အခန်း (၁၂၈+၁၂၉)
Vol. 6 Ch. 128+129
အခန်း(၁၂၈) အရေးအပါဆုံး ဧည့်သည်
အဘွားချင်း၏ စကားများကို ဧည့်သည်တွေကလည်း ထောက်ခံကြပါသည်။
“အဘွားချင်းပြောတာ မှန်တယ်!”
“ချင်းကျင်းဖန် အရှက်သိက္ခာ နည်းနည်းပါးပါ ရှိစမ်းပါ! ချင်းမိသားစုက ခင်ဗျားကို ဒီလောက်ထိ မြှောက်စား ပေးထားတာတောင် လောဘတက်ချင်နေသေးတာလား?!”
“ငါ့သမီးလေးကို ပြန်ပေးဆွဲခံရလောက်တဲ့အထိ တစ်ယောက်ယောက်ကလာလုပ်ရင် ငါ့အသက်နဲ့ရင်းပြီး ပြန်ချမှာ!”
“ကိုယ့်ဘဝကိုယ် တာဝန်ယူတတ်အောင် လုပ်ကြပါဦး။ အမြဲတမ်း အစ်ကိုကြီးနဲ့ မရီးတို့ကိုပဲ အားကိုးနေလို့ မရဘူး
“… … …”
ထိုအချိန်တွင် ချင်းကျင်းဖန်နဲ့ ဟုံပိုင်ကျူးတို့ နှစ်ယောက် ပြောစရာစကားလုံးများ ပျောက်ဆုံးကာ ရှက်လွန်းသဖြင့် တွေ့ရာ တွင်းထဲ ဝင်အောင်းချင်မိသည်။
လူအုပ်ကြီး၏ လှောင်ပြောင်မှုကို ခံနိုင်ရည်မရှိတော့သဖြင့် ချင်းလောင်ယွင်အား ပွေ့ချီလျက် ချင်းကျင်းဖန်တို့ လင်မယား အမြန် ထွက်သွားလေတော့သည်။
“ဟားဟားဟား မတွေ့တာ ၁၀ နှစ်တောင် ကြာပြီဆိုပေမယ့် အဘွားချင်းကတော့ အရင်လို စိတ်ဓာတ်ခိုင်မာနေတုန်းပဲ!”
ရယ်သံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး လူတွေအားလုံး ဝင်ပေါက်ကို လှမ်းကြည့်လိုက်ကြသည်။
ထို့နောက် ဒီနေ့ မွေးနေ့ပွဲပါတီရဲ့ မွေးနေ့ရှင် လက်ရေးလှပန်းချီဆရာကြီး ချိုင်ကျမ့်ယဲ့တစ်ယောက် အေးအေးလူလူ ဝင်လာတာကို အားလုံး မြင်လိုက်ကြရပါသည်။
“ဆရာကြီးချိုင်ကတော့ မြှောက်နေပြန်ပါပြီ”။ အဘွားချင်းက ပြုံးကာ ပြောလိုက်သည်။
စက္ကန့်ပိုင်းအတွင်း သဘောကောင်းသော အဘွားချင်းအဖြစ် အသွင်ပြန်ပြောင်းသွားသည်။
ချင်းယုကျီး မနေနိုင်ဘဲ ရင်ထဲမှ ချီးကျူးလိုက်၏။ အဘွားက တော်လိုက်တာ…။ မျက်နှာ အမူအရာနဲ့ အရှိန်အဝါကို စိတ်ကြိုက် ပြောင်းလဲနိုင်စွမ်း ရှိတယ်။
“မြှောက်ပြောတာ မဟုတ်ပါဘူးဗျာ။ ခုနက ခင်ဗျားရဲ့ အရှိန်အဝါကို မြင်တော့ ငယ်ငယ်တုန်းက ခင်ဗျားကို စတွေ့ဖူးတဲ့ အချိန်ကို ပြန်သတိရမိတယ်။ နှစ်ပေါင်းများစွာ ကြာပြီဆိုပေမယ့် အခုချိန်ထိ ဆွဲဆောင်မှု ရှိနေတုန်းပဲ”။ ချိုင်ကျမ့်ယဲ့က ချီးမွမ်းလိုက်ပါသည်။
“အဟမ်း အဟမ်း”။ အဘိုးချင်း ချောင်းဟပ်လိုက်ပြီး သူရှိနေသေးကြောင်း အချက်ပြလိုက်ပါသည်။
အဘိုးချိုင်က သူ့မိန်းမကို ချီးကျူးနေသော်လည်း သူ့ကိုတော့ ရှိနေမှန်းတောင် သိရဲ့လား။
ငယ်ငယ်တုန်းက သူ့မိန်းမကို အဘိုးချိုင် ပိုးပန်းဖူးမှန်း အဘိုးချင်း သိပါသည်။ သို့သော်လည်း သူ့မိန်းမက သူ့ကိုသာ ချစ်သဖြင့် အဘိုးချင်း ဘာမှ စိတ်မပူခဲ့ရပါ။
ငယ်ငယ်တုန်းက အဘွားချင်းမှာ လှလည်းလှ အစွမ်းအစလည်း ရှိသဖြင့် ပိုးပန်းသူတွေ အများကြီး ရှိခဲ့သည်။ ဒါကို အဘိုးချင်း အသားကျအောင် နေခဲ့ရပါသည်။
သို့သော် ဒီအသက်အရွယ်ကြီး ရောက်တာတောင် အဘိုးချိုင်က သူ့မိန်းမကို ချီးမွမ်းထောပနာ ပြုနေသေးတာ နည်းနည်းတော့ များပါသည်။
“အဘိုးချင်း မတွေ့ရတာကြာပြီ။ ကျုပ် အသက် ၈၀ ပြည့် မွေးနေ့ကို အခုလို တက်ရောက်လာပေးလို့ တကယ် ဝမ်းသာပါတယ်”။ ချိုင်ကျမ့်ယဲ့က အဘိုးချင်းအား ပြုံးကာ ပြောလိုက်ပါသည်။
“ဟုတ်ပါတယ် မတွေ့ရတာ ကြာပြီ။ ခင်ဗျားကို တွေ့ရတာလည်း ဝမ်းသာပါတယ်”။ ထို့နောက် အဘိုးချင်းက အခွင့်အရေးကို အရယူပြီး သူ့ရင်ခွင်ထဲက စူစူလေးအား မိတ်ဆက်ပေးလိုက်ပါသည်။ “ဒါကျုပ်တို့ရဲ့ အငယ်ဆုံး သမီးလေး ချင်းစူစူတဲ့”
စူစူလေးက နှုတ်ဆက်လိုက်ပါသည်။ “တွေ့ရတာ ဝမ်းသာပါတယ်။ သမီးက ဖေဖေနဲ့ မေမေ့ရဲ့ သမီးပါ!”
“ခင်ဗျားရဲ့… အငယ်ဆုံး သမီး ဟုတ်လား”။ ချိုင်ကျမ့်ယဲ့ အံ့အားသင့်သွားသည်။
“ဟုတ်တယ် ကျုပ်တို့ အချစ်က ဘယ်တော့မှ မပြောင်းလဲဘူးလေ”။ အဘိုးချင်းက ခပ်ရိရိ အပြုံးဖြင့် ပြောလိုက်သည်။ သူ ကြွားချင်နေမှန်း သိသာပါသည်။
သူနဲ့ သူ့မိန်းမအကြားက သံယောဇဉ်ကို ကြွားရုံတင်မကဘဲ သူ့ကျန်းမာသန်စွမ်းမှုကိုလည်း ကြွားလိုက်ပါသည်။
ချိုင်ကျမ့်ယဲ့ ခေတ္တ ကြက်သေသေသွားပြီး ရယ်မောကာ ပြန်ပြောလိုက်ပါသည်။ “ခင်ဗျားတို့ လင်မယား နှစ်ယောက်ကတော့ တကယ်ကံကောင်းပါပေတယ်။! ပရဟိတအလုပ်တွေ အများကြီး လုပ်ခဲ့တာ အလကား မဖြစ်ဘူးထင်တယ်။ ဒါကံအကျိုးပေးတာပဲ”
အသက်ကြီးလာပြီဖြစ်သဖြင့် ချိုင်ကျမ့်ယဲ့လည်း ကံကို ယုံကြည်လာပါပြီ။
တချို့ကိစ္စတွေမှာ သူ့အမြင်က လူငယ်တွေရဲ့ အမြင်နဲ့ ကွာခြားလာခဲ့ပြီ။
အဘိုးချင်းနဲ့ စကားအနည်းငယ် ထပ်ပြောပြီးနောက် ချိုင်ကျမ့်ယဲ့ တခြား ဧည့်သည်တွေကို သွားနှုတ်ဆက်ခဲ့ပါသည်။
ဒီနေ့ တက်ရောက်လာသူအများစုက သူ့ မိတ်ဆွေအရင်းခေါက်ခေါက်ကြီးတွေ ဖြစ်သည်။ အားလုံးက သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ အလွန်နာမည်ကျော်ကြသူများ ဖြစ်ပါသည်။
အားလုံးထဲမှာ အထင်ရှားဆုံးက ဆရာကြီးကော ဖြစ်သည်။
ဒီနှစ် ဆရာကြီးကောက အသက် ၈၈ နှစ်ပြည့်ပါပြီ။ ပန်းချီ၊ ပန်းပုလောကထဲမှာ သူ့အဆင့်အတန်းက ချိုင်ကျမ့်ယဲ့ထက်ပင် ပိုမြင့်မားပါသေးသည်။
ပေကျင်းမြို့တွင် ဘယ်လို မိသားစုတိုင်းကမဆို ဆရာကြီးကောကို လေးစားရသည်။
ဒီလို လူမျိုး ဟွာချန့်မြို့ကို ရောက်ရှိလာသောအခါ အစိုးရကတောင် သေချာ စောင့်ကြည့်ရပါသည်။
ဆရာကြီးကော ရောက်လာတာနဲ့ တစ်ပြိုင်နက် ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး သူ့ကို ဝိုင်းကြည့်လိုက်ကြပါသည်။
ချိုင်ကျမ့်ယဲ့က သူ့ဆီ ခပ်သုတ်သုတ်လျှောက်သွားခဲ့၏။
အဘိုးကြီးက ဆံပင်တွေ အလွန်ဖြူနေပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်သဖြင့် ဘေးကလူတွေ ဝိုင်းကူတွဲပေးထားရပါသည်။
ဆရာကြီးကောက ချိုင်ကျမ့်ယဲ့ကို တစ်ခုခု တီးတိုးပြောလိုက်ရာ ချိုင်ကျမ့်ယဲ့က လေးစားသမှုဖြင့် ခေါင်းငြိမ့်လိုက်သည်။
ခဏကြာတော့ ချိုင်ကျမ့်ယဲ့က အားလုံး ဂနာမငြိမ်ဖြစ်သွားစေမည့် သတင်းတစ်ခုကို ပါးလိုက်လေသည်။
“ဆရာကြီးကောက သူတန်ဖိုးထားရတဲ့ ဖြူပြာကြွေအိုးလေး တစ်အိုးကို ဒီနေ့တက်ရောက်လာတဲ့ ဧည့်သည်တော်တွေထဲက တစ်ယောက်ကို လက်ဆောင်ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်”
… … …
အခန်း(၁၂၉) ကျပန်းဆုရှင်
ထိုစကားလုံးတွေကို ကြားလိုက်ရတာနဲ့တစ်ပြိုင်နက် ခန်းမတစ်ခုလုံး ဗြောင်းဆန်သွားသည်။
ဆရာကြီးကောလောင်ရဲ့ ကြွေထည်ပစ္စည်းလား?! ဒါဆို အကောင်းဆုံး အရည်အသွေးပဲ ဖြစ်မှာ!
ထို့အပြင် ဖြူပြာကြွေအိုးများက ရှေးဟောင်းပစ္စည်းတွေအနက် တန်ဖိုးအကြီးဆုံးတွေထဲမှာ ပါဝင်သည်။
ထို့ကြောင့် ဆရာကြီးကောလောင် ပေးမည့် ပစ္စည်းက အဖိုးမဖြတ်နိုင်သည့် ပစ္စည်းဖြစ်မှန်း အားလုံး နားလည်ကြပါသည်။
ဒီနေ့ မွေးနေ့ပွဲမှာ ကောလောင် တစ်ခုခုပေးဖို့ စီစဉ်ထားသည်ဟု ဧည့်သည်များစွာ ကြိုသိရှိထားသည်။
ဗေဒင်ဆရာတစ်ဦးက သူ့ကို ယတြာချေခိုင်းထားတာဟုလည်း ဆိုကြ၏။ သို့သော် သူပေးမည့် ပစ္စည်းက သူကိုယ်တိုင် စုစည်းထားသော ရှေးဟောင်းပစ္စည်းဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပါ။
ယခု မေးစရာမေးခွန်းက ကောလောင် ဘယ်လိုပေးဖို့ စီစဉ်ထားသလဲ ဆိုတာပင်။
အားလုံး အာရုံစိုက်နေကြပြီး ချိုင်ကျမ့်ယဲ အသေးစိတ် ရှင်းပြမှာကို စောင့်မျှော်နေကြပါသည်။
ချိုင်ကျမ့်ယဲက ပြောလိုက်သည်။ “ဒီနေ့အတွက် ဆရာကြီးကောလောင်က လက်ဆောင်အိတ်ကလေးတွေ ပြင်ဆင်ပေးထားတယ်။ ဧည့်သည်တစ်ယောက်ကို အိတ်တစ်လုံးစီ ယူခွင့်ရှိပါတယ်။ အိတ်ထဲမှာ နံပါတ်ပါတဲ့ ဘောလုံးလေး တစ်လုံးရယ်၊ တခြား လက်ဆောင်လေးတွေလည်း ပါသေးတယ်။ ဖြူပြာကြွေအိုး ပိုင်ဆိုင်ရမယ့် လူကို ဘောလုံးပေါ်က နံပါတ်နဲ့ ရွေးချယ်ပေးသွားမှာပါ”
လက်ဆောင်အိတ်တွေကို ကျပန်းဝေပေးသွားမှာ ဖြစ်ပြီး အားလုံးမှာ အခွင့်အရေး ရှိပါသည်။
ဧည့်သည်တော်တွေ ပိုပြီး စိတ်လှုပ်ရှားလာခဲ့ကြ၏။ စီးပွားရေးသမားတွေပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေပဲဖြစ်ဖြစ် သာမန်လူတွေပဲဖြစ်ဖြစ် လက်ဆောင်အိတ်လေးများကို စောင့်မျှော်နေကြသည်။
ဘယ်မိသားစုက ဘယ်လောက်ပဲ ချမ်းသာနေပါစေ ဒီလိုလက်ဆောင်မျိုးကို ငြင်းဆန်မှာ မဟုတ်ပါ။ ဒီ လက်ဆောင်က သာမန် လက်ဆောင်လည်း မဟုတ်ပေ။ ဆရာကြီးကော တန်ဖိုးထားရသည့် ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်၏။
ချင်းကျင်းဖန်နဲ့ ဟုံပိုင်ကျုးတို့နှစ်ယောက် ချက်ချင်းပဲ ခန်းမအလယ်ကို ပြေးသွားကြပါသည်။
အဘွားချင်း ရန်တွေ့တာကို ခံရပြီးနောက် သူတို့တွေ ချောင်တစ်နေရာမှာ သွားပုန်းနေခဲ့ကြသည်။ ယခု ဆရာကြီးကောက လက်ဆောင်ပေးဖို့ စီစဉ်ထားသည်ဟု ကြားသဖြင့် သူတို့လည်း ကံစမ်းချင်ပါသည်။
အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းပစ္စည်းကို ရဖို့ အခွင့်အရေးရှိလျှင် မျက်နှာပျက်ရလည်း သူတို့ မမှုပါ။
ချင်းမိသားစုတို့ဘက်မှာ ချင်းယုကျီးက ဘာမှ နားမလည်နိုင်ဘဲ မေးလိုက်ပါသည်။ “ဒါ ဘာသဘောလဲ။ ဆရာကြီးကောက ဘာလို့ လက်ဆောင်အိတ်တွေ ဝေပေးနေတာလဲ”
ချင်းရှင်းကျစ်က သူ့သားကို ရှင်းပြလိုက်သည်။ “ကောလောင် နာမကျန်းဖြစ်နေတာလေ။ ဘယ်လိုမှ ကုသလို့ မရဘူး။ ဘယ်လောက်ပဲ အစွမ်းအစရှိတဲ့လူပဲဖြစ်ဖြစ် အသက်အရွယ်ရလာရင် စွမ်းအားမဲ့သွားတတ်ကြတာပဲ။ သိပ်မကြာသေးခင်က သူ ဗေဒင်ဆရာတစ်ယောက်ဆီမှာ ဗေဒင်သွားမေးသေးတယ်လို့ ကြားမိတယ်။ ဗေဒင်ဆရာက သူ့ကို ယတြာတွေဘာတွေ ချေခိုင်းလိုက်မှာပေါ့။ အဲ့တာကြောင့် ဒီနေ့ ဆရာကြီးချိုင်ရဲ့ မွေးနေ့မှာ အလှူလုပ်ဖို့ ဆုံးဖြတ်လိုက်တာနေမှာပေါ့”
ချင်းယုကျီးက ငြီးတွားလိုက်သည်။ “ဒီအရွယ်တောင် ရောက်နေပြီ။ အသက် ဆက်ရှင်ချင်နေသေးတယ်လား”
ချင်းရှင်းကျစ်က ချက်ချင်း သူ့သားကို နှုတ်ပိတ်လိုက်ပါသည်။ “ပေါက်ကရတွေ လျှောက်မပြောနဲ့စမ်း!”
ချင်းယုကျီးက ပြန်ပြောသည်။ “တကယ်ပြောတာ။ ပြီးတော့ ဒီလက်ဆောင်အိတ် ဝေပေးတယ် ဆိုတာကြီးက နည်းနည်း ပိုလွန်းမနေဘူးလား”
ချင်းရှင်းကျစ်က အသံတိုးတိုးဖြင့် သူ့သားကို သတိပေးလိုက်သည်။ “ပိုတယ်လို့ထင်ရင် မင်းမပါချင် မပါနဲ့လေ။ သူများတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နဲ့နော်”
ချင်းယုဟွိုင်းကလည်း သူ့ညီကို ဝင်ပြောလိုက်သည်။ “ကောလောင်ကို ဟောပေးလိုက်တဲ့ ဗေဒင်ဆရာက အရမ်း စွမ်းတာ။ တစ်ခါမှ မမှားဖူးဘူးတဲ့”
ချင်းယုကျီးက ထပ်ပြီး ငြီးတွားလိုက်ပါသည်။ “အစ်ကိုကြီး မင်းဘာဖြစ်သွားတာလဲ။ ဘယ်တုန်းက အဲ့လောက် အယူသည်းသွားတာလဲ”
ချင်းယုဟွိုင်း၏ မျက်နှာထားက မပြောင်းလဲပေ။ “ငါနားမလည်တဲ့ ကိစ္စတွေကို အလယ်အလတ်မှာပဲ ထားတယ်။ အရမ်းကြီးလည်း မယုံကြည်သလို အရမ်းကြီးလည်း မစော်ကားဘူး”
“ငါကတော့ မယုံကြည်ဘူးကွာ”။ ချင်းယုကျီးက စူစူလေးကို သွားပြောလိုက်သည်။ “စူစူလေး လက်ဆောင်အိတ်လေး ယူမလား”
စူစူလေးနဲ့သာဆိုရင်တော့ ပျော်ဖို့ကောင်းလိမ့်မည်ဟု ချင်းယုကျီးတွေးမိသည်။
“လက်ဆောင်အိတ်ဟုတ်လား။ အဲ့တာဘာလဲ။ လက်ဆောင်ထည့်ထားတဲ့ အိတ်လား”။ စူစူလေး နားမလည်ပါ။
“ကံစမ်းမဲ နှိုက်ဖို့လေ။ ပြီးတော့ အထဲမှာ လက်ဆောင်ပစ္စည်း အမျိုးမျိုး ပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရတဲ့ပစ္စည်းချင်း မတူဘူး။ ပြီးတော့ ဆုအကြီးကြီးတစ်ခုလည်း မဲဖောက်ပေးဦးမှာ”
“ဆုအကြီးကြီးက ဘာလဲ”
“ကြွေအိုးကြီးတစ်အိုး”
“ကြွေအိုးကြီးဟုတ်လား။ အဲ့တာဆို မလိုချင်ဘူး။ ငါက ရုပ်ပြ ကာတွန်းစာအုပ်တွေပဲ ကြိုက်တာ”
ချင်းယုကျီးက စူစူလေးကို ပြုံးကာ ပြောလိုက်သည််။ “အဲ့ဒီ ကြွေအိုးကြီးက တန်ဖိုးအရမ်းရှိတယ်။ နင်ရသွားရင် ရုပ်ပြစာအုပ်တွေ အများကြီး ဝယ်လို့ရတယ်!”
“မလိုချင်ဘူး။ ကြွေအိုးတွေက ကွဲလွယ်တယ်။ အရင်ကလည်း အများကြီး ကွဲဖူးလို့ မလိုချင်တော့ဘူး”