အခန်း (၂၉၉)
Vol. 30 Ch. 299
ကျန်းကျန်းသည်ကား သက်ကြီးရွယ်အိုများသာမက သူမ၏အရွယ်တူ လူအများစုသည်လည်း ဘွဲ့ရပြီးနောက် အစိုးရမှ ချမှတ်ပေးရာမှ ရရှိသည့်အလုပ်ကို ဘဝအာမခံချက်ရှိသည့် အလုပ်အဖြစ် သဘောထားကြသည်ကို သိထားသည်။
သူတို့သည်ကား ကိုယ်တိုင်ငွေရှာ၍ ကြွယ်ဝစွာနေထိုင်ခြင်းထက် လစာအနည်းငယ်ဖြင့် ကျေနပ်နေတတ်သည်ကို နားလည်ထားပေသည်။
မဒမ်လီသည် ကျန်းကျန်းလက်ထဲရှိ မျက်နှာသုတ်ပဝါကို ဘေးဘက်တွင်ရှိနေသည့် စင်ပေါ်တွင် တင်လိုက်ပြီး သူမကို ထမင်းစားပွဲ၌ ဝင်ထိုင်ရန် ဆွဲခေါ်သွားခဲ့သည်။
“ဒီနေ့ မင်းရဲ့အမေက မင်းအတွက် အရမ်းကိုကောင်းမွန်တဲ့ဟင်းတွေ အများကြီးချက်ထားတယ်၊ လာစားလိုက်ဦး”
ကျန်းကျန်းလည်း ထမင်းတစ်ဇွန်းကို ယူပြီး တူများကိုပါ ကောက်ယူကာ ငါးဟင်းကိုယူပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်သည်။
“အမေ့လက်ရာတွေက အရသာရှိလိုက်တာ၊ သမီးတို့ ကလေးဘဝတုန်းက စားခဲ့ရတာတွေနဲ့ တူနေတုန်းပဲ”
ဝမ်စုဖန်းသည်ကား သူမ၏စကားကြောင့် အပြုံးက ကြီးမားလွန်းနေခဲ့ကာ ပါးစပ်ပိတ်မရလောက်အောင် ဖြစ်နေခဲ့သည်။ သူမက သူ့အတွက် ငါးသားအနည်းငယ်ကို အလျှင်အမြန်ထပ်ထည့်ပေးကာ ငါးဟင်းရည်ဖြင့် ထမင်းကို ရောနယ်ပြီး ပေးလိုက်သည်။
“အဖွား ၊အမေ၊ သမီး အိမ်အကူတစ်ယောက်လောက်ပါ ခေါ်ချင်တယ်”
ကျန်းကျန်းက အစားအသောက် တစ်လုတ်စားပြီး မဒမ်လီနှင့် တိုင်ပင်ဆွေးနွေးလိုက်ချိန်တွင် ဝမ်စုဖန်းတစ်ယောက် မပျော်မရွှင်ဖြစ်သွားရသည်။
“ဒီမှာ ငါက အလုပ် လုပ်နိုင်တုန်းပဲ၊ ဘာလို့အိမ်အကူလိုချင်နေတာလဲ”
ကျန်းကျန်းအနေဖြင့် ငွေသုံးရန် တွန့်ဆုတ်တတ်သည့် သက်ကြီးရွယ်အိုများ၏ စိတ်နေသဘောထားကို နားလည်သောကြောင်း စိတ်ရှည်လက်ရှည်ဖြင့် ဖျောင်းဖျလိုက်သည်။
“အမေ၊ ကျွန်မတို့ ပေရှားဒေသ မြို့မှာဆိုရင်တော့ ဒီအကြောင်းကို သမီးပြောတောင် ပြောမှာမဟုတ်ဘူး၊ အိမ်ရော၊ ခြံရော အမေကိုယ်တိုင် သန့်ရှင်းရေးလုပ်လို့ရတယ်လေ၊
ဒါပေမဲ့ အခု သမီးတို့ နေနေတဲ့ ဒီအိမ်က အရမ်းကြီးတယ်၊ ကြမ်းပြင်သုတ်တာနဲ့ ဖုန်တွေတွေကို သုတ်တာနဲ့တင် အမေ မောနေမှာ
အမေ၊ အခု သမီးက ပိုက်ဆံအများကြီး ရှာနိုင်နေပါပြီ။ ပိုက်ဆံရှာထားပြီး မသုံးဘူးဆိုရင် အမှိုက်ပုံကြီးတစ်ခုကိုစုဆောင်းတာနဲ့ ဘာထူးမှာလဲ၊
ဒီကိစ္စမှာ သမီးပြောတာကို နားထောင်၊ သမီး အိမ်အကူကောင်းနှစ်ယောက် ရှာပေးမယ်၊ အမေလည်း ပျော်ပျော်နေလို့ရတာပေါ့။”
“အိမ်အကူနှစ်ယောက်တောင်လား။”
ဝမ်စုဖန်းအတော်လေး အံ့ဩသင့်သွားခဲ့ရသည်။
“တစ်ယောက်တောင်မှ မငှားရဲသေးဘူး၊ မင်းက ငါ့အတွက် နှစ်ယောက်တောင်ငှားဖို့လုပ်နေတယ်တဲ့။ ဘာလို့ အိမ်အကူတွေ အများကြီး လိုနေတာလဲ။”
ဝမ်စုဖန်းတစ်ယောက် ခဏမျှ တွေဝေသွားပြီး ကျန်းကျန်းနှင့် ဈေးဆစ်လာခဲ့သည်။
“ကျန်းကျန်း၊ မင်းပြောကြည့်ဦး၊ ငါတို့မိသားစုက လူ လေးယောက်ပဲ ရှိတာကို၊ အိမ်အကူနှစ်ယောက်တောင်မှ ဘယ်လိုလုပ် အလုပ်လုပ်ဖို့ ခိုင်းလို့ကောင်းမှာလဲ၊
အရင်တုန်းက မြေပိုင်ရှင်တွေတောင်မှ အဲဒီလောက်ထိ အလုပ်သမားတွေ မငှားကြဘူး၊ မင်း တကယ်ပဲ အိမ်အကူငှားချင်ရင် တစ်ယောက်ပဲ ငှားလေ၊ သူ့အလုပ်ရဲ့ တစ်ဝက်ကို ငါကူလုပ်ပေးမယ်။”
ကျန်းကျန်းမှ သူမ၏အမေဖြစ်သူကို စိတ်ရှည်စွာဖြင့် ထပ်မံဖျောင်းဖျသည်။
“အမေ၊ ဘေးအိမ်က ရှီကျွင့်ကျဲကို ကြည့်ပါလား၊ သူ့အမေက အမေထက် ငယ်သေးတယ်၊ သူ့မိသားစုကလည်း ကျွန်မတို့လောက် လူမများဘူး၊
ဒါပေမဲ့ သူတို့မှာတောင် အိမ်အကူနှစ်ယောက်ရှိတယ်၊ အများအားဖြင့် အိမ်အလုပ်တွေနဲ့ ဟင်းချက်တာတွေကို အိမ်အကူတွေက လုပ်ပေးပြီး သူမက ပန်းပင်တွေစိုက်တယ်၊ ရုပ်ရှင်တွေ ကြည့်တယ်၊ တောင်တက်တယ်၊ အဲ့ဒါမှ ဘဝလို့ ခေါ်တာ”
ဝမ်စုဖန်းသည်ကား ထိုအကြောင်းကို ကြားရသောအခါ အနည်းငယ် မနာလိုဖြစ်သွားသော်လည်း သူ၏ပါးစပ်သည် ခေါင်းမာစွာပြောနေဆဲပါပင်။
“ဘာအလုပ်မှမလုပ်ဘဲ နေမယ်ဆိုရင် မင်းရဲ့အမေက ညဘက်ကျ အိပ်ပျော်နိုင်ပါဦးမလား။”
ကျန်းကျန်းက ရှင်းပြလာခဲ့သည်။
“အမေ့ကို ဘာမှမလုပ်ရဘူးလို့ ပြောနေတာမဟုတ်ဘူး၊ အခု အမေ သန့်ရှင်းရေးနဲ့ ချက်ပြုတ်ရာမှာ အချိန်ကုန်ခံပြီး စွမ်းအင်တွေ မဖြုန်းတီးဘဲ ကိုယ်ကြိုက်တာကို ကိုယ်လုပ်လို့ရတယ်လို့ ပြောတာပါ”
သာ့အမိနှစ်ယောက်ကြားထဲမှ စကားလုံးများကို အချိန်ကြာမြင့်စွာ နားထောင်ပြီးနောက် မဒမ်လီသည်လည်း နောက်ဆုံး၌ ခေါင်းညိတ်လာခဲ့သည်။
“ကလေးပြောတာ မှန်တယ်၊ မင်း တစ်သက်လုံး ပင်ပန်းခဲ့ပြီ၊ အခု ကလေးယူပေးလာတဲ့ ဘဝရဲ့ ပျော်ရွှင်မှုကိုလည်း ခံစားရမယ်။
မင်းကြည့်စမ်း ၊ အရင်တုန်းကဆိုရင်လီမူဝူလည်း အလုပ်မလုပ်ရဘူးဆိုရင် မအိပ်ပျော်နိုင်တတ်တဲ့လူမျိုးပဲ၊ ဒါပေမဲ့ အခု သူ့ကို ကြည့်ပါလား၊
သူ့ရဲ့စိတ်တွေအားလုံးက ငါးသွားမျှားတဲ့အပေါ်ပဲ ရှိနေတော့တယ်။ သူ တစ်ရက်လောက် မသွားရရင်တောင် စိတ်ဆင်းရဲနေပြီ။
ကျန်းကျန်းပြောသလိုပဲ၊ မင်းလည်း ပျော်ပျော်နေပြီး ဝါသနာပါတာလေစတွေကိုလုပ်ပြီး ကောင်းကောင်းမွန်မွန် အသက်ရှင်ရမှာပေါ့။”
ဝမ်စုဖန်းတစ်ယောက် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူအကြိုက်ဆုံး လုပ်ဆောင်စရာတစ်ခုကို နောက်ဆုံး၌ ရှာတွေ့သည်။
“ကျွန်မအကြိုက်ဆုံးအလုပ်ကတော့ လယ်လုပ်တာပဲ၊ အထူးသဖြင့် ကျွန်မတို့ အိမ်မှာဆိုရင် ပိုပြီးတော့ အောင်မြင်တယ်လို့ ခံစားရတယ်။”
ကျန်းကျန်း အံ့အားသင့်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါလည်း ဝါသနာတစ်ခုပါပဲ။”
မိသားစုလေးဦးသည် ညစာကို ပျော်ရွှင်စွာ သုံးဆောင်ပြီးနောက် ကျန်းကျန်းမှ ဝမ်စုဖန်းကို ကူညီကာ ပန်းကန်ခွက်ယောက်များကို မီးဖိုချောင်သို့ ကူသယ်ပေးခဲ့သည်။
အိမ်ထဲသို့ ပြန်ရောက်သောအခါ မဒမ်လီက မစောင့်နိုင်တော့ဘဲ သူမကို ခေါ်၍ မေးလာလေသည်။
“ဒီနေ့ အလုပ်မှာ ဘာတွေလုပ်ခဲ့လဲ”
ကျန်းကျန်းသည်လည်း ကုလားထိုင်၌ ဒူးထောင်ကာ ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ပြောသည်။
“ဒီနေ့ အစီရင်ခံစာတင်ပြီးသွားတာနဲ့ ကုမ္ပဏီဆယ်ခုကို အင်တာဗျူးပြီး အစီရင်ခံစာ ရေးရမယ့် အလုပ်တစ်ခု ရခဲ့တယ်။
ဒီတစ်ပတ်လုံး ရုံးမသွားရဘူး၊ နောက်တစ်ပတ် တနင်္လာနေ့ကျမှ သမီး လုပ်ထားသမျှ တွေကို မူကြမ်းအဖြစ်ပြုစုပြီး တိုက်ရိုက်သွားပေးရမှာ။”
ဤသည့်ကိစ္စမျိုးသည်က အလွန်ပရော်ဖက်ရှင်နယ်ဆန်သည်ဖြစ်၍ မဒမ်လီသည် နားမလည်နိုင်ချေ။ သူမ ပို၍ စိုးရိမ်သည်မှာ သူမ ၏မြေးမလေး ပင်ပန်းမည်ကိုပင်။
“ဒီလောက်များတဲ့ ကုမ္ပဏီတွေဆီ ပြေးသွားရတာ ပင်ပန်းနေပြီလား။”
“မပင်ပန်းပါဘူး၊ လူတွေကို မေးခွန်းတွေ မေးခဲ့ရရုံလောက်ပါပဲ”
ကျန်းကျန်းသည်က အစားအသောက်စက်ရုံမှ ဝယ်ယူခဲ့သည့် မုန့်များကို သတိရသွားပြီး အမြန်ထရပ်ကာ အပြင်သို့သွား၍ အိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။
“အမေ၊ ဒီနေ့ ညနေ သမီး တော်ဝင်တက္ကသိုလ်အနားက အစားအသောက်စက်ရုံကို သွားခဲ့တာ၊ အဲဒီကနေ လမ်းကြုံ မုန့်တွေ ဝယ်ခဲ့တယ်။”
ယခုရာသီဥတုသည် ပူသည်ဖြစ်၍ မုန့်များသည် လေးငါးရက်ကြာလျှင် ပျက်စီးတတ်သည်ပင်။
ထို့ကြောင့် ကျန်းကျန်းက မုန့်နှစ်ချပ်ကို သီးသန့်ထုတ်၍ သီးခြားအိတ်တစ်အိတ်၌ ထည့်ထားလိုက်သည်။
ပြီးနောက် အိမ်တွင် နှစ်ရက် သုံးရက်ခန့် စားပြီးသည့်အခါမှသာ ထပ်မံထုတ်ပေးရန် စီစဉ်လိုက်သည်။
မဒမ်လီက မုန့်များကို ယူလိုက်ပြီး သူ မ ယခင်သိထားသည့် မုန့်အမျိုးအစားများစွာကို မြင်သောအခါ ချိုခဲ့သည့်၊ ခါးခဲ့သည့် အတိတ်ကို ပြန်လည်အမှတ်ရပြီး ပြောသည်။
“အခုခေတ်လူတွေက တကယ်ကို ပိုပြီး ကောင်းကောင်းမွန်မွန် စားတတ်လာကြပြီ။
အရင်တုန်းက ဂျုံဖြူမုန့် စားဖို့အတွက် ဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုတာ မင်းပြောနိုင်မှာမဟုတ်ဘူး၊
တရုတ်နှစ်သစ်ကူးအချိန်ကိုရောက်မှ ဖက်ထုပ်ဆိုတာကိုစားရတာ၊ ဒါတောင် ဗိုက်ကို အပြည့်စားဖို့ မဝံ့ရဲခဲ့ကြဘူး။ ဒါပေမဲ့ အခုကြည့်ပါလား
ဂျုံဖြူမုန့် စားရတာနဲ့ မကျေနပ်နိုင်တော့ဘူး၊ သကြားနဲ့ နို့တွေလိုမျိုး ထည့်ရသေးတယ်၊ အရင်တုန်းကတော့ တကယ်ကို စဉ်းစားတောင် မစဉ်းစားရဲခဲ့ဘူး”
သူတို့က အခုလေးတင်ကမှ စားပြီးသည်ဖြစ်သော်လည်း မဒမ်လီက မုန့်တစ်ချပ်ကို ထုတ်ယူလိုက်သည်။ ပြီးနောက် သူမက မုန့်ကို သုံးပိုင်းပိုင်းပြီး လီမူဝူနှင့် ဝမ်စုဖန်းကို တစ်ဦးစီ ပေးသည်။
“မင်းတို့ရဲ့သမီး ပိုက်ဆံရှာပြီး ဝယ်လာတဲ့ မုန့်ပဲ၊ မြည်းကြည့်ကြဦး”
ကိတ်မုန့်သည်က သိပ်ပြီးမကြီးလှပူ။ လီမူဝူနှင့် ဝမ်စုဖန်းတို့က တစ်လုပ်တည်းဖြင့် စားသုံးလိုက်ကြသည်။
ကျန်းကျန်း ပြုံးသည်။
“လူတိုင်း ကြိုက်ရင်ကောင်းတာပေါ့၊ နောက်ဆို သမီး အမေ့တို့အတွက် ဝယ်လာပေးမယ်၊ နေ့ဘက် ဗိုက်ဆာရင် နှစ်ချပ်လောက် စားပြီး အဆာပြေဗိုက်ဖြည့်တာတို့ ဘာတို့ လုပ်လို့ရတယ်လေ”
မိသားစုတစ်ခုလုံး ပျော်ရွှင်စွာ စကားပြောနေကြစဉ် ဘေးအိမ်မှ ရှီကျွင့်ကျဲက ရောက်ရှိလာခဲ့သည်။ မဒမ်လီက သူ့ကို အမြန်ထိုင်ရန် ခိုင်းပြီး ပြုံးလျက် မေးသည်။
“ဒီနေ့ အလုပ်က ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား၊ နေသားရောကျပြီလား။”
“အရမ်းကောင်းပါတယ်”
ရှီကျွင့်ကျဲက ခေါင်းညိတ်သည်။
“ကျွန်တော် ဥရောပနိုင်ငံတွေနဲ့ လဲလှယ်ခဲ့တဲ့ ရုံးစာရွက်စာတမ်းတွေကို အဓိက လေ့လာခဲ့တာ၊ တကယ့် ကိစ္စရပ်တွေကိုတော့ မလုပ်ရသေးပါဘူး။”
ကျန်းကျန်းက မဒမ်လီ ပြုလုပ်ထားသည့် ပဲစိမ်းအချိုပွဲဟင်းရည်ကို ထုတ်၍ ရှီကျွင့်ကျဲအား တစ်ပန်းကန် ပေးလိုက်လေသည်။
“တစ်နေကုန် အလုပ်လုပ်ရတာ မပင်ပန်းဘူးလား၊ ဒီကိုတောင် ပြေးလာသေးတယ်”
မဒမ်လီသည် “ဟွန်း” ဟု အသံပြု၍ ကျန်းကျန်း၏ လက်မောင်းကို ပုတ်သည်။
“ဒီကလေးမ၊ ဘာတွေပြောနေတာလဲ၊ ရှီကျွင့်ကျဲက မင်းကိုတွေ့ချင်လို့ လာတွေ့တာ မဟုတ်ဘူးလား။”
ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့က ထိုကဲ့သို့ မဟုတ်မမှန်သည့် ယဉ်ကျေးမှုများကို အချိန်ကြာမြင့်စွာကပင် အလေးမထားတော့ပေ။
သူတို့က အလေးအနက် မထားဘဲ အတင်းအဖျင်းများကို ပြောနေတတ်လေ့ရှိသည်။ ရှီကျွင့်ကျဲက သူ၏ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
“အဘွား ၊ ကျွန်တော် ကျန်းကျန်းရဲ့ အခန်းအသစ်မှာ ဖုန်းတစ်လုံးထားမလို့၊ နောက်ဆို အလုပ်ကိစ္စရှိရင် အလွယ်တကူ ဆက်သွယ်လို့ရအောင်ပေါ့။
ဒီအိမ်မှာလည်း ဖုန်းမရှိသေးဘူး ထင်တယ်၊ အဲဒါ ကျွန်တော် ဖုန်းအတွက် တစ်ခါတည်း လျှောက်ထားပေးရမလား၊ နောက်မှ သပ်သပ်သွားရမှာဆိုရင် အဆင်မပြေနိုင်ဘူးလေ”
ကျန်းကျန်းသည်လည်း ဤကိစ္စကို စဉ်းစားနေသည်ဖြစ်၍ သူပြောသောစကားကို ကြားရသောအခါ ခေါင်းညိတ်လိုက်သည်။
“နောက်ကျရင်လည်း လုပ်ရမှာပဲ၊ အခု လုပ်လိုက်တာ ပိုကောင်းတာပေါ့။ ရှင်က ဆောင်ရွက်ပြီးသားဆိုတော့ ကျွန်မအတွက်ပါ ကူညီပေးဦး၊ ဒါဆို ကျွန်မအခန်းမှာပါ တပ်လိုက်တာကောင်းမယ”
“ငါ့အိမ်မှာ ဖုန်းထားမှာလား။”
မဒမ်လီ မပြောဘဲ မနေနိုင်။
“အဲဒါဆို မင်းတို့ရဲ့အကြီးဆုံးဦးလေး၊ တတိယဦးလေးနဲ့ တတိယအဒေါ်ကို ဖုန်းခေါ်ရတာ ပိုအဆင်ပြေသွားမှာပေါ့၊ ဖုန်းရရင် သူတို့ဆီကို မင်းတို့ရဲ့မင်္ဂလာပွဲနေ့ အကြောင်းကို ငါဖုန်းဆက်ပြီး အကြောင်းကြားလိုက်မယ်။”
*