← Chapters

အခန်း (၁၂၆+၁၂၇)

Vol. 6 Ch. 126+127

အခန်း (၁၂၆+၁၂၇)

Vol. 6 Ch. 126+127

အခန်း(၁၂၆) လက်နာမှာစိုးလို့

စူစူလေး၏ လုပ်ရပ်က အားလုံးကို ထိတ်လန့်သွားစေသည်။ ဧည့်သည်တော်တွေ အားလုံး ကြက်သေသေကုန်ကြသည်။

ချင်းမိသားစုရဲ့ ကလေးမလေးက သန်လှချည်လား!

လူကောင် သေးသွယ်သော်လည်း ဆယ်ကျော်သက်တစ်ယောက်လို ခွန်အားမျိုး ရှိသည်။

ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့လည်း တုန်လှုပ်သွားကြသည်။

စူစူလေးက ထိုင်ခုံကြီးကို မ,လိုက်တယ်?!

ဟိုတည်က ထိုင်ခုံတွေက ပေါ့သေးသေး မဟုတ်ပါ။ စူစူလေး၏ ကြမ်းတမ်းမှုကို ချင်းရှင်းကျစ်တို့ လင်မယား တစ်ခါမှ မမြင်ဖူးသဖြင့် စူစူလေး ထိုင်ခုံအလေးကြီးတစ်ခုံကို မလိုက်သည့် မြင်ကွင်းအား မြင်သောအခါ သူတို့ အံ့အားသင့်သွားကြခြင်း ဖြစ်သည်။

အားလုံးရဲ့ အံ့အားသင့်နေသော အကြည့်တွေအောက်မှာ စူစူလေး ထိုင်ခုံကို ကိုင်မ,လျက် ချင်းကျင်းဖန်ထံ ပြန်ပြေးလာပါသည်။

စူစူလေး သူ့ထံပြေးလာတာကို မြင်ပြီး ချင်းကျင်းဖန်လည်း ခြေလှမ်းတွေ နောက်ဆုတ်သွားသည်။

အရင်တစ်ခေါက်က စူစူလေး၏ ခွန်အားကို မြည်စမ်းဖူးသဖြင့် ဒီကလေးမလေးမှာ ကြောက်စရာကောင်းသော ခွန်အားတွေ ရှိနေမှန်း ချင်းကျင်းဖန် သိပါသည်။

ချင်းလောင်ယွင်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် သူမ အဘိုးအဘွားတွေ နောက်မှာ ဝင်ပုန်းလိုက်သည်။ ထိုင်ခုံကြီး သူမခေါင်းကို လာရိုက်မိမှာကို ကြောက်ရွံ့မိပါသည်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ မျက်လုံးလေးများက စူစူလေးကို အငြှိုးကြီးစွာ ကြည့်နေသည်။

စူစူလေးက သူမနဲ့ အဘိုးအဘွားများကို ထပ်ရိုက်ဖို့ ကြိုးစားနေပြန်ပြီ!

အဘိုးချင်း၊ အဘွားချင်း၊ ချင်းရှင်းကျစ်၊ ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့ ၅ ‌ယောက်စလုံး အမြန်ပြေးလာကြပြီး စူစူလေးကို ဝန်းရံလိုက်ကြသည်။

ချင်းယုဟွိုင်းက ဆို၏။ “တော်ပြီ တော်ပြီ။ စကားနားထောင်နော် စူစူလေး။ စိတ်မဆိုးပါနဲ့။ ငါတို့ အဲ့လိုလူတွေကို စိတ်ဆိုးနေလို့ ဘာမှမထူးဘူး”

ချင်းယုကျီးကလည်း ဝင်တားသည်။ “စူစူလေး အဲ့တာကြီး ချထားစမ်းပါ! အန္တရာယ်များလိုက်တာ!”

ချင်းရှင်းကျစ်ကလည်း သူညီမကို ဝင်ချော့သည်။ “ညီမလေး စိတ်လျှော့နော်။ အန္တရာယ်များတယ်။ ကိုယ့်ဖာသာကိုယ် ထိခိုက်မိဦးမယ်။ မြန်မြန်ချလိုက်ပါ”။

အဘိုးချင်းကလည်း ပြောသည်။ “သမီးလေး ဖေဖေ့ကို ထိုင်ခုံကြီးပေးနော်။ အရမ်းလေးတယ်။ ဖေဖေ သယ်ပေးမယ်နော်”

သူတို့ ဖြောင်းဖြမှုက အရာမထင်ပါ။ စူစူလေးက ခက်ထန်သောမျက်နှာဖြင့် တိုက်ခိုက်ဖို့ အသင့်ပြင်နေဆဲ ဖြစ်သည်။

ထိုင်ခုံကို ခပ်မြင့်မြင့်မြှောက်ထားပြီး ပြောလိုက်၏။ “သူ မေမေ့ကို အနိုင်ကျင့်တယ်!’

မေမေ့ကို အနိုင်ကျင့်သည့်လူတွေအား လွယ်လွယ်နဲ့ လွှတ်ပေးလို့ မရပါ။

ချင်းရှင်းကျစ်က ထပ်ပြီး ချော့လိုက်သည်။ “စူစူလေး စကားနားထောင်ပါဦး။ သူများတွေကို ရိုက်တာ မကောင်းဘူး!”

အဘိုးချင်းကလည်း ထောက်ခံသည်။ “ဟုတ်တယ် သမီးလေး။ ဖေဖေ့ကို ကတိပေးထားတာ မေ့သွားပြီလား။ လူတွေကြားထဲမှာ သူများတွေကို မရိုက်ရဘူးဆိုတာလေ”

သူများကို ရိုက်ချင်ရိုက်လို့ရသော်လည်း လူကြားထဲမှာတော့ ရိုက်လို့ မဖြစ်ပါ။

“ထိအောင် မရိုက်ပါဘူး ဒီတိုင်း ခြောက်မှာ!” စူစူလေးက ပြောလိုက်သည်။

သူမ ရိုက်လို့မရလျှင် ဒီလူဆိုးကြီးကို ကြောက်သွားအောင် ခြောက်ပစ်လိုက်မည်။

သူ့ဘေးနားကို ထိုင်ခုံနဲ့ ကောက်ပေါက်လိုက်ပါက သေအောင် ကြောက်သွားပါလိမ့်မည်။

စူစူလေးက မရိုက်ဘူးဟု ပြောနေသော်လည်း သူ့လက်ထဲမှာ ထိုင်ခုံကြီး ရှိနေသရွေ့ ချင်းမိသားစုဝင်တွေ စိတ်မအေးနိုင်ပါ။

စူစူလေး ကိုယ့်ဖာသာကိုယ် ထိခိုက်မိမှာကို စိုးရိမ်နေသော ချင်းရှင်းကျစ်ကလွဲလို့ တခြားသူတွေကတော့ ချင်းကျင်းဖန်ကို စူစူလေး အပြင်းအထန် ဒဏ်ရာရအောင် လုပ်လိုက်မှာကို စိတ်ပူနေကြတာဖြစ်သည်။

အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပါသည်။

နောက်ဆုံးတော့ အဘွားချင်းက ခါးအနည်းငယ် ကိုင်းလိုက်ပြီး စူစူလေးအား စတင် ချော့လေတော့သည်။ “သမီးလေး၊ ဒီနေ့က ဦးလေးချိုင်ရဲ့ မွေးနေ့လေ။ သူများမွေးနေ့မှာ ပြဿနာမရှာရဘူး၊ သူများမွေးနေ့မှာ ရန်မဖြစ်ရဘူးလို့ မေမေ သင်ပေးထားတယ် မဟုတ်ဘူးလား။ ဦးလေးချိုင် စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ”

အဘွားချင်း၏ စကားလုံးများတွေပဲ စူစူလေး၏ နားထဲဝင်သွားပါသည်။

စူစူလေး ထိုင်ခုံကို ပြန်ချထားလိုက်သည်။ မေမေပြောတာမှန်သည်။ ဦးလေးချိုင်ရဲ့ မွေးနေ့မှာ သူများတွေနဲ့ ရန်ဖြစ်လို့ မရပါ။ ဦးလေးချိုင် စိတ်ညစ်သွားလိမ့်မည်။

ဦးလေးချိုင်ကို စိတ်ညစ်အောင် သူမ မလုပ်ချင်ပါ။ မွေးနေ့ပွဲတွေဆိုတာ ပျော်စရာကောင်းသင့်သည်။

စူစူလေး ထိုင်ခုံချလိုက်တာကိုမြင်မှ ချင်းမိသားစုဝင်တွေအားလုံး သက်ပြင်းချနိုင်တော့သည်။

ချင်းရှင်းကျစ်က သူ့ညီမလေးရဲ့ လက်သေးသေးလေးတွေကို ချက်ချင်း စစ်ဆေးလိုက်၏။ အလွန်လေးသည့် ထိုင်ခုံကြီးကို မ,လိုက်သဖြင့် သူမရဲ့လက်ကလေးတွေ ဒဏ်ရာရသွားမှာကို စိတ်ပူနေတာဖြစ်သည်။

ကံကောင်းစွာဖြင့် သူမရဲ့ လက်ကလေးများက ဖြူဖွေးပြီး နူးညံ့နေဆဲဖြစ်သည်။ ဘာဒဏ်ရာမှ မတွေ့ရပါ။

“စူစူလေး နောက်တစ်ခါ ဒေါသထွက်ရင် အစ်ကိုကြီးကို ပြောနော်။ ကိုယ့်ဖာသာကိုယ် ဘာမှ လျှောက်မလုပ်နဲ့။ နာသွားမယ်!”။ ချင်းရှင်းကျစ်က စိတ်ပူစွာ ပြောလိုက်ပါသည်။

သူ့ညီမလေးက အလွန်သေးငယ်ပြီး ချစ်ဖို့လည်းကောင်းသည်။ ထိုင်ခုံကြီးက အလွန်လေးလံပါသည်။ နောက်ဆို ဒီလို ပစ္စည်းမျိုးတွေကို လျှောက်မ,မသင့်ပါ။

သို့သော်လည်း စူစူလေးက ထိုင်ခုံထက် စားပွဲခုံကြီးကို မ,ဖို့ စိတ်ကူးရှိခဲ့မှန်း ချင်းရှင်းကျစ် မသိရှာပေ။

… … …

အခန်း(၁၂၇) မေမေက ရန်ဖြစ်တာ တော်တယ်

“ဒီလူ့ကြောင့်နဲ့ ဒေါသဖြစ်ရတာ မတန်ပါဘူး။ သူ ပြောချင်တာ ပြောပလေ့စေ။ သူ အဘွားကို အနိုင်ကျင့်ရင် ငါတို့ ညီအစ်ကိုတွေ တစ်ယောက်ကို တံတွေးတစ်ချက်စီ ထွေးရင်တောင် သူ့ကို အနိုင်ယူနိုင်တယ်!”။ ချင်းယုကျီးလည်း ရှင်းပြလိုက်သည်။

“နင်က ငါတို့ ဒေါ်လေး မဟုတ်ဘူးလား။ သူများတွေအတွက် စံပြ ဖြစ်ရမှာပေါ့။ ထိုင်ခုံနဲ့ တကယ် ရိုက်ဖို့ မရည်ရွယ်ဘဲ ခြောက်ရုံခြောက်ဖို့ဆိုတာ နင်ကိုယ်တိုင်က သိတယ် ဒါပေမယ့် ချင်းယုကျီးက မသိဘူး။ အကယ်လို့ ချင်းယုကျီး နင့်ကို ကြည့်ပြီး အတုယူမှားသွားရင် ဘယ်လိုလုပ်မလဲ”။ ချင်းယုဟွိုင်းက ဝင်ပြောလိုက်ပါသည်။

ချင်းယုကျီး အူကြောင်ကြောင် ဖြစ်သွား၏။ အစ်ကိုကြီး လာနောက်နေတာလား။ ငါက အဲ့လောက် တုံးပါ့မလာား။ ဘာလို့ ငါ့ကို ငတုံးဖြစ်အောင် ပြောရတာလဲ။

စူစူလေးက ချင်းယုဟွိုင်း၏ စကားကို သေချာစဉ်းစားပြီး အဓိပ္ပာယ်ရှိသည်ဟု ထင်သဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ “အွန်း ငါမှားသွားတယ်။ ငါ့တူလေးအတုယူမှားအောင် မကောင်းတာတွေ မလုပ်သင့်ဘူး”

ချင်းယုကျီး ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ ထွက်မလာခဲ့ပါ။

စူစူလေး နောက်တစ်ခါ ထိုင်ခုံတွေ ထပ်မ,မအောင် သူ့ဂုဏ်သိက္ခာကို စတေးရမည်ဆိုလည်း ရှိပါစေတော့။

အဘိုးချင်းက စူစူလေးကို ပွေ့ချီလိုက်ပါသည်။ “သမီးလေး ဘာမှ စိတ်မပူနဲ့။ သမီးမေမေက နည်းနည်း စိတ်တိုနေပေမယ့် ရန်ဖြစ်တာ တော်ပြီးသားပါ!။ သူ့အတွက် ဘာမှ စိတ်ပူစရာ မလိုဘူးနော်”

အဘိုးချင်း ဘာမှ ဝင်မပြောရသည့် အကြောင်းအရင်းက သူ့မိန်းမကို ဂရုမစိုက်လို့ မဟုတ်ဘဲ သူ့မိန်းမကို ရန်ဖြစ်ခွင့် ပေးလိုက်တာ ပိုကောင်းမှန်း အတွေ့အကြုံအရ သိနေတာကြောင့်ဖြစ်သည်။ သူကတော့ အနောက်မှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ရပ်နေလိုက်ပါမည်။

လိုအပ်လာလျှင် “ငါ့မိန်းမ ပြောတာမှန်တယ်”ဟု သံယောင်လိုက်ပေးလိုက်လျှင် လုံလောက်ပါပြီ။

ဒီ့ထက် ပိုပြောမိပါက သူ့ဘက်ကို မြှားဦးလှည့်လာနိုင်သည်…။

စူစူလေးက နားလည်သလိုလိုဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ကဲ့”

ဖေဖေကိုယ်တိုင်က ဒီလိုပြောသဖြင့် သူမလည်း ဖေဖေနဲ့အတူ မေမေ့ကို နောက်ကနေပဲ အားပေးပါတော့မည်။

စူစူလေး ထိုင်ခုံကို ချလိုက်မှ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ အသက်ဝဝ ရှူနိုင်သည်။

ဒီကလေးမလေးသာ လူတွေကြားထဲ သူများတွေကို ရိုက်နှက်လျက် ပြဿနာ အကြီးကြီး တက်ပါလိမ့်မည်။ ထို့ကြောင့် ချင်းမိသားစုက ဒါမျိုးခွင့်ပြုမှာ မဟုတ်ပေ။

ထိုအတွေးဖြင့် ချင်းကျင်းဖန် ပိုရဲတင်းလာခဲ့သည်။ “အစ်ကိုကြီးနဲ့ မရီးတို့။ ပြဿနာဖြစ်တိုင်း ထရိုက်မယ် လုပ်နေတဲ့ ဒီကလေးကို ဘယ်လို သွင်သင်ဆုံးမထားတာလဲ။ အမြဲတမ်း ရန်လိုနေတာပဲ။ သူ အရွယ်ရောက်လာရင် ယုကျီးလိုပဲ ရဲစခန်းမှာ ပြန်သွားခေါ်နေရမယ်နော်”

စူစူလေး ဒေါသမထွက်စေဖို့ အဘွားချင်းက မျက်နှာကို တည်တည်ငြိမ်ငြိမ်ထားလိုက်သည်။ သို့သော်လည်း အရှိန်အဝါကတော့ မသေးပါ။ “ချင်းကျင်းဖန်၊ ခွေးပါးစပ်က နတ်စကားမထွက်စမ်းပါနဲ့! ငါတို့ စူစူလေးက လိမ္မာပြီးသား။ ငါတို့ လင်မယား ပျိုးထောင်ထားတဲ့ ကလေးတွေ အကုန်လုံးကလည်း ထူးချွန်ပြောင်မြောက်ကြတယ်! ငါတို့က နင်တို့ထက် သားသမီးကို ပျိုးထောင်တာ ပိုတော်တယ်ဟဲ့!။ ငါ့သားသမီးတွေကို လာမထိခိုက်ခင် နင့်သားသမီးတွေကို နင်ပြန်ကြည့်စမ်းပါဦး။ နင့်သားသမီးတွေ အခု ဘာဖြစ်နေကြလဲ။ အကုန်လုံးက စိတ်ပျက်စရာကောင်းတဲ့လူတွေ ဖြစ်သွားကြတာပဲ မဟုတ်ဘူးလား။ ဒါတောင် ငါတို့ကို လာဝေဖန်ရဲသေးတယ်ပေါ့”

အဘွားချင်းက ပုံမှန်ဆို ရန်မဖြစ်တတ်သော်လည်း ရန်ဖြစ်လိုက်ပြီဆိုတာနဲ့ ရှုံးပွဲမရှိတတ်ပါ။

ယခင်တုန်းကဆို ကုမ္ပဏီအစည်းအဝေးတိုင်းမှာ အဘွားချင်းနဲ့ ညှိနှိုင်းဆွေးနွေးရတာ ကြောက်ဖို့ကောင်းပါသည်။

သူမက သူမယောက်ျားနောက်မှာပဲ အမြဲတမ်း မှီခိုနေမည့် သာမန် မိန်းမ မဟုတ်ပေ။

အဘွားချင်း၏ လှောင်ပြောင်မှုကြောင့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဆွံ့အသွားခဲ့ကြ၏။

သူတို့ သားသမီးတွေ ဘာမှ မဖြစ်မြောက်ခဲ့မှန်း လူတိုင်းသိကြပါသည်။

အဘွားချင်းက သူတို့ကို အလွတ်မပေးဘဲ ထပ်ပြောလိုက်သည်။ “ပြီးတော့ ဒီနေ့ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ငါရှင်းရှင်းလင်းလင်း ပြောထားပြီးသားနော်။ ငါနင်တို့ကို ဘာမှ မလုပ်ဘူး။ အဲ့တာကြောင့် နင့်တို့ မြေးမကို မမုန်းပါနဲ့လို့ ငါ့ကိုလည်း နင်တို့ တောင်းဆိုခွင့် မရှိဘူး! နင်တို့ကို ဘာမှမလုပ်ဘဲ ခွင့်လွှတ်ပေးထားတာ ငါ့ဘက်က သက်ညှာပေးတာ၊ ဒါပေမယ့် ငါ့မှာ သက်ညှာပေးဖို့ တာဝန်ရှိတာ မဟုတ်ဘူးနော်! နင်တို့ကျေးဇူး ငါတို့အပေါ်မှာဘာမှမရှိဘူး!”

“နင်တို့ကို ဒီ့ထက်ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင် အလုပ်နဲ့ သက်သေပြလေ! နင်တို့က ဘာမှ မလုပ်ဘဲ သူများတွေကို ကောင်းကောင်းဆက်ဆံပေးဖို့ပဲ လာတောင်းဆိုနေတယ်။ နင်တို့ကိုယ်နင်တို့ ဘာထင်နေလဲ။ အဲ့လို လူမျိုးတွေကို ငါ အထင်ကိုမကြီးတာ!’

အဘွားချင်းရဲ့ ဝေဖန်စကားများကြောင့် ချင်းကျင်းဖန်နဲ့ ဟုံပိုင်ကျူးတို့ အလွန်နေရခက်သွားကာ မျက်နှာတွေလည်း ဖြူရော်သွားခဲ့ကြပါသည်။

All Chapters