← Chapters

အခန်း (၂၇၈)

Vol. 28 Ch. 278

အခန်း (၂၇၈)

Vol. 28 Ch. 278

ဝမ်ရွှယ်လင်းက ဝိုင်တစ်ခွက်ကို ပါးစပ်တွင်း လောင်းထည့်လိုက်သည်။ ၎င်း၏မျက်လုံးများကတော့ နီရဲနေခဲ့လေသည်။

“ငါ အခု ကောင်းကောင်းအလုပ်လုပ်ပြီး ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ၊ အခုတော့ ခေါင်းဆောင်ဖြစ်တဲ့ငါ့လက်အောက်မှာ ဘယ်နှစ်ယောက်လောက်ရှိနေလဲ။ ငါ ရုံးခန်းထဲမှာ တစ်လကျော် ထိုင်နေတာတောင်မှ ဝန်ထမ်းတွေကို ဘာအလုပ်မှ မပေးရ‌သေးဘူး၊

သူတို့တွေကလည်း အလုပ်အတွက် ငါ့ကို မရှာကြဘူး၊ ဒါကငါ့ကို အခွင့်အရေး မပေးဘူးဆိုတာ ထင်ရှားနေတာပဲလေ”

“ကျွန်တော်တို့တွေ အချိန်အကြာကြီး အတူတူ လုပ်ခဲ့ကြတဲ့ သံယောဇဥ်အတွက်၊ မင်းအနေနဲ့ စိတ်ကို ဖြေလျော့ပြီး အခွင့်အရေးယူဖို့တွေ ဘာတွေ ညာတွေကို ဘာမှမလုပ်ဖို့ ၊ မစဉ်းစားဖို့ အကြံပေးချင်တယ်”

စွမ်းယွီဖုန်းက ဝမ်ရွှယ်လင်း၏ ပခုံးကို ပုတ်လိုက်သည်။

“မင်းအရင်တုန်းက အခွင့်အရေးတွေ ရှိခဲ့ပေမယ့် အလုပ်သမားတွေက လစာတောင်မှ မရနိုင်ရင် ဘာအသုံးဝင်မှာလဲ၊ အခု လီမင်ကျန်းနှင့် စွမ်းရန်သယ်တို့က ငါတို့ကို ပိုက်ဆံ ပိုရှာပြီး လစာ ပိုရအောင် လုပ်ပေးမယ်ဆိုရင် ငါကတော့ ငါ့မှာ ရှိတဲ့ အခွင့်အရေးတွေကို သူတို့ကို ပေးလိုက်ချင်တယ်”

“ကြည့်စမ်း၊ မင်းက သူတို့နှင့် အတူလုပ်ရတာ ရက်အနည်းငယ်လောက်ပဲ ရှိသေးတယ်၊ မင်းရဲ့အတွေးတွေကပါ သူတို့ကြောင့် ပုပ်သိုးသွားပြီ။”

ဝမ်ရွှယ်လင်းက ၎င်းကို ဒေါသတကြီး ကြည့်လိုက်သည်။

“မင်းအရင်တုန်းက ဒီလိုလူစားမျိုး မဟုတ်ပါဘူး။”

စွမ်းယွီဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။

“ မင်းက မင်းရဲ့ ကလေးတွေအတွက် ကျောင်းစရိတ် မပေးနိုင်တဲ့အချိန်၊ တစ်လလုံး အသား မစားနိုင်တဲ့ နေ့ရက်တွေကို မကြုံဖူးဘူးမလား၊ ငါကတော့ ဒီလောက် အဆင့်မြင့်တဲ့ အတွေးအခေါ် မရှိဘူး၊ ငါက ငါ့ကို ပိုက်ဆံပေးတဲ့သူရဲ့ စကားကို နားထောင်မှာပဲ”

စွမ်းယွီဖုန်းက ထရပ်၍ ဝမ်ရွှယ်လင်း၏ ပခုံးကို ပုတ်လိုက်သည်။

“မျက်စိကို ကျယ်ကျယ် ဖွင့်ကြည့်စမ်းပါ ၊ မင်းက နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ အငြိမ်းစား ယူတော့မှာပဲ၊ ဘာလို့ အသုံးမကျတဲ့ ကိစ္စတွေကို ဂရုစိုက်နေတာလဲ၊ စက်ရုံကသာ တကယ်ကြီးထွား ဖွံ့ဖြိုးလာရင် မင်းရဲ့မျက်နှာလည်း မတောက်ပြောင်တော့ဘူးလား။”

စွမ်းယွီဖုန်းက ယိုင်နဲ့ယိုင်နဲ့ဖြင့် အပြင်သို့ ထွက်သွားခြင်းကို မြင်သော် ဝမ်ရွှယ်လင်းက ၎င်း၏နောက်ကျောကို ဒေါသတကြီး လက်ညှိုးထိုး၍ ဆူပူလိုက်သည်။

“သူက တော်တော်ကြီးကို နားမလည်မသိတတ်တဲ့ကောင်စားပဲ! ငါအရင်တုန်းကသာ သူ့ကို မမြှင့်တင်ပေးခဲ့ရင် သူက ရုံးဒါရိုက်တာတောင် ဖြစ်လာမှာ မဟုတ်ဘူး၊ အခု ငါကတောင်ဘာမှ မမေးရသေးဘူး၊ ဒီလိုမျိုး သူက ငါ့ကို လာပြီးစည်းရုံးနေတယ်!”

လျို့ချန်လင်းက ခေါင်းခါ၍ ထရပ်လိုက်သည်။

“ဒါရိုက်တာ ဝမ်၊ ကျွန်တော် ဒီမှာ ဝိုင်သောက်တာ နည်းနည်းလောက် များသွားပြီလို့ထင်တယ်၊ ကျွန်တော် အရင်ဆုံး ပြန်ပြီး အိပ်လိုက်တော့မယ်၊ ခင်ဗျားလည်း စိတ်ကို ငြိမ်အောင် လုပ်ပြီး အိမ်ထဲကို စောစော ပြန်ပါ။”

ဝမ်ရွှယ်လင်းက ၎င်းကို ဂရုမစိုက်ဘဲ ဝိုင်ခွက်ကို ကောက်ယူပြီး နောက်တစ်ခွက် ထပ်လောင်းလိုက်သည်။

“ဒုတိယ ဒါရိုက်တာ ကျန်ကျန့်ကျုံး၊မင်းလည်း သွားချင်ရင် သွားလို့ ရတယ်။”

“ငါ မသွားဘူး၊ မင်းအတွက် သောက်ဖော်သောက်ဖက် လုပ်ပေးမယ်။”

ကျန်ကျန့်ကျုံးက အစားအစာ တစ်လုပ် စားပြီး စကားများစွာအန်ထွက်လာတော့သည်။

“ငါလည်း သူ့လက်အောက်မှာ အလုပ်လုပ်ရတာကို မကြိုက်ဘူး၊ သူက အသက် သုံးဆယ်ကျော်ပဲ ရှိသေးတယ်၊

ဘာလို့ သူ့ကို စက်ရုံ ဒါရိုက်တာ လုပ်ခိုင်းတာလဲ၊ သူက အပြင်ထွက် ပြေးနိုင်လို့လား၊ သူ့ရဲ့စိတ်ကတောင် ဘာမှလည်း မတည်ငြိမ်သေးဘူး။”

ဤစကားများသည်ကား ဝမ်ရွှယ်လင်း၏ ရင်တွင်းသို့ ထိုးစိုက်သွားသည်။ ၎င်းက ၎င်း၏ခွက်ကို မြှောက်ပြီး ကျန်ကျန့်ကျုံး၏ ခွက်ကို တို့လိုက်သည်။

“ကျွန်တော်တို့ သူ့ကို အာဏာမရအောင် လုပ်လို့ မရတာမဟုတ်ဘူး ၊ သူ ဒီမှာ မရှိတုန်း၊ မင်းငါနဲ့အတူ ပြဿနာ ရှာရဲလား။”

“ဘာလို့ ပြဿနာ ရှာမှာလဲ”

ကျန်ကျန့်ကျုံးက မဲ့ပြုံးပြုံး၍ မေးလိုက်သည်။

“လျို့ချန်လင်း ခုနက ပြောတာ မှန်တယ်၊ အခု စက်ရုံက ပုဂ္ဂလိက စက်ရုံပဲ၊ သူမက ဘယ်သူ့ကို စက်ရုံ ဒါရိုက်တာ လုပ်ချင်လဲဆိုတာ လုပ်နိုင်တယ်၊ ဒါက ငါတို့ အရင်ကနဲ့ မတူဘူး။”

“ဒါပေမယ့် စွမ်းရန်သယ်က ဝန်ထမ်းတွေကို ထိန်းချုပ်မထားနိုင်ရင် ဘယ်လိုလုပ်မလဲ”

ဝမ်ရွှယ်လင်းက လှောင်ပြုံးပြုံးလိုက်သည်။

“ငါတို့ ပြန်သွားပြီး အဲ့ဒီ အလုပ်သမားဟောင်းတွေကို ရှာကြစို့၊ သူတို့က သူတို့ အတွေးတွေကို လှုပ်ခတ်လိုက်တာနဲ့ စွမ်းရန်သယ်က သူတို့ကို ထိန်းချုပ်ထားနိုင်မှာ မဟုတ်တော့ဘူး၊ လီမင်ကျန်းကလည်း နာနာခံခံနဲ့ ငါတို့ကို လာပြီး တောင်းဆိုရလိမ့်မယ်”

“အဲဒီလို လုပ်လို့ရပါ့မလား”

ကျန်ကျန့်ကျုံးက မဝံ့မရဲ မေးလိုက်သည်။

“ငါကြည့်ရတာတော့ အဲဒီက ဆရာကြီးတွေ အခုတလော အလုပ်တွေကို အရှိန်အဟုန်နဲ့ လုပ်နေကြတာပဲ၊ သူတို့ အားလုံးက ကြက်သွေးလို တက်ကြွနေကြတယ်၊ သူတို့က ငါတို့ရဲ့ စကားကို နားထောင်ကြမှာတဲ့လား။”

ဝမ်ရွှယ်လင်းက လှောင်ပြုံးပြုံးလိုက်သည်။

“စွမ်းရန်သယ်က လက်သမားတွေ အများကြီး ခေါ်လာတာဆိုတော့ ငါတို့က သူက အဲဒီလူတွေကို အလုပ်သမားဟောင်းတွေရဲ့ နေရာမှာ အစားထိုးပြီး စက်ရုံကနေ ဖယ်ထုတ်တော့မယ်လို့ ပြောကြစို့၊ သူတို့ မကြောက်ဘူးလို့ ငါတော့ မယုံဘူး။”

“ကောင်းပြီ၊ မင်းစကား နားထောင်မယ်။”

ကျန်ကျန့်ကျုံး ခေါင်းငြိမ့်လိုက်သည်။

ထိုအခိုက်တွင် လက်ခုပ်တီးသံများ ဆက်တိုက် ထွက်လာခဲ့လေသည်။

ဝမ်ရွှယ်လင်းနှင့် ကျန်ကျန့်ကျုံးတို့ ခေါင်းမော့ကြည့်လိုက်သော် လီမင်ကျန်းက ဂိတ်ဝ၌ မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ ရပ်နေခြင်းကို တွေ့လိုက်ရသည်။

သူတို့၏မျက်နှာများမှာ ချက်ချင်း ဖြူဖျော့သွားခဲ့ကြပြီး ထရပ်လိုက်ကြလေသည်။

“အတော်လေးကောင်းတဲ့ အကြံအစည်ပဲ”

ကျန်းကျန်းက လှောင်ပြုံးပြုံးလိုက်သည်။

“ရှင်တို့သာ စက်ရုံကို ဘယ်လို ကောင်းအောင် လုပ်ရမလဲဆိုတဲ့အပေါ်မှာ အခုလိုမျိုးအာရုံစိုက်ပြီး ထက်ထက်မြက်မြက်တွေးခေါ်နိုင်ခဲ့ရင် ဒီလိုကြီးမားတဲ့ နိုင်ငံပိုင် စက်ရုံကြီးလည်း ပိတ်သွားရမှာ မဟုတ်ဘူး”

ဝမ်ရွှယ်လင်း၏ မျက်နှာက ဖြူဖျော့နေခြင်းကို မြင်သော် ကျန်းကျန်းက ခေါင်းကို ခါရမ်းလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ကျွန်မ အနေနဲ့လည်း ဒီစက်ရုံက အစကတည်းက လူပျင်းတွေကို ထောက်ပံ့ဖို့ မစီစဉ်ထားပါဘူး၊

ဒါပေမဲ့ အဲဒီအချိန်တုန်းက ရှင်တို့တွေက စက်ရုံမှာ ဒါရိုက်တာ လုပ်လာတာ နှစ်တွေ အကြာကြီး ရှိနေပြီဆိုတော့ တိုက်ရိုက် ထုတ်ပစ်ဖို့ မကောင်းဘူးလို့ ထင်လို့ထားခဲ့တာ၊

ဒါကြောင့်ပဲ ရှင်တို့ကို အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းပေးခဲ့တာ၊ ဒါပေမဲ့ ကျွန်မအနေနဲ့ နည်းနည်းလောက် ပိုပြီးတွေးမိနေတယ်လို့ ထင်တယ်၊

အခုကြည့်ရသလောက် ဒါရိုက်တာဝမ်က တကယ်ကို အရည်အချင်းရှိတဲ့သူဆိိုတော့ ရှင့်အနေနဲ့ ဘယ်နေရာမှာမဆို ကောင်းကောင်း လုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”

“မင်းက ငါ့ကို အလုပ်ထုတ်ဖို့ ကြိုးစားနေတာလား!”

ဝမ်ရွှယ်လင်းက ကျန်းကျန်းကို ကြည့်၍ အလွန် စူးရဲစွာကြည့်ကာ ပြင်းထန်မာကြောသည့် ပြောဆိုလိုက်သည်။

“ငါ သဘောမတူဘူး၊ မင်း ငါ့ကို အလုပ်ထုတ်ရဲရင် ငါ အစိုးရကို တိုင်ကြားမယ်။”

“ကျွန်မကို ဘာအတွက် တိုင်ကြားမှာလဲ”

ကျန်းကျန်းက ၎င်း၏ခြေထောက်နားတွင်ရှိနေသည့် အသံသွင်းတိပ်ခွေပစ္စည်းကို ထုတ်ယူလိုက်သည်။

သူမ၏ လက်ဖြင့် ခလုတ်ကို နှိပ်လိုက်သော် အသံသွင်းတိပ်က စတင်၍ လည်လာခဲ့ပြီး မတိုင်ခင်က ဝမ်ရွှယ်လင်း၏ ပြဿနာများဖြစ်ပေါ်စေရန်အတွက် လှုံ့ဆော်ပြောဆိုနေသော စကားများက တ၀်ခွန်းမကျန် အကုန် ပေါ်ထွက်လာခဲ့သည်။

“ကျွန်မအနေနဲ့ ရှင်တို့ကို ပြဿနာဖြစ်လာအောင် တမင်လုပ်နေတယ်လို့ ပြောမလို့လား၊ ကောင်းပြီ၊ အဲဒီလိုမျိုး အသုံးမဝင်တဲ့ ကိစ္စတွေကို စကားရှည်ရှည်ဝေးဝေး ဆက်မပြောတော့ဘူး၊

ရှင်တို့ နှစ်ယောက် ကိုယ်တိုင် နုတ်ထွက်မှာလား ဒါမှမဟုတ် ကျွန်မဘက်က အလုပ်ထုတ်ပစ်လိုက်ရမှာလား”

ကျန်းကျန်းက အသံသွင်းတိပ်ခွေကို ပိတ်ပြီးနောက် မြေပေါ်၌ ပြန်လည်ချထားလိုက်သည်။ ထိုသို့ဆိုပါက သူမက ၎င်းတို့ နှစ်ဦးကို အေးအေးဆေးဆေး ကြည့်၍ ရနိုင်ပေပြီ။

ကျန်ကျန့်ကျုံး၏ မျက်နှာပေါ်၌ ကြမ်းတမ်းရက်စက်သော အမူအရာ ပေါ်လာသည်။

“ငါက နုတ်ထွက်မှာ မဟုတ်ဘူး၊ ခုနက ပြောခဲ့တဲ့စကားတွေကိုလည်း ငါ မသိဘူး”

ထို့သို့ ပြောရင်းဖြင့် သူက ကျန်းကျန်းထံသို့ ပြေးဝင်သွားခဲ့သည်။

ထို့နောက် ကျန်းကျန်း၏ ခြေထောက်နားရှိ အသံသွင်းကိရိယာကို လုယူရန် ကြိုးစားလာခဲ့လေသည်း သူ့၏ လုပ်ရပ်ကို မြင်သော် ဝမ်ရွှယ်လင်းကလည်း ဝိုင်မူးခြင်းက တစ်ဝက်လောက် ပြေသွားပြီး သူနှင့်အတူ လိုက်ပါပြေးဝင်လာသည်။

ကျန်းကျန်းက လှုပ်တောင် မလှုပ်ရှားခဲ့ဘဲ သူတို့နှစ်ဦး အနီးကိုရောက်လာမှသာ ခြေထောက်ကို မြှောက်ပြီး ခုန်ဝင်လာသော လူနှစ်ဦးကို ကန်ချလိုက်သည်။

နှာခေါင်းသွေးများ ထွက်၍ မြေပေါ်၌ လဲသွားပြီဖြစ်သော လူနှစ်ဦးကို ကြည့်ပြီး ကျန်းကျန်းက လှောင်ပြုံးပြုံးလိုက်သည်။

“ကျွန်မက ငယ်ငယ်လေးကတည်းက တိုက်ခိုက်တဲ့အချိန်တွေမှာ ဘယ်တုန်းကမှ မရှုံးဖူးဘူး”

၎င်းတို့ နှစ်ဦး၏ မကျေနပ်သော အမူအရာများကို မြင်သော် ကျန်းကျန်းက လျှောက်သွားပြီး တစ်ဦးချင်းစီကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။

“နောက်ထပ် တစ်ခု ပြောပြမယ်၊ ပြတ်သားတိကျတဲ့ အင်အားကြီးမားမှုရဲ့ မျက်နှာစာရှေ့မှာ ဘယ်လိုကောက်ကျစ်စဥ်းလဲ့ပူးပေါင်းကြံစည်မှုမဆို စက္ကူကျားလိုပဲ၊ တစ်ချက်တည်းနဲ့ ပြိုလဲနိုင်တယ်”

ဝမ်ရွှယ်လင်းနှင့် ကျန်ကျန့်ကျုံးတို့က ကြောက်လန့်တကြား မြေပေါ်၌ ထိုင်လျက် နောက်သို့ ဆုတ်သွားကြသည်။ လီမင်ကျန်းကသာ ၎င်းတို့ကိုယ်ပေါ်သို့ တက်နင်းပါက အပေါက်ဖြစ်သွားမည်ကို ကြောက်နေခဲ့ကြသောကြောင့်ပင် ဖြစ်ပေသည်။

“ကျွန်တော် နုတ်ထွက်ပါပြီ၊ ကျွန်တော် နုတ်ထွက်ပါပြီ၊ ကျွန်တော် အနာဂတ်မှာ အလုပ်မလုပ်တော့ပါဘူး”

ဝမ်ရွှယ်လင်းက ကြောက်လန့်တကြား ကျန်းကျန်းကို ကြည့်လိုက်သည်။

သူသည်ကား သူ၏လည်ချောင်းက ပိတ်ဆို့နေသကဲ့သို့ ဖြစ်နေခဲ့ကာ စကားတစ်ခွန်းမျှ မပြောနိုင်ပါချေ။

ကျန်းကျန်းက အေးစက်စွာဖြင့် သူတို့ကို လှောင်ပြောင် ရယ်မောလိုက်ပြီး အသံသွင်းပစ္စည်းကို ကောက်ယူကာ လှည့်ထွက်သွားခဲ့သည်။

ကျန်းကျန်း၏ အရိပ်အယောင် ဂိတ်ဝ၌ ပျောက်ကွယ်သွားခြင်းကို မြင်သော် ဝမ်ရွှယ်လင်းက မြေပေါ်တွင် ပုံလဲကျသွားပြီး ၎င်း၏နံရိုးများ နာကျင်ခြင်းကို ပွတ်လိုက်သည်။

“ဒီလီမင်ကျန်းက ရှောင်လင်ဘုန်းကြီးကျောင်းကနေ ပြန်လာတာလား၊ ဘာလို့ ဒီလောက်တောင်မှ အားအင်ပြည့်ဝနေရတာလဲ”

ကျန်ကျန့်ကျုံးက သူ၏ခေါင်းလှည့်ကာ တစ်ဘက်လူကိုကြညာ့လိုက်သည်။ ၎င်း၏မျက်နှာကတော့ ထမင်းအိုး၏အောက်ခြေကဲ့သို့ မည်းနေခဲ့ပေပြီ။

“ဒါက မင်းကြောင့်ပဲ၊ ငါက နောက် နှစ်နည်းနည်းလောက်ဆိုရင် အငြိမ်းစား ယူရတော့မှာ၊ အခုတော့ ငါ့အလုပ်က ပျောက်သွားပြီ။ ငါ့မိသားစုကို ကျွေးမွေးထောက်ပံ့ဖို့ ငါ ဘာလုပ်ရတော့မှာလဲ”

*

All Chapters