အခန်း (၁၃၂+၁၃၃)
Vol. 6 Ch. 132+133
အခန်း(၁၃၂) ကံကောင်းစေတဲ့ ကြယ်ပွင့်လေး
“အွန်း!”။ စူစူလေးက မကန့်ကွက်ပါ။ “အဲ့တာဆို အဲ့တစ်ခု ယူမယ်!”
စူစူလေး ရွေးလိုက်သည့် အိတ်က ဟုံပေါင်ကျူး ပြန်ထားခဲ့သည့် အိတ်ဖြစ်သည်။ ထိုအိတ်က အနီးဆုံးဖြစ်သဖြင့် သူမ အစ်ကိုကြီး ယူရတာ လွယ်ကူစေရန် ရွေးလိုက်ခြင်းဖြစ်ပါသည်။
အစ်ကိုကြီးက မငယ်တော့သဖြင့် ပင်ပင်ပန်းပန်းတွေ ခိုင်းလို့ မဖြစ်ပါ။
ချင်းရှင်းကျစ် အနည်းငယ် တွန့်ဆုတ်သွား၏။ “စူစူလေး… အဲ့တစ်ခုက ခုနက…”
ထိုစဉ် ချင်းယုဟွိုင်း ရှေ့ထွက်လာပြီး ထိုလက်ဆောင်အိတ်ကိုယူကာ စူစူလေး လက်ထဲ ထည့်ပေးလိုက်သည်။ “စူစူလေး ကြိုက်ရင် ဘယ်သူ့ဟာပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ဖွင့်ပြီးသား မဟုတ်ရင် ပြီးတာပဲ”။
သူပြောတာမှန်ပါသည်။ ချင်းရှင်းကျစ်လည်း သူ့သားပြောတာကို လက်ခံလိုက်သည်။
ထို့နောက် ချင်းရှင်းကျစ်က သူနဲ့ သူ့မိန်းမအတွက် တစ်အိတ်စီ ယူလိုက်သည်။
“တူလေးတို့ နင်တို့လည်း ယူလေ!” စူစူလေးက သူ့တူ ၂ ယောက်ကို ပြောလိုက်သည်။
ချင်းယုဟွိုင်း ဘာမှ မပြောဘဲ အိတ် ၂ လုံးကို ယူကာ သူ့ညီကို တစ်အိတ်ပေးလိုက်ပါသည်။
ထို့နောက် သူတို့ ၄ ယောက် စားပွဲဆီသို့ သာသာယာယာ ပြန်သွားခဲ့ကြပါသည်။
ချင်းကျင်းဖန်နဲ့ ဟုံပိုင်ကျူးတို့လည်း ဆက်မရွေးတော့ဘဲ စိတ်ကျေနပ်သွားပြီး နေရာကောင်းကောင်းတစ်ခု ရှာကာ လက်ဆောင်အိတ်တွေကို ဖွင့်ကြည့်လိုက်ကြပါသည်။
အထဲမှာ လက်ကောက်ကွင်းများ၊ နားကပ်အသေးလေးများ စသည့် လက်ဆောင်တွေ ပါဝင်ကြသည်။
အရေးအကြီးဆုံးအရာက နံပါတ်တစ်ခုစီ ပါဝင်သော ပင်ပေါင်လုံးအရွယ် ဘောလုံးလေးများ ဖြစ်ကြသည်။
ချင်းကျင်းဖန်လည်း သူတို့လက်ထဲက ဘောလုံးနံပါတ်တွေကို စစ်ကြည့်လိုက်ပါသည်။ ၂၇၄, ၁၅၆, ၀၈၂
ယခုတော့ ထို နံပါတ် ၃ ခုကို အများကြီး မျှော်လင့်ထားပါပြီ။ မဲဖောက်ပေးမည့်အချိန်ကိုသာ စိတ်လှုပ်ရှားစွာ စောင့်နေရတော့မည်။
စတိတ်စင်နဲ့ အနီးဆုံး စားပွဲတစ်လုံးမှာ ဆရာကြီးကော ထိုင်နေပြီး သူ့လက်ထောက်ရဲ့ အကူအညီဖြင့် အသက်ရှူကိရိယာမှ လေကို ရှူရှိုက်နေပြီး လက်ဆောင်အိတ်တွေထားထားသည့် နေရာသို့ သူ့မျက်လုံးတွေ အကြည့်ရောက်သွားခဲ့ပါသည်။
ဆရာကြီးကောက ဒီနေ့ လက်ဆောင်အိတ်ဝေပေးသည့် အစီအစဉ်ကို အလွန်အလေးထားထားပုံရသည်။
ဒါကိုမြင်တော့ ချိုင်ကျမ့်ယဲ့က အာမခံလိုက်ပါသည်။ “ဆရာကြီးကော ဘာမှ စိတ်မပူပါနဲ့”
“ဒီနေ့ လက်ဆောင်အိတ် ပမာဏကို သေသေချာချာ တွက်ချက်ထားတာ။ အပိုအလို မရှိရဘူး”။ ဆရာကြီးကောက ပြောသည်။
“စိတ်ချပါ ဘာမှ အမှားအယွင်း မရှိစေရပါဘူး”
“ဒီနေ့ လက်ဆောင်အိတ်တွေက ငါနှစ်နည်းနည်းလောက် အသက်ဆက်ရှင်နိုင်မလားဆိုတဲ့ ကံကြမ္မာနဲ့ ဆက်နွယ်နေတယ်လို့ သူပြောထားတယ်”
ဆရာကြီးကော ဂရုမစိုက်ဘဲ မနေနိုင်ပါ။ သူ သေဖို့ အသင့်မဖြစ်သေးပေ။ နှစ်နည်းနည်းလောက် အသက်ရှင်ချင်ပါသေးသည်။
အသက်ရှင်ဖို့ဆို ဘာပဲပေးဆပ်ရပေးဆပ်ရ ကိစ္စမရှိပါ။ အသက်ရှင်ဖို့ဆို ဘယ်လို စည်းစိမ်မျိုးကိုမဆို သူ စွန့်လွှတ်နိုင်သည်။
ဆရာကြီးကောကို နှစ်သိမ့်ဖို့ ချိုင်ကျမ့်ယဲ့လည်း ဘာပြောရမှန်း မသိတော့ချေ။
ဆရာကြီးကောရဲ့ ခံစားချက်ကို သူနားလည်နိုင်ပါသည်။ သူ့ကျန်းမာရေးအတွက် အလွန်စိတ်ပူလွန်းနေသဖြင့် အမှားအယွင်းမခံနိုင်တာ ဖြစ်လိမ့်မည်။
အခွင့်အရေးသာ ရလာလျှင် ထိုဗေဒင်ဆရာဆိုသူကို ချိုင်ကျမ့်ယဲ့လည်း တွေ့ချင်ပါသေးသည်။
ကံမကောင်းစွာဖြင့် ထိုလူနဲ့ ဆုံဖို့ဆိုတာ မလွယ်ကူပါ။ စည်းစိမ်ဥစ္စာတွေ၊ ဂုဏ်ဒြပ်တွေ ဘာမှ သုံးစားလို့ မရပေ။
ဘယ်သူမှ မယူဘဲ ကျန်ခဲ့သည့် လက်ဆောင်အိတ် ၂ လုံး ရှိနေတာကို ဆရာကြီးကော မြင်လိုက်ရသည်။
“ဘာလို့ ၂ အိတ်ပိုနေတာလဲ?! ငါသေချာ တွက်ချက်ထားတာ!” ဆရာကြီးကော ချောက်ချားသွားသည်။
ချိုင်ကျမ့်ယဲလည်း ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ အဘိုးချင်းနဲ့ အဘွားချင်းတို့ မယူရသေးမှန်း တွေ့လိုက်ရပါသည်။
“ဆရာကြီးကော စိတ်မပူပါနဲ့။ ကျုပ်မိတ်ဆွေ ၂ ယောက် မယူရသေးလို့ပါ။ သူတို့က အဲ့လို ကံစမ်းမဲဖောက်တာတွေ ဘာတွေကို သိပ်စိတ်မဝင်စားတတ်ဘူး။ ကျုပ်အခုပဲ သူတို့ကို သွားပေးလိုက်မယ်။ အားလုံး အဆင်ပြေပါတယ်”
“အရေအတွက်မှန်ရင် ပြီးတာပါပဲ” ဆရာကြီးကော သက်ပြင်းချလိုက်မိသည်။
ဒါဆို ဗေဒင်ဆရာရဲ့ တွက်ချက်မှုတွေက တိကျတာပေါ့!
နောက်ဆုံး လက်ဆောင်အိတ် ၂ လုံးကို သွားပေးပြီးနောက် ဆရာကြီးကောက သူ့လက်ထောက် အကူအညီနဲ့ စတိတ်စင်ပေါ် တက်သွားခဲ့ပါသည်။
ဆရာကြီးကော စတိတ်စင်ပေါ်သို့ ရောက်သောအခါ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
မဲဖောက်ပေးမည့် ကိစ္စကြောင့်မဟုတ်ပါ။ ဆရာကြီးကော၏ အရှိန်အဝါကြောင့်ဖြစ်သည်။
နိုင်ငံတော်အဆင့် ပညာရှင်ကြီးတစ်ဦးကို လေးစားသမှုဖြင့် အားလုံး တိတ်ဆိတ်သွားကာ သူစကားပြောတာကို နားထောင်ပေးလိုက်ကြပါသည်။
ချင်းကျင်းဖန်တို့ မြေးအဘိုး ၃ ဦး အလွန်စိတ်လှုပ်ရှားနေပြီး မျှော်လင့်နေမိပါသည်။ သူတို့ ချမ်းသာသွားနိုင်မလား ဆိုတာ ဒီအခိုက်အတန့်ပေါ် မူတည်နေသည်။
… … …
အခန်း(၁၃၃) ကံကောင်းစေတဲ့ ကြယ်ပွင့်လေး (၂)
ကောလောင်လည်း စကားအများကြီး သိပ်မပြောဘဲ သူ့လက်ထောက်ကို ပုံးတစ်ပုံး ယူလာခိုင်းလိုက်သည်။
ပုံးကြီးရဲ့ မျက်နှာပြင်တစ်ဖက်က အကြည်ရောင်ဖြစ်ပြီး ဧည့်သည်တော်တွေဘက်သို့ မျက်နှာမူပေးထားသည်။
အထဲမှာ ဘောလုံးလေးတွေ အများကြီး ရှိနေပြီး လက်ဆောင်အိတ်တွေထဲက နံပါတ်တွေနဲ့ တူညီသော ဘောလုံး တစ်လုံးစီ ပါကြပါသည်။
ကောလောင်၏ လက်က ပုံးထဲကို နှိုက်လိုက်ပြီး အားလုံးရဲ့ စောင့်ကြည့်မှုအောက်မှာ ဘောလုံးတွေကို မွှေနှောက်လိုက်ပါသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ရင်အခုန်လွန်ပြီး နှလုံးသားက လည်ပင်းဝကိုတောင် ရောက်နေပါပြီ။
သူတို့ ရထားသည့် ဘောလုံးနံပါတ်တွေကို ချင်းရှင်းကျစ်တို့ လှမ်းမြင်လိုက်သည်။
ထိုဘောလုံးတွေ ကောလောင်၏ လက်ထဲ ရောက်ခါနီးဆဲဆဲအချိန်တွင် ချင်းကျင်းဖန် စိတ်လှုပ်ရှားမှုဖြင့် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။
သို့သော်လည်း ထိုဘောလုံးတွေက ကောလောင်၏ လက်ထဲမှ လွတ်ကျသွားခဲ့ပါသည်။
ချင်းကျင်းဖန်တစ်ယောက် ဒုန်းခနဲမြည်အောင် ထိုင်ခုံပေါ်သို့ ဖင်ထိုင်လျက်သား ပြန်ပြုတ်ကျသွားသည်။
ဟုံပေါင်ကျူးရဲ့ မျက်လုံးတွေလည်း ကျွတ်ထုမတတ်ပြူးကျယ်နေသည်။ သို့သော်လည်း ကောလောင် လက်ထဲက ဘောလုံးကတော့ သူတို့ နံပါတ်မဖြစ်နိုင်တော့ပါ။
နောက်ဆုံးတော့ ကောလောင် နံပါတ် ၀၈၈ ဘောလုံးကို ထုတ်ယူလိုက်ပါသည်။
ချိုင်ကျမ့်ယဲ့က အမြန်မေးလိုက်၏။ “နံပါတ် ၀၈၈ က ဘယ်သူလဲ”
ဧည့်သည်တွေ အားလုံး လက်ထဲက ဘောလုံးတွေကို စစ်ကြည့်လိုက်ကြသည်။ နံပါတ် ၈၈ တစ်လုံးမှ မတွေ့ပါ။
အချိန်အတော်ကြာသည်အထိ ဘယ်သူမှ မတ်တပ်မရပ်ကြပေ။
ကောလောင် ကြက်သေသေသွားသည်။
ချိုင်ကျမ့်ယဲ့လည်း ကြက်သေသေသွား၏။
ဧည့်သည်တွေအားလုံးလည်း ကြောင်စီစီ ဖြစ်သွားကြသည်။
မဲပေါက်တဲ့လူက ဘယ်ရောက်သွားတာလဲ။ ဘာလို့ ဘယ်သူမှ ကိုယ်ထင်မပြကြတာလဲ။
စူစူလေးက ချင်းယုကျီး၏ရင်ခွင်ထဲ တိုးဝင်နေပြီး ချင်းယုကျီးရဲ့ Tablet နဲ့ SpongebBob ကာတွန်းကား ကြည့်နေသည်။
သူမကိုင်ထားသည့် လက်ဆောင်အိတ်လေးကို ဖွင့်မကြည့်ရသေးပါ။ SpongeBob ကာတွန်းကားကြောင့် စူစူလေး အာရုံလွဲသွားပြီး လက်အောင်အိတ်ကိစ္စကို စက္ကန့်ပိုင်းအတွင်း မေ့သွားပါသည်။
ချင်းယုကျီးကလည်း စူစူလေးကို ပွေ့ချီထားပြီး SpongeBob ကာတွန်းကားကို စိတ်ပါဝင်စားစွာ ကြည့်နေပါသည်။ ဒီအသက်အရွယ်နဲ့ ကာတွန်းကား ကြိုက်လိမ့်မည်ဟု သူ့ကိုယ်သူ ထင်မထားခဲ့ပေ။
ခဏကြာတော့ ခန်းမထဲမှာ တစ်ခုခု မူမမှန်ဖြစ်နေတာကို ချင်းယုကျီး သတိထားမိသွားသည်။
ဧည့်သည်တွေအကုန်လုံး ဟိုကြည့်ဒီကြည့်ဖြင့် တစ်ခုခုကို ရှာဖွေနေကြသလို ပြုမူနေကြသည်။
ထို့နောက် နံပါတ် ၈၈ ဘယ်မှာလဲ မေးနေသည့် အသံကို ကြားလိုက်သည်။
ချင်းယုကျီး ခေါင်းငုံ့ကြည့်လိုက်ရာ စူစူလေး လက်ထဲက မဖွင့်ရသေးသော လက်ဆောင်အိတ်လေးကို မြင်သွားပါသည်။
“စူစူလေး လက်ဆောင်အိတ်ကို ဖွင့်ကြည့်ဦးလေ”။ ချင်းယုကျီးက ပြောလိုက်သည်။
“လက်ဆောင်အိတ်? ဪ ဟုတ်သားပဲ!” စူစူလေး သတိရသွားသည်။ သူမ အစ်ကိုကြီးအတွက် ကြွေအိုး လက်ဆောင် ယူပေးရဦးမည်။
စူစူလေး အိတ်ကို အမြန်ဖွင့်လိုက်ပြီး အထဲမှ ပင်ပေါင်လုံးအရွယ် ဘောလုံးလေးကို နှိုက်ယူလိုက်ပါသည်။
“တူလေး ဒါနံပါတ် ဘယ်လောက်လဲ”
ချင်းယုကျီး လှမ်းကြည့်လိုက်ရာ တကယ်ပဲ ၀၈၈ ဘောလုံးဖြစ်နေတာကို မြင်လိုက်ရပါသည်။
“လခွမ်း! စူစူလေး နင့်ဘောလုံး မဲပေါက်သွားတယ်!” ချင်းယုကျီး အံ့အားသင့်စွာ ရေရွတ်လိုက်လေသည်။
ထိုအသံကိုကြားတော့ ချင်းရှင်းကျစ်၊ ဝမ်ချင်းနဲ့ ချင်းယုဟွိုင်းတို့ အကုန်လှည့်ကြည့်ကုန်ကြသည်။
စူစူလေးရဲ့ လက်သေးသေးလေးထဲမှာ ကိုင်ထားသည့် ဘောလုံးက တကယ်မဲပေါက်သည့် ဘောလုံး ဖြစ်နေသည်။
ဝမ်ချင်း မျက်နှာ မယုံကြည်နိုင် ဖြစ်သွားလေသည်။ စူစူလေး တကယ်မဲပေါက်သွားတာလား။ သူမကံက အဲ့လောက်တောင် တကယ်ကောင်းတာလား။
စူစူလေးကံကောင်းတာကို တိုက်ဆိုင်တာသာဖြစ်သည်ဟု ယောက္ခမတွေကို ဝမ်ချင်း ပြောခဲ့သေးသည်။ အခုတော့ သူမ မှားသွားပါပြီ။
ခေတ္တ ကြက်သေသေသွားပြီးနောက် ချင်းရှင်းကျစ်က စူစူလေးကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်ပါသည်။
“ငါ့ညီမလေးက တော်လိုက်တာ!”။ ချင်းရှင်းကျစ်က မဲပေါက်သည့်အတွက် ပျော်ရုံသာမကဘဲ မဲပေါက်သွားသည့် လူက သူ့ညီမလေးဖြစ်နေသဖြင့် ပိုပျော်ရပါသည်။
သူ့မိဘတွေ ပြောတာမှန်သည်။ သူတို့ ညီမလေးက တကယ် ကံကောင်းစေသည့် ကြယ်ပွင့်လေးပဲဖြစ်သည်။
ချင်းမိသားစုနားက ဧည့်သည်တော်တွေလည်း ဝိုင်းကြည့်ကုန်ကြ၏။ မဲပေါက်သွားသည့် ဘောလုံးက စူစူလေး လက်ထဲမှာ ရှိနေသည်ဟု ကြားလိုက်ရသောအခါ လူတွေအကုန်လုံး အားကျသွားလေတော့သည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ မျက်လုံးတွေ ကျွတ်ထွက်မတတ်ဖြစ်သွားသည်။
စူစူလေး ကိုင်ထားတဲ့ အိတ်က သူတို့ နဂိုရွေးထားတဲ့ အိတ်မဟုတ်လား?!