အခန်း (၂၈၂)
Vol. 29 Ch. 282
ရှီကျွင့်ကျဲက ကျန်းကျန်း၏ ပင်ပန်းနွမ်းနယ်မှုများကြောင့် ချောင်ကျနေသည့်မျက်နှာကို ကြည့်၍ သူမ၏ ပခုံးပေါ်မှ ကျောပိုးအိတ်ကို ယူပေးလိုက်သည်။
“ဘာလို့များ ဘာသာရပ်သုံးခုတောင် ယူထားရတာလဲ အခုတော့ အရမ်းပင်ပန်းနေပြီမဟုတ်ဘူးလား “
ကျန်းကျန်းက ခါးဆန့်ရင်းဖြေလိုက်သည်။
“ကံကောင်းတာက မကြာခင် ဘွဲ့ရတော့မှာလေ၊ ဆိုတော့ နေ့တိုင်း စာသင်ခန်းတွေထဲမှာ ပြေးလွှားနေရတဲ့နေ့ရက်တွေ ကုန်ဆုံးတော့မယ်၊
မကြာခင် ကောင်းကောင်းအနားယူရတော့မယ်. ဒါပေမဲ့ ဒီလိုဘဝက တကယ်ကို ပြည့်စုံတယ်လို့ ထင်တယ်၊ ဒါကြောင့် ကျောင်းဝင်းထဲကနေ ထွက်ခွာရမှာ နည်းနည်းလောက်တော့နှမြောမိတယ်။
လူတစ်ယောက်ရဲ့ဘဝမှာ စိတ်အပူအပန် အကင်းမဲ့ဆုံးအချိန်က ကျောင်းတက်နေတဲ့အချိန်လို့ ကြားဖူးတယ်”
“ဒါပေမဲ့ မင်းကလည်း တခြားသူတွေနဲ့ မတူဘူးလေ”
ရှီကျွင့်ကျဲက ကျန်းကျန်း၏လက်ကို ဖမ်းယူဆုတ်ကိုင်၍ ရယ်မောရင်းဖြင့်သူမ၏နှာခေါင်းကို တို့ထိလိုက်သည်။
“တခြားသူတွေက ကျောင်းကို ပျော်ပျော်ရွှင်ရွှင်စာဖတ်ဖို့အတွက် သွားတာ၊ မင်းကတော့ ကျောင်းတက်ရင်းနှင့် ကြိုးစားနေခဲ့တာ”
“ဟေးဟေး.. ကျွန်မလည်း ကျောင်းတက်ရတာကို တကယ်ပျော်ပါတယ်၊ အထူးသဖြင့် ကောလိပ်မှာ ရရှိခဲ့တဲ့ အချစ်ရေးဘဝပေါ့”
ကျန်းကျန်းက သူမ၏လက်ညှိုးဆန့်၍ ရှီကျွင့်ကျဲ၏ လက်ဖဝါးကို ကုတ်ခြစ်လိုက်သည်။
မျက်နှာပေါ်တွင် ဆော့ကစားသည့်အပြုံးဖြင့် ပြောသည်။
“ကျွန်မ ပြောပြမယ်၊ ကျွန်မတို့လိုမျိုး ကျောင်းဝန်းထဲမှာ မွေးမြူထားတဲ့ ဆက်ဆံရေးတွေက အဖြူစင်ဆုံးနဲ့ အားကျစရာအကောင်းဆုံးတွေပဲ၊
ကျွန်မတို့ရဲ့ ကလေးတွေ ကြီးလာရင် သူတို့ကို ဒီအကြောင်းတွေကို ပြောပြမယ်၊ ဒါမှ သူတို့တွေ သေလောက်အောင်ကို အားကျသွားမှာ”
ရှီကျွင့်ကျဲက “သူတို့၏ကလေး” ဟူသည့် စကားလုံးကို ကြားလိုက်သည်နှင့် ရင်ထဲတွင် သည်းမခံနိုင်အောင် လှုပ်ရှားသွားခဲ့ကာ မျက်နှာပေါ်တွင်လည်စ တောက်ပသည့်အပြုံးတစ်ခုက ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။
အကယ်၍ ပတ်ဝန်းကျင်၌ ကျောင်းသားများက များစွာ မရှိနေခဲ့ပါလျှင် သူ ကျန်းကျန်းကို ရင်ခွင်အတွင်းသို့ ဖက်၍ တာရှည်နက်ရှိုုင်းသည့်အနမ်းတစ်ပွင့်ကို ပေးလိုက်မိမည်ဖြစ်သည်။
“ မင်း ခုနတုန်းက ကိုယ်တို့ရဲ့ ကလေးအကြောင်းကိုပြောလိုက်တာလား”
“ဟုတ်တယ်လေ”
ကျန်းကျန်းက ရှီကျွင်းကျဲ၏ ပါးစပ်မှာ ပိတ်လို့မရလောက်အောင် ကျယ်ပြန့်နေသည်ကို မြင်၍ အနည်းငယ်လောက်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“ကျွန်မတို့နှစ်ယောက် လက်ထပ်ပြီးရင် ကလေးတွေ မွေးရမှာပဲလေ၊ ဘာတွေများ ရယ်စရာကောင်းနေလို့လဲ”
ရှီကျွင်းကျဲ၏ ပါးပြင်များက နီမြန်းနေခဲ့သည်။ သူက ကျန်းကျန်းကိုစာသင်ဆောင်ဆီသို့ တစ်လျှောက်လုံး ဆွဲခေါ်သွားခဲ့ကာ အခန်းလွတ်တစ်ခုကို ရှာလိုက်ပြီး ကျန်းကျန်းကို အခန်းအတွင်းသို့ တွန်းပို့လိုက်လေသည်။
ကျန်းကျန်းက ရှီကျွင့်ကျဲကို ရှုပ်ထွေးစွာ ကြည့်လိုက်မိကာ တစ်ဖက်လူက တံခါးကို လော့ချလိုက်သည်ကို မြင်သော် မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
“ရှင်ဘာလုပ်နေတာလဲ၊ ခိုးကြောင်ခိုးဝှက်နှင့် သူခိုးလိုပဲ”
ရှီကျွင့်ကျဲ ပြန်လှည့်လာသည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ သိသိသာသာ ထိတ်လန့်ရှက်ရွံ့နေသည့်ပုံ ပေါ်နေခဲ့သည်။
“ဒါဆို ကိုယ်တို့ ဘယ်တော့လောက်ကို လက်ထပ်ကြမလဲ”
ကျန်းကျန်းတစ်ယောက် ဒေါသတကြီး ရယ်မောချင်သည့် အကြည့်တစ်ချက်ကို ပေးလိုက်လေသည်။
“အိုး၊ ရှင်က ဒါလေးပြောဖို့အတွက်ကို ဘာလို့ လူမရှိတဲ့နေရာအထိ ခေါ်လာရတာလဲ၊ ဒီနေရာမှာမှ တန်ဖိုးရှိတယ်လို့ ထင်နေတာလား”
ရှီကျွင့်ကျဲက သူ၏ လက်ကိုဆန့်တန်း၍ ကျန်းကျန်းကို ရင်ခွင်အတွင်းသို့ ဆွဲယူ ပွေ့ဖက်လိုက်သည်။
သူက ကျန်းကျန်း၏ လည်ပင်းဘေးနားတွင် ခေါင်းကို ပွတ်သပ်၍ ကျန်းကျန်း၏ ပါးပေါ်သို့ နမ်းလိုက်ပြန်သည်။
“ကိုယ်က လူမရှိတဲ့နေရာမှာ မင်းကို ကောင်းကောင်းလေးပွေ့ဖက်ချင်နေရုံပဲ၊ ဒါနဲ့ ကိုယ်တို့ လက်ထပ်မယ့်ကိစ္စကို ဆွေးနွေးရအောင်”
ကျန်းကျန်းက ခေါင်းကိုလှည့်၍ ရှီကျွင်းကျဲကို အလေးအနက်ထားကာ ကြည့်လိုက်သည်။
“ကျွန်မ ဘယ်အချိန်မှာ လက်ထပ်မှာလဲဆိုတဲ့အကြောင်းကို ဘာလို့ ဒီလောက်ဆောင် ပေါ့ပေါ့ပါးပါးမေးနေတာလဲ”
သူမက လက်ကိုဆန့်တန်း၍ ရှီကျွင်းကျဲ၏ မျက်နှာကို ညှစ်ကာ ညင်သာစွာ ဆွဲလိုက်သည်။
“ကျွန်မ ပြောပြမယ်၊ လှပတဲ့ယောက်ျားလေးဆိုပြီး ဒီလှပတဲ့မျက်နှာတစ်ခုတည်းကိုပဲ အားကိုးလို့မရဘူး။
အနည်းဆုံးတော့ ကျွန်မရဲ့ ဘဝတစ်လျှောက်လုံးကို မှတ်မိနေမယ့် တရားဝင်ထိမ်းမြားလက်ထပ်ခွင့် တောင်းဆိုမှုတစ်ခုရှိမှ ကျွန်မ စဉ်းစားနိုင်မယ်”
ရှီကျွင်းကျဲက ခပ်ဖွဖွရယ်၍ သူ၏နဖူးကို ကျန်းကျန်း၏ နဖူးနှင့် ထိလိုက်သည်။
“မင်းက ကိုယ်ကို ဒုက္ခရောက်အောင်လုပ်နေတာလို့ ထင်တယ်”
“ဒါဆို ရှင်စဉ်းစားရမယ်၊ မဟုတ်ရင် ရှင် မိန်းမရမှာ မဟုတ်ဘူး”
ကျန်းကျန်းက သူမ၏လက်နှစ်ဖက်ကို ရှီကျွင့်ကျဲ၏လည်ပင်းကို ရစ်ပတ်၍ သူမရှေ့မှ ပိုမိုချောမောလာသည့် အမျိုးသားကို ကြည့်ရင်း ခြေဖျားထောက်၍ သူ၏ နှုတ်ခမ်းကို နမ်းလိုက်သည်။
“မင်းက မနက်စောစောစီးစီး ကိုယ့်ကို ကျီစယ်နေတာပဲ”
ရှီကျွင့်ကျဲက ခပ်ဖွဖွရယ်ရင်း ခေါင်းငုံ့၍ ကျန်းကျန်း၏ နှုတ်ခမ်းကို နမ်းလိုက်သည်။
သူတို့၏လျှာများ ထိတွေ့မိသွားခဲ့ချိန်တွင် နည်းနည်းလောက်ထုံကျင်လာသည့်ခံစားမှုက သူတို့နှစ်ဦးကို လျင်မြန်စွာပင် နစ်မြုပ်စေခဲ့သည်။
သူတို့သည်ကား အချိန်နှင့် ပတ်ဝန်းကျင်မှ အရာအားလုံးကို မေ့လျော့သွားခဲ့ကြကာ စာသင်ခန်းအပြင်ဘက်မှ ခြေသံများကို ကြားသည့်အချိန်ကိုရောက်မှသာ သတိပြန်ဝင်လာခဲ့ကြသည်။
ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်း၏ နှုတ်ခမ်းများကို မလွှတ်ချင်ဘဲ လွှတ်ပေးလိုက်ရပြီး သူမ၏ အနည်းငယ်လောက်ဖူးယောင်နေသည့် နှုတ်ခမ်းနီရဲရဲများကို နှစ်ကြိမ် ထပ်နမ်းလိုက်သည်။
ကျန်းကျန်းကတော့ ရှီကျွင့်ကျဲ၏ ရင်ခွင်အတွင်းသို့ မှီ၍ တိတ်တဆိတ်ပျော်ရွှင်နေခဲ့လေသည်။ ရှီကျွင့်ကျဲက နောက်ဆုံးအကြိမ်အဖြစ် ကျန်းကျန်း၏ခေါင်းထိပ်ကို နမ်းလိုက်ပြီး လက်ထဲမှ နာရီကို ကြည့်လိုက်သည်။
ထို့နောက် ပြုံးလိုက်ပြီး ကျန်းကျန်းကို ပိုမိုတင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်းပြောလာလေသည်။
“ကစားနေရင်းနွင့် အတန်းသွားတက့အချိန်မရှိတော့ဘူး၊ စားသောက်ဆောင်ကို တန်းသွားပြီး စားရအောင်”
ကျန်းကျန်းသည်လည်း အချိန်ကို ကြည့်လိုက်မိပြီး သူမ၏ ဉာဏ်များလှသည့်မျက်လုံးများက ရှီကျွင်းကျဲ၏ နှုတ်ခမ်းများကို စူးစိုက်ကြည့်လိုက်သည်။
“အခုက ထမင်းသွားစားဖို့ နည်းနည်းစောသေးတယ်၊ နောက်တစ်ကြိမ် ထပ်မံနမ်းမလား”
ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်း၏ နီရဲနေသည့် ပါးပြင်လေးကို ငုံ့ကြည့်ကာ ညင်သာစွာ ညှစ်လိုက်သည်။
“သေချာတာပေါ့”
ကျန်းကျန်းက လက်ကိုဆန့်၍ ရှီကျွင်းကျဲ၏မျက်နှာကို လက်စားချေသည့်အနေဖြင့် နှစ်ချက်ခန့် ညှစ်လိုက်သည်။
သူက သူ၏ခေါင်းကို အလျင်စလိုငုံ့ကာ သူမ၏နှုတ်ခမ်းကို နမ်းရှိုက်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ကျန်းကျန်းက ချက်ချင်းပင် ရှီကျွင်းကျဲ၏ရင်ခွင်မှ ထွက်ခွာလိုက်၍ စနောက်လိုစွာဖြင့် ပြောလိုက်လေသည်။
“အမ်.. တကယ်ကို ကျောင်းသားတွေ အများကြီးရောက်နေပြီပဲ အပြင်ကိုထွက်ရအောင်”
ရှီကျွင့်ကျဲက သူ၏ရှည်လျားသော လက်ကို ဆန့်ထုတ်၍ ကျန်းကျန်းကို ရင်ခွင်အတွင်းသို့ ပြန်ဆွဲသွင်းလိုက်လေသည်။
သူက ချက်ချင်းပင် ခေါင်းကိုငုံ့လိုက်ကာ သူမ၏နှုတ်ခမ်းကို ဖုံးအုပ်နမ်းရှိုက်လိုက်သည်။
အချိန်အတော်ကြာမှသာ သူတို့နှစ်ဦး အသက်ရှူမောဟိုက်စွာဖြင့် ပြန်လည် ခွဲခွာခဲ့ကြသည်။
ဤအချိန်တွင်တော့ ရှီကျွင်ကျဲ၏ နဖူးတွင် ချွေးစများကပါ အနည်းငယ် စို့တက်နေခဲ့ပြီ။
သူက ခေါင်းကို ကျန်းကျန်း၏လည်ပင်းတွင် အပ်ထားခဲ့ကာ စိတ်ကူးယဉ်ဆန်သည့် စိတ်ခံစားချက်များကို ထိန်းချုပ်ရန်အတွက် အချိန်အတော်ကြာခဲ့သည်။
သူက ကျန်းကျန်း၏ ခါးသွယ်သွယ်ကို ပွေ့ဖက်ကိုင်ထားခဲ့ကာကျန်းကျန်း၏ နားရွက်အနား ၌ စွဲဆောင်မှုရှိလှသည့်အသံဖြင့် ပြောလာခဲ့သည်။
“ကိုယ်တို့သာ လက်ထပ်လိုက်ရင် တစ်ညလုံး ပွင့်ပွင့်လင်းလင်း နမ်းနိုင်တော့မယ်”
“စိတ်လှုပ်ရှားနေတာလား”
ကျန်းကျန်းက မျက်ခုံးပင့်၍ ပြောလိုက်သည်။ ရှီကျွင့်ကျဲ ခေါင်းကို အလျင်စလို ငြိမ့်လာသည်ကို မြင်သော် လက်ညှိုးထောင်၍ သူ၏နဖူးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်လေသည်။
“ကျွန်မ ပြောထားတယ်နော်၊ ရှင် လှပတဲ့ အမျိုးသားတွေရဲ့ လှည့်ကွက်တွေကို သုံးလို့မရဘူး၊ ဒါက တရားမျှတမှု မရှိဘူး၊ ရှင်သာ လှည့်စားလာရင် လက်ထပ်ခွင့်ကို နည်းလမ်းရှစ်မျိုးနဲ့ လုပ်ရင်တောင် ရှင့်ကို လက်ထပ်မယ်လို့ မထင်နဲ့
“အင်း”
ရှီကျွင်းကျဲက နီမြန်းနေသည့် နဖူးကို ပွတ်ရင်း နှမြောတသစွာ သက်ပြင်းချလိုက်သည်။
“ကိုယ့်ရဲ့ဇနီးလေးက ပိုပိုပြီး လှည့်စားရခက်လာပြီ၊ ဘာလုပ်ရမလဲ”
ရှီကျွင်းကျဲ၏ပါးစပ်မှ “ဇနီးလေး” ဟူသည့်စကားလုံးကို ကြားလိုက်ရသော် ကျန်းကျန်း၏ရင်ထဲ၌ ထူးဆန်းသည့်ခံစားချက်များ ပေါက်ဖွားလာ၍ ပါးပြင်များက တဖြည်းဖြည်းနီရဲလာခဲ့သည်။
ထိုစကားသည်က တကယ်ကို ရှက်ရွံ့စေခဲ့သည်ပင်။
ကျန်းကျန်း၏ မျက်နှာနီမြန်းနေသည်က အလွန်ပင် တွေ့ရခဲသည့်အတွက် ရှီကျွင့်ကျဲတစ်ယောက် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသကဲ့သို့ သူမ၏ရှေ့သို့ မှီလိုက်၍ တိုးတိုးလေး ပြောလိုက်သည် ။
“ဇနီးလေး”
“အိုး”
ကျန်းကျန်းက ခြေထောက်ကိုဆောင့်နင်း၍ ရှီကျွင့်ကျဲ၏ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။
“မခေါ်နဲ့၊ ကျွန်မ ရှင့်ကို လက်ထပ်မယ်လို့ ကတိ မပေးရသေးဘူး”
ရှီကျွင့်ကျဲက ကျန်းကျန်း၏လက်ကို အပြုံးနှင့် ဖယ်ရှားလိုက်ပြီး သူမ၏ နားအနီးသို့ကပ်ကာဆက်လက်အော်နေခဲ့သည်။
“ဇနီးလေး၊ ဇနီးလေး.. ဇနီးလေး၊ ဇနီး...”
ကျန်းကျန်းတစ်ယောက် ရှီကျွင်းကျဲ၏လက်မှ ရုန်းထွက်၍ လှည့်ကာ တံခါးကိုတွန်းဖွင့်ပြီး မျက်နှာနီရဲစွာဖြင့် အပြင်သို့ ပြေးထွက်သွားခဲ့သည်။
ကျန်းကျန်း၏ လည်ပင်းအထိ နီရဲနေအောင် ရှက်ရွံ့နေသည်ကို မြင်သော် ရှီကျွင်းကျဲသည်လည်း မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ချေသည်။
ကျောင်းတွင်း၏ ထမင်းစားဆောင်က လူများစွာဖြင့် စည်ကားနေခဲ့သည်။
ကျန်းကျန်းက ပေါက်စီနှစ်လုံးနှင့် ပဲခေါက်ဆွဲတစ်ပန်းကန်ကို ဝယ်ယူ၍ သုံးနှစ်ကျော် ထိုင်နေကျ နေရာဟောင်းကို သွားထိုင်ခဲ့သည်။ ရှီကျွင့်ကျဲကမူ အမဲသားခေါက်ဆွဲအပြည့်ပါသည့် ပန်းကန်တစ်လုံးဖြင့် သူမ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။
*