အခန်း (၂၉၇)
Vol. 30 Ch. 297
ကျန်းကျန်း တစ်ဖက်လူ၏စကားများကို နားထောင်ပြီးနောက် ပြုံးလိုက်ပြီး စာရွက်ပေါ်တွင် အဝတ်အထည်အတွက် ဒီဇိုင်းပုံကြမ်းကို ရေးဆွဲကာ အသေးစိတ်အချက်အလက်များကို အလေးအနက်ထား၍ ပြောကြားခဲ့သည်။
“စာချုပ်ချုပ်တဲ့အချိန်မှာ အဲဒီအဝတ်အစားရဲ့ အသေးစိတ်ဒီဇိုင်းအချက်အလက်တွေနဲ့ အဝတ်အစားတွေရဲ့ အရည်အသွေးကို သေသေချာချာအလေးအနက်ထားပြောရမယ်၊
အဝတ်အစားတွေအတွက် များများစားစားမထုတ်လုပ်ခင်မှာ ပုံစံနမူနာတွေအဖြစ် အရင်ဆုံး ထုတ်လုပ်ခိုင်းတာ ပိုကောင်းတယ်၊
နောက်ထပ် နှစ်ရက်နေရင် ကျွန်မယူလာခဲ့မယ်၊ သူတို့ဆီမှာ ပြဿနာမရှိတော့ဘူးဆိုတဲ့အချိန်ကျမှ အများကြီးထုတ်လုပ်ဖို့ သဘောတူမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး၊
ထုတ်လုပ်မှုကြာချိန်ကိုတော့ သေချာပေါက်တိုတောင်းအောင်လုပ်ရမယ်ဆိုတာ မမေ့ပါနဲ့၊
ဒါပေမဲ့ နွေရာသီကုန်သွားတဲ့အချိန်ကိုရောက်လာပြီဆိုရင်တော့ ထပ်ပြီးတော့ မထုတ်လုပ်မိစေနဲ့၊ အဲဒါဆိုရင် ပစ္စည်းတွေက အများကြီး ပိုလျှံနေပြီး ကျွန်မတို့တွေ စတော့ပမာဏကိုပဲ ထိန်းချုပ်နေရလိမ့်မယ်”
ကျန်းကျန်းက ပြောဆိုနေရင်းဖြင့် အိတ်အတွင်းမှ ကြိုတင်ပြင်ဆင်ထားသည့် ယွမ်တစ်သောင်းသုံးထောင်ကို ထုတ်ယူကာ ဝမ်ရှင်းကျယ်ကို ပေးလိုက်ပြီး မက်ပြောခဲ့သည်။
“ဒီငွေက မှာယူမှုအတွက် အပြည့်အဝပေးချေတာပဲ၊ အခု ဒီကိစ္စကို မင်းဆီကိုပဲ အပ်ထားလိုက်မယ်၊ ပြီးစီးသွားတဲ့အချိန်ကျရင် ကျွန်မ အနီရောင်စာအိတ်ကြီးတစ်အိတ် ထပ်ပြီးချီးမြှင့်ပါ့မယ်”
“စိတ်မပူပါနဲ့၊ ဥက္ကဋ္ဌ၊ ကျွန်တော် အလုပ်တွေကို သေချာပေါက် ကောင်းကောင်းမွန်မွနာပြီးမြောက်အောင် လုပ်ဆောင်လိုက်ပါ့မယ်”
ဝမ်ရှင်းကျယ်က ကျန်းကျန်းပေးခဲ့သည့် ပိုက်ဆံများနှင့် ဒီဇိုင်းပုံကြမ်းများကို ယူဆောင်၍ သူ၏ရုံးခန်းသို့ ပြန်သွားခဲ့လေသည်။ ထို့နောက် ရုံးခန်းထဲမှ သူ၏အိတ်ကို ယူ၍ အပြင်သို့ထွက်ခွာသွားခဲ့သည်။
ကျန်းကျန်းလည်း ထိုအချိန်မှသာ ဝေ့ယွီကျင်းအကြောင်းကို သတိရသွားခဲ့ပြီး စွမ်းရန်သယ်ကို အလျင်အမြန် ရှင်းပြလိုက်သည်။
“ကျွန်မမှာ ဝေ့ယွီကျင်းဆိုတဲ့ ကျောင်းနေဖက်တစ်ယောက်ရှိတယ်၊
ကျွန်မတို့တွေက ကောလိပ်မှာ လေးနှစ်လုံးလုံး အိပ်ဆောင်အခန်းတစ်ခုတည်းမှာ အတူနေခဲ့ကြတာ၊ အခု သူမကလည်း ဟွားကော်သတင်းစာအဖွဲ့ထဲမှာ အလုပ်လုပ်နေတယ်၊
သူမက ပေရှားဒေသမှာ ပညာသင်ခဲ့တဲ့ ပညာလူငယ်တစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်ရခဲ့တာလေ၊
နှစ်ပေါင်းများစွာကြာတဲ့အထိ သူမက အဲဒီနေရာကနေ ထွက်လာခဲ့ပေမဲ့ သူမရဲ့ ခင်ပွန်းသည်နဲ့ကလေးက ပေရှားဒေသက ကျေးလက်ဒေသမှာပဲ နှစ်ပေါင်းများစွာ ဆက်နေခဲ့ကြတယ်၊
ပြောရရင် မိသားစုက တကွဲတပြားစီ ခွဲခွာနေခဲ့ကြရတာ၊ ကျွန်မ အစ်မကြီးဝေ့ဆီကနေ သူမရဲ့ ခင်ပွန်းသည်က လက်သမားအလုပ်လည်း လုပ်နိုင်တယ်လို့ ကြားရတယ်
ဒါကြောင့် ကျွန်မ သူ့ကို စက်ရုံမှာ အလုပ်လာလုပ်ဖို့ ခေါ်ခဲ့ထားခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက သူ့ကို စက်ရုံထဲကို ဝင်ခွင့်ပေးတယ်ဆိုတိုင်း ကျွန်မရဲ့မျက်နှာကြောင့် သူ့အတွက် အထူးအခွင့်အရေးပေးရမယ်လို့ မဆိုလိုဘူးနော်။
သူရောက်လာတဲ့အချိန်ကျရင် သူ့ရဲ့လက်ရာကို သေသေချာချာကြည့်ပါ၊ သူ့အနေနဲ့ အလုပ်မလုပ်နိုင်ဘူးဆိုရင် အရင်ဆုံးတော့ အလုပ်သမားငယ်တွေအဖြစ်ပဲ လုပ်ခိုင်းထားပါ၊ ဒါပေမဲ့ ကျွန်မတို့ထုတ်ကုန်ရဲ့ အရည်အသွေးကိုတော့ ထိခိုက်စေလို့မရဘူး”
“စိတ်မပူပါနဲ့၊ ဒါရိုက်တာ၊ မင်း ပြောချင်တာကို ကျွန်တော်နားလည်ပါတယ်”
စွမ်းရန်သယ်က ချက်ချင်းပင် ကျန်းကျန်း၏စကားကို နားလည်စွာဖြင့် သဘောတူခဲ့သည်။
ကျန်းကျန်းသည်က ခဏတာ ရပ်နားပြီးမှ ထပ်မံပြောကြားသည်။
“နောက်ထပ်ကိစ္စတစ်ခုကတော့ ဝန်ထမ်းတွေရဲ့ နေရာထိုင်ခင်းနဲ့ပတ်သက်ပြီး ရှင် ကျွန်မကို ကူညီပေးပါဦး၊ အစ်မကြီးဝေ့က ဟွားကော်သတင်း ဌာနမှာ တစ်ယောက်တည်းနေဖို့အတွက်ပဲ အဆောင်ရထားတာ၊
မိသားစုအတူနေဖို့အတွက် အိပ်ခန်းလျှောက်လို့မရဘူး၊ ဒီမိသားစုအတွက် သုံးယောက်စာ နေထိုင်ခွင့်ပြဿနာကို ကျွန်မတို့စက်ရုံက ဖြေရှင်းပေးဖို့လိုတယ်၊
ရှင် ဘယ်လိုထင်လဲ။ သူတို့ကို အဆောင်တစ်ခုလောက် ပေးနိုင်မလား။ ဒီလိုသာမဟုတ်ရင်တော့ သူတို့တွေက ခင်ပွန်းသည်ဖြစ်သူကို လွယ်လွယ်ကူကူလာခိုင်းရဲမှာ မဟုတ်ဘူး”
စွမ်းရန်သယ်သည်ကကျန်းကျန်း၏ စကားကို ကြားသိပြီးနောက် အနည်းငယ်လောက်ချီတုံ့ချီတုံ့ဖြစ်သွားကာ ပြန်ပြောလာခဲ့သည်။
“ဒါရိုက်တာက သူတို့ကို အထူးအခွင့်အရေးမပေးချင်ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ဌာနက ဆောက်ထားတဲ့ အဆောင်ကို မပေးဖို့ အကြံပြုချင်ပါတယ်၊
မဟုတ်ရင် သူ့ကို ဝန်ထမ်းအသစ်အနေနဲ့ အိမ်တစ်လုံးပေးလိုက်ရင် တခြားဝန်ထမ်းတွေက နောက်ကွယ်မှာ သီးသန့်ဝေဖန်ဆွေးနွေးကြလိမ့်မယ်”
“ဒီလိုဆိုရင် တခြားနေရာမှာ အဆင်ပြေတဲ့ စီစဉ်မှုမျိုးရှိသေးလား”
ကျန်းကျန်းက မေးသည်။
စွမ်းရန်သယ်ကလည်း ချက်ချင်းပင် ပြန်ပြောလာခဲ့သည်။
“မနှစ်က ဒါရိုက်တာရဲ့တောင်းဆိုချက်အတိုင်း ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အိမ်အချို့ဝယ်ထားတာတွေလည်း ရှိပါတယ်၊
စက်ရုံနဲ့ အနီးဆုံးနေရာမှာ အခန်းနှစ်ခန်းပါတဲ့ ခြံငယ်လေးတစ်ခုရှိတယ်၊ ဝမ်ရှင်းကျယ်က အစောပိုင်းရောက်လာတုန်းက အဲဒီနေရာမှာနေခဲ့တာလေ၊
အခု သူပြောင်းသွားတော့ အဲဒီက ပစ္စည်းတွေ မရွှေ့သေးဘူး၊တအကယ်လို့ အဆင်မပြေတာ မရှိဘူး ဆိုရင်တော့ အဲဒီမှာ နေခိုင်းလိုက်မယ်ဆိုရင် အဆင်ပြေပါတယ်”
ကျန်းကျန်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ တခြားဝန်ထမ်းတွေကို လုပ်နေကျအတိုင်းပဲ လုပ်ပါ၊ အရင်ဆုံး သုံးနှစ်အဆောင်အသုံးပြုခွင့် သဘောတူစာချုပ်ချုပ်ပါ၊ ပြီးတော့ သူတို့ မလုပ်နိုင်ရင်...”
တံခါးစောင့်၏ အသံသည် မိုက်ခရိုဖုန်းမှ ထွက်ပေါ်လာသည်။
“ဒါရိုက်တာ၊ ဝေ့ယွီကျင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် ဒါရိုက်တာ့ကို ရှာနေပါတယ်”
တံခါးစောင့်က ဝေ့ယွီကျင်း လာရောက်ပြီဟု ပြောသည်ကို စွမ်းရန်သယ် ကြားသိသည့်အခါ ကျန်းကျန်းကို ခေါင်းညိတ်ပြ၍ မျက်စိတစ်ဖက် မှိတ်ပြလိုက်ကာ တံခါးစောင့်ကို ပြောသည်။
“ဝေ့ဆိုတဲ့ မိန်းကလေးကို ကျွန်တော့်ရဲ့ရုံးခန်းကို တိုက်ရိုက်လာခိုင်းလိုက်ပါ”
စွမ်းရန်သယ် ဖုန်းချလိုက်သည့်အခါ ကျန်းကျန်းက အလျင်အမြန် ညွှန်ကြားလိုက်သည်။
“
“ဒါရိုက်တာစွမ်း၊ အခု ဒီစက်ရုံက ကျွန်မပိုင်တယ်ဆိုတာကို သူတို့ကို မပြောပါနဲ့၊ ကျွန်မတို့ရဲ့ မိသားစုနဲ့ ရင်းနှီးတဲ့သူလို့ပဲ ပြောပြလိုက်ပါ”
စွမ်းရန်သယ်က ရယ်မော၍ နောက်ပြောင်လိုက်သည်။
“ဉက္ကဋ္ဌလီက အပြင်ဘက်မှာ တော်တော်လေး လျှို့ဝှက်ပြီး သိုသိုသိုက်သိုက်တယ်နဲ့ တူတယ်”
ကျန်းကျန်းသည် အလွန်ပင် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။
“တိတ်တိတ်ဆိတ်ဆိတ်လေး ချမ်းသာတာက ပိုကောင်းပါတယ်”
တန်တာပရိဘောဂစက်ရုံ၏ တံခါးဝတွင် ဝေ့ယွီကျင်းသည်က တံခါးစောင့် ဖုန်းပြောနေသည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။
ထိုလူငယ်သည်က:
“စက်ရုံမန်နေဂျာ မအားပါဘူး”
ဟူသော စကားဖြင့် သူမကို ပြန်လွှတ်လိုက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
တံခါးစောင့်က ဖုန်းချ၍ စာပို့ခန်းမှ ထွက်လာသည့်အခါ ဝေ့ယွီကျင်း၏ နှလုံးသားသည်က စိတ်လှုပ်ရှားမှုကြောင့် ခုန်ထွက်တော့မလို ဖြစ်နေခဲ့သည်။
သူမက လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်နှာပေါ်တွင် တောင့်တင်းသော အပြုံးတစ်ပွင့် ပေါ်လာအောင် ဖိအားပေးလိုက်ရသည်။
“အင်း... စက်ရုံမန်နေဂျာ ဘာပြောလဲ”
တံခါးစောင့်သည်က တံခါးကိုဖွင့်၍ ယဉ်ကျေးစွာပြုံးကာ လက်ကို အတွင်းသို့ ဆန့်တန်းလိုက်သည်။
“စက်ရုံမန်နေဂျာက ခင်ဗျားကို ရုံးခန်းဆီကိုလာပြီး သူ့ကို ရှာခိုင်းပါတယ်”
ဝေ့ယွီကျင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမ စက်ရုံအတွင်းပိုင်းကို ဝင်ရောက်သွားစဉ် တံခါးစောင့်ကိုအကြိမ်ကြိမ် ပြောဆိုနေခဲ့သည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ အားနာလိုက်တာ”
တံခါးစောင့် ညွှန်ပြသည့်လမ်းအတိုင်း ဝေ့ယွီကျင်းသည် စက်ရုံဒါရိုက်တာ၏ ရုံးခန်းကို အလျင်အမြန် ရှာတွေ့ခဲ့သည်။
သူမသည်က တံခါးဝ၌ နှစ်ကြိမ်တိုင်တိုင် သက်ပြင်းရှူထုတ်လိုက်ပြီးမှ တံခါးကို နှစ်ချက်ခေါက်ရန် သတ္တိကို မွေးမြူလိုက်သည်။
တံခါးက အတွင်းပိုင်းမှ ရုတ်တရက် ပွင့်သွားခဲ့လေသည်။ ဝေ့ယွီကျင်းတစ်ယောက် လှမ်းကြည့်လိုက်ချိန်တွင် ရုံးခန်းအတွင်း၌ ပြုံး၍ သူမကို ရပ်စောင့်နေသော ကျန်းကျန်းကို ကြည့်လိုက်သည့်အခါ သူမ၏ တစ်ကိုယ်လုံး လွတ်လပ်ပြီး စိတ်သက်သာရာ များစွာရသွားခဲ့ရသည်။
“ကျန်းကျန်း၊ နင်လည်း ဒီကိုရောက်နေတာလား”
“အင်း ကျွန်မလည်း ရောက်လာတာ”
ကျန်းကျန်းက ဝေ့ယွီကျင်းကို ဆိုဖာပေါ်တွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
“ဒီနေ့ အယ်ဒီတာချုပ်ယွီက ကျွန်မကို ကုမ္ပဏီအချို့ကို အင်တာဗျူးဖို့ မူကြမ်းတစ်ခုပေးတယ်၊
တန်တာပရိဘောဂစက်ရုံကလည်း အင်တာဗျူးရမဲ့အထဲမှာပါတယ်၊ ဒါကြောင့် အချိန်ကလည်း တိုက်ဆိုင်နေတာကြောင့် ကျွန်မအရင်ဝင်ခဲ့တာ၊
အစ်မကို ပြောဖို့မေ့သွားတယ်၊ မိတ်ဆက်ပေးရဦးမယ်၊ ဒါကတန်တာပရိဘောဂစက်ရုံရဲ့ ဒါရိုက်တာစွမ်းျဲ့”
ကျန်းကျန်းသည် ဝေ့ယွီကျင်းကို ထပ်မံညွှန်ပြသည်။
“ဒီက ကျွန်မရဲ့ ကျောင်းနေဖက်လည်းဖြစ်၊ လက်ရှိလုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ဝေ့ယွီကျင်းပါ”
ဝေ့ယွီကျင်းနှင့် စွမ်းရန်သယ်တို့က နှစ်ဦးစလုံး ထရပ်၍ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ ဝေ့ယွီကျင်းသည်က သူမ၏မိသားစုအကြောင်း မည်သို့ပြောရမည်ကို စဉ်းစားနေစဉ် စွမ်းရန်သယ်က ဦးစွာ ပြောလာခဲ့လေသည်
“ခုနက မင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး လီဥက္က... အဟမ်း... လီမင်ကျန်းက ကျွန်တော့်ကို ပြောပြပြီးပါပြီ၊ ယုတ္တိရှိရှိပြောရရင် ကျွန်တော်တို့စက်ရုံမှာ ဝန်ထမ်းခေါ်ယူတာအတွက် တင်းကျပ်တဲ့လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်၊
မင်းရဲ့ခင်ပွန်းသည်လိုမျိုး အခြေအနေတွေက ကျွန်တော်တို့ရဲ့စည်းမျဉ်းတွေနဲ့ တကယ်တော့ မကိုက်ညီပါဘူး”
ဝေ့ယွီကျင်းသည် ဤစကားကို ကြားသည့်အခါ သူမ၏နှလုံးသားသည် ထိတ်လန့်သွားပြီး အခြားသူများက သူ့ကို ငြင်းပယ်လိုက်ပြီဟု ထင်မှတ်လိုက်သည့်အတွက် သူမ၏မျက်နှာအမူအရာက ဖြူဖျော့သွားခဲ့သည်။
သူမက နားလည်ကြောင်းကို ပြသရန်အတွက် ပါးစပ်ဟလုဆဲဆဲတွင် စွမ်းရန်သယ်က ဆက်လက်ပြောကြားသည်ကို ကြားလိုက်ရသည်။
“ဒါပေမဲ့ တိုက်ဆိုင်သွားတာက.. အခု ကျွန်တော်တို့ရဲ့ စက်ရုံက အလုပ်သမားအချို့ကတော့ ထုတ်လုပ်မှုလိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တော့ဘူးလေ၊
စက်ရုံက မကြာခင်အချိန်မှာ အလုပ်သမားအသစ်တွေကို စတင်ခေါ်ယူတော့မှာဖြစ်နေတယ်?
ဒါကြောင့် အခုလို အခါအခွင့်သင့်ချိန်မှာ မင်းရဲ့ ခင်ပွန်းသည်ကိုလည်း အလုပ်သမားအသစ်တွေနဲ့အတူ အလုပ်လာလုပ်ဖို့အတွက် လက်ခံပေးလိုက်လို့ရပါတယ်”
ဝေ့ယွီကျင်းသည်က ထိုသို့ ကွေ့ကောက်သွားမှုကို မမျှော်လင့်ထားခြင်းကြောင့် ခဏတာ မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ ထရပ်၍ ကျေးဇူးတင်စကားကိုသာ ထပ်ခါထပ်ခါ ပြောဆိုနေနိုင်ခဲ့သည်။
စွမ်းရန်သယ်က သူမ၏ ကျေးဇူးတင်စကားကိုကြားလျှင် ပြုံး၍ပြောသည်။
“တကယ်တော့ မင်ကျန်းက ကျွန်တော့်ဆီကနေ အကူအညီကို ဘယ်တုန်းကမှ မတောင်းဆိုဖူးဘူးလေ၊ သူမက အခုလိုမျိုး အကူအညီတောင်းဆိတာမျိုးက တကယ်ကို ကြားရဖို့အတွက် ရှားပါးလွန်းတယ်၊ ဒါကြောင့် ကျွန်တော်ကူညီပေးရမယ်”
*