အခန်း (၂၉၅)
Vol. 30 Ch. 295
စစ်ယန်ရန်က ကျန်းကျန်းကို အံ့သြစွာ ကြည့်၍ မေးလိုက်သည်။
“ ငါတို့အဝတ်အစားတွေကို ဝယ်ချင်တဲ့သူတွေဘယ်မှာရှိနေတယ်ဆိုတာကိုမင်းသိလား၊ ငါတို့တွေ ဘာတွေ ထပ်ထည့်ရမလဲ၊ ဘယ်လောက် အထိ ပြောင်းလဲလိုက်ရမလဲ”
ကျန်းကျန်းက ဘောပင်တစ်ချောင်းကို ယူ၍ မှတ်စုစာအုပ်ပေါ်တွင် “ကံကောင်းခြင်းအင်္ကျီ” ဟုခေါ်သော လက်တိုအင်္ကျီပုံလေးကို ခပ်မြန်မြန်ဆွဲပြလိုက်၍ စစ်ယန်ရန်ကို ပြလိုက်သည်။
“ကော်လာက ဒေါင်လိုက်ပုံစံပြောင်းရမယ်၊ ပန်းစည်းလုပ်ပြီး ချည်ဖို့ ဖဲကြိုးတွေပါရမယ်၊ ရင်ဘတ်မှာ ပန်းထိုးလေးတစ်စုံ ထည့်ရမယ်၊ ပခုံးမှာတော့ အနားသားခေါက်လေးတွေ လိုမယ်”
စစ်ယန်ရန် မျက်မှောင်ကြုတ်သွားသည်။
“ဆိုလိုတာက ငါတို့ အကုန်ပြန်ပြင်ပြီး ပြန်ချုပ်ရမှာပေါ့၊ ဒါပေမယ့် အခုက အခြေအနေမကောင်းဘူး၊ ပိုက်ဆံလည်းမရှိဘူး၊ ဒါပေမဲ့ အခုချက်ချင်း စာချုပ်ချုပ်ပြီး စပေါ်ငွေတစ်ဝက်ကြိုချေနိုင်ရင် တစ်ထည်ကို ၃ ဆင့်ပဲ ပိုယူမယ်။”
စီးပွားရေး ပျက်စီးမည်ကို စိုး၍ စစ်ယန်ရန်က မြန်မြန်ရှင်းပြသည်။
“၃ ဆင့်ဆိုတာ ပန်းထိုးခလောက်ပါပဲ၊ လုပ်အားခနဲ့ မီး၊ ရေခတွေ မပါသေးဘူး။ စက်ရုံအခြေအနေသာ ကောင်းလာရင် ဒီလိုဈေးမျိုးနဲ့ မရနိုင်တော့ဘူး”
ကျန်းကျန်းက ပြုံး၍ မှတ်စုစာအုပ်ကို ပြန်ယူလိုက်သည်။
“ဒါရိုက်တာပြောတာကို ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်မဆွေမျိုးတစ်ယောက်ဆီက မတော်တဆ ကြားခဲ့ရတာပါ၊
အိမ်ပြန်ရောက်ရင် သူ့ကိုပြောပြပါ့မယ်၊ အောင်မြင်မအောင်မြင်တော့ မသေချာသေးပါဘူး၊ သူ့ကို ခေါ်ပြီး ဒါရိုက်တာနဲ့ ဆွေးနွေးခိုင်းရပါဦးမယ်”
“အိုး ကောင်းပါပြီ ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် သတင်းထောက်လီ”
စစ်ယန်ရန်က ကျန်းကျန်း၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။
“ကျွန်တော်တို့စက်ရုံရဲ့ အသက်ရှင်ရပ်တည်ရေးက မင်းပေါ်မှာပဲ မူတည်နေပြီ၊ ဂရုစိုက်ပေးပါဦး”
ကျန်းကျန်းက ပြုံးလိုက်သည်။
“အရည်အသွေးသာ ကောင်းမယ်ဆိုရင် နောင်အနာဂတ်မှာ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရမယ့် စီးပွားရေးတွေ ပိုပိုများလာမှာပါ”
လက်ကောက်ဝတ်ရှိ နာရီကိုကြည့်၍ ကျန်းကျန်းက ယဉ်ကျေးစွာ ပြုံး၍ ဆက်ပြောလိုက်သည်။
“အချိန်လည်း နောက်ကျနေပြီဆိုတော့ ကျွန်မပြန်ပါတော့မယ်. အင်တာဗျူးခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်”
“မပြန်ပါနဲ့ဦး၊ ညစာစားချိန်ပဲ ရှိသေးတယ်၊ ငါတို့ရဲ့ ထမင်းစားဆောင်မှာပဲ စားသွားပါလား”
စစ်ယန်ရန်က ဟွားကော်သတင်းဌာနမှ ဤ သတင်းထောက်လေးအား အလွန်သဘောကျနေခြင်းကြောင့် စက်ရုံထမင်းစားခန်းမှ ဟင်းလျာများအား မြည်းစမ်းကြည့်ရန် ဆက်တိုက် ဖိတ်ခေါ်နေသည်။
“ဒီနေ့ ငါတို့ထမင်းစားခန်းမှာ နေ့လယ်စာအတွက် အသားဟင်းရှိတယ်၊ စားဖိုမှူးကို ကြက်ပေါင်တစ်ချောင်း ချက်ခိုင်းလိုက်မယ်လေ”
“မလိုပါဘူး”
ကျန်းကျန်းက မြန်မြန်ငြင်းလိုက်သည်။
“ကျွန်မတို့မှာ အင်တာဗျူးထွက်လာရင် စည်းကမ်းတွေရှိတယ်လေ၊ တကယ်ကို ဒီမှာ စားလို့မရလို့ပါ”
စည်းကမ်းများရှိသည်ဟု ကြားသည်နှင့် စစ်ယန်ရန်လည်း ထပ်မစည်းရဲတော့။
သူကြောင့် ကောင်မလေး၏ အနာဂတ်ကို ထိခိုက်မည်ကိုလည်း မလိုလားပါချေ။
သို့နှင့် ကျန်းကျန်း ပြန်တော့မည်ဆိုသည်နှင့် စစ်ယန်ရန်လည်း ခြံတံခါးအထိ လိုက်ပို့၍ စိတ်အားထက်သန်စွာ မေးလိုက်သည်။
“ဒါဆို အဝတ်အစားမှာချင်တယ်ဆိုတဲ့လူ ဘယ်တော့များ စက်ရုံကိုလာမှာလဲ”
ကျန်းကျန်း ခဏမျှစဉ်းစား၍ ပြန်ဖြေသည်။
“အမြန်ဆုံးဆို ဒီနေ့ နေ့လယ်၊ နောက်အကျဆုံးဆို မနက်ဖြန် နေ့ခင်းလောက်ဖြစ်မယ်၊ သူလာတဲ့အချိန်ကျရင် ပိုက်ဆံယူလာဖို့ ပြောလိုက်ပါ့မယ်”
ဤသည့်စကားကြားလျှင် စစ်ယန်ရန်က စိတ်အေးသွားသကဲ့သို့ သက်ပြင်းချလိုက်၍ ကျန်းကျန်းကို အားရပါးရ လက်လှမ်းပြလိုက်သည်။
“သတင်းထောက်လေးလီ၊ အချိန်ရရင် စက်ရုံကို လာလည်ပါဦး”
“ကောင်းပါပြီ”
ကျန်းကျန်းလည်း လက်ပြနှုတ်ဆက်၍ စက်ဘီးနင်းကာ ထွက်ခွာသွားတော့သည်။
တံခါးစောင့်အဘိုးကြီးက လည်ပင်းကို ဆန့်၍ အကြာကြီး ကြည့်နေသည်။ စက်ရုံမန်နေဂျာက ထိုသည့်နေရာ၌ ရပ်နေဆဲဖြစ်သည်ကို မြင်လျှင် စစ်ယန်ရန်၏ နောက်၌ ရပ်၍ ခြေဖျားထောက်ကာ ကျန်းကျန်း၏ ပုံရိပ်ကို လိုက်ကြည့်ခဲ့သည်။
ကျန်းကျန်းက စက်ဘီးနင်း၍ ထောင့်ချိုးကို ကွေ့သွား၍ မြင်ကွင်းမှ ပျောက်ကွယ်သွားမှ စစ်ယန်ရန်က လှည့်လာ၍ ပျော်ပျော်ရွှင်ရွှင် လှည့်လာသည်။ သို့သော်လည်း သူလှည့်လိုက်သည့်အခါ သူ၏နောက်၌ ရပ်နေသည့် အဘိုးကြီးဝမ်ကို မြင်၍ လန့်သွားခဲ့ရလေသည်။
“အိုး၊ ကျွန်တော်ပြောမယ် အဖိုးကြီးဝမ်၊ ခင်ဗျားက ကျွန်တော့်နောက်မှာ အသံမပြုဘဲ ဘာရပာလုပ်နေတာလဲ၊ ကျွန်တော် တကယ်ကို လန့်သွားတာ”
စစ်ယန်ရန်က စိတ်ထိန်းနိုင်ရန် နောက်သို့ နှစ်လှမ်းမျှ ဆုတ်လိုက်သည်
“ဘာကို ကြည့်နေတာလဲ”
“အဲဒီ လှပတဲ့ သတင်းထောက်လေးကို ကြည့်နေတာလား”
အဘိုးကြီးက ကောလာဟလအတင်းအဖြင်း ပြောချင်နေသကဲ့သို့ မျက်နှာပေးနှင့် စစ်ယန်ရန်ကို မျက်စိတစ်ဖက်မှိတ်ပြ၍ ပြောလာသည်။
“ကျွန်တော်ပြောမယ်၊ မန်နေဂျာ၊ ခင်ဗျား ဘာလို့ ဒီလောက်ပျော်နေရတာလဲ၊ ဒီသတင်းထောက်လေးကို ခင်ဗျားရဲ့သားနဲ့ ပေးစားမလို့လား”
“ဘယ်သူကလဲ၊ ဟွားကော်သတင်းဌာနက သတင်းထောက်က ငါ့သားကို အဲလိုမျိုး ကြည့်ပါ့မလား”
စစ်ယန်ရန်က သူအား ဒေါသတကြီး ကြည့်လိုက်၍ ဝမ်အဘိုးကြီး၏ မျက်နှာ ရှုပ်ထွေးနေသည်ကို မြင်လျှင် ကြင်နာစွာ ထပ်ရှင်းပြသည်။
“ဒီသတင်းထောက်က စေတနာကောင်းမွန်တဲ့မိန်းကလေးပဲ၊ ကျွန်တော်တို့ရဲ့စက်ရုံမှာ ပစ္စည်းတွေပုံနေပြီး လုပ်အားခမပေးနိုင်တာကို ကြားတော့ သူမရဲ့ ဆွေမျိုးတစ်ယောက်ကို ကျွန်တော်တို့စက်ရုံက အဝတ်အစား မှာခိုင်းဖို့ ခေါ်လာပေးမလို့ လုပ်ပေးမယ်တဲ့”
“ဒါဆို ကောင်းတာပေါ့”
အဘိုးကြီးဝမ်က ပျော်ရွှင်စွာ ရယ်မောနေရင်းမှ မျက်နှာညှိုးကျသွားသည်။
“ခင်ဗျားပြောကြည့်၊ ကျွန်တော်တို့တွေ ဝင်ငွေရလာဖို့အထိ အဝတ်ဝယ်ဖို့ဆိုရင် ပိုက်ဆံဘယ်လောက်တောင်ရှိနေရမှာလဲ”
“ခင်ဗျားက တော်တော်သိတာကိုး”
စစ်ယန်ရန်က ရယ်မောမိသည်။
“ကျွန်တော်ပြောပြမယ်၊ သူတို့က ကျွန်တော်တို့ပစ္စည်းတွေကို ပုံစံအသစ်ပြောင်းလို့ရတယ်တဲ့၊ ဟုတ်ပြီ၊ သတင်းထောက်လီ ပြောတာက ဒီနေ့နေ့လယ် ဒါမှမဟုတ် မနက်ဖြန်ဆို ရောက်လာနိုင်တယ်၊ စာချုပ်ချုပ်ဖို့လူတွေ လာရင် ခင်ဗျားက ပိုပြီးဖော်ရွေဆက်ဆံဖို့လိုတယ်၊ သူတို့ကို ကျွန်တော့်ရုံးခန်းထဲကို တိုက်ရိုက်ခေါ်လာခဲ့ဦး”
“သေချာပေါက် လုပ်ဖို့ လိုအပ်တာပေါ့”
ဝမ်အဘိုးကြီးက ပြောသည်။
“ငါလည်း နှစ်လလောက် လုပ်အားခမရဘူးဖြစ်နေတာလေ၊ အဲဒါကြောင့်ပဲ အားထုတ်မနေနိုင်တာ”
စက်ရုံမန်နေဂျာက သူ၏လက်နှစ်ဖက်ကို နောက်ပစ်၍ သီချင်းလေး တညည်းညည်းနှင့် ထွက်သွားသည်ကို ကြည့်၍ ဝမ်အဘိုးကြီးက တံခါးဝသို့ ပြန်လှည့်လာ၍ ပြောသည်။
“လုပ်အားခရရင် ဝက်ခေါင်းသား တဝက်လောက်ဝယ်ပြီး သခွားသီးနဲ့ စားမယ်၊ အသားမစားရတာသုံးလလောက်ရှိပြီ၊ သေတော့မတတ်ပဲ”
ကျန်းကျန်းက သူမ၏စက်ဘီးကိုစီး၍ လူရှင်းသည့် လမ်းကြားလေးတစ်ခုထဲသို့ ကွေ့ဝင်သွားသည်။
ဘေးပတ်ဝန်းကျင်၌ မည်သူမျှမရှိသည်ကို သေချာစေရန် သတိထားကြည့်၍မှ စက်ဘီးကိုပါ တစ်ခါတည်း သယ်၍ နေရာလွတ် ထဲသို့ တိုက်ရိုက်ဝင်လိုက်သည်။
ထို့နောက် စက်ဘီးကို ဘေး၌ချ၍ ကျန်းကျန်း ရေချိုးခန်းထဲဝင်၍ ရေအေးနှင့် ချိုးလိုက်သည်။ ပြီးသည့်အခါ မီးဖိုချောင်မှ ခေါက်ဆွဲကြော်တစ်ပန်းကန်နှင့် ပဲစင်းငုံဟင်းချိုတစ်ပန်းကန် ယူလာ၍ သောက်လိုက်လေသည်။
နေရာလွတ်ထဲတွင် ထားသည့် အစားအစာများမှာ ပျက်စီးမသွားသည့်အတွက် ကျန်းကျန်းက အားလပ်သည့်အချိန်များ၌ အစားအစာများကို နေရာလွတ်ထဲ ထည့်ထား၍ လိုအပ်သည့်အချိန်မျိုးတွင် စားလေ့ရှိသည်။
တစ်ခါတလေ ညဘက် ဗိုက်ဆာသည့်အချိန် ဒါမှမဟုတ် ချက်ပြုတ်ရန် အဆင်မပြေသည့်အချိန်မျိုးတွင် နေရာလွတ်ထဲ၌ ပြင်ဆင်ထားသည့် အစားအစာများကို အရေးပေါ်အတွက် အသုံးပြုနိုင်သည်။
ထမင်းစားပြီးသည့်အခါ ကျန်းကျန်းက နှိုးစက်ကို ညနေ ၁:၃၀ နာရီ၌ နှိုးထား၍ အိပ်ရာပေါ် လှဲချလိုက်ကာ တစ်ရေးအိပ်စက်လိုက်သည်။
နှိုးစက်မြည်မှသာ အားအပြည့်နှင့် ဒုတိယအင်တ်ဗျူးအဖြစ် အစားအစာစက်ရုံသို့ ထပ်မံတန်းသွားတော့သည်။
ပြည်သူ့အဝတ်အထည်စက်ရုံနှင့် နှိုင်းယှဉ်လျှင် ဤတစ်ကြိမ် ထျန်းတာ့စားသောက်ကုန်စက်ရုံက ခေတ်နှင့်အညီ အလွန်အမင်းတိုးတက်နေခဲ့သည်။
သက်ကြီးရွယ်အိုများ ကြိုက်သည့် ရိုးရာအချိုပွဲများ များစွာ ထုတ်လုပ်သည့်အပြင် ဤသည့်နေ့ခေတ်လူငယ်များ ကြိုက်သည့် ခရင်မ်ကိတ်၊ အုန်းသီးညှပ်ပေါင်မုန့်၊ ကိုကိုးမြေပဲကြွပ်၊ ချောကလက်အခွံခွာသီးကြွပ်၊ ချောကလက်နာနတ်သီးညှပ်ပေါင်မုန့်ကဲ့သို့ အနောက်တိုင်း မုန့်မျိုးစုံကိုလည်း ထုတ်လုပ်သည်။
ဤစားသောက်ကုန်များအားလုံးက ရေပန်းစားလျက်ရှိသည်။
အင်တာဗျူးလုပ်နေစဉ် စားသောက်ကုန်စက်ရုံ၏ တာဝန်ခံ ကျန်းရန်ကျယ်က ကျန်းကျန်းအား မုန့်အချို့ မြည်းစမ်းခိုင်း၍ ပရော်ဖက်ရှင်နယ်စားဖိုမှူးများကို တစ်နိုင်ငံလုံးမှ ခေါ်ယူထားကြောင်း၊ ဟောင်ကောင်ကျွန်းမှပင် လာရောက်လေ့လာကြကြောင်း မိတ်ဆက်ပေးခဲ့သည်။
“ဟောင်းနွမ်းနေတာကိုပဲ စားနေလို့မရဘူး၊ ရိုးရာအရသာနဲ့ ရိုးရာလက်မှုပညာကို ထိန်းသိမ်းရင်းနဲ့ လူတွေ ကြိုက်တဲ့ အသစ်အဆန်းတွေကိုလည်း ထည့်သွင်းပေးရမယ်၊ ဒါမှ ခေတ်နောက်ကျပြီး မပျောက်ကွယ်သွားမှာ”
ကျန်းကျန်းက ခေါင်းညိတ်၍ ဤသည့်စာကြောင်းကို ချရေးလိုက်သည်။ ထရပ်၍ ပြုံး၍ ပြောလိုက်သည်။
“ဒါရိုက်တာကျန်းကို ကျေးဇူးတင်ပါတယ်၊ ဒါရိုက်တာရဲ့ အတွေးအခေါ်တွေက ကျွန်မအတွက် အလွန်အားတက်စရာကောင်းပြီး အထောက်အကူဖြစ်စေပါတယ်၊ ဒီစာကြောင်းကို အစီရင်ခံစာထဲမှာ မဖြစ်မနေ ရေးလိုက်ပါ့မယ်”
*