← Chapters

အခန်း (၁၃၆+၁၃၇)

Vol. 6 Ch. 136+137

အခန်း (၁၃၆+၁၃၇)

Vol. 6 Ch. 136+137

အခန်း(၁၃၆) သူ့ကံကောင်းစေတဲ့အဆောင်လေးက စူစူလေးပါ

ချင်းကျင်းဖန်က ဝင်ပြောလိုက်၏။ “ငါတို့ ယွင်ယွင်လေးက ကံကောင်းမှန်း ဗေဒင်ဆရာကတော့ ဟောထားတာနော်! သူကြီးလာရင် စည်းစိမ်ကြွယ်ဝပြီး အထက်တန်းစားလို နေရမှာတဲ့! သူက ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်နေတာ!”

ဒီနေ့ ဆရာကြီးကော လက်ဆောင်အိတ်‌ဝေပေးပြီး မဲဖောက်ပေးရခြင်းသည့် ရည်ရွယ်ချက်က ယတြာချေဖို့အတွက် ဖြစ်ကြောင်း တခြား ဧည့်သည်တော်တွေထံမှ ချင်းကျင်းဖန် ကြားခဲ့ရပါသည်။ ဆရာကြီးကောလည်း ကံကြမ္မာကို အလွန် ယုံကြည်တတ်သူဖြစ်မှန်း သိသဖြင့် သူတို့ မြေးမလေး ယွင်ယွင်က အလွန်ကံကောင်းသူဖြစ်သည်ဟု အလေးပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒါတွေကိုမြင်ပြီး ချိုင်ကျမ့်ယဲ့ အခက်တွေ့သွားသည်။

ချင်းကျင်းဖန်ပြောတာသာ အမှန်ဖြစ်ပြီး ထိုလက်ဆောင်အိတ်၏ မူလပိုင်ရှင်က တကယ်ပဲ ယွင်ယွင်လေးဆိုလျှင် ကောလောင် ရှာဖွေနေသည့် ကောင်မလေးမှာ ဘယ်သူဘယ်ဝါဖြစ်မှန်း ဆုံးဖြတ်ရခက်ပါလိမ့်မည်။

“တော်ပြီ ရန်မဖြစ်ကြနဲ့တော့”

ကောလောင် အမိန့်ပေးလိုက်သည်။ သူ့အသံက လေးနက်ပြီး တိုးညှင်းနေသော်လည်း သူ့စကားလုံးများက အမိန့်အာဏာ ပါဝင်သည်။

“ငါမေးစရာ မေးခွန်းတစ်ခုပဲရှိတယ်။ ငါဘောလုံးနံပါတ် ၈၈ ကို နှိုက်လိုက်တုန်းက အဲ့ဒီလက်ဆောင်အိတ် ဘယ်သူ့ လက်ထဲမှာ ရှိနေတာလဲ”။ ကောလောင် မေးလိုက်ပါသည်။

“အဲ့တာက…” ဟုံပေါင်ကျူး ရှက်ရွံ့သွားသည်။

သူတို့လက်ထဲမှာ ရှိနေခဲ့သည်ဟု ပြောချင်သော်လည်း မဲနှိုက်တုန်းက သူတို့ ဂနာမငြိမ်ဖြစ်နေခဲ့သဖြင့် လူအာရုံစိုက်စရာ ဖြစ်သွားပြီး သူတို့လက်ထဲမှာ ဘောလုံး နံပါတ် ၈၈ ရှိမနေခဲ့မှန်း အနားမှာ ထိုင်နေသည့် ဧည့်သည်တော်တွေ မျက်မြင်သက်သေရှိပါသည်။

ထို့အပြင် ချင်းစူစူ လက်ဆောင်အိတ်ကို ဖွင့်ကြည့်လိုက်မှ နံပါတ် ၈၈ ပိုင်ရှင်ပေါ်လာတာဖြစ်သဖြင့် ချင်းစူစူဘေးနားက ဧည့်သည်တော်တွေလည်း သက်သေခံပေးနိုင်သည်။

ထိုစဉ် ဧည့်သည်တော်တစ်ယောက်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

“ဒီကလေးမလေး ချင်းစူစူအတွက် ကျုပ် သက်သေခံပေးနိုင်တယ်။ မဲမနှိုက်ခင်တုန်းကလည်း အဲ့ဒီအိတ်က ဒီကလေးမရဲ့ လက်ထဲမှာ ရှိနေတာ။ မဲနှိုက်ပြီး အချိန်အတော်ကြာမှာ သူအိတ်ကို ဖွင့်ကြည့်လိုက်တာ”

“ဟုတ်တယ် ကျွန်မလည်း မြင်တယ်”

“ကျုပ်လည်း မြင်လိုက်တယ်။ ပြီးတော့ ဆရာကြီးကော မဲနှိုက်နေတုန်း အဲ့ဒီ မြေးအဘိုး ၃ ယောက်က သူတို့ ဘောလုံးတွေကို လက်ထဲမှာ ကိုင်ထားကြတာ။ တစ်လုံးမှ နံပါတ်မတူမှန်း ကျုပ်မြင်တယ်”

မဲနှိုက်နေစဉ် ချင်းကျင်းဖန်၏ အပြုအမူက လူသတိမထားမိဖို့ ခက်ပါသည်။

“ဒါဆိုလည်း ဘာပြဿနာမှ ဖြစ်စရာ မလိုတော့ဘူး။ ပြီးတော့ ဒီလက်ဆောင်အိတ်က မဲပေါက်မယ့် လက်ဆောင်အိတ်လို့ ကြိုသိနိုင်မှာလည်း မဟုတ်ဘူး။ အားလုံးကို ကျပန်း ရွေးခိုင်းခဲ့တာမို့လို့။ အဲ့တာကြောင့် ငါမဲနှိုက်လိုက်တဲ့အချိန် အဲ့ဒီ အိတ်ကို ပိုင်ဆိုင်ထားတဲ့သူက ကံထူးရှင်ပဲ”

သူရှာဖွေနေသည့် ကံကောင်းစေသော အဆောင်လေးမှာ ကာတွန်းကားထဲသာ စိတ်ရောက်နေသည့် ကလေးမလေးသာ ဖြစ်ပြီး မျက်ရည်အပြည့်နဲ့ ငိုကြွေးနေသော ကလေးမလေး မဟုတ်မှန်း ဆရာကြီးကော သေချာပါသည်။

ထို့ကြောင့် စူစူလေးဘက်သို့ ကောလောင် အာရုံပြန်စိုက်လိုက်သည်။ ဒီတစ်ခါတော့ စူစူလေး ကာတွန်းကား ကြည့်တာ ရပ်လိုက်ပြီး သူမရှေ့က အဘိုးကြီးကို ကြည့်နေပါသည်။

ကောလောင်၏ စကားကြောင့် ချင်းကျင်းဖန်နဲ့ ဟုံပိုင်ကျူးတို့ မျက်လုံးများ ပြူးသွားကြသည်။

“ဒါ… ဒါပေမယ့် အဲ့ဒီလက်ဆောင်အိတ်ကို ကျွန်တော်တို့ အရင်ရှာတွေ့တာလေ…” ဟုံပိုင်ကျူးက လက်မလျှော့ချင်သေးပေ။

သန်းဆယ်ချီပြီးတန်တဲ့ အခွင့်အရေးကို ဘယ်လိုလုပ် လက်လွှတ်နိုင်မှာလဲ?! ဒီအခွင့်အရေးကို အရယူပြီး သူတို့ ချမ်းသာလာအောင် ပြန်ကြိုးစားနိုင်သည်။ ဧကန္တ ဒီတစ်ခါတော့ ထိုငွေတွေကို သေသေချာချာ ရင်းနှီးမြှုပ်နှံလိုက်လျှင် အကျိုးအမြတ်ကြီးကြီးမားမား ရနိုင်လောက်သည်။

သူတို့ အစ်ကိုကြီးနဲ့ မရီးတို့ရဲ့ မျက်နှာကို လှည့်ကြည့်စရာတောင် မလိုတော့ပါ။ ဒီလို အခွင့်အရေးမျိုး သူတို့ အလွယ်တကူ လက်လွှတ်ပါ့မလား။

သူတို့ ကပ်သီးလေး လွဲသွားခြင်းဖြစ်သည်။

တကယ်ကို ကပ်သီးလေးသာ။

သူတို့သာ လက်ဆောင်အိတ်ကို မလဲခဲ့ပါက ဒီဆု သူတို့အပိုင် ဖြစ်နေလောက်ပြီ။

“အဘိုးချိုင်၊ ကြည့်ရတာ ခင်ဗျားရဲ့ ဧည့်သည်တွေက ယဉ်ကျေးမှု သိပ်မရှိကြဘူးထင်တယ်”။ ကောလောင် မျက်နှာ ခက်ထန်သွားပြီး ပြောလိုက်သည်။ လေသံကို ကြည့်ခြင်းအားဖြင့် သူဒေါသထွက်နေမှန်း သိသာပါသည်။

ချိုင်ကျမ့်ယဲ့လည်း ချက်ချင်း နားလည်သွားပြီး ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို တားလိုက်သည်။ “ဒီနေ့ ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်ဧည့်သည်တော်အဖြစ် အသိအမှတ်ပြုပြီး ဖိတ်ကြားထားတာ။ ဒါပေမယ့် ဒီလို ဆက်ပြုမူနေပြီး တခြား ဧည့်သည်တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မယ်ဆိုရင် အခုချက်ချင်း ထွက်သွားပေးဖို့ တောင်းဆိုရလိမ့်မယ်”

… … …

အခန်း(၁၃၇) စူစူလေးကို ခေါင်းကိုင်သမီးလေးအဖြစ် လိုချင်တယ်

ချိုင်ကျမ့်ယဲ့က ချင်းကျင်းဖန်တို့ အဘိုးကြီးလင်မယားကို အစကတည်းက သိပ်ပြီး မခင်မင်ခဲ့ပါ။ သူတို့ကို မွေးနေ့ပွဲ ဖိတ်ကြားခဲ့ရသည့် အကြောင်းအရင်း ၂ ခု တည်းသာ ရှိသည်။

တစ်ခုက အဘိုးချင်းရဲ့ မျက်နှာကြောင့်ဖြစ်ပြီး ဒုတိယတစ်ခုကတော့ သူ့လက်ရာတွေကို ဝယ်ယူ အားပေးဖူးတာကြောင့် ဖြစ်သည်။

သို့သော် ဒီလူနှစ်ယောက်ကြောင့် ဆရာကြီးကော ဒေါသထွက်ရမည်ဆိုလျှင် ဘယ်လိုကြည့်ကြည့် မတန်နိုင်ပါ။

မဟုတ်ပါဘူး ဆရာချိုင်… ဒီကိစ္စက… ဒီလို မဟုတ်ပါဘူး… လက်ဆောင်အိတ်ကို ယွင်ယွင်လေး အရင် ရခဲ့တာပါ…”။ ဟုံပေါင်ကျူးက ဆက်ပြီး ငြင်းခုံချင်သေးသည်။

ချိုင်ကျမ့်ယဲ့ ဘာမှမပြောတော့ဘဲ လုံခြုံရေးအစောင့်ကို အချက်လှမ်းပြလိုက်ပါသည်။

လုံခြုံရေးတွေရောက်ချလာပြီး ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ရှေ့မှာ ရပ်လိုက်ပြီး အခုချက်ချင်းထွက်သွားဖို့ တောင်းဆိုလိုက်သည်။

ဟုံပေါင်ကျူးက ရန်ဆက်တွေ့ချင်သေးသော်လည်း လုံခြုံရေးအစောင့် ၂ ယောက်၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပါသည်။ ချင်းကျင်းဖန်က ဝင်တားဖို့ ကြိုးစားသော်လည်း သူပါ ဆွဲထုတ်ခံလိုက်ရသည်။

မြင်ကွင်းက အလွန်အကျည်းတန်လွန်းလှပါသည်။

အဘိုးအဘွားတွေ မောင်းထုတ်ခံလိုက်ရတာကိုမြင်ပြီး ချင်းလောင်ယွင် အနောက်မှ ငိုယိုပြီး ပြေးလိုက်သွားပါသည်။

“သမီးအဘိုးတို့ကို ဘယ်ခေါ်သွားမလို့လဲ… အီးဟီးဟီး… သမီးအဘိုးတို့ကို အနိုင်မကျင့်ပါနဲ့…”

ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ မရှိတော့ခါမှ ညစာစားပွဲကြီးလည်း ပြန်လည် ငြိမ်းချမ်းသွားတော့သည်။

ဆရာကြီးကောက စူစူလေးကို စိုက်ကြည့်နေဆဲဖြစ်သည်။ သူ့အကြည့်က အလွန် စူးရှလွန်းသဖြင့် ချင်းမိသားစုဝင်တွေတောင် သိပ်ဘဝမကျ ဖြစ်လာခဲ့ပါသည်။

ချင်းယုကျီးက စူစူလေးကို ပိုပြီး တင်းကျပ်စွာ ဖက်ထားမိသည်။ သူ့ရင်ထဲမှ စူစူလေးကို တစ်စုံတစ်ယောက် လုယူသွားတော့မည့်အလား။

“ဟယ်လို ကလေးမလေး” ဆရာကြီးကောက စူစူလေးကို နှုတ်ဆက်လိုက်သည်။

“ဟယ်လို ဦးလေး” စူစူလေးလည်း ပြန်နှုတ်ဆက်လိုက်ပါသည်။ သူမကို တစ်စုံတစ်ယောက်က ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လျှင် သူမလည်း ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်ပါမည်။

“ဘာလို့ ငါ့ကို ဦးလေးလို့ ခေါ်တာလဲ” ဦးလေးကောက မေးလိုက်သည်။

“ဦးလေးက သမီးဖေဖေနဲ့ မေမေထက် အသက်နည်းနည်း ပိုကြီးတယ်။ အဲ့တာကြောင့် ဦးလေးလို့ ခေါ်တာ မမှန်ဘူးလား”။

စူစူလေးက သူမရဲ့ မိဘတွေကို လက်ညှိုးထိုးပြလိုက်သည်။

အဘိုးချင်းက အပြုံးဖြင့် ဝင်ရှင်းပြလိုက်ပါသည်။ “အဲ့တာ ကျွန်တော်တို့ရဲ့ သမီးလေးပါ”

သူမ ဖေဖေနဲ့ မေမေတို့ ဂုဏ်မငယ်ရအောင် တခြား အဘိုးအဘွားတွေကို စူစူလေး “အဘိုး” “အဘွား” ဟု အလွယ်တကူ မခေါ်ခဲ့ပါ။ အလွန်ဆုံး “ဦးလေး” သို့မဟုတ် “ဒေါ်လေး” ဟုသာ ခေါ်ခဲ့ပါသည်။

“ခင်ဗျားရဲ့… သမီးလေး ဟုတ်လား” ဆရာကြီးကော အံ့အားသင့်သွားပြီး ရယ်မောလိုက်ပါသည်။ “ခင်ဗျားတို့ကတော့ တကယ် ကံကောင်းတာပဲ!”

အသက် ၇၀ ကျော်တာတောင် သမီးလေး တစ်ယောက် မွေးနိုင်သဖြင့် အဘိုးချင်းတို့ လင်မယားကို ဆရာကြီးကော အလွန် လေးစား အားကျသွားမိပါသည်။

သူ့အသက် ၇၀ တုန်းက အခြေအနေကို သူမှတ်မိသေးသည်။ သမီးလေးမွေးဖို့ မဆိုဦးနဲ့၊ လှေကားထစ်ပေါ် တက်ရတာတောင် အလွန်ပင်ပန်းဖို့ ကောင်းပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့လို အားအင်ပြည့်ဝပြီး တက်ကြွနေကြသော သက်ကြီးပိုင်းတွေကို မြင်လျှင် သူတကယ် အားကျမိပါသည်။

အဘိုးချင်း၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသော အပြုံးတစ်ခု ပေါ်လာပြီး ပြန်ပြောလိုက်သည်။ “ကျွန်တော်တို့ရဲ့ သမီးလေးက တကယ်ပဲ ကျွန်တော်တို့ လင်မယားနှစ်ယောက်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးပါပဲ။ ကျွန်တော်တို့ ဘာမှ နောင်တမရဘူး”

ဆရာကြီးကောက ကမ်းလှမ်းလိုက်သည်။ “ခင်ဗျားတို့ သမီးလေးနဲ့ ကျုပ် ကံကြမ္မာချင်း ဆက်နွယ်နေတယ်လို့ ခံစားမိတယ်။ အဲ့တာကြောင့် ကျုပ်စဉ်းစားနေတာ။ ခင်ဗျားတို့ ရဲ့ သမီးလေးကို ကျုပ် ခေါင်းကိုင်သမီးလေးအဖြစ် ရွေးချယ်ချင်လို့”

စူစူလေးကို စတွေ့တုန်းက ခေါင်းကိုင်မြေးမလေးအဖြစ် အသိအမှတ်ပြုဖို့ စဉ်းစားထားသော်လည်း သူမ ရဲ့ သရုပ်မှန်ကို သိပြီးနောက်မှာတော့ ခေါင်းကိုင်သမီးဟု ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ဆရာကြီးကောက သခင်မလေးချင်းကို ခေါင်းကိုင်သမီးအဖြစ် အသိအမှတ်ပြုချင်တယ် ဟုတ်လား။

ဧည့်သည်တွေအားလုံး အားကျသွားကြသည်။

ကံစမ်းမဲတစ်ခါပေါက်တာ ဒီလောက်ထိ အကျိုးကျေးဇူးတွေ ရသွားတာလား။

စူစူလေးနဲ့ ချင်းမိသားစုဝင်များ၏ တုန့်ပြန်မှုကို အားလုံး စိတ်ဝင်တစား စောင့်ကြည့်နေကြပါသ်ည။

ချင်းရှင်းကျစ်၊ ချင်းဟုဟွိုင်းတို့ ဘာမှဝင်မပြောခဲ့ကြပါ။

ဆရာကြီးကောက နိုင်ငံတော်အဆင့် ပညာရှင်ကြီးဖြစ်ပြီး ပေကျင်းမြို့ရှိ မိသားစုတိုင်းက လေးစားရသည်။ စူစူလေးသာ သူ့ ခေါင်းကိုင်သမီးဖြစ်လာပါက အကျိုးကျေးဇူးတွေ အများကြီး ရှိနိုင်ပါသည်။

ဒီလို အခွင့်အရေးမျိုးက လူတိုင်းအတွက် ဂုဏ်ယူစရာ ဖြစ်သည်။

စူစူလေးသာ လက်ခံလိုက်လျှင် သူမအတွက်လည်း အကျိုးအမြတ်တွေ အများကြီး ရှိပါလိမ့်မည်။

အားလုံး အဘိုးချင်းနဲ့ အဘွားချင်းတို့၏ အဖြေကို စောင့်မျှော်နေကြသည်။

All Chapters