အခန်း (၂၈၃)
Vol. 29 Ch. 283
တက္ကသိုလ်ကျောင်းဝင်း၌ ရှီကျွင်းကျဲနှင့် ကျန်းကျန်းတို့ စုံတွဲသည်ကား လူတိုင်း စိတ်ဝင်တစား ကြည့်ရှုခြင်းခံရသည့် မြင်ကွင်းတစ်ရပ် ဖြစ်နေခဲ့သည်မှာ ကြာလှပေပြီ။
သူတို့နှစ်ဦးစလုံးသည်က ရုပ်ရည်ချောမောကာ လေးနှစ်ဆက်တိုက်လုံးတွင် သူတို့၏ သက်ဆိုင်ရာမေဂျာအလိုက် ပထမရရှိခဲ့သည့် ထူးချွန်ထက်မြက်သည့် ကျောင်းသားများဖြစ်သည်။
အဓိကအချက်ကတော့ သူတို့နှစ်ဦးသည်ကား တစ်နေ့တာလုံးတွင် အတူတူ ကပ်နေကြကာ မည်သူ့ကိုမှ မရှောင်ကြပေ။
ပထမနှစ်တုန်းကဆိုလျှင် နေ့ခင်းပိုင်းအတန်းချိန်များနှင့် ညပိုင်းအိပ်ချိန်မှလွဲ၍ ကျန်အချိန်များတွင် သူတို့နှစ်ဦး အတူတူရှိနေတတ်ကြသည်။
မနက်ခင်း၌ ကျောင်းဝန်းထဲမှ သူငယ်ချင်းများသည် သူတို့နှစ်ဦး ပြေးနေသည်ကို မြင်နိုင်ခဲသကာ ညပိုင်း စာကြည့်တိုက်၌ ခေါင်းချင်းဆိုင်ကာ စာဖတ်နေကြသည်ကို၊ သို့မဟုတ် မေးခွန်းများ အတူတူတွက်နေကြသည်ကို မြင်တွေ့နိုင်သည်။
ထမင်းသားဆောင်၏ ပြတင်းပေါက်ဘေးမှ ခုံငယ်သည်လည်း ယခုအခါ သူတို့နှစ်ဦးအတွက် သီးသန့်နေရာ ဖြစ်နေခဲ့သည်။
ကျောင်းတွင် ရှီကျွင်းကျဲနှင့် လီမင်ကျန်းတို့အား ချစ်သူစုံတွဲကို လူတိုင်းက မသိစိတ်မှ အားကျလေးစားကြသည်။
ဆိုရပါလျှင် ကျန်းကျန်းနှင့် ရှီကျွင်းကျဲတို့သည်က ရုပ်ရည်အလွန်ချောမောကြသည့်အတွက် သူတို့နှစ်ဦး မည်သည်ကို လုပ်လုပ် အလွန်ကြည့်ကောင်းနေလေ့ရှိသည်။
သို့သော် အခြားစုံတွဲများက သူတို့အတိုင်း လိုက်လုပ်သည့်အခါတွင်မူ မည်သို့မျှ လိုက်ဖက်မှု မရှိဟု အမြဲလိုလို ခံစားရတတ်သည်။
ရှီကျွင့်ကျဲက အမဲသားခေါက်ဆွဲကို စားပွဲပေါ်တွင်တင်ပြီး ခေါင်းကိုငုံ့လျှက် စားသောက်နေသည့် ကျန်းကျန်းကို ကြည့်လိုက်ပြီး သူ၏မျက်နှာကို ကျန်းကျန်းထံသို့ ငုံ့ကိုင်း၍မေးလိုက်သည်။
“မင်း အခုထိ ရှက်နေတုန်းပဲလား”
ကျန်းကျန်းက ခေါင်းမော့မလာခဲ့ဘဲခပ်တိုးတိုး ပြောလိုက်လေသည်။
“စကားမပြောနဲ့၊ စားစရာရှိတာကို စားတော့”
ရှီကျွင့်ကျဲက ပြုံးလိုက်မိပြီး ခေါင်းကိုခါရမ်း၍ ၎င်း၏တူကို ကောက်ယူးလိုက်ကာ အမဲသားတစ်တုံးကို ကျန်းကျန်း၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။
“အမဲသားတစ်တုံး စားလိုက်ဦး၊ အခု မရှက်ပါနဲ့တော့”
ကျန်းကျန်းက ခေါင်းမော့ကြည့်လိုက်ပြီး ရှီကျွင့်ကျဲကို သံသယမျက်လုံးများနှင့် ကြည့်ကာ မေးခဲ့သည်။
“ကျွန်မကို အမဲသားတစ်တုံးလောက်နဲ့ပဲ ချော့မော့ချင်တာလား၊ ရှင်ကျွန်မကို အထင်သေးလွန်းတာ မဟုတ်ဘူးလား”
“ဒါဆို မြန်မြန်စားလိုက်လေ၊ တစ်တုံးပြီးရင် နှစ်တုံးစားလို့ရတာပေါ့”
ရှီကျွင့်ကျဲက ညင်သာစွာပြုံးလိုက်ပြီး အမဲသားကို ကျန်းကျန်း၏ နှုတ်ခမ်းနားသို့ တတိုးပေးလိုက်လေသည်။ ကျန်းကျန်းလည်း ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်ပြီး ပါးစပ်ကိုဖွင့်၍ အမဲသားကို တစ်ကိုက်တည်းနှင့် ကိုက်ဝါးစားလိုက်သည်။
ဘေးနားတွင်ရှိနေသည့် မိန်းကလေးတစ်ဦးသည် ရှီကျွင့်ကျဲတစ်ယောက် ပြုံး၍ ကျန်းကျန်းကို အမဲသားခွံ့ကျွေးနေသည့် မြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားနေခဲ့ပြီး သူမ၏ နှလုံးသားက တဒိတ်ဒိတ်ခုန်နေခဲ့လေသည်။
ဤသည်က ပျားရည်စားရသကဲ့သို့ ချိုမြိန်သည်ဟု ခံစားရမိကာ သူမ၏မျက်နှာ၌လည်စ မသိစိတ်မှ ပျော်ရွှင်သည့် အပြုံးတစ်ခု ပေါ်လာသည်။
သူမက မျက်လုံးများကို အဝိုင်းသားဖွင့်၍ သူတို့နှစ်ဦးကို စိုက်ကြည့်နေမိခဲ့သည်။
ထိုစုံတွဲလေးမှာ တစ်လှည့်စီ တစ်ကိုက်ချင်းစီ စားပြီးနောက် နှစ်ယောက်သား လက်ချင်းတွဲကာ ချိုမြိန်စွာ ထွက်သွားခဲ့ကြသည်။
စောင့်ကြည့်နေသည့် မိန်းကလေးသည်က ၎င်း၏ စိတ်လှုပ်ရှားနေသည့် ရင်ဘတ်ကို ဖိရင်း မျက်နှာကို စားပွဲပေါ်တွင်မှောက်လုမတတ် အမဲသားကိုစားနေသည့် တစ်ဖက်မှ ကောင်လေးကို ခြေထောက်နှင့် ကန်လိုက်သည်။
“ဘာလုပ်နေတာလဲ”
ကောင်လေးက ခေါင်းကိုမော့၍ အံ့အားသင့်စွာ မေးလိုက်သည်။
ထိုမိန်းကလေးက ၎င်း၏ ပါးစပ်ထောင့်၌ ဆီများပေနေသည်ကို မြင်လိုက်ရသောအခါ ၎င်း၏ ချိုမြိန်သည့် အချစ်ခံစားချက်က တစ်ဝက်ခန့် လျော့သွားသည်ဟု ခံစားလိုက်ရသည်။
သူမ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ကာ ၎င်း၏ ပါးစပ်ထောင့်ကို သုံးကြိမ်ခန့် ရွံရှာစွာ သုတ်ပေးပြီး ပါးစပ်ဖွင့်ကာ ၎င်းကို “အာ...”ဟု အမူအရာပြလိုက်သည်။
“ဘာဖြစ်လို့လဲ”
ကောင်လေးက ကိုယ်ကိုကိုင်း၍ မေးလိုက်သည်။
“သွားညပ်နေတာလား”
မိန်းကလေး၏ မျက်နှာက ချက်ချင်းဆိုသကဲ့သို့ စိမ်းဖန့်သွားခဲ့လေသည်။
သူမ ပတ်ဝန်းကျင်ကိုရှက်ရွံ့စွာ အနေအထားနှင့် လှည့်ပတ်ကြည့်လိုက်ပြီး မည်သူမျှ သူမကို သတိမထားမိသည်ကို မြင်သောအထါမှသာ ခပ်တိုးတိုးလေးပြောလိုက်သည်။
“အမဲသား ခွံ့ကျွေးပါ”
“အင်း”
တစ်ဖက်မှကောင်လေးက ခေါင်းကိုငုံ့ကာ သူ၏ပန်းကန်ထဲမှ အကြာကြီးလှန်လှောရှာဖွေပြီးနောက် သူမထံသို့ အပြစ်ကင်းစင်သည့် မျက်နှာနှင့် ကြည့်လာခဲ့သည်။
“မရှိတော့ဘူး၊ အကုန် စားလိုက်မိသွားပြီ၊ ဟင်းရည်ပဲ သောက်လိုက်ပါလား”
မိန်းကလေးက တိတ်ဆိတ်သွားခဲ့ပြီး ခေါင်းကိုလှည့်ကာ အသက်ပြင်းပြင်းရှူ၍ ရုတ်တရက် ထရပ်လိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်မတို့ လမ်းခွဲကြမယ်၊ ရှေ့လျှောက် ကျွန်မဆီ မလာပါနဲ့တော့”
“ဘာဖြစ်လို့လဲ၊ အမဲသား မစားရလို့လား”
ကောင်လေးက အံ့အားသင့်သွားပြီး တုံးအအနိုင်စွာ ပြောလာသည်။
“ငါ အမဲသားခေါက်ဆွဲ နောက်တစ်ပန်းကန် ထပ်ဝယ်ပေးမယ်လေ၊ စိတ်မဆိုးပါနဲ့”
မိန်းကလေးက သူမ၏ကျောပိုးအိတ်ကို လွယ်ကာ အမြန်ပြေးသွားတော့သည်။ ကောင်လေးက လိုက်ဖမ်းလိုသော်လည်း မိန်းကလေး မစားရသေးဘဲ ကျန်ရှိနေသည့် ဘန်းမုန့်များကို မြင်သောအခါ အနည်းငယ်နှမြောသွားခဲ့ပြန်သည်။
သူ ခဏခန့် တုံ့ဆိုင်းနေဆဲအချိန်တွင် မိန်းကလေးက ပျောက်ကွယ်သွားခဲ့ပေပြီ။
ကောင်လေးက ပေါင်မုန့်များကို ၎င်း၏ပါးစပ်ထဲ ထည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်မိသည်။
“ဘာဖြစ်လို့ စိတ်ဆိုးတာလဲ”
ကျောင်းက ပြီးဆုံးသွားရန် အချိန်နီးကပ်လာသော်လည်း မပြီးဆုံးသေးသည့် ဘာသာရပ်များ အနည်းငယ် ကျန်ရှိနေသေးသည်။
ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့က လက်ချင်းတွဲကာ ပြင်သစ်စာသင်ခန်းသို့ ရောက်လာခဲ့ကြလေ၏။
၎င်းတို့အခန်းထဲသို့က ရောက်နေပြီးသားဖြစ်သည့် ကျောင်းသားများကို နှုတ်ဆက်ပြီး ပုံမှန်အတိုင်း အလယ်ခုံတွင် ထိုင်လိုက်ကြသည်။
လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က ကန်တင်းတွင် ရှိနေခဲ့သည့် ဟွမ်ယင်းက စာသင်ခန်းထဲသို့ ပြေးဝင်လာပြီး သူတို့နှစ်ဦးကို မြင်နိုင်သည့် ပြတင်းပေါက်ဘေးမှ ခုံတစ်ခုံကို ရွေးချယ်ကာ ထိုင်လိုက်သည်။
၎င်း၏ဘေးနားမှ ကျောင်းသူ ကျန်ယွင်ပေါင်က ခေါင်းမော့ကြည့်လိုက်ပြီး ထူးဆန်းစွာ မေးလိုက်သည်။
“ဟွမ်ယင်း၊ ဘာဖြစ်တာလဲ၊ နည်းနည်း စိတ်ဆိုးနေပုံရတယ်”
“စစ်ယန်ကျွင့်နဲ့ ကျွန်မ လမ်းခွဲလိုက်ပြီ”
ဟွမ်ယင်းက သက်ပြင်းချရင်း ၎င်း၏ကျောပိုးအိတ်ထဲမှ ပြင်သစ်စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ကျန်ယွင်ပေါင်က အနည်းငယ် နားမလည်စွာ မေးလိုက်သည်။
“သူ မနှစ်က တရုတ်နှစ်သစ်ကူးတုန်းက မင်းအိမ်ကို လာလည်မယ်လို့ မပြောခဲ့ဘူးလား၊ မင်းတို့နှစ်ယောက် ရန်ဖြစ်နေတာလား”
“ရန်ဖြစ်တာ မဟုတ်ပါဘူး”
ဟွမ်ယင်းက ၎င်း၏ရင်ထဲမှ ခံစားချက်ကို အတတ်နိုင်ဆုံး ဖော်ပြရန် ကြိုးစားရင်း ပြောလာလေ၏။
“သူနဲ့ ချစ်သူတွေလို ခံစားချက် မရှိတော့ဘူး၊ ရှီကျွင့်ကျဲနဲ့ လီမင်ကျန်းတို့အတူရှိနေတာက တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေရတာက ပိုကောင်းတယ်လို့ ခံစားရတယ်”
ဟွမ်ယင်းက ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှီကျွင့်ကျဲက စားပွဲပေါ်၌ မှောက်လျက် လီမင်ကျန်းကို ကြည့်နေပြီး မည်သည်ကို ပြောနေသည် မသိသော်လည်း လီမင်ကျန်းက ရယ်မောရင်းဖြင့် ၎င်း၏မျက်နှာကို ဆွဲလိမ်နေသည်ကို တွေ့လိုက်ရသည်။
ဟွမ်ယင်းက ခေါင်းကို ပြန်လှည့်ကြည့်လိုက်သောအခါ ကျန်ယွင်ပေါင်သည်လည်း ရှီကျွင့်ကျဲကို ကြည့်နေသည်ကို တွေ့လိုက်ရသည့်အတွက် ချက်ချင်းဆိုသလို ခပ်တိုးတိုးလေး ပြောလိုက်သည်။
“သူတို့နှစ်ယောက် ဆက်ဆံပုံကို ကြည့်ပါဦး၊ ကျွန်မက အပြင်လူဖြစ်ပေမဲ့ ချိုမြိန်တယ်လို့ ခံစားရတယ်၊
ဒါပေမဲ့ ပြန်လှည့်ကြည့်လိုက်တော့ ကျွန်မရဲ့ ချစ်သူက ခန္ဓာကိုယ်အကြီးကြီးနဲ့ သုံးထပ်တိုက်လုံးလောက် ရှိပြီး သစ်တုံးကြီးလို တောင့်တောင့်ကြီး ရပ်နေတာကို တွေ့လိုက်ရတော့ ရုတ်တရက် စိတ်ဓာတ်တွေ ကျသွားတာ”
“ဒါပေမဲ့ ရှီကျွင့်ကျဲလို ချောမောပြီး နာကျင်စရာကောင်းတဲ့သူမျိုးက ကျောင်းတစ်ကျောင်းလုံးမှာ ဒုတိယတစ်ယောက် မရှိဘူးလေ”
ကျန်ယွင်ပေါင်က ၎င်း၏ပခုံးကို ပုတ်ရင်း စေတနာထား၍ ပြောလိုက်သည်။
“မင်း ဘဝကို အလေးအနက်ထားပြီး နေထိုင်ရမယ်၊ မကြာခင် ကျောင်းပြီးတော့မှာ၊ မင်း ရှေ့လျှောက် ရှီကျွင့်ကျဲကို မြင်ချင်လည်း မြင်ရမှာ မဟုတ်ဘူး၊
မင်း စစ်ယန်ကျွင့်နဲ့ လက်ထပ်ဖို့ ကိစ္စကို လက်တွေ့ကျကျ ဆွေးနွေးသင့်တယ်လို့ ငါထင်တယ်”
ဟွမ်ယင်းက စိတ်ပျက်အားငယ်စွာ သက်ပြင်းချရင်း ပြောလိုက်မိပြန်သည်။
“ပြောကြည့်ပါဦး၊ လီမင်ကျန်းက တကယ်ကို ဘဝကောင်းလေး ရှိနေတာပဲမဟုတ်ဘူးလား၊ ရှီကျွင့်ကျဲလို ချောမောတဲ့ ချစ်သူတစ်ယောက်ရှိနေမယ်ဆိုရင် သူ့မျက်နှာကို ကြည့်ရုံနဲ့တင် ကျွန်မ ထမင်းတစ်ပန်းကန် ပိုစားနိုင်မယ်လို့ခံစားရတယ်”
ကျန်ယွင်ပေါင်က ၎င်း၏ ဝိုင်းစက်သည့် ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး စကားမပြောနိုင်စွာ ခေါင်းခါလိုက်မိသည်။
“သူမက ဘဝကောင်းရုံတင်မကဘူး၊ သူမရဲ့ ခန္ဓာကိုယ်ကလည်း ကောင်းမွန်လှပတယ်။ ဦးနှောက်ကလည်း ဉာဏ်ကောင်းတယ်၊ ငါတို့ကျောင်းမှာ သူ့ထက် ပိုကောင်းတဲ့ ကောင်မလေး ဘယ်သူရှိလို့လဲ”
ဟွမ်ယင်းက စိတ်ပျက်အားငယ်စွာ ခေါင်းငုံ့လိုက်သည်။
သူမက စာအုပ်ကို ဖွင့်ထားသော်လည်း စာတစ်လုံးမျှ ဖတ်နိုင်ခြင်းမရှိပေ။ နောက်ဆုံးတွင်တော့ သူမ မနေနိုင်တော့ဘဲ ခေါင်းမော့ကြည့်လိုက်ပြီး ရှီကျွင့်ကျဲကို ကြည့်ကာ ပြောလိုက်လေ၏။
“တကယ်တော့ ရှီကျွင့်ကျဲနဲ့ လီမင်ကျန်းကလည်း ကျွန်မတို့အတွက် အရမ်းကောင်းတဲ့ သူငယ်ချင်းတွေလို့ ကျွန်မထင်တယ်၊ သူတို့နှစ်ယောက် အချင်းချင်းကြည့်ပြီး ပြုံးနေတာက ပျားရည်သယ်လာသလိုပဲ
တစ်ချက်ကြည့်လိုက်တာနဲ့တင် သူတို့နှစ်ယောက် အချင်းချင်း အရမ်းချစ်ကြတာကို သိသာတယ်၊ ဟေ့၊ သူတို့ လက်ထပ်ရင် ကျွန်မတို့ကို မင်္ဂလာပွဲကို ဖိတ်မယ်လို့ ထင်လား”
“မသိဘူး”
ကျန်ယွင်ပေါင်က ခေါင်းခါရင်း ပြန်ပြောလေ၏။
“ရှီကျွင့်ကျဲရဲ့ အဆောင်က ကောင်လေးတွေ ပြောတာကြားရတာ ရှီကျွင့်ကျဲရဲ့ မိသားစုက နာမည်ကြီးတယ်တဲ့၊ သူ့အဖေက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်တယ်၊
ပြင်သစ်မှာ တရုတ်သံတမန်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်၊ အဲဒီလိုလူမျိုးတွေက ငါတို့လို သာမန်လူတွေကို ဖိတ်နိုင်တယ်လို့ နင်ထင်လား”
“မေးကြည့်ရင် သိရမှာပေါ့”
ဟွမ်ယင်းက မတ်မတ်ထိုင်လိုက်ပြီး ပြောလာသည်။
“မကြာခင် ကျောင်းပြီးတော့မှာလေ၊ တကယ်လို့ ကျွန်မဘက်က စပြီး စကားနည်းနည်း ပိုပြောကြည့်ရင် သိကျွမ်းတာလည်းဖြစ်နိုင်တယ်၊ နောက်တစ်ခါ မတွေ့ရတော့မှာလည်း ဖြစ်နိုင်တာပဲမလား”
ကျန်ယွင်ပေါင်က ဟွမ်ယင်းကို တားဆီးရန် လုပ်နေဆဲတွင် ဟွမ်ယင်းက ရုတ်တရက် အော်လိုက်သည်ကို ကြားလိုက်ရသည်။
“ရှီကျွင့်ကျဲ”
*