အခန်း (၂၉၃)
Vol. 30 Ch. 293
ကျန်းကျန်း ဝေ့ယွီကျင်းကို ပြောလိုက်လေသည်။
“အစ်မယွီကျင်း ၊ အစ်မပြောတဲ့အတိုင်းဆိုရင် အစ်မရဲ့ခင်ပွန်းသည်က လက်သမားပညာမှာ တော်တယ်ဆို၊ ကောင်းပြီ၊ ကျွန်မပြောမယ်၊ ကျွန်မက ထျန်းတာ့ ပရိဘောဂစက်ရုံရဲ့ ဒါရိုက်တာ စွမ်းရန်သယ်ကို သိတယ်၊ ဒါကြောင့် သူ့ကိုပြောပြီး အစ်မယွီကျင်းရဲ့ ခင်ပွန်းသည်အတွက် အလုပ်ရအောင် စီစဉ်ပေးနိုင်တယ်”
ကျန်းကျန်းက ခေါင်းညိတ်၍ ပြောလာသည့်စကားများကို ကြားလျှင်
ဝေ့ယွီကျင်းတစ်ယောက် မျက်လုံးများပြူးသွားခဲ့ရကာ စိတ်လှုပ်ရှား၀ွာဖြင့်ပြန်မေးလာခဲ့လေ၏။
“ထျန်းတာ့ ပရိဘောဂစက်ရုံလား၊ အဲဒါက အခု တရုတ်ပြည်အတွင်းမှာမှာ အကြီးဆုံး ပရိဘောဂစက်ရုံကြီးမဟုတ်ဘူးလား၊အဲဒီက ဆရာသမားတွေက အရမ်းတော်တယ်လို့ ကြားတယ်။ ငါ့ရဲ့ ခင်ပွန်းသည်အတွက် မင်းတကယ်ပဲ အလုပ်ရှာပေးနိုင်တ်လား”
“အင်း ၊ ဒါပေမဲ့ အစပိုင်းကိုတော့ အသေးအဖွဲအလုပ်နဲ့ပဲ စပြီးလုပ်ပးရလိမ့်မယ်၊ တကယ်လို့ အစ်မရဲ့ခင်ပွန်းသည်က လက်မှုပညာရပာမှာ အဆင်ပြေတယ်ဆိုရင်တော့ ပရိဘောဂထုတ်လုပ်တာကို တိုက်ရိုက် ဝင်လုပ်လို့ရတယ်။”
ကျန်းကျန်းကဆိုလိုက်သည်။
သူမအနေဖြင့်စက်ရုံအတွင်းပိုင်းသို့ မသွားဖူးသည်က ကြာပြီဖြစ်သော်လည်း စက်ရုံ၏ လုပ်ငန်းပုံစံကို ကောင်းစွာသိရှိနားလည်လျှက် ရှိနေပေသေးသည်။
“ပြီးတော့ စက်ရုံအတွင်းပိုင်းမှာ ဆောက်ထားတဲ့ မိသားစုဆောင် အဆောက်အအုံတွေ အများကြီးရှိတယ်၊ ဒေသခံမဟုတ်တဲ့သူတွေက တခြားနေရာကနေလာပြီး အလုပ်လုပ်မယ်ဆိုရင် အဲဒီမိသားစုဆောင်ထဲမှာနေဖို့အတွက် လျှောက်ထားလို့ရတယ်။
အခန်းတွေထဲမှာ ပရိဘောဂပစ္စည်းတွေလည်း အစုံအလင်လည်း ရှိတယ်။ နောက်ပြီး ဒီနွေဦးမှာမှ အဆောက်အအုံ အသစ်တစ်ခု ဆောက်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်မ မှတ်မိနေသေးတယ်၊
ကျွန်မ ဒါရိုက်တာ စွမ်းရန်သယ်ကို ပြောပြီး အစ်မတို့မိသားစုအတွက် တစ်ခန်း အတည်ပြုခွင့်ရအောင် လုပ်ပေးမယ်”
ဝေ့ယွီကျင်းတစ်ယောက် အလွန်အမင်းစိတ်လှုပ်ရှားလွန်းနေခဲ့၍ မည်သည့်အရာကို ပြောကြားရမည်ကိုပင် မသိလောက်အောင် ဖြစ်သွားခဲ့ရချေသည်။
သူမက ကျန်းကျန်း၏ လက်များကို ဆုတ်ကိုင်၍ မျက်လုံးများ နီရဲလာသည်အထိ စိတ်လှုပ်ရှားပျော်ရွှင်စွာ ပြောလာခဲ့သည်။
“ကျန်းကျန်း၊ ငါ မင်းကို ဒီကိစ္စအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်၊ တကယ် ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်နိုင်ခဲ့ဘူးဆိုရင်ဖြစ်စေ ငါ မင်းကို ကျေးဇူးတင်တယ်၊ အဲဒီစက်ရုံထဲကို ဝင်ခွင့်ရဖို့အတွက် အရမ်းခက်ခဲ့တယ်ဆိုတာ ငါသိတယ်၊
ဒီကိစ္စက မင်းအတွက် စိတ်မသက်သာစရာမျိုး ဖြစ်လာမယ်ဆိုရင် မလုပ်ပါနဲ့၊ ငါ့ညီမလေးက ငါ့အတွက်နဲ့ တခြားလူဆီကို နှိမ့်ချပြီး ပြောဆိုနေရတာမျိုးကို မဖြစ်စေချင်ဘူး”
“အစ်မ ဘယ်နေရာတွေအထိ လိုက်ပြီးတွေးနေတာလဲ”
ကျန်းကျန်း ရယ်မော၍ ပြောလိုက်သည်။
“ဒီလိုလုပ်ရအောင်၊ ပရိဘောဂစက်ရုံကလည်း ဒီနေရာနှင့်သိပ်မဝေးဘူးဆိုတော့၊ ညနေအလုပ်ဆင်းရင် အစ်မက ကျွန်မနဲ့ တိုက်ရိုက်သွားလိုက်ရအောင်၊
အိမ်သော့ကို ပထမဆုံး ရထားမယ်ဆိုရင် အစ်မလည်း စိတ်အေးရတာပေါ့၊ ပြီးရင် ကျွန်မတို့ အစ်မရဲ့ယောက်ျားဆီကို ဖုန်းဆက်လိုက်ကြမယ်”
ကျန်းကျန်းက ပြောလာသည့်စကားများကို ကြားလိုက်ရလျှင် ဝေ့ယွီကျင်းတစ်ယောက် မျက်ရည်များပင် ကျလာရလေသည်။ ၎င်းအခြေအနေကို မြင်သောအခါတွင် ကျန်းကျန်းက သူမ၏ လက်မောင်ကို ဖျတ်ခနဲ တွန်းလိုက်၍ စနောက်လိုစွာဖြင့် ချော့မော့စကားဆိုလိုက်သည်။
“ဘာလဲ ၊ အစ်မက ချစ်သူနှစ်ယောက် ပြန်ဆုံရတော့မယ်၊ အခန်းလွတ်ထဲမှာ တစ်ယောက်တည်း နေစရာမလိုတော့ဘူးဆိုတာတွေကို တွေးတောပြီး ပျော်လို့ ငိုနေတာလား”
ဝေ့ယွီကျင်း မျက်ရည်များကြားမှ ရယ်မောလာခဲ့သည်
“မင်းကတော့လေ၊ မကြာခင် လက်ထပ်တော့မယ်ဆိုတော့ မျက်နှာက ပိုပြီးတော့ထူလာတာကို တွေ့နေရတယ်”
အလုပ်စရမည့်အချိန် နီးလာပြီဖြစ်သောကြောင့် ဝေ့ယွီကျင်း မျက်ရည်သုတ်၍ ကျန်းကျန်းနှင့်အတူ အစည်းအဝေးခန်းမသို့ ပြန်သွားသည်။
နှစ်ဦးသား ထိုင်၍ မကြာမီတွင်ပင် မျက်မှန်နှင့် အမျိုးသားတစ်ဦးက မှတ်စုစာအုပ်တစ်အုပ်ကို လက်၌ကိုင်၍ ဝင်လာခဲ့လေသည်။
အစည်းအဝေးခန်းမက ချက်ချင်း တိတ်ဆိတ်သွားခဲ့ကာ လူတိုင်းက ထိုအမျိုးသားကို ကြည့်၍ အလုပ်စီစဉ်ပေးရန် စောင့်နေသည်များ ရှိသည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ပြည်တွင်းသတင်းဌာနရဲ့ အယ်ဒီတာချုပ် ယွီရှောက်ကျင်း ပါ၊ အားလုံးပဲ ဟွားကော်သတင်းဌာနကို လာရောက်လုပ်ကိုင်ကြတာ ကြိုဆိုပါတယ်၊
ကျွန်တော်တို့တွေက အနာဂတ်မှာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါလိမ့်မယ်၊ အလုပ်မှာ အခက်အခဲတွေ၊ နားမလည်တာတွေရှိရင် ကျွန်တော့်ကို မေးမြန်းနိုင်ပါတယ်၊ ကျွန်တော် တက်ကြွစွာနှင့် ကူညီဖြေကြားပေးပါမယ်”
ရိုးရှင်းသော အဖွင့်စကားပြောကြားပြီးနောက် ယွီရှောက်ကျင်းက ဟွားကော်သတင်းဌာန၏ အခြေအနေကို အရင်မိတ်ဆက်ပေးလာခဲ့သည်။ ပြီးမှ :
“အားလုံးက တော်ဝင်တက္ကသိုလ်ရဲ့ သတင်းစာပညာ ဘာသာရပ်က ထိပ်တန်းကျောင်းသားတွေပဲ၊ လေးနှစ်တာ ပညာသင်ကြားမှုကနေ သတင်းစာပညာရဲ့ အရေးပါပုံကို အားလုံး နားလည်ပြီးသားဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်၊
အခု အနာဂတ်မှာ လုပ်ကိုင်တဲ့အခါမှာ သင်ယူခဲ့တာတွေကို လက်တွေ့အသုံးချပြီး ကျွန်တော်တို့နိုင်ငံရဲ့ မူဝါဒတွေ၊ ပြည်တွင်းပြည်ပရေးရာတွေ၊ စစ်ရေး၊ သံတမန်ရေးရာ စတဲ့ သတင်းတွေကို အမြန်ဆုံး သတင်းပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ယွီရှောက်ကျင်းက မှတ်စုစာအုပ်ထဲမှ စာရွက်အလွတ်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ထိုစာရွက်၌ ဤအသုတ်မှ ကျောင်းသားအများ၏ အမည်များ ပါရှိ၍ လေးနှစ်တာ ပညာသင်စွမ်းဆောင်ရည်အလိုက် စီစဉ်ထားသည်များ ရှိသည်။
“ပြည်တွင်းမီဒီယာတွေနဲ့ နှိုင်းယှဉ်ရင် ဟွားကော်သတင်းဌာနရဲ့ သတင်းတွေက ပိုမိုပြင်းထန်၊ ဆင်ခြင်တုံတရားရှိပြီး တည်ငြိမ်ပါတယ်၊
ဒါကြောင့် ဟွားကော်သတင်းဌာနကို ဝင်လာတဲ့အခါမှာ ပထမဆုံး လေ့လာသင်ယူရပါမယ်၊ နောက်ထပ် ကျွန်တော် ပြည်တွင်းသတင်းဌာနကို ခေါ်သွားပြီး တစ်ယောက်ချင်းစီကို ဆရာတစ်ဦးစီ ရှာပေးပါမယ်”
ကျောင်းသားများက နှစ်ဦးသုံးဦးစီ ထရပ်၍ ယွီရှောက်ကျင်းနောက်မှ လိုက်ပါသွားကြသည်။ အလွန်ကြီးသည့် ရုံးခန်းတစ်ခုသို့ ရောက်သော် ယွီရှောက်ကျင်းက စာရွက်အလွတ်ကို ဖွင့်လိုက်၍ အသက် ၅၀ ကျော် အစ်မကြီးတစ်ဦးအား လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
“ကျန်းရှောင်ရန်၊ ရှုကျားကျား၊ မင်းတို့နှစ်ယောက်က ဆရာမ ဝမ်ယွီချွန် နဲ့ သင်ယူပါ၊ ဝေ့ယွီကျင်း၊ ကွားရှောင်ချင်း၊ မင်းတို့နှစ်ယောက်က ဆရာမ ကျန်းမင်ဟန် နဲ့ သင်ယူ...”
ခဏကြာအောင် စီစဥ်ညွှန်ကြားပေးပြီးသည်နောက် လူတိုင်းက ဆရာတစ်ဦးစီ ရရှိသွားခဲ့ကြလေသည်။
ကျန်းကျန်းတစ်ဦးတည်းကသာ ယွီရှောက်ကျင်းနောက်မှ တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါနေခဲ့ရသေးသည်။ ယွီရှောက်ကျင်းက သူ့ရုံးခန်းသို့ ပြန်ရောက်ပြီးနောက်တွင် ခေါင်းကို ပြန်မော့ကြည့်လိုက်သောအခါ ဤလှပသော ကောင်မလေးကို မေ့နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ချက်ချင်းပင် ကျန်းကျန်းအား ထိုင်ခိုင်းလိုက်၍ ပြောလိုက်သည်။
“ငါ မင်းကို မေ့သွားလို့၊ အယ်ဒီတာချုပ်က မင်းရဲ့ ဖိုင်ကို ကြည့်ပြီးပြီ၊ မင်းရဲ့ ပြင်သစ်နဲ့ အင်္ဂလိပ်စကားက အရမ်းကောင်းတယ်လို့ ပြောတယ်၊
ဒါကြောင့် မင်းကို ခဏတော့ ငါနဲ့ သင်ယူစေပြီးမှ နိုင်ငံခြားသတင်းတည်းဖြတ်ဌာနကို လွှဲပြောင်းပေးမယ်”
ကျန်းကျန်းက ယွီရှောက်ကျင်းအား ကြည့်၍ မေးလိုက်သည်။
“ဒါဆို အယ်ဒီတာချုပ်ယွီ၊ ကျွန်မ အခု ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ”
ယွီရှောက်ကျင်းက ကျန်းကျန်းအား စာရွက်တစ်ရွက်ပေးလိုက်သည်။
“ငါတို့ရဲ့နိုင်ငံက ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းလာတာ လေးနှစ်ရှိပြီ၊ ပြည်တွင်းစီးပွားရေးက ကြီးမားတဲ့ ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရတယ်၊
မင်းကို အစိုးရပိုင်နဲ့ ပုဂ္ဂလိကလုပ်ငန်းတချို့ကို အင်တာဗျူးစေချင်တယ်၊ ပြုပြင်ပြောင်းလဲရေး မတိုင်မီနဲ့ အပြီး နှိုင်းယှဉ်ချက်တွေ၊ ပြောင်းလဲမှုတွေကနေတစ်ဆင့် ဆောင်းပါးတစ်ပုဒ် ရေးစေချင်တယ်”
ကျန်းကျန်းကလည်း ဤကဲ့သို့ အကြောင်းအရာများ၌ စိတ်ဝင်စားသည်။
သူမက စာရွက်ကို သူ့အိတ်ထဲ ထည့်လိုက်၍ လေးလေးနက်နက် ပြန်ဖြေသည်။
“တာဝန်ကို ကျိန်းသေ အောင်မြင်အောင် လုပ်ပါမယ်”
ယွီရှောက်ကျင်းက လူငယ်များ၏ တက်ကြွ၍ အားအင်ပြည့်ဝသည့် ပုံစံကို သဘောကျသည်။
တော်ဝင်တက္ကသိုလ် သတင်းစာပညာ မေဂျာမှ ဤကျောင်းသူကို လေးနှစ်ဆက်တိုက် ပထမနေရာရရှိထားသည်ဖြစ်၍ သူ့အနေဖြင့် ကောင်းစွာလေ့ကျင့်ပေးလိုသည်။
ထို့ကြောင့် သူမအား ကြိုတင်စကားအနည်းငယ် ပြောပေးလိုသည်။
“ဒီမူကြမ်းက သတင်းမဟုတ်ဘူး၊ ဒါကြောင့် မင်း အမြန်ထုတ်ဝေဖို့ မလိုဘူး၊ဘအရေးအကြီးဆုံးကတော့ အင်တာဗျူးအလုပ်ကို ကောင်းကောင်းလုပ်ပြီး ပစ္စည်းတွေနဲ့ အချက်အလက်တွေ ပိုစုဆောင်းဖို့ပဲ၊ ဒါမှ မင်းရဲ့မူကြမ်း ရေးတဲ့အခါ အချည်းနှီး မဖြစ်မှာ”
ပြက္ခဒိန်ကို ကြည့်၍ ယွီရှောက်ကျင်းက ဆက်ပြောလာသည်။
“ငါပေးလိုက်တဲ့ စာရွက်မှာ အစိုးရပိုင်လုပ်ငန်းငါးခုနဲ့ ပုဂ္ဂလိကလုပ်ငန်းငါးခုရဲ့ နာမည်တွေ ပါတယ်၊ ပြည်သူတွေရဲ့ အဝတ်အထည်၊ အစားအစာ၊ အိမ်ရာနဲ့ သယ်ယူပို့ဆောင်ရေး အစရှိတဲ့ ကဏ္ဍအားလုံးကို လွှမ်းခြုံထားပြီး အားလုံးက ကိုယ်စားပြုတဲ့ လုပ်ငန်းတွေပဲ၊
ဒီလိုလုပ်၊ ငါ မင်းကို တစ်ပတ်အချိန်ပေးမယ်။ အင်တာဗျူးနဲ့ ရေးသားချိန်ကို သင့်တင့်စွာ စီစဉ်ပြီး နောက်တနင်္လာနေ့မှာ မူကြမ်းကို ငါ့ဆီ ယူလာခဲ့”
“ကောင်းပါပြီ၊ အယ်ဒီတာချုပ်”
ကျန်းကျန်းက မြန်မြန်ဆန်ဆန် ပြန်ဖြေသည်။
“နားလည်ပါပြီ”
ယွီရှောက်ကျင်းက ပြုံး၍ ယာယီအလုပ်ကတ်တစ်ကတ်ကို ပေးလိုက်သည်။
“ဒီစက်ရုံတွေထဲက တချို့က နီးပြီး တချို့က ဝေးတယ်။ ဒါကြောင့် မင်း နေ့တိုင်း အလုပ်လာဖို့ မလိုဘူး၊ မင်းရဲ့ အင်တာဗျူးနေရာဆီကို တိုက်ရိုက်သွားလို့ရတယ်၊ ပြဿနာတစ်ခုခု ကြုံလာရင် တစ်ယောက်တည်း စိတ်မပူနဲ့၊ အလုပာဌာနဆီကို လာပြီး ငါ့ကို ရှာလိုက်၊ ငါ ကူညီပေးပါမယ်”
ကျန်းကျန်းက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ အယ်ဒီတာချုပ် ယွီ”
ယွီရှောက်ကျင်းက ညင်သာစွာ ပြုံးလိုက်သည်။
“ဟုတ်ပြီ၊ မြန်မြန် အလုပ်သွားလုပ်တော့”
ကျန်းကျန်းလည်း ယွီရှောက်ကျင်း ရုံးခန်းမှ တက်ကြွစွာ ထွက်လာသည်။
တည်းဖြတ်ခန်းမအနားသို့ ရောက်သော် ဝေ့ယွီကျင်း စာရွက်စာတမ်းများ ဖတ်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းကျန်းက တိတ်တိတ်လေး လျှောက်သွား၍ ညင်သာစွာ ပြောသည်။
“အစ်မ ဝေ့၊ ဒီနေ့ ကျွန်မ အင်တာဗျူးတာဝန်ရှိတယ်။ ဒါကြောင့် အလုပ်ကို ပြန်မလာဖြစ်ဘူးထင်တယ်၊ ညနေ အလုပ်ဆင်းရင် ထျန်းတာ့ ပရိဘောဂစက်ရုံကို တိုက်ရိုက်သွားလိုက်ပါ၊ ကျွန်မ အဲဒီမှာ စောင့်နေပါမယ်”
သူတို့က ကျောင်းနေဖက်များ ဖြစ်သောကြောင့် ဝေ့ယွီကျင်းလည်း စကားမပြောနေတော့ပေ။ သူမက နားလည်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“စက်ဘီးစီးရင် သတိထားဦးနော်”
ကျန်းကျန်းက ပြန်ဖြေလိုက်ပြီး ရုံးခန်းမှ အမြန် ထွက်လာခဲ့လေသည်။
*