← Chapters

အခန်း (၁၃၀+၁၃၁)

Vol. 6 Ch. 130+131

အခန်း (၁၃၀+၁၃၁)

Vol. 6 Ch. 130+131

အခန်း(၁၃၀) ကံကောင်းတဲ့ စူစူလေး

ချင်းယုကျီး မယုံကြည်နိုင်ဖြစ်သွားသည်။ လက်ဆောင်က ဘယ်လောက်ပဲ တန်ဖိုးကြီးနေပါစေ စူစူလေးရဲ့ အမြင်မှာတော့ ကွဲလွယ်သည့် သာမန်ကြွေအိုးတစ်လုံးသာ ဖြစ်သည်။

“ဟုတ်တယ် ဟုတ်တယ် စူစူလေး ပြောတာမှန်ပါတယ်။ ဒါပေမယ့် ငါတို့ လွတ်မကျအောင် သတိထားကြမယ်လေ!” ချင်းယုကျီးက အပြုံးဖြင့် ပြောလိုက်၏။

ဖြူပြာကြွေအိုးကို သာမန်ကြွေအိုးဟု စူစူလေး ထင်နေမှန်း ချင်းယုကျီး ခန့်မှန်းမိပါသည်။

သို့သော်လည်း စူစူလေး အရင်က ခွဲဖူးသည့် ကြွေအိုးတွေကလည်း ရှေးဟောင်း တန်ဖိုးကြီး ကြွေအိုးတွေဖြစ်မှန်း ချင်းယုကျီး မသိခဲ့ပါ။

စူစူလေးက စိတ်မဝင်စားသော်လည်း သူမ အစ်ကိုကြီး ချင်းရှင်းကျစ်ကတော့ စိတ်အားထက်သန်နေပါသည်။ ကြွေအိုး၏ တန်ဖိုးက အရေးမကြီးသော်လည်း ချင်းရှင်းကျစ်က ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာ သဘောကျတာကြောင့် ဖြစ်သည်။

ဆရာကြီးကော စုဆောင်းထားသော ပစ္စည်းများက အလွန်ရှားပါးသော ရှေးဟောင်းပစ္စည်းများဖြစ်သည်။

“ဒီနေ့ ငါကံကောင်းမလားမသိဘူး”။ ချင်းရှင်းကျစ် အလွန် မျှော်လင့်နေမိပါသည်။

သားဖြစ်သူ စိတ်ဝင်စားနေတာကိုမြင်ပြီး အဘွားချင်းကပြောလိုက်ပါသည်။ “ဒါဖြင့်ရင် ငါတို့ သမီးလေးကို သွားရွေးခိုင်းလိုက်ပါလား။ သူက အရမ်းကံကောင်းတတ်တာ”

စူစူလေးအကြောင်း ပြောလိုက်တိုင်း အဘိုးချင်းက သံယောင်လိုက်တတ်သည်။ “ဟုတ်တယ် ဟုတ်တယ် ငါတို့ သမီးလေးက ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ အမြဲတမ်း အအေးဝယ်သောက်ရင် မဲပေါက်တတ်တယ်။ ခေါက်ဆွဲခြောက်ထုပ်တွေထဲမှာ အရသာမှုန့် ၂ ထုပ်စီ ပါလာတတ်တယ်!”

“တကယ်လား”။ ချင်းရှင်းကျစ် မျက်လုံးများ အရောင်တောက်သွားပြီး စူစူလေးကို ပွေ့ချီလိုက်ပါသည်။ “ငါ့ညီမလေးက ကံကောင်းတယ်ပေါ့။ အဲ့တာဆို အစ်ကိုကြီး ခဏလောက် ချီထားဦးမယ်။ စူစူလေးရဲ့ ကံကောင်းမှုတွေ ကူးစက်သွားအောင်!”

ချင်းယုကျီး နှုတ်ခမ်းတွန့်သွားသည်။ သူ့အဖေ စူစူလေးကို ချီချင်တာကြောင့် အကြောင်းပြချက် ပေးနေတာသာ ဖြစ်လိမ့်မည်။

“အစ်ကိုကြီးက ကြွေအိုးတွေ ကြိုက်လို့လား”။ စူစူလေးက သူမ အစ်ကိုကြီးကို မေးလိုက်သည်။

“နည်းနည်းတော့ သဘောကျပါတယ်။ ဒါပေမယ့် ငါတို့စူစူလေးကို ပိုသဘောကျတယ်”။ ချင်းရှင်းကျစ်က အပြုံးဖြင့် ပြောလိုက်သည်။

“ဒါဆို သမီး ကူရွေးပေးမယ်!”

သူမ ကြွေအိုးပန်းအိုးတွေ မကြိုက်တတ်သော်လည်း သူမ အစ်ကိုကြီး သဘောကျလျှင် သူမ ကူရွေးပေးပါမည်။

ကံစမ်းမဲပေါက်လို့ ကြွေအိုးကို သူမ မကိုင်မိလျှင် အဆင်ပြေပါသည်။

“ကောင်းတာပေါ့ ဒါဆို စူစူလေးကိုပဲ အားကိုးတော့မယ်! အစ်ကိုကြီးကို ကြွေအိုးကြီး မဲပေါက်အောင် ကူရွေးပေးပါဦး!” ချင်းရှင်းကျစ်က တောက်တောက်ပပ အပြုံးဖြင့် ပြောလိုက်ပါသည်။

ယောက်ျားဖြစ်သူရဲ့ ပုံစံကို မြင်တော့ ဝမ်ချင်းက ဝင်ပြောလိုက်သ်ည. “ရှင်းကျစ် အဲ့လောက်ကြီးလည်း အတည်မယူပါနဲ့။ အဖေနဲ့ အမေတို့ပြောတာတွေက တိုက်ဆိုင်တာတွေပါ။ သူ အဲ့လောက် ကံကောင်းလိမ့်မယ်လို့ မဆိုလိုဘူး”

“ဘာလို့ ကံမကောင်းရမှာလဲ?! တိုက်ဆိုင်မှုတိုင်းက ကံကောင်းလို့ ဖြစ်လာတာပဲလေ!”။ အဘိုးချင်း ဂရုမစိုက်ပါ။ သူ့ သမီးလေးက ကံကောင်းမှုတွေနဲ့ ပြည့်နှက်နေမှန်း သူသိပါသည်။

စူစူလေးနဲ့ ပတ်သတ်လာလျှင် အဘိုးချင်းက အနည်းငယ် ကလေးဆန်တတ်သည်။ ဝမ်ချင်းလည်း ရယ်သာ ရယ်နိုင်တော့သည်။ သူမ ယောက္ခမတွေနဲ့ စကား မများချင်ပါ။

ချင်းယုကျီးကလည်း သူ့ အဘိုးအဘွားတွေ အကဲပိုနေသည်ဟု ထင်မိပါသည်။ “အဘိုးချင်းနဲ့ အဘွားချင်းတို့ကလည်း စူစူလေးက ကံနည်းနည်းကောင်းတာ ဟုတ်ချင်ဟုတ်လိမ့်မယ်။ ဒါပေမယ့် ဒီနေ့ကိစ္စကို အရင်ကအဖြစ်အပျက်တွေနဲ့ မရောစမ်းပါနဲ့။ စူစူလေး စိတ်ဖိစီးသွားမယ်”

“ငါ စိတ်မဖိစီးပါဘူး!” စူစူလေးက လက်မြှောက်ကာ ပြောလိုက်ပါသည်။

“အေးပါ အေးပါ မဖိစီးရင်ပြီးတာပါပဲ”။ ချင်းယုကျီး ပြောလိုက်ပါသည်။

“အစ်ကိုကြီး ကြွေအိုးရအောင် ကူရွေးပေးမလို့!” စူစူလေးက ထပ်ပြောလိုက်သည်။

ဒါကိုကြားတော့ ချင်းရှင်းကျစ် ပါးစပ်မပိတ်နိုင်တော့ပါ။ ဒီညီမလေး သူ့အစ်ကိုကြီးကို အလွန်ဂရုစိုက်မှန်း သိသာပါသည်။

ကောင်းလိုက်တာ! ညီမလေး တစ်ယောက် ရထားတာ ပျော်စရာကောင်းလိုက်တာ~

အိမ်ပြန်ရောက်ရင် အလတ်ကောင်ကို ဖုန်းဆက်ပြီး ကြွားရမယ်!

ခပ်လှမ်းလှမ်းတွင် ချင်းကျင်းဖန်နဲ့ သူ့မိန်းမ ဟုံပိုင်ကျူးတို့ကလည်း တွန်းလှည်းတွေပေါ် ဝန်ထမ်းတွေ လက်ဆောင်အိတ်တွေ တင်နေသည့် မြင်ကွင်းကို သေသေချာချာ စိုက်ကြည့်နေကြပါသည်။

သူတို့ သေချာစိုက်ကြည့်ပါက ဘယ်အိတ်က ကံထူးမည့်အိတ်လဲဆိုတာကို သိနိုင်လိမ့်မည်ဟု ထင်နေကြသည်။

အဘိုးချင်းတို့၏ စကားဝိုင်းကို မသဲမကွဲကြားမိပြီး ဟုံပိုင်ကျူးက ရယ်မောလိုက်ပါသည်။ “အစ်ကိုကြီးနဲ့ မရီးတို့က တော်တော်လည်း တတ်နိုင်ကြတာပဲ! သူတို့ကိုယ်တိုင်က ဘာကိုမှ ဂရုမစိုက်တတ်တာ အသက် ၇၀ ကျော်မှ ကလေး တစ်ယောက်လည်း ထပ်မွေးသေးတယ်! အဲ့ဒီဟာမလေးကို ကံကောင်းစေတဲ့ ကြယ်ပွင့်လေးလို့တောင် ခေါ်နေသေးတယ်! ဟာသပဲ!”

… … …

အခန်း(၁၃၁) လက်ဆောင်အိတ် ရွေးချယ်ခြင်း

ခုနက လူကြားသူကြားထဲ အဘွားချင်း အရှက်ခွဲထားသဖြင့် ဟုံပေါင်ကျူး ဒေါသအလိမ့်လိမ့် ထွက်နေဆဲဖြစ်သည်။

အခု သူတို့ သမီးလေး ကံဘယ်လိုကောင်းကြောင်း ပြောနေတာကို ကြားမိပြီး ဒီအဘိုးကြီးနဲ့ အဘွားကြီး အရှက်မဲ့လွန်းသည်ဟု ဟုံပေါင်ကျူး တွေးလိုက်မိပါသည်။

“အမှန်ပဲ။ အဲ့လိုသာပြောရကြေးဆိုရင် ငါတို့ ယွင်ယွင်လေးက အဲ့အရိုင်းအစိုင်းမလေးထက်တောင် ပိုကံကောင်းဦးမယ်!”။ ချင်းကျင်းဖန်က ချင်းလောင်ယွင်လေးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ “ယွင်ယွင်လေးက ငါတို့ ချင်းမိသားစုမှာ နှစ် ၁၀၀ အတွင်းပထမဆုံး မွေးလာတဲ့ သမီးမိန်းကလေးပဲ။ အဲ့တာကြောင့် သူ့ကံကို မေးခွန်းထုတ်စရာ လိုပါဦးမလား။ ငါတို့ ယွင်ယွင်လေး ကြီးလာရင် စည်းစိမ်ကြွယ်ဝပြီး အဆင့်အတန်းမြင့်မြင့်နဲ့ နေရလိမ့်မယ်လို့ ဗေဒင်ဆရာကတောင် ဟောထားတာနော်!”

ချင်းလောင်ယွင်က ခေါင်းငြိမ့်လိုက်ပါသည်။ “သမီးက ချင်းစူစူထက် ပိုပြီး ကံကောင်းမှာ!”

မွေးကတည်းက အဘိုးအဘွားများရဲ့ လမ်းပြမှုကြောင့် သူမကိုယ်သူမ အမြဲတမ်း ထူးခြားသည်ဟု ထင်နေပြီး လူတိုင်းရဲ့ အာရုံစိုက်ခံရမှုနဲ့ ထိုက်တန်သည်ဟု ချင်းလောင်ယွင် ယုံကြည်ထားသည်။

“ဒါပေါ့ ငါတို့ ယွင်ယွင်လေးက အဲ့ဒီ အရိုင်းအစိုင်းမလေးထက် အများကြီး ပိုသာတယ်နော်!”။ ချင်းကျင်းဖန်က ထပ်ချီးမွမ်းလိုက်ပြန်သည်။

သူတို့ စကားပြောနေကြစဉ် ဝန်ထမ်းတွေက လက်ဆောင်အိတ် ၁၀၀ ကျော်ကို အသင့် ပြင်ဆင်ပြီးပါပြီ။

ချိုင်ကျမ့်ယဲ့က ဧည့်သည်တိုင်းကို လက်ဆောင်အိတ်တစ်လုံးစီ လာယူခိုင်းလိုက်သည်။

ချင်းကျင်းဖန် မစောင့်နိုင်တော့ဘဲ သူ့မြေးမလေးကို ချီပြီး သူ့မိန်းမ၏ လက်ကို ဆွဲလျက် လက်ဆောင်အိတ်တွေ သွားယူလိုက်ပါသည်။

တောင်ပုလေးလို ပုံနေသည့် လက်ဆောင်အိတ်များကို ကြည့်ရင်း ချင်းကျင်းဖန် အကောင်းဆုံးတစ်အိတ်ကို ရွေးနိုင်ဖို့ မျှော်လင့်နေပါသည်။

တခြားသူတွေ တစ်အိတ်စီယူပြီး ပြန်သွားကြချိန် သူတို့ မြေးအဘိုး ၃ ယောက်ကတော့ လက်ဆောင်အိတ်တွေကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသည့်အလား စိုက်ကြည့်နေကြဆဲ ဖြစ်သည်။

အားလုံးနီးပါး တစ်အိတ်စီ ရပြီးကြချိန်မှာ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျိုးတို့ကတော့ မရွေးကြရသေးပေ။

လက်ဆောင်အိတ် ၃ လုံး ရွေးပြီးချိန်မှာတောင် ဟုံပိုင်ကျိုးက မထွက်သွားချင်သေးပါ။ သူမလက်ထဲက အိတ်တွေကိုလည်း ကိုင်ထားပြီး ကျန်နေသေးသည့် လက်ဆောင်အိတ်တွေကိုလည်း ငေးကြည့်နေသေးသည်။

တခြားဧည့်သည်တွေ ရွေးပြီးသည့်အချိန်ကို စောင့်နေသည့် ချင်းရှင်းကျစ်တစ်ယောက် နောက်ဆုံးတော့ စူစူလေးကို ချီပြီး အေးအေးဆေးဆေး လျှောက်လာခဲ့ပါသည်။

လူအုပ်ကြီးကြောင့် သူ့ညီမလေး လန့်သွားမှာကို စိုးရိမ်သဖြင့် လူသိပ်မရှိတော့သည့်အချိန်ကမှ သွားယူလိုက်ခြင်း ဖြစ်သည်။

ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့လည်း အနောက်မှ လိုက်လာကြပါသည်။

သူတို့ ညီအစ်ကိုတွေက လက်ဆောင်အိတ်တွေကို စိတ်မဝင်စားကြသော်လည်း ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို တွေ့မိသဖြင့် စူစူလေးကို ကာကွယ်ပေးဖို့ ဘော်ဒီဂတ်တွေလို လိုက်လာကြခြင်း ဖြစ်ပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ကတော့ လက်ဆောင်အိတ်တွေ သွားမယူခဲ့ပါ။ ဒီနေ့ အဓိက လာခဲ့တာက အဘိုးချိုင်ကို မွေးနေ့ဆုတောင်းပေးဖို့အတွက်သာ ဖြစ်သည်။

“ညီမလေး ဘယ်တစ်ခု ရွေးချင်လဲ”။ ချင်းရှင်းကျစ်က စူစူလေးကို အပြုံးဖြင့် မေးလိုက်သည်။ သူမ လက်တိုတိုလေးနဲ့ မမှီမှာစိုးသဖြင့် သူအသင့်ယူပေးဖို့ ပြင်ထားပါသည်။

“ဟိုနားကတစ်ခု!” စူစူလေးက ညာဘက်ရှိ အိတ်တစ်လုံးကို လက်ညှိုးထိုးပြလိုက်ပါသည်။

“ဟုတ်ပြီ”။ ချင်းရှင်းကျစ်က ရယ်လိုက်ပြီး စူစူလေး ညွှန်ပြသည့် အိတ်ကို ယူဖို့ ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တခြား လက်တစ်ဖက် ပေါ်လာပြီး ထိုလက်ဆောင်အိတ်လေးကို ဆတ်ခနဲ ဆွဲယူသွားလေသည်။

ယူသွားသည့်သူက တခြားသူမဟုတ်ဘဲ ဟုံပေါင်ကျူးဖြစ်ပါသည်။ စူစူလေး ညွှန်ပြသည့် အိတ်ကို သူမ လုယူသွားခြင်း ဖြစ်သည်။

“ဒါဘာလုပ်တာလဲ”။ ချင်းရှင်းကျစ်၏ မျက်နှာ မှောင်မိုက်သွားပြီး ဟုံပေါင်ကျူးကို မေးလိုက်သည်။ ဒီအဘွားကြီးကို ချင်းရှင်းကျစ် ဒေါ်လေးဟုပင် မခေါ်ချင်တော့ပါ။

“ဘာလုပ်ရမှာလဲ။ ငါ့ဖာသာငါ လက်ဆောင်အိတ်ယူတာလေ! အကုန်လုံး ယူပြီးသွားပြီ ငါမယူရသေးလို့ ယူတာ ဘာဖြစ်လဲ။ နင့်လက်ထဲက လုတာ မဟုတ်ဘူးနော်!” ဟုံပေါင်ကျူးက မခံချင်စွာ ပြောလိုက်သည်။

“ခင်ဗျား တစ်အိတ်ယူပြီးသား မဟုတ်ဘူးလား”

“ငါစိတ်ပြောင်းသွားပြီ။ ယူပြီးသားကို လဲလို့ မရဘူးလား”။ ဟုံပေါင်ကျူးက သူမ ယူပြီးသား အိတ်ကို ပြန်ထားလိုက်ပါသည်။

“ခင်ဗျားတော့-!” ချင်းရှင်းကျစ်က မိန်းမတွေနဲ့ စကားမပြောတတ်သဖြင့် ဟုံပေါင်ကျူး၏ လုပ်ရပ်ကြောင့် ဆွံ့အသွားခဲ့သည်။

ချင်းယုကျီးက ဘေးမှ သတိပေးလိုက်သည်။ “အဖေ စိတ်မတိုနဲ့နော်။ စူစူလေး ကြည့်နေတယ်!”

အဘွားဖြစ်သူ စိတ်တိုတုန်းက စူစူလေး ဘယ်လိုတုန့်ပြန်ခဲ့သလဲ ခုနလေးတင် မြင်ခဲ့ပြီးပြီ ဖြစ်သည်။

ချင်းရှင်းကျစ် စိတ်ကို အမြန်ထိန်းလိုက်ပြီး စူစူလေးအား ချော့ပြောလိုက်ပါသည်။ “ညီမလေး အဲ့အိတ်လေးက သူများ ယူသွားပြီ။ တခြားတစ်အိတ်ပြောင်းယူကြမလား”

All Chapters