အခန်း (၂၇၆)
Vol. 28 Ch. 276
အောက်ဘက်တွင်ရှိနေသော အလုပာသမား အစုအဝေးကြီးဆီမှ နားကွဲမတတ် အော်ဟစ်အားပေးသံများ ထွက်လာပြီးနောက် ဝန်ထမ်းများ၏ မျက်လုံးများသည်ကား စာရင်းကိုင်ကိုသာ စိုက်ကြည့်ရင်း စိမ်းဖန့်နေခဲ့ကြသည်။
စာရင်းကိုင်ကတော့ စာရင်းစာအုပ်ကို မျက်နှာမကောင်းစွာ ကိုင်ထားခဲ့သည်။
သူ့အနေဖြင့် ကျန်းကျန်းကို ကြည့်လိုက်သော်လည်း မည်သို့ခေါ်ရမည်ကို မသိတော့ပေ။
“လီ… လီ…”
“ဒါရိုက်တာလီလို့ပဲ ခေါ်ပါ”
ကျန်းကျန်းက ပြန်ဖြေလိုက်သည်။
“အိုး ဒါရိုက်တာလီ၊ ကျွန်တော်တို့ရဲ့ အကောင့်ထဲမှာ ယွမ် ၁၀၀ တောင် မကျန်တော့ပါဘူး။ ဒါက လုပ်အားခပေးဖို့အတွက် တကယ်ကို မလုံလောက်ပါဘူး။”
ကျန်းကျန်းသည်လည်း ခေါင်းညိတ်လျက် သူ့ကို လှည့်ကြည့်လိုက်သည်။
“ကျွန်မ ကြိုတင်ပြင်ဆင်ထားပါတယ်”
လူတိုင်း၏ မျက်စိအောက်တွင် ကျန်းကျန်းသည်ကား သူမနှင့်အတူ ယူဆောင်လာခဲ့သော သူမ၏အိတ်ထဲမှ ပြည်ထောင်စုအမှတ်အသားပါငွေစက္ကူ ဆယ်ထပ်နှင့် တစ်ထောင်တန်ယွမ်စက္ကူများအပြင် အကြွေများကိုပါ ထုတ်လိုက်သည်။
စင်အောက်မှ ပင့်သက်ရှိုက်သံများကို ကြားရသော် ကျန်းကျန်းသည်လည်း စာရင်းကိုင်၏ရှေ့သို့ ငွေစက္ကူများကို တွန်းပေးလိုက်သည်။
“ရှင် ပြန်ရောက်တတဲ့အချိန်ကျရင် စာရင်းဇယား လုပ်ဖို့ မမေ့နဲ့နော်၊ ကျန်တဲ့ လစာကိုလည်း အကောင့်ထဲကို အရင်ဆုံးထည့်ပေးလိုက်ပါ၊ ဒါမှ လုပ်ငန်းက ပုံမှန် လည်ပတ်နိုင်မှာပါ”
စာရင်းကိုင်သည်ကား သူ၏လက်ထဲသိုးရောက်ရှိလာသော ငွေများကို အလျင်အမြန်ရေတွက်သည်။
ထို့နောက်တွင် ရုံးအရာရှိသည်က လုပ်သားများကို နာမည်ခေါ်၍ တန်းစီရန် ညွှန်ကြားခဲ့သည်။ စာရင်းကိုင်သည်လည်း စုစုပေါင်းငွေပမာဏကို ရေတွက်လိုက်ကာ ကျန်းကျန်းပေးထားခဲ့သည့် ပမာဏကို စစ်ဆေးလာသည်ကို စောင့်နေသည်။
စုစုပေါင်းငွေပမာဏ၌ ပြဿနာမရှိသည်ကို မြင်သော် သူက လုပ်သားများကို တစ်ဦးချင်းစီ စတင်၍ လုပ်အားခလစာပေးလိုက်သည်။
လစာရသည့် ပထမဆုံးလူများတချို့သည်ကား စက်ရုံမှ ဝါရင့် ဆရာကြီးများ ဖြစ်ကြသည်။
သူတို့က လစာရပြီးသော် ကျန်းကျန်းသည် သူတို့နှင့် ဒါရိုက်တာဝမ်ကို ဘေးသို့ဖယ်၍ ခေါ်လိုက်လေသည်။
“မနေ့က ကျွန်မတို့ စက်ရုံရဲ့ဂိုဒေါင်ထဲမှာ ပုံစံနဲ့ ပန်းပုထွင်းထုထားတာမရှိတဲ့ ပရိဘောဂ အစုံ ဒါဇင်နဲ့ချီပြီး တွေ့ခဲ့တယ်၊
အဲဒါတွေကို သမ္မတနိုင်ငံခေတ် ဒါမှမဟုတ် ချင်မင်းဆက်ခေတ်က ပန်းပုထွင်းထုမှုတွေကို အတုယူထားတဲ့ ပရိဘောဂမျိုး ပြောင်းချင်တယ်”
ဆရာကြီး တစ်ဒါဇင်ကျော်သည်က တစ်ဦးကိုတစ်ဦး ကြည့်လျက်ပြန်ပြောလာခဲ့ကြသည်။
“ပန်းပုထွင်းထုတာတွေကို ထပ်ထည့်လို့တော့ ရပါတယ်။ ဒါပေမယ့် အထူးခြားဆုံး ပုံစံတော့ မဟုတ်နိုင်ပါဘူး”
“ကိစ္စမရှိပါဘူး၊ ကျွန်မတို့ရဲ့ ပရိဘောဂတွေက ကောင်းမွန်တဲ့ကုန်ကြမ်းပစ္စည်းတွေနဲ့ လုပ်ထားတာတွေ့ရတယ်။
ရှင်တို့အားလုံးကလည်း တကယ်ကို တော်တဲ့ဆရာကြီးတွေပဲလေ၊ ဒီအကြောင်းတွေကို ကျွန်မထက်ပိုပြီး သိနိုင်ပါတယ်။
ဒီတော့ ပရိဘောဂတွေကို အတတ်နိုင်ဆုံး ကောင်းမွန်အောင် ထွင်းထုဖို့ပဲ ပိုကြိုးစားပါ၊ စနစ်တကျ ထွင်းထုထားတဲ့ ပရိဘောဂတွေအတွက် လစာအပြင် နောက်ထပ် ၁၀% ထပ်ပေးပါ့မယ်”
ကျန်းကျန်းသည် သူတို့ကို ကြည့်လျက် တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည် ။
“ဒါကြောင့် ဒီထွင်းထုမှုရဲ့ အရည်အသွေးမှာ ပြဿနာ လုံးဝမရှိရဘူး”
လက်သမားဆရာကြီး တစ်ဒါဇင်ကျော်သည်ကား ဆယ်နှစ်ကျော်ကြာလောက်အောင် လှပမှုမရှိသည့် အပေါစား ပရိဘောဂများကို ထုတ်လုပ်နေရသည့်အတွက် လွန်စွာမှပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ သူတို့၏ ကိုယ်ပိုင်လက်မှုပညာများကို လုပ်ဆောင်စေရုံသာမက အပိုကော်မရှင်များလည်း ပေးမည်ဟု ကြားလိုက်ရသည့်အတွက် ရုတ်တရက် သူတို့၏မျက်လုံးများ လင်းလက်လာပြီး စိတ်အားတက်ကြွစွာ ပြောလာခဲ့ကြသည်။
“ဒါရိုက်တာ၊ စိတ်မပူပါနဲ့။ ကျွန်တော်တို့တွေက တစ်သက်လုံး လက်မှုပညာရပ်နဲ့ လုပ်ကိုင်စားသောက်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ အလုပ်ကို ဖျက်ဆီးမှာ မဟုတ်ပါဘူး”
ဒါရိုက်တာဝမ်သည်လည်း ဘေး၌ ရပ်နေလျက် အလွန်ရှုပ်ထွေးနေခဲ့သည်။
“ဒါရိုက်တာလီ၊ ကျွန်တော်တို့က ပြည်သူတွေကို ဝန်ဆောင်မှုပေးတာ အဓိကထားပြီး ပိုက်ဆံရှာတာမျိုးကို မတွေးသင့်ဘူးလို့ ထင်ပါတယ်။”
ကျန်းကျန်းသည်ကား သူ့ကို ကြည့်၍ ပြုံးလိုက်သည်။
“ပြည်သူတွေကို ဝန်ဆောင်မှုပေးရင် ပိုက်ဆံမရှာနိုင်ဘူးလို့ ဘယ်သူပြောလဲ။ ရှင့် အရင်တုန်းကလုပ်ခဲ့သလိုမျိုး ရောင်းတောင် မရောင်းနိုင်ရင် အဲဒါကို ပြည်သူတွေကို ဝန်ဆောင်မှုပေးတယ်လို့ ခေါ်လို့ရလား၊
အဲဒါတွေက နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးတာသက်သက်ပဲ”
ကျန်းကျန်းသည်က သူမ၏အသံကို တမင်တကာ ကျယ်လောင်စွာ မြှင်တင်လိုက်လျက် ပြောခဲ့သည်။
“အခုချိန်မှာ နိုင်ငံတော်က စီးပွားရေးကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ကျွန်မတို့ကို တိုက်တွန်းနေတယ်။
လုပ်ငန်းကိုလုပာနေရင်းကနေ ပိုက်ဆံမရှာနိုင်ဘူးဆိုရင် ပြုပြင်ပြောင်းလဲရေးမှာ ဖယ်ရှားခံရမှာပဲ၊
ဒါကြောင့် ပြည်သူတွေကို ဝန်ဆောင်မှုပေးတဲ့ အပေါ်မှာ အခြေခံပြီး အကျိုးအမြတ်တွေ ဖန်တီးရမယ်၊
ကျွန်မတို့က ကျွန်မတို့ စက်ရုံရဲ့ဝန်ထမ်းတွေကို လစာများများ ရရှိအောင် လုပ်ရမယ်။ အားလုံးရဲ့ ဘဝကို ပိုကောင်းအောင် လုပ်ပေးရမယ်”
“ဒါရိုက်တာလီ ပြောတာ မှန်ပါတယ်”
ဝန်ထမ်းများသည်ကား လစာပင် မရသည့် ရက်များစွာကို လုံလောက်စွာ ကြုံတွေ့ခဲ့ရပြီဖြစ်သည့်အတွက် ချက်ချင်းပင် လီမင်ကျန်းပြောသည့် စကားကို ထောက်ခံရန် လက်များကို မြှောက်၍ အော်ဟစ်လိုက်ကြသည်။
ကျန်းကျန်းသည် ဝမ်ရွှယ်လင်းကို တစ်ချက်ကြည့်လျက် ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်သည်။
“ဒါရိုက်တာဝမ်၊ ရှင့်ရဲ့ အိုဟောင်းနေတဲ့ အတွေးအခေါ်ကို ပြောင်းလဲသင့်ပြီ”
ဝန်ထမ်းများသည်ကား သူတို့မရရှိခဲ့သည့် ခြောက်လစာ လုပ်အားခလစာကိုရရှိသည့်အတွက် ငွေများစွာ ရရှိသွားခဲ့သည်။
ကျန်းကျန်းက ယနေ့ကဲ့သို့ အချိန်တွင် သူတို့ အလုပ်လုပ်ရန် စိတ်မပါတော့ဟု ခန့်မှန်းမိသည့်အတွက် ယနေ့ ဝန်ထမ်းများကို ခွင့်ပေးလိုက်ပြီး ငွေစုသင့်သည့်သူများ စုရန်၊ အိမ်ကိုပြန်၍ အသားဝယ်စားပြီး ကောင်းမွန်စွာ အောင်ပွဲခံသင့်သည့်သူများကိုလည်း အောင်ပွဲခံ ပွဲကျင်းပရန် လုပ်ပေးလိုက်သည်။
စက်ရုံ၌ တာဝန်ရှိသူအချို့ကိုတော့ ချန်ထားခဲ့ကာ ကျန်းကျန်းက အလုပ်အစီအစဉ်အချို့ကို ထပာမံ စီစဉ်ပေးလိုက်သည်။
ပထမတစ်ခုသည်ကား စက်ရုံနာမည်ကို ထန်တာ့ပရိဘောဂစက်ရုံဟု ပြောင်းလဲပြီး ဆိုင်းဘုတ်တစ်ခု ပြန်လည်ချိတ်ဆွဲရန် ဖြစ်သည်။
ဒုတိယတစ်ခုသည်ကာ့ စက်ရုံရှိ စတော့များကို ပြောင်းလဲရန်ဖြစ်ပြီး တတိယတစ်ခုသည်ကား ပေရှားဒေသရေအားလျှပ်စစ်စက်ရုံသို့ သွား၍ သစ်သားပြားများ ဝယ်ယူခိုင်းရန် ဖြစ်သည်။
၎င်းသည် အများပြည်သူ ပိုမိုလက်ခံနိုင်သည့် သစ်သားပရိဘောဂများ ထုတ်လုပ်ရန်အတွက် ဖြစ်သည်။
အမိန့်များစွာ ထုတ်ပြန်ပြီးနောက် ဝမ်ရွှယ်လင်းသည်က ကျန်းကျန်း၏ တက်ကြွသည့် ပုံစံကို ကြည့်လျက် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
“ဒါရိုက်တာလီ ၊ မင်း မနက်ဖြန် အလုပ်လာမလား”
“ကျွန်မဆီမှာ အလုပ်ရှိတယ်၊ နှစ်ပတ်လောက် ပြန်လာနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းရတယ်၊ ဒီအချိန်အတွင်းမှာ ရှင်တို့တွေ စက်ရုံကို ထောက်ပံ့ထားကြပါ။ ကျွန်မ ပြောထားတဲ့အတိုင်း လုပ်ဆောင်ကြပါ။ ကျန်တာကိုတော့ ကျွန်မ ပြန်လာမှ ပြောပါ့မယ်”
ကျန်းကျန်းသည် သူ၏နာရီကို ကြည့်လျက် ထရပ်လိုက်ကာ ပြောလိုက်သည်။
“တခြားဘာလုပ်ရဦးမလဲ”
ဒါရိုက်တာဝမ်တစ်ယောက် သက်ပြင်းချလိုက်သည်။
သူ့အနေဖြင့် အလုပ်ထုတ်ခံရပြီဟု ထင်နေခဲ့သည်။ သို့သော် လီမင်ကျန်းသည်ကား သူ့ကို ပြောင်းရွှေ့ခိုင်းရန် ရည်ရွယ်ချက် မရှိဟု ထင်သည့်အတွက် သူချက်ချင်း စိတ်အေးသွားသည်။
“ဒါရိုက်တာလီ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ မင်းအစီအစဉ်အတိုင်း လိုက်နာဖို့ ကတိပေးပါတယ်”
ကျန်းကျန်းသည်ကား သူ့၏စကားကို ခေါင်းညိတ်လျက် စက်ရုံမှ ထွက်လာပြီးနောက် သူမ၏မိသားစုကို နှုတ်ဆက်ရန် အိမ်ဝင်းထဲသို့ ပြန်သွားသည်။
သူမက စက်ရုံထဲသို့ နောက်ထပ် လူအနည်းငယ်ကို ဖိတ်ခေါ်ရန် စီစဉ်ထားသည်။ ဤလူများထဲတွင် ကျန်းကျန်းအနေဖြင့် သူ၏အတိတ်ဘဝ၌ သတင်းများတွင်သာ မြင်ဖူးသည့် နာမည်ကြီးပုဂ္ဂိုလ်များလည်း ပါဝင်သကဲ့သို့ ဤအချိန်အတွင်း သူမ၏ အသိစိတ်ဖြင့် ရှာဖွေတွေ့ရှိခဲ့သည့် ဝါရင့်လက်မှုပညာရှင်များလည်း ပါဝင်သည်။
ဤနေ့ခေတ်ကာလအတွင်းတွင် စီးပွားရေးကို အမှန်တကယ် လုပ်ဆောင်မည်ဆိုလျှင် ကိစ္စများစွာသည် နည်းလမ်းတကျ လုပ်ဆောင်ရသည်။
ကျန်းကျန်းသည်ကား မည်သည့်နေရာကိုမဆို ရောက်နိုင်သော်လည်း ဘေးကင်းရေးအတွက် ရထားလက်မှတ်ကိုမူ ဝယ်ခဲ့သေးသည်။
သို့သော် သူမက ရထားပေါ်သို့မူ မတက်ခဲ့ပေ။
ကျန်းကျန်းသည် ဟူပေပြည်နယ်ရှိ ခရိုင်တစ်ခုသို့ နေရာရွှေ့ပြောင်းသွားခဲ့သည်။
သူမ ဤနေရာသို့ လာခြင်းသည်ကား စွမ်းရန်သယ်ဟုခေါ်သည့် အသက်သုံးဆယ်အရွယ် လူတစ်ဦးကို ရှာဖွေရန်သာ ဖြစ်သည်။
နိုင်ငံတွင်း အခြေအနေမတင်မာခင်က ထိုအသက်နှစ်ဆယ်အရွယ် စွမ်းရန်သယ်သည်ကား သူ၏ဘိုးဘွားအိမ်ကို ရောင်း၍ ရရှိသည့် ယွမ်ရာဂဏန်း အနည်းငယ်ဖြင့် လုပ်သား ၃၀ ပါသည့် သစ်သာ့ပရိဘောဂစက်ရုံတစ်ခုကို ဖွင့်ခဲ့သည်။
ပို့ကုန် ကုန်စည်ပြပွဲထံမှ ထွင်းထုထားသည့် သေတ္တာနှင့် လှောင်အိမ်အစုံ ၂၀ အတွက် အော်ဒါများ ရရှိခဲ့ပြီး ယွမ်ထောင်ပေါင်းများစွာ ရရှိခဲ့သည်။
သို့သော် ဝမ်းနည်းဖွယ်မှာ ထိုစဉ်က စွမ်းရန်သယ်သည် အောင်မြင်မှု၏ ပျော်ရွှင်မှုကို ခံစားပြီးပြီးချင်းတွင် အရင်းရှင်အသစ်၏ စံနမူနာအဖြစ် ဝေဖန်ခံခဲ့ရသည်။
ယခု စွမ်းရန်သယ်တွင် မည်သည်ပိုင်ဆိုင်မှုမျှ မရှိတော့ပေ။
သူ၏အသက် သုံးဆယ်ကျော်ပြီ ဖြစ်သော်လည်း ဇနီးသည်တစ်ယောက် ယူမည့်အကြောင်ကိုးပင် မပြောဖြစ်သေးပေ။ မတိုင်ခင်က ဝန်ထမ်းများက သူ့နှင့်အတူ စက်ရုံဖွင့်ရန် ဆန္ဒရှိလျှင်ပင် သူတို့၏ လုပ်ခကို သူ့အနေဖြင့် မတတ်နိုင်တော့ပေ။
ကျန်းကျန်းတစ်ယောက် နေရာလွတ် ထဲသို့ ဝင်လိုက်သည်။ ထိုနေရာတွင် အနားယူခြင်း၊ စားသောက်ခြင်းမှလွဲ၍ ကျန်သည့်အချိန်အများစုကို စွမ်းရန်သယ်ကို စောင့်ကြည့်ရင်း ကုန်ဆုံးခဲ့သည်။
ရက်အနည်းငယ်ကြာသော် တော်ဝင်တက္ကသိုလ်မှ ဟူပေသို့သွားမည့် ရထားက ဘူတာရုံသို့ ရောက်ရမည့်အချိန်ကိုရောက်မှသာ ကျန်းကျန်းသည်က သူမ၏နေရာလွတ်အထဲမှ ထွက်လာခဲ့လေသည်။
နေရာလွတ်ထဲမှ ဘဲကင်တစ်ကောင်၊ ကြက်ကင်တစ်ကောင်နှင့် ပေါင်မုန့်လုံးတစ်ထုပ်ကို ထုတ်ယူလျက် ကျန်းကျန်းသည်ကား စွမ်းရန်သယ်၏ အိမ်တံခါးကို ခေါက်လိုက်သည်။
“ဘယ်သူလဲ”
စွမ်းရန်သယ်တစ်ယောက် သူ၏လက်ထဲမှ ဓားကို ချလျက် ထရပ်လိုက်သည်။
“ဒါရိုက်တာစွမ်း အိမ်မှာရှိလား”
ကျန်းကျန်းက အော်ခေါ်လိုက်သည်။
စွမ်းရန်သယ်မှာသူ၏ ထိုနာမည်ကိုကြားသောအခါ တအံ့တဩဖြစ်သွားလျက် ခေါင်းခါရင်း ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလာခဲ့လေ၏။
“ဒါရိုက်တာစွမ်းဆိုတာ ဘာလဲ၊ အဲဒီလိုအခြေအနေမရှိတော့တာ ဆယ်နှစ်တောင် ကြာခဲ့ပြီးပြှ”
သူ တံခါးဝသို့ လျှောက်သွားသောအခါချိန် အပြင်ဘက်မှ နေရောင်က ရုတ်တရက် ဝင်လာထဲ့သည်။
သူ့အနေဖြင့် မျက်စိစူးလွန်းသည့်အတွက် မျက်လုံးဖွင့်ရန် အနည်းငယ်ခက်ခဲနေခဲ့သည်။
ထို့ကြောင့် ခေါင်းကိုငုံ့၍ နေရောင်ကို ကာကွယ်ကာ အပြင်ဘက်မှ အလင်းရောင်နှင့် အသားကျလာမှသာ စွမ်းရန်သယ်တစ်ယောကင သူ၏အိမ်တံခါးဝ၌ အလွန်လှပသည့် မိန်းကလေးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။