အခန်း (၂၈၉)
Vol. 29 Ch. 289
ကျန်းကျန်း သူမ၏ ရင်ဘတ်ကို ဖိကိုင်လျက် အမှန်အတိုင်းပင် ပြောပြခဲ့သည်။
“ကျွန်မ နည်းနည်းတော့ စိတ်လှုပ်ရှားနေတာပေါ့၊ ဒါပေမဲ့ ရှင် ပေးမယ့် အထူးတလည်အံ့အားသင့်စရာကို မြင်တွေ့ဖို့ ပိုပြီး မျှော်လင့်နေမိတယ်”
ရှီကျွင့်ကျဲက ပြုံးလျက် ကျန်းကျန်း၏ လက်ကို ဆုပ်ကိုင်ကာ လေးနက်စွာ ပြောဆိုခဲ့သည်။
“ဒါဆို မင်းရဲ့မျက်လုံးလေးကို အရင်မှိတ်ထားလိုက်ပါဦး၊ ကိုယ် မင်းအတွက် ပြင်ဆင်ထားတဲ့ အံ့အားသင့်စရာကို ပြမယ်”
ကျန်းကျန်းသည်လည်စ ရှီကျွင့်ကျဲ၏ လက်ပေါ်သို့ ယုံကြည်မှုအပြည့်ဖြင့် သူမ၏ လက်ကို တင်ခဲ့သည်။
သူမ၏ အသိစိတ်သည်လည်း သူမ၏ ခန္ဓာကိုယ်၌ပင် အပြည့်အဝ တည်ရှိလျက်ရှိနေခဲ့ကာ ရှီကျွင့်ကျဲနောက်သို့ တစ်လှမ်းချင်း လိုက်ပါရင်းဖြင့် တောင်ထိပ်သို့ တက်သွားခဲ့သည်။
ညင်သာသည့် လေညှင်းတို့က တသုန်သုန် တိုက်ခတ်နေခဲ့သည်။ ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်းအား အကောင်းဆုံး မြင်ကွင်းရှိသည့် နေရာသို့ ခေါ်ဆောင်သွားပြီးမှ ကျန်းကျန်း၏ လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးခဲ့သည်။
“ကောင်းပြီ၊ အခု မျက်လုံးဖွင့်လိုက်တော့”
ကျန်းကျန်းလည်း ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်လေသည်။
အလင်းရောင်နှင့် အသားကျသွားသည့်အချိန်တွင် အစဦးဆုံး မြင်လိုက်ရသည်မှာ တစ်ဖက်တွင်ရှိနေသည့် တောင်ပေါ်ရှိ စိမ်းစိမ်းစိုစို သစ်ပင်များသာ ဖြစ်၏။
ကျန်းကျန်း၏ သာမန်လူများထက် ထူးခြားသည့် အမြင်အာရုံကြောင့် တောထဲ၌ ပြေးလွှားနေသည့် ယုန်များကိုပင် သူမ မြင်နိုင်ခဲ့သည်။
မျက်တောင်တစ်ချက် ခတ်လိုက်သည့်နောက့တွင် ကျန်းကျန်း၏ မျက်လုံးများက တောင်အောက်ဘက်ရှိ ချိုင့်ဝှမ်းဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားလျက် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည့်အရာများကို တွေ့မြင်ခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် နဂိုမူလက မြက်ရိုင်းများ အပြည့်ရှိသည့် ချိုင့်ဝှမ်းကို တစ်ချိန်ချိန်တုန်းက ရှင်းလင်းထားခဲ့ပြီး ထိုနေရာ၌ :
“ကျန်းကျန်း၊ ကိုယ် မင်းကို ချစ်တယ်”
ဟူသည့် စာသားကို နှင်းဆီပန်းများဖြင့် ပုံဖော်ထားသည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့်သာ ဖြစ်ပေ၏။
ကျန်းကျန်းတစ်ယောက် သူမ၏ ပါးစပ်ကို လက်ဖြင့်ဖုံးအုပ်လျက် သူမ၏ အသိစိတ်ကို သတိလက်လွတ်ဖြင့် လွှတ်ချလိုက်သည့်အခါတွင်တော့ ထိုနှင်းဆီပန်းများသည်ကား အိုးထဲ၌ စိုက်ထားခြင်းမျိုး မဟုတ်ဘဲ မြေကြီးထဲ၌ တစ်ပင်ချင်းစီ စိုက်ထားသည်ကို သဘောပေါက်သွားခဲ့ရလေသည်။
မြေကြီးထဲရှိ နှင်းဆီပင်များ၏ အမြစ်များနှင့် အပေါ်ဘက်မှ မြင်တွေ့နေရသည့် နူးညံ့သည့် နှင်းဆီပန်းလေးများကို ကြည့်ရုံဖြင့် ယနေ့ကဲ့သို့ ရလဒ်ရရှိရန်အတွက် ရှီကျွင့်ကျဲသည်က အနည်းဆုံး ခြောက်လခန့်လောက်အထိ ဤပန်းပင်များကို ဂရုစိုက်ခဲ့ရမည်ဟူသည်ကို ကျန်းကျန်း သိရှိသဘောပေါက်လိုက်သည်
ကျန်းကျန်းတစ်ယောက် အံ့အားသင့်မှုမှ ဝမ်းသာပျော်ရွှင်မှုသို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင် ကြည်နူးမှုများဖြင့် ငိုကြွေးနေသည်ကို မြင်သည့်အခါ ရှီကျွင့်ကျဲက သူ၏ ရင်ဘတ်အိတ်ကပ်ထဲမှ လက်စွပ်ကို ထုတ်ယူလျက် ကျန်းကျန်းရှေ့၌ ဒူးထောက်လိုက်သည်။
“မင်းရှေ့မှာ ကိုယ် ဒူးထောက်တာက ဒါ ဒုတိယအကြိမ်ပဲ၊ အရင်နှစ်တုန်းက မင်းကို ကိုယ့်ရဲ့ ရည်းစားဖြစ်ပေးပါလို့ တောင်းဆိုခဲ့တယ်၊ ဒီတစ်ခါတော့ မင်းကို ကိုယ့်ဘဝရဲ့ တစ်ဦးတည်းသော ချစ်ရသူအဖြစ် လက်ထပ်ခွင့် တောင်းချင်တယ်၊
ကျန်းကျန်း၊ ကိုယ့်ရဲ့ဘဝမှာ အကံကောင်းဆုံးက မင်းနဲ့ ဆုံတွေ့ခွင့် ရတာပဲ၊ ကိုယ့်အတွက် အပျော်ရွှင်ဆုံးက မင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးနိုင်တာပဲ၊
ဒီပျော်ရွှင်မှုကြီးကို ကိုယ်တို့ရဲ့ ဘဝနောက်ဆုံးအချိန်အထိ ဆက်သွားချင်ပါတယ်၊ မင်းရော .. ကိုယ်နှင့်အတူဆက်သွားဖို့အတွက် ဆန္ဒရှိလား”
ချိုင့်ဝှမ်းထဲရှိ ပန်းပင်များ ပြည့်နေသည့် မြင်ကွင်းကို ကြည့်လိုက်၊ ပြီးသည့်နောက် သူ၏ ရှေ့၌ ဒူးထောက်နေသည့် အမျိုးသားကို ကြည့်လိုက်သည့်အခိုက်တွင် ကျန်းကျန်း၏ မျက်လုံးများက နီရဲနေခဲ့သည်။
သူမ၏ မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာအောင် ကြိုးစားလျက် ပြုံးလိုက်လေသည်။
“ကျွန်မ အစတုန်းက ရှင့်ကို စနောက်ချင်သေးတာ၊ ဒါပေမဲ့ အစကတည်းက ကျွန်မကို ရှင် ဒီလောက်တောင် စိတ်လှုပ်ရှားအောင် လုပ်လိုက်တာဆိုတော့ ရှင့်ကို ထပ်ပြီး ဒူးထောက်ခိုင်းဖို့တောင် မလုပ်ရက်နိုင်တော့ဘူး၊ ကျွန်မ ဘယ်လိုလုပ်ရမလဲ”
ရှီကျွင့်ကျဲ၏ မျက်လုံးများ၌ မျှော်လင့်ချက်များဖြင့် လင်းလက်နေသည်။
“မင်းက ကိုယ့်ကို ဆက်ပြီး ဒူးထောက်ခိုင်းဖို့ စိတ်မပါတော့ဘူးဆိုရင် ကိုယ့်ကို မင်းရဲ့လက် ပေးပါလား၊ ရနိုင်မလား”
ကျန်းကျန်းတစ်ယာက် ပြုံးလိုက်မိလျက် သူမ၏ လက်ကို ရှီကျွင့်ကျဲ၏ ရှေ့သို့ ကမ်းပေးလိုက်သည်။
ရှီကျွင့်ကျဲသည်လည်း သူမ၏လက်ကို ညင်သာစွာ ကိုင်လိုက်ပြီး ချစ်ခြင်းမေတ္တာအပြည့်ဖြင့် အနမ်းတစ်ပွင့် ပေးလိုက်သည်။
ပြီးသည့်နောက် သူ၏ ရင်ဘတ်အိတ်ကပ်ထဲမှ ထုတ်ယူလာသည့် လက်စွပ်တစ်ကွင်းကို ဖော်ပြလာခဲ့သည်။
လက်စွပ်၏ ဘောင်ကို ပလက်တီနမ်ဖြင့် ပြုလုပ်ထားပြီး မီးကဲ့သို့ နီရဲနေသည့် ပတ္တမြား၏ပတ်လည်၌ မျက်ရည်စက်ပုံစံ စိန်လေးပွင့် ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။
ရှီကျွင့်ကျဲ၏ လှုပ်ရှားမှုနှင့်အတူ ကျောက်မျက်ရတနာများနှင့် စိန်များက နေရောင်ထဲ၌ တောက်ပလင်းလက်နေခဲ့လေသည်။
ရှီကျွင့်ကျဲက လက်စွပ်ကို ကျန်းကျန်း၏ လက်၌ ဝတ်ပေးလိုက်ပြီး ထရပ်ကာ သူ၏ လှပလွန်းသည့် စေ့စပ်ထားသူကို ပွေ့ဖက်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် ကျန်းကျန်းက သူမ၏ လက်ကို ရှီကျွင့်ကျဲ၏ ရင်ဘတ်ပေါ်တွင် တင်လိုက်သည်။
သူမ၏ လက်၌ ရှိသည့် လက်စွပ်ကို ကြည့်လျက် ကျန်းကျန်းက စိတ်မချမ်းမသာစွာဖြင့် မေးလိုက်သည်။
“ကျောက်မျက်ရတနာတွေနဲ့ စိန်တွေက အရည်အသွေး အရမ်းကိုကောင်းတာပဲ၊ ဈေးက မနည်းလောက်ဘူး ထင်တယ်၊ ရှင်က ခုမှ ကျောင်းပြီးကာစပဲ ရှိသေးတာလေ၊
ဒီလို လက်စွပ်ကောင်းကောင်း ဝယ်ဖို့ ပိုက်ဆံ အများကြီး ဘယ်ကရခဲ့တာလဲ အန်တီရီု့လန်ဆီက တောင်းပေးခဲ့တာ မဟုတ်လား။”
ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်းကို ကြည့်လျက် ကလေးဆန်စွာ နှုတ်ခမ်းဆူလိုက်လေသည်။
“ဒီအချိန်မှာ အရင်ဆုံး နမ်းလို့ မရဘူးလား။”
“ချစ်စရာကောင်းတဲ့ပုံမျိုး မလုပ်နဲ့။”
ကျန်းကျန်းသည် ရှီကျွင့်ကျဲ၏ ပါးစပ်ကို ဖျစ်ညှစ်လျက် သူ့အား ပြန်တွန်းလိုက်သည်။
“ပြောမှာလား၊ မပြောဘူးလား၊ မဟုတ်ရင် ကျွန်မ လက်စွပ်ကို ချွတ်ပြီး ပြန်ပေးပစ်လိုက်မှာနော်။”
“ပြောပါ့မယ် ပြောပါ့မယ် ပြောပါ့မယ်”
ရှီကျွင့်ကျဲသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ကျန်းကျန်း သတိမထားမိသည့် အချိန်၌ သူမအား ရင်ခွင်ထဲ ဆွဲသွင်းကာ သူမ၏ နှုတ်ခမ်းကိုကို အမြန်နမ်းလိုက်သည်။ ပြီးသည့်နောက် ရိုးသားစွာ ဝန်ခံလိုက်သည်။
“ကိုယ့်ရဲ့ မိဘတွေ ပြင်သစ်မှာ ရှိတုန်းက အဲဒီနိုင်ငံမှာ ပိုင်ဆိုင်မှုတချို့ ရှိခဲ့တယ်၊ ကိုယ်တို့ ပြင်သစ်က မထွက်ခွာခင်မှာ အဲဒါတွေကို ကိုယ့်ရဲ့နာမည်အောက်ကို လွှဲပေးခဲ့တာလေ၊
ပြန်သွားဖို့ အဆင်မပြေတဲ့အတွက် ဒီနှစ်တွေမှာ ဘဏ်ကိုပဲ ငှားရမ်းခတွေ တိုက်ရိုက် ရင်းနှီးမြှုပ်နှံဖို့ လွှဲထားခဲ့တာ၊ ကံကောင်းစွာနဲ့ပဲ ဝင်ငွေက အရမ်းကောင်းတယ်”
ရှီကျွင့်ကျဲက ကျန်းကျန်းအား သူ၏ ရင်ခွင်ထဲသို့ ထည့်ထားလိုက်သည်။
“မနှစ်က ကိုယ့်အမေ ပြင်သစ်ကို ပြန်သွားတုန်းက ဒီလက်စွပ် ဝယ်ဖို့ ပိုက်ဆံ ထုတ်ပေးဖို့ သူ့ကို အကူအညီ တောင်းခဲ့တာ၊ မင်း ကြိုက်ရဲ့လား”
ကျန်းကျန်းတစ်ယောက် ရှီကျွင့်ကျဲကို ကြည့်လျက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။
“ဒီလက်စွပ် ဝယ်တာက ရှင့်စည်းစိမ်တွေ အကုန် ကုန်သွားပြီလား”
ရှီကျွင့်ကျဲသည် ပြုံးလိုက်သည်။
“ကံကောင်းပြီး ကျန်ရှိနေတဲ့ ပိုက်ဆံတွေက မင်းကို ထောက်ပံ့ဖို့ လုံလောက်ပါသေးတယ်။”
ကျန်းကျန်းသည် ရှီကျွင့်ကျဲ၏ ရင်ခွင်၌ မှီလျက် သူ၏ လည်ပင်းကို လှမ်းဖက်လိုက်သည်။
“ဒါဆို ကျွန်မကို တစ်သက်လုံး ထောက်ပံ့ဖို့ ရှင့်ကို စောင့်နေလိုက်မယ်”
ရှီကျွင့်ကျဲက သူ၏ နဖူးကို ကျန်းကျန်း၏ နဖူး၌ ကပ်လိုက်ပြီး သူ၏ နှုတ်ခမ်းများက ကျန်းကျန်း၏ နီရဲနေသောနှုတ်ခမ်းများဆီသို့ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
“မင်းပြောသမျှ အကုန်လုံးဖြစ်စေရမယ်”
ကျန်းကျန်းင ညင်သာစွာ ရယ်မောလိုက်ပြီး သူမ၏ ခေါင်းကို မော့ကာ ရှီကျွင့်ကျဲ၏ နှုတ်ခမ်းများကို ထိလိုက်သည်။
သူတို့နှစ်ဦးသည်က ပထမဆုံးအကြိမ် နမ်းဖူးခြင်း မဟုတ်သော်လည်း နှုတ်ခမ်းများ ထိတွေ့တိုင်း ရင်ခုန်ကာ မျက်နှာများ နီမြန်းနေဆဲပင်။
ရှီကျွင့်ကျဲက ကျန်းကျန်း၏ ပါးလျသေးသွယ်သည့် ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူ၏ လက်များသည် ကျန်းကျန်း၏ နောက်ကျောကို ညင်သာစွာပွတ်သပ်နေခဲ့သည်။
သူတို့နှစ်ဦးက ရာစုနှစ်ပေါင်းများစွာကြာသည်အထိ နမ်းနေရသကဲ့သို့ ခံစားရပြီးမှသာ ဖြည်းဖြည်းချင်း နှုတ်ခမ်းချင်းကို ခွာလိုက်ကြလေသည်။
ကျန်းကျန်းသည် သူမ၏ ခေါင်းကို ရှီကျွင့်ကျဲ၏ ရင်ဘတ်ပေါ်တွင် မှီထားပြီး သူမ၏ လက်ချောင်းလေးများက အဝတ်အစားအောက်မှ ကြွက်သားများကို ဖြည်းဖြည်းချင်း လိုက်ပွတ်နေခဲ့သည်။
ထုံကျင်၍ ကြွပ်ဆတ်ဆတ် ခံစားမှုက ရှီကျွင့်ကျဲ၏ လည်စေ့ကို မသိစိတ်မှပင် အပေါ်အောက် လှုပ်ရှားစေခဲ့သည်။ သူက ကျန်းကျန်း၏ လက်လေးကို ဖမ်းကိုင်ထားပြီး သူ့အား အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။
“ဒီလို ဆက်ပြီး ထိနေရင် ကိုယ် မင်းနဲ့ စောစောစီးစီး မင်္ဂလာခန်းထဲကို ဝင်သွားမိလိမ့်မယ်။
ကျန်းကျန်း၏ မျက်လုံးများက ချက်ချင်း လင်းလက်တောက်ပသွားပြီး ရှီကျွင့်ကျဲကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
“ဘယ်တော့လဲ၊ ဒီနေရာမှာပဲ ဝင်လိုက်တော့မှာလား။”
ရှီကျွင့်ကျဲက ကျန်းကျန်းကို ကြည့်လျက် အံ့အားသင့်သွားသွားရသည်။ သူက သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ကျန်းကျန်း၏ နှာခေါင်းလေးကို ဖျစ်ညှစ်လိုက်လေသည်။
“လီမင်ကျန်း မင်းကတော့ တကယ်ကို မရှက်တတ်ဘူးပဲ”
ကျန်းကျန်းက ရယ်လိုက်ပြီး သူမ၏ လက်ချောင်းများကို ရှီကျွင့်ကျဲနှင့် ယှက်လိုက်သည်။
“အဓိကက ရှင့်ရဲ့ ရုပ်ရည်က အရမ်း ခံနိုင်ရည်ခက်လို့ပဲလေ၊ ရှင်က လူကြီးလူကောင်းဖြစ်တဲ့အတွက်ကြောင့်ပဲ ကျွန်မ ဒီလောက်နှစ်တွေ အကြာကြီး သည်းခံနိုင်တာ”
“ဒါက ကိုယ် ပြောရမှာ မဟုတ်လား. မင်းက ကိုယ့် စကားတွေကို အမြဲ ခိုးယူနေတာပဲ”
ရှီကျွင့်ကျဲက ကျန်းကျန်း၏ ခေါင်းကို ပွတ်လျက် သူမ၏ နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
“သွားရအောင်( အောက်က ပန်းတွေကို ကိုယ် ပြမယ်။”
သူတို့နှစ်ဦး လက်ချင်းတွဲလျက် တောင်အောက်မှ လမ်းအတိုင်း ဖြည်းဖြည်းချင်း ချိုင့်ဝှမ်းထဲသို့ ဝင်သွားခဲ့ကြသည်။ တောင်ထိပ်မှတစ်ချိန်က နှင်းဆီပန်းများ၏ ပုံစံကို မြင်ခဲ့ရသော်လည်း ချိုင့်ဝှမ်းထဲ ရောက်ရှိသည့်အခါ၌မူ နှင်းဆီပန်းများ၏ လှပမှုကို အံ့ဩသင့်စရာကောင်းစွာ ခံစားရလေသည်။
ကျန်းကျန်းက ပန်းများ၏ ရနံ့ကို ရှူရှိုက်ရင်း မြေပေါ်၌ ထိုင်ချလျက် စိတ်မကောင်းစွာဖြင့် ပြောဆိုလိုက်သည်။
“ဒီပန်းတွေကို ဂရုစိုက်ဖို့ ရှင် ဒီလောက်တောင် အပင်ပန်းခံထားတာ၊ ဒီမှာထားခဲ့ရမှာ နှမြောစရာပဲ”
ရှီကျွင့်ကျဲက ဘေးရှိ မြက်ပုံထဲမှ ပန်းပင်များ ညှပ်သည့် ကတ်ကြေးကြီးတစ်လက်ကို ဆွဲထုတ်လိုက်သည်။
“ဒါဆို ကိုယ် အကုန်လုံး ဖြတ်ပြီး မင်းဆီ ပြန်ယူသွားပေးမယ်လေ၊ ဒါမှ ကိုယ် ပေးခဲ့တဲ့ နှင်းဆီပန်းတွေကို မင်းနေ့တိုင်း မြင်ရမှာပေါ့”
ကျန်းကျန်းလည်း ခေါင်းညိတ်လိုက်သည်။ ရှီကျွင့်ကျဲက နှင်းဆီပန်းတစ်စည်းကို ဖြတ်တောက်လိုက်သည်။ ရာနှင့်ချီသည့် ပန်းများကို ကျန်းကျန်းက ကောက်ရိုးကြိုးဖြင့် ချည်ရန် ဘေးနားမှ မြက်များကိုကျစ်ပြီးသား ဖြစ်နေပေပြီ။
*