အခြေအနေကို ကျန်းကျန်းဆီသို့ အသေးစိတ် ထပ်မံ ပြောပြခဲ့ပြန်သည်။

ညစာစားရန် အဆင်သင့် ဖြစ်သည်အထိ သူက စကားပြောနေခဲ့ပြီးမှ အားအင်ကုန်ခမ်းစွာ ရေသောက်လိုက်လေသည်။

အိမ်မှအလုပာသမားများ ပြင်ဆင်ထားသော ဟင်းပွဲများကို ဟင်းလျာတစ်ပွဲချင်းစီ စားပွဲပေါ်သို့ တင်ပေးခဲ့သည်။

မိသားစုထဲမှ ကလေးအချို့ သည်လည်း ပန်းကန်ခွက်ယောက်များကို သယ်ယူရန် ကူညီပေးလာကြသည်။

ကျန်းကျန်းတစ်ယောက် ထမင်းယူရန် ပြင်ဆင်နေစဉ် ရှန်ချင်းရန်က ထမင်းခပ်ဇွန်းကို ယူ၍ သူမဆီသို့ အလွန် စိတ်အားတက်ကြွစွာ ပြုံးရင်းပြောလိုက်သည်ကို တွေ့လိုက်ရသည်။

“အစ်မကျန်းကျန်း ၊ ထိုင်ပြီး နားလိုက်ပါ၊ ဒီလို ကိစ္စလေးကို ကျွန်မကိုပဲ တာဝန်ပေးထားလိုက်လို့ရတယ်”

ကျန်းကျန်းသည်ကား ဤကောင်မလေးကို ဒုတိယအကြိမ် တွေ့ခြင်းဖြစ်သော်လည်း အရင်က သူမကိုယ်တိုင် သစ်သီးလှီးစားရန်အတွက်ပင် ပျင်းရိသောသူသည်က ယနေ့အချိန်တွင် ရုတ်တရက် သူမအပေါ် ဤမျှ တက်ကြွလာသောအခါ ကျန်းကျန်း၏ ပထမဆုံး အတွေးသည်ကား–

ဤကောင်မလေးသည်က မည်သည့် မကောင်းသော အရာများ ထပ်လုပ်ရန် စဉ်းစားနေပါသနည်း။

ရှန်ချင်းရန်သည် အစားအစာများကို ကိုယ်တိုင် ပြင်ဆင်၍ တည်ခင်းလို သော်လည်း ကျန်းကျန်းကတော့ ငုတ်တုတ်ထိုင်၍ စားသောက်ရမည့်အချိန်ကို စောင့်ဆိုင်းခြင်းကို မလုပ်လိုပေ။

သူမက ရှန်ချင်းရန်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး သူမကို အဆိပ်ခတ်ခြင်း သို့မဟုတ် တစ်ခုခု လုပ်မည်ကို ကြောက်နေခဲ့သည်။

တကယ်တော့ ကျန်းကျန်းသည်ကား အတွေးလွန်နေခဲ့ခြင်းသာ ဖြစ်ပေသည်။ ရှန်ချင်းရန်က ထမင်းကို ယဉ်ကျေးစွာ ထည့်ပေးပြီး ကျန်းကျန်းအနီး၌ ထိုင်လိုက်သည်။

“အစ်မကျန်းကျန်း ၊ ကျွန်မ အစ်မရဲ့ဘေးနားမှာ ထိုင်လို့ ရမလား၊ နောက်ဆုံးတစ်ခါ အစ်မကို တွေ့တုန်းကတည်းက အစ်မကို ကြည့်ရတာ အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်.

ကျွန်မ ပြောပြမယ်၊ ကျွန်မက ကျွန်မတို့ရဲ့မိသားစုမှာ တစ်ယောက်တည်းသော သမီးလေ၊ ဒါကြောင့် အစ်မကို တွေ့ရတဲ့အချိန်မှာ ကျွန်မရဲ့ အစ်မအရင်းကို တွေ့ရသလိုပဲ ခံစားရတယ်”

ကျန်းကျန်း ဤစကားကိုကြားသောအခါ မသိစိတ်ကပင် ခေါင်းမော့၍ ရှီမိသားစုထဲမှ မိန်းကလေးနှစ်ဦးကို ကြည့်လိုက်သည်

ရှီချန်ရှန်း၏ သမီး ရှီယွီနျိုသည်ကား ရှန်ချင်းရန်ဆီသို့ လှောင်ပြောင်သော အပြုံးဖြင့် မော့ကြည့်လိုက်သည်။

လင်းရှို့လန်သည်ကား မည်သည့် အရာကိုမှ မကြားသလိုပင်။ သူမက သူမ၏ အရှေ့တွင်ရှိနေသော ပန်းကန်ထဲမှ ငါးဟင်းကိုသာ ဆက်လက် စားနေခဲ့သည်။

ကျန်းကျန်းသည်ကား ဤ ကောင်မလေးကို မှောင်မိုက်သော မျက်နှာဖြင့် ကြည့်လိုက်မိသည်။သူမ၏ဝမ်းကွဲနှစ်ဦးသည်က သူမအနီး၌ပင် ထိုင်နေကြသည်ကို သူမက ဤကဲ့သို့ လျစ်လျူရှုလိုက်လေသည်။

သူမသည်က လူအများကို အလုံအလောက် စိတ်ဆိုးအောင် မလုပ်ရသေးဟု တွေးထင်နေသညလော။

All Chapters