← Chapters

အခန်း (၁၃၈+၁၃၉)

Vol. 6 Ch. 138+139

အခန်း (၁၃၈+၁၃၉)

Vol. 6 Ch. 138+139

အခန်း(၁၃၈) ဆရာကြီးကော အငြင်းခံရခြင်း

သေသေချာချာ စဉ်းစားချင့်ချိန်ပြီးနောက် အဘိုးချင်းက ပြောလိုက်ပါသည်။ “ကျွန်တော်တို့ဘက်ကတော့ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ကျွန်တော့်ဇနီးလည်း ကန့်ကွက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ သမီးလေးရဲ့ ဆန္ဒက အရေးကြီးတယ်။ သူသာ လက်ခံတယ်ဆိုရင် ကျွန်တော်တို့ ခွင့်ပြုပေးမှာပါ။ သူလက်မခံဘူး ဆိုရင်တော့ ကျွန်တော်တို့ ဘာမှ မတတ်နိုင်ဘူး”

“ဟုတ်တာပေါ့။ ကလေးက လက်ခံဖို့ လိုအပ်တယ်” ဆရာကြီးကောက သဘောတူလိုက်ပါသည်။ ထို့နောက် စူစူလေးကို သူလှည့်မေးလိုက်သည်။ “သမီးလေး ဦးလေးရဲ့ ခေါင်းကိုင်သမီးလေး ဖြစ်လာချင်လား”

“ဟင့်အင်း”။ စူစူလေး၏ အသံက နူးညံ့သည်။ သို့သော်လည်း သူမရဲ့ ဆုံးဖြတ်ချက်ကတော့ တွန့်ဆုတ်မှု မရှိဘဲ လုံးဝ ပြတ်သားပါသည်။

ဟင့်အင်းတဲ့! သူတကယ်ကြီး ငြင်းလိုက်တာလား?! ကောင်းကင်ပေါ်က ကျလာတဲ့ ရွှေထုပ်ကို မကောက်ဘဲ ငြင်းလိုက်တာလား?!

ဘေးကလူတွေ အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

သို့သော်လည်း ကလေးမလေးကတော့ ဘာကိုမှ ဂရုစိုက်ပုံမပေါ်ပါ။

“ဘာလို့လဲ။ ဦးလေးကို သဘောမကျဘူးလား” ။ ဆရာကြီးကောက စိတ်မဆိုးပါ။ စူစူလေးကို အကြောင်းအရင်း မေးလိုက်သည်။

“မဟုတ်ပါဘူး သဘောမကျလို့ မဟုတ်ပါဘူး။ ဦးလေးက မဆိုးတော့ သမီး သဘောကျပါတယ်။ ဒါပေမယ့် သမီးမှာ ဖေဖေနဲ့ မေမေ ရှိပြီးသားလေ။ တခြား ဖေဖေ မေမေတွေ မလိုဘူး”။ စူစူလေးက ရှင်းပြလိုက်သည်။

စူစူလေးရဲ့ ယုတ္တိရှိရှိ ရှင်းပြချက်ကို နားထောင်ပြီး ဆရာကြီးကော ပြုံးသွားပါသည်။

“ဟုတ်တာပေါ့။ သမီး ဖေဖေနဲ့ မေမေက အစားထိုးလို့ မရဘူး။ ဒါပေမယ့် ဦးလေးပြောတာ ခေါင်းကိုင်အဖေပါ၊ အဖေ အစစ်မဟုတ်ဘူး မတူဘူး”။ ဆရာကြီးကောက ရှင်းပြလိုက်ပါသည်။

“မလိုချင်ဘူး”။ စူစူလေးက ခေါင်းမာစွာ ငြင်းနေဆဲဖြစ်သည်။ “ဦးလေးကို ဦးလေးလို့ ခေါ်ရတာပဲ တော်လှပြီ။ ထပ်ပြီး မစဉ်းစားနဲ့တော့။ ဦးလေး သမီးလိုချင်ရင် ကိုယ့်ဖာသာကိုယ် မွေးနိုင်အောင် ကြိုးစားသင့်တယ်!”

စူစူလေးက ဆရာကြီးကောကို ပြန်ဆုံးမလိုက်သည်။

သူမရဲ့ အတည်ပေါက် အမူအရာလေးကြောင့် လူကြီးလေးနဲ့ တူနေပါသည်။

ဆရာကြီးကော ခေတ္တကြက်သေသေသွားပြီး ရယ်မောကာ ပြန်ပြောလိုက်ပါသည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ သမီးလေး သဘောပါပဲ။ သမီးလေးကို အနှောင့်အယှက် မပေးတော့ဘူးနော်။ သမီးလေး စိတ်ပြောင်းသွားမှ ထပ်ပြောကြတာပေါ့”

“အင်း လိမ္မာတယ်”။ စူစူလေးက ချီးကျူးလိုက်ပါသည်။

စူစူလေး၏ စိတ်ထဲမှာ သူမက အသက် ၁၀၃ နှစ်အရွယ် နတ်သားရဲ တစ်ကောင်ဖြစ်သည်။ ရှေ့က ဦးလေးကြီးကတော့ အသက် ၈၀ - ၉၀ ဝန်းကျင်သာ ရှိသေး၏။ ထို့ကြောင့် သူမက ပိုပြီး ဝါရင့်ပါသည်။

ထို့ကြောင့် သူ့ကို လိမ္မာသည်ဟု ချီးကျူးလို့ ရသည်။

“ဟားဟားဟားဟား ဟုတ်ပါပြီ။ ဦးလေးက လိမ္မာတယ်မလား”။ ဆရာကြီးကော ရယ်မောကာ ပြန်ပြောလိုက်သည်။

ဧည့်သည်တွေအကုန်လုံး ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။

ဆရာကြီးကောက ခေါင်းကိုင်သမီးအဖြစ် တင်မြှောက်ဖို့ ကမ်းလှမ်းပေမယ့် အငြင်းခံလိုက်ရတာလား။ အငြင်းခံလိုက်ရ ပြီးတော့လည်း စိတ်မဆိုးဘဲ စိတ်ပြောင်းတဲ့အထိ စောင့်နေမယ်လို့ ပြောလိုက်တာလား။

တစ်ယောက်က နိုင်ငံတော်အဆင့် ပညာရှင်ကြီးဖြစ်ပြီး နောက်တစ်ယောက်က ၃ နှစ်ခွဲအရွယ် ကလေးလေးသာ ဖြစ်သည်။ ထိုကလေးလေးက ဆရာကြီးကောကို ပြန်ဆုံးမခွင့် ရှိလို့လား။

သူတို့ တကယ် နားမလည်နိုင်ပါ။

ထို့အပြင် ဆရာကြီးကောကိုလည်း “လိမ္မာတယ်”ဟု ပြောသွားသေးသည်။

သူစိမ်းတွေသာမကဘဲ ချင်းမိသားစုဝင်တွေတောင် နားမလည်နိုင်ကြပါ။

စူစူလေးအပေါ် ဆရာကြီးကော၏ သဘောထားက သူတို့ထင်ထားတာထက် အများကြီး ပိုကောင်းနေပါသည်။

ဘာအကြောင်းအရင်းမှ မရှိဘဲ စူစူလေးအပေါ် သဘောကောင်းနေပါလား။ စူစူလေးက ချစ်ဖို့ကောင်းလို့လား။ ချင်းမိသားစုက ဒီလောက် မတုံးပါ။

ချင်းမိသားစုဝင်တွေ အချင်းချင်း အကြည့်ချင်း ဖလှယ်ကာ သတိထား စောင့်ကြည့်ခဲ့ကြသည်။

အခွင့်အရေးရလျှင် အဘိုးချိုင်ကို အကြောင်းအရင်း မေးကြည့်ရမည်။

ဆရာကြီးကောနဲ့ စကားပြောပြီးနောက် စူစူလေး Tablet ဆီ အာရုံ ပြန်ရောက်သွားခဲ့ပါသည်။

SpongeBob ကာတွန်းကား အပိုင်းက ၃ မိနစ်စာ ကျန်သေးသည်။ သူမ ဒီနေ့ ပြီးအောင် ကြည့်မှဖြစ်မည်။ ဒီနေ့ သူမ ဒီတစ်ပိုင်းပဲ ကြည့်ခွင့်ရှိတာကြောင့်ဖြစ်ပါသည်။

ဒီကို လိုက်လာရတာ ပင်ပန်းလိုက်တာ! ကာတွန်းကား‌ ကောင်းကောင်း ကြည့်မလို့ကို လူတွေက လာလာပြီး နှောင့်ယှက်နေကြတယ်!

--- --- ---

မွေးနေ့ပွဲကြီး ပြီးဆုံးကာ ချင်းမိသားစု အိမ်ပြန်ရောက်သောအခါ ည ၈ နာရီ ထိုးနေပြီဖြစ်သည်။

အိမ်ထဲရောက်သေအာခါ ပုံမှန်ဆို စူစူလေးကို ထွက်ကြိုတတ်သော ဟူကျစ် ဒီနေ့ ပျောက်နေပါသည်။

ဟူကျစ် ဘယ်ရောက်သွားသလဲ စူစူ‌လေး လိုက်ရှာနေစဉ် အိမ်စေ တစ်ယောက်က လာပြောလိုက်သည်။ “သခင်မလေး စူစူ။ ဟိုဘက်အိမ်က အိမ်တော်ထိန်းကျန်း ရောက်လာပြီး ဟူကျစ်လေး သူတို့အိမ်မှာ ရောက်နေတယ်လို့ ပြောပါတယ်။ သူတို့ မောင်းထုတ်တာတောင် မပြန်ဘူးတဲ့။ အဲ့တာကြောင့် သူတို့ ခဏခေါ်ထားလိုက်ရတယ်။ ပြီးတော့ စူစူလေး စိတ်မပူဖို့လည်း အိမ်တော်ထိန်းကျန်းက မှာလိုက်ပါတယ်။ ဟူကျစ်လေးက လိမ်လိမ်မာမာ နေပြီး ကြောင်စာတွေ စားပြီးသွားပါပြီတဲ့”။

… … …

အခန်း(၁၃၉) ဟူကျစ် ဆိုးနေတာလား

“သမီး သွားခေါ်မယ်!”

ထိုသို့ပြောပြီးနောက် စူစူလေးက ခြေထောက်သေးသေးလေးများနဲ့ အိမ်အပြင်သို့ လှစ်ခနဲ ထွက်သွားပါသည်။

ချင်းယုကျီးလည်း သူမနောက်သို့ အမြန်လိုက်သွားပါသည်။

ဘေးအိမ်ကလူတွေက စူစူလေးကို ကယ်တင်ဖူးပြီး စိတ်ပူစရာမလိုသော်လည်း စူစူလေး အပြင်ထွက်သည့်အခါ လူကြီးတစ်ယောက်ပါမှ ဖြစ်ပါမည်။ ချင်းယုကျီး သူမကို တစ်ယောက်တည်း သွားခွင့် မပြုနိုင်ပါ။

စူစူလေး လုအိမ်တော် ခြံဝန်းထဲ အလွယ်တကူ ဝင်သွားခဲ့သည်။ ထို့နောက် သူမနေသည့် အိမ်အလား တံခါးဆီ တန်းတန်းမတ်မတ် ပြေးသွားသည်။

စူစူလေးကို မြင်သောအခါ အိမ်တော်ထိန်းကျန်းက လမ်းပြလိုက်ပါသည်။

“သခင်မလေးစူစူ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ဟူကျစ်လေးက သခင်လေးရဲ့ စာကြည့်ခန်းထဲမှာ ရှိနေပါတယ်”

အိမ်တော်ထိန်းကျန်းက စူစူလေးနဲ့ ချင်းယုကျီးတို့ကို လုကျန်းယွီ၏ စာကြည့်ခန်းထဲသို့ ခေါ်သွားလိုက်ပါသည်။

တံခါးပွင့်သွားတာနဲ့တစ်ပြိုင်နက် စူစူလေး ပြေးဝင်သွားသည်။

“ကိုကြီး!!” စူစူလေး လုကျန်းယွီကို လှမ်းခေါ်လိုက်သည်။

စူစူလေးကို မြင်သောအခါ လုကျန်းယီ ဖတ်လက်စ စာအုပ်ကို ချလိုက်ပြီး ခန္ဓာကိုယ် အနေအထား ပြောင်းလိုက်ကာ စူစူလေးနဲ့ စကားပြောရလွယ်ကူအောင် ဝှီးချဲကို အနည်းငယ် နှိမ့်လိုက်ပါသည်။

“ဟူကျစ်ဘယ်မှာလဲ ကိုကြီး” စူစူလေးက မေးလိုက်သည်။

“ဟိုမှာ” လုကျန်းယွီ ညွှန်ပြလိုက်ပါသည်။

ကြမ်းပြင်ပေါ်မှာ ဟူကျစ် ပက်လက်လှန်ကာ ပျင်းရိပျင်းတွဲ အိပ်ပျော်နေပါသည်။ ဗိုက်ကလည်း အတော်လေး ဖောင်းနေပြီး ဘေးမှာ ကြောင်စာဘူးခွံ ၃ လုံးလည်း ရှိနေသည်။

လုကျန်းယွီတို့ အိမ်မှာ ဟူကျစ် စားလိုက်သောက်လိုက် အိပ်လိုက်နဲ့ ဇိမ်ကျနေမှန်း သိသာပါသည်။

စူစူလေးက ဟူကျစ်ရဲ့ ဂုတ်ကို ဆွဲလိုက်ပြီး မ,ချီလိုက်ပါသည်။

“မြောင်~” ဟူကျစ် မော့ကြည့်လိုက်သောအခါ သူ့သခင်ကို မြင်သဖြင့် ပျင်းရိပျင်းတွဲ အသံထွက်ပြလိုက်သည်။

“ငပျင်းကောင်! ဘာလို့ ကိုကြီးအိမ်မှာ အစာတွေ လာစားနေတာလဲ”။ စူစူလေးက ဆူလိုက်ပါသည်။

“မြောင်မြောင်~”

အိမ်မှာ သူ့သခင် မရှိလျှင် ဟူကျစ်လည်း ပျင်းပါသည်။

“အဲ့တာဆို ကိုကြီးကို အနှောင့်အယှက် ပေးခဲ့သေးလား”

“မြောင် မြောင်!”

မပေးပါဘူး! လုံးဝ မပေးပါဘူး!

စူစူလေးက လုကျန်းယွီကို မေးမြန်းလိုက်ပါသ်ည။ “ကိုကြီး ဟူကျစ် ဆိုးနေသေးလား”

“သူလိမ္မာပါတယ်”။ လုကျန်းယွီက ညင်ညင်သာသာ ပြန်ပြောလိုက်လေသည်။

“အွန်း ဒီကောင်ဆိုးရင် ဥဖြုတ်ပစ်လိုက်မယ်!” စူစူလေး ခြိမ်းခြောက်လိုက်ပါသည်။

လွန်ခဲ့သည့် ရက်ပိုင်းတုန်းက ဟူကျစ် ဆိုးနေတုန်း ချင်းယုကျီး ခြိမ်းခြောက်ခဲ့သော စကားဖြစ်သည်။ စူစူလေး သူ့ထံမှ အတုယူထားတာ ဖြစ်ပါသည်။

“မြောင်! မြောင်!”။ ဟူကျစ် ဓာတ်လိုက်သလို တုန်ယင်သွားပါသည်။

ချင်းယုကျီးပြောတုန်းကတော့ သူဂရုမစိုက်သော်လည်း စူစူလေးကိုတော့ သူသေအောင် ကြောက်ပါသည်။

ဘေးမှ ချင်းယုကျီး ရယ်မောလိုက်သည်။ နောက်ဆုံးတော့ ဒီကောင် ကြောင်ရကောင်းမှန်း သိသွားပြီပေါ့။

နောက်တစ်ခါ သူ့ကို ထပ်အနိုင်ကျင့်ရဲရင် ဥဖြုတ်လိုက်လို့ ရနိုင်တဲ့အကျိုးကျေးဇူးတွေ စူစူလေးကို ပြောပြလိုက်မယ်!

စူစူလေးနဲ့ ဟူကျစ်တို့ကို ကြည့်ရင်း လုကျန်းယွီ ပြုံးမိပါသည်။

ထိုစဉ် ပိုင်ဖုန်းမြန် အခန်းထဲ ဝင်လာခဲ့ပါသည်။

“သခင်လေး အပ်စိုက်ကုထုံး ခံယူဖို့ အချိန်ရောက်ပါပြီ” ပိုင်ဖုန်းမြန် ပြောလိုက်သည်။ လုကျန်းယွီ ပျော်ရွှင်နေတာကို မနှောင့်ယှက်ချင်သော်လည်း အပ်စိုက်ကုထုံးက တစ်ရက်ကလေးတောင် လစ်ဟာသွားလို့ မဖြစ်ပါ။

အသက် ၈ နှစ်သာ ရှိသေးသော်လည်း နေ့တိုင်း နာရီဝက်ခန့် အပ်စိုက်ကုသမှုကို ခံယူရသည်။ ပိုင်ဖုန်းမြန် စိတ်မကောင်းပါ။

“ဟုတ်ကဲ့ပါ”။ လုကျန်းယွီ၏ အပြုံးချက်ချင်း ပျောက်ကွယ်သွားပါသည်။

ထို့နောက် စူစူလေးကို လှည့်ပြောလိုက်သည်။ “စူစူလေး ကိုကြီးအခု အပ်စိုက်ကုထုံး ခံယူရမယ်။ ဟူကျစ်လေးကို ခေါ်ပြီး အိမ်ပြန်လိုက်ပါလား”

“အပ်စိုက်ကုထုံးဟုတ်လား အဲ့တာ ဘာကြီးလဲ” စူစူလေး မေးလိုက်သည်။

“ဆေးကုသတဲ့ နည်းလမ်းတစ်ခုပါ။ ခန္ဓာကိုယ်ပေါ်က တချို့နေရာတွေကို အပ်နဲ့ စိုက်ပြီး ခန္ဓာကိုယ် ပြန်ကောင်းမွန်လာအောင် ကုသပေးတာ”

“ဪ သမီးသိတယ် သမီးသိတယ်! ဦးလေး ပိုင်ဟူကျင်း ပြောဖူးတယ်! သူလည်း အဲ့လို လုပ်တတ်တယ်!”

“အင်း”

“နာလား ကိုကြီး။ အပ်ကြီးတွေက အရှည်ကြီးတွေပဲ”

“မနာပါဘူး။ ကိုကြီးက ခြေထောက်တွေကို မခံစားရဘူး”။ လုကျန်းယွီက စူစူလေးကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပါသည်။

စူစူလေး သူ့ကိုနှစ်သိမ့်လိုက်သည်။ “ဝမ်းမနည်းပါနဲ့ ကိုကြီး! ကိုကြီးခြေထောက်တွေ မကောင်းပေမယ် ကိုကြီးက တကယ်ချောတယ်!”

All Chapters