← Chapters

အခန်း (၁၄၀+၁၄၁)

Vol. 6 Ch. 140+141

အခန်း (၁၄၀+၁၄၁)

Vol. 6 Ch. 140+141

အခန်း(၁၄၀) ဆုချခြင်း

လုကျန်းယွီက စူစူလေး၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။ “ကိုကြီးဘာမှမဖြစ်ပါဘူး။ စိတ်မပူနဲ့နော်”

“ဒါဆို လိမ်လိမ်မာမာနေနော်”။ စူစူလေးက ပြောလိုက်ပြီး ပိုင်ဖုန်းမြန်ကိုလည်း လှည့်ပြောလိုက်ပါသည်။ “ဦးလေး ဖြည်းဖြည်းလုပ်နော်။ ကိုကြီးကို မနာစေနဲ့!”

ပိုင်ဖုန်းမြည်က ခေါင်းငြိမ့်ပြလိုက်ပါသည်။ “အင်းပါ ဦးလေး ဖြည်းဖြည်းလုပ်ပါ့မယ်”

လုကျန်းယွီ၏ ခြေထောက်က ဘာမှမခံစားရတာကို သိသော်လည်း ကလေးမလေးက တောင်းဆိုသဖြင့် ပိုင်ဖုန်းမြန် နွေးနွေးထွေးထွေး ပြန်ပြောလိုက်ခြင်းဖြစ်သည်။

“မြန်မြန် ဆေးထိုးခံလိုက်။ ပြီးရင် သမီး သကြားလုံးနဲ့ ဆုချမယ်!” စူစူလေးက ထပ်ပြောလိုက်ပါသည်။

စူစူလေးအတွက် အပ်စိုက်တာနဲ့ ဆေးထိုးတာနဲ့ အတူတူပဲဖြစ်သည်။ နှစ်ခုစလုံးက ခန္ဓာကိုယ်ထဲ အပ်တွေ ထည့်ရတာချင်း တူညီပါသည်။

“အပ်စိုက်ကုတာ ပြီးတဲ့အထိ စောင့်နေမလို့လား”။ လုကျန်းယွီ မေးလိုက်ပါသည်။

စူစူလေးက ခေါင်းငြိမ့်သည်။ “အွန်း။ ကိုကြီးကြောက်မှာစိုးလို့လေ။ ကိုကြီး ကြောက်ရင် သမီးကိုပြော!”

ထို့နောက် ချင်းယုကျီးကိုလည်း စူစူလေး ဆွဲခေါ်လိုက်ပါသည်။ “တူလေးလည်းလာခဲ့! လူများတော့ ပိုပြီး အားရှိတာပေါ့!”

“ရပါတယ် ရပါတယ်။ ဒါပေမယ့် နင့်ကိုကြီး ရှက်နေရင် ဘယ်လိုလုပ်မလဲ။ ခဏနေ အပ်စိုက်တဲ့အခါ သူ့တင်ပါးတွေ ပေါင်တွေ လှန်ရမှာ။ ငါတို့ကို မြင်စေချင်မယ် ထင်လို့လား”။ ချင်းယုကျီးက အပြုံးဖြင့် ပြောလိုက်သည်။

ချင်းယုကျီးက အတွေ့အကြုံအရ ပြောနေခြင်းဖြစ်သည်။ သူ့တင်ပါးကို ဆေးထိုးခံခဲ့ရသည့် အချိန်ကို ပြန်သတိရမိသည်။ ထိုအချိန်တုန်းက သူ့အစ်ကိုကြီးနဲ့ အမေတို့ သူဆေးထိုးခံရတာကို ရပ်ကြည့်နေခဲ့ကြပါသည်။ ချင်းယုကျီး ရှက်လွန်းသဖြင့် ဆေးထိုးခံရမည့်အစား သေသာသေသွားချင်တော့သည်။

“ကိုကြီးရဲ့ တင်ပါးနဲ့ ပေါင်တွေလှန်ရမှာ ဟုတ်လား”။ စူစူလေးက ချင်းယုကျီးကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး လုကျန်းယွီဘက် ပြန်လှည့်သွားပါသည်။

လုကျန်းယွီက ပုံမှန်ဆို တည်ငြိမ်အေးဆေးသော်လည်း အခုတော့ စူစူလေးရဲ့ အကြည့်အောက်မှာ ရှက်နေပါပြီ။

ဒီကလေးမလေးက သူ့အဝတ်အစားတွေကို ဖောက်ထွင်းပြီး သူ့တင်ပါးနဲ့ ပေါင်တွေကို ကြည့်ဖို့ ကြိုးစားနေသလိုပင်။

ပိုင်ဖုန်းမြန်က စူစူလေးကို ပြောလိုက်ပါသည်။ “စူစူလေး ဦးလေးအပ်စိုက်တဲ့အခါကျရင် ဘေးမှာ တခြားသူတွေ ရှိနေလို့ မရဘူး။ ဦးလေး အာရုံများပြီး အပ်စိုက်တာ နေရာမှားသွားတတ်တယ်။ အဲ့လိုဖြစ်ရင် သခင်လေးလု နာကျင်ရလိမ့်မယ်။ အဲ့တာကြောင့် စောင့်မနေနဲ့တော့နော်”

လုကျန်းယွီ၏ အနေခက်စရာအခြေအနေကို ပိုင်ဖုန်းမြန် ကူညီဖြေရှင်းပေးလိုက်ပါသည်။ သခင်လေးလုက ရှက်နေပြီ ဖြစ်ပြီး စူစူလေးသာ ဆက်စိုက်ကြည့်နေလျှင် ရှက်လွန်းသဖြင့် သေသွားနိုင်သည်။

“အဲ့တာဆို မကြည့်တော့ဘူး။ ကိုကြီးကို နာ‌အောင် မလုပ်နဲ့နော်” စူစူလေး သတိထပ်ပေးလိုက်သည်။

“အင်းပါ ဦးလေး ကတိပေးတယ်”။

“အဲ့တာဆို သမီးတူလေးနဲ့ ပြန်တော့မယ်။ ကိုကြီး ဆေးထိုးခံတာ ပြီးသွားမှ ပြန်လာလည်တော့မယ်!”

ထို့နောက် စူစူလေးက လက်တစ်ဖက်ဖြင့် ဟူကျစ်ကို ချီကာ နောက်လက်တစ်ဖက်ဖြင့် ချင်းယုကျီး၏ လက်ကို တွဲရင်း အခန်းထဲမှ ထွက်သွားတော့သည်။ အခန်းတံခါးကိုလည်း ပြန်ပိတ်ပေးသွားပါသည်။

--- --- ---

နာရီဝက်လောက် ကြာတော့ စူစူလေး ချင်းယုကျီးရဲ့ လက်ကိုတွဲရင်း ပြန်ရောက်လာသည်။

သကြားလုံးအပြည့်ထည့်ထားသည့် ဘူးလေးတစ်ဘူးလည်း ပါလာသည်။

စူစူလေးရောက်လာသောအခါ အပ်စိုက်ကုသမှုလည်း ပြီးဆုံးသွားပါပြီ။

“ကိုကြီး သမီးပြန်လာပြီ!” စူစူလေးက လုကျန်းယွီနားကို ပြေးသွားပြီး သကြားလုံးဘူးလေး ထထုတ်လိုက်သည်။

အရင်တစ်ခေါက်က ဦးလေးပိုင်ဟူကျင်း လာလည်တုန်းက ပေးသွားခြင်းဖြစ်၏။

ထိုသကြားလုံးတွေက ခါးသဖြင့် အစကတော့ သူမ ကိုကြီးကို လက်ဆောင်ပေးဖို့ အစီအစဉ် မရှိခဲ့ပါ။ သို့သော်လည်း ဦးလေး ပိုင်ဟူကျင်းပြောတာကို သူမ သတိရခဲ့သည်။ နေမကောင်းဖြစ်သည့်အခါ ဒီသကြားလုံးတွေကို စားလိုက်ပါက အမြန် ပြန်သက်သာနိုင်သည်ဟု ဆို၏။ ထို့ကြောင့် သူမ ကိုကြီးထံ အနည်းငယ် ယူလာပြီး လက်ဆောင်ပေးဖို့ ကြံလိုက်ခြင်း ဖြစ်ပါသည်။

“ကိုကြီးအတွက် ဆုချတာ! သကြားလုံး!” စူစူလေးက ရက်ရောစွာ ပြောလိုက်ပြီး သကြားလုံး ဘူးတစ်ဘူးလုံးကို ပေးလိုက်ပါသည်။

ဟူကျစ်ကတော့ ဘေးမှာ ခုန်ပေါက်နေသည်။

“မြောင် မြောင် မြောင်--!”

သူ့အတွက် တစ်လုံးလောက်တော့ ချန်ထားပါဦး!!

ဟူကျစ် စားစရာ သကြားလုံး မရှိတော့မည်စိုးသဖြင့် စိတ်ပူပြီး စားပွဲခုံခြေထောက်ကို လက်သည်းဖြင့် ကုတ်နေပါသည်။

လုကျန်းယွီက သကြားလုံးဘူးလေးကို ကြည့်ကာ ပြောလိုက်ပါသည်. “ကျေးဇူးတင်ပါတယ်။ လက်ဆောင်ပေးတာကို အသိအမှတ်လည်း ပြုပါတယ်။ ဒါပေမယ့် သကြားလုံးတွေကို စူစူလေးပဲ သိမ်းထားလိုက်ပါ”

“သမီးမကြိုက်ဘူး။ အရမ်းခါးလို့။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အချိန် ဒီသကြားလုံးကို စားရင် အမြန် ပြန်ကောင်းမယ်လို့ ဦးလေးပိုင်ဟူကျင်းက ပြောသွားတယ်။ အဲ့တာကြောင့် သမီး ကိုကြီးအတွက် ယူလာပေးခဲ့တာ” စူစူလေး ရှင်းပြလိုက်ပါသည်။

… … …

အခန်း(၁၄၁) မမလှလှတစ်ယောက်က ကူရှာပေးမယ်

“ကျေးဇူးတင်ပါတယ် ဒါပေမယ့် စူစူလေး စားဖို့ပဲ သိမ်းထားလိုက်ပါ”

စူစူလေးက စေတနာနဲ့ လက်ဆောင်ပေးတာမှန်း လုကျန်းယွီသိပါသည်။ သို့သော်လည်း သူတကယ် ဘာသကြားလုံးမှ မလိုအပ်ပါ။

ထို့အပြင် စူစူလေးကပဲ သကြားလုံး ပိုစားသင့်သည်ဟု လုကျန်းယွီ ထင်မိပါသည်။ စူစူလေးကော သကြားလုံးတွေကော အလွန်ချိုမြိန်တာကြောင့် ဖြစ်သည်။

“ကိုကြီး မစားချင်တာ သေချာလား”။ စူစူလေးက မေးလိုက်ပါသည်။

“အင်း သေချာတယ်” လုကျန်းယွီ သိမ်သိမ်မွေ့မွေ့ ငြင်းဆန်လိုက်သည်။

ဘေးနားမှာ ရပ်ကြည့်နေသော ချင်းယုကျီး မနာလို ဖြစ်သွားပါသည်။ စူစူလေးဆီက သကြားလုံးတွေကို သူတစ်ခါမှ မမြည်းစမ်းဖူးသေးပါ။

ဒီ သခင်လေးလု သူ့ကိုယ်သူ ဘယ်လောက် ကံကောင်းမှန်း မသိဘူးလား!

သို့သော်လည်း ချင်းယုကျီး ရင်ထဲကသာ မနာလိုဖြစ်နိုင်သည်။ ထုတ်ပြောလို့ မရပါ။

ဘာပဲဖြစ်ဖြစ် လုကျန်းယွီက စူစူလေးရဲ့ အသက်ကို ကယ်တင်ပေးထားတာ ဖြစ်သည်။

စူစူလေးက တွန့်ဆုတ်နေဆဲ ဖြစ်သည်။ “ဒါပေမယ့် ကိုကြီးကို ဆုချမယ်လို့ သမီးပြောထားတယ်လေ! သမီးစကားကို တည်မှဖြစ်မှာပေါ့!”

ပိုင်ဖုန်းမြန်က လုကျန်းယွီကိုယ်စား ရှင်းပြပေးလိုက်ပါသည်။ “စူစူလေး၊ သခင်လေးလုက ဘယ်အစားအစာကိုမလို လက်လွတ်စပယ် စားလို့ မရဘူး။ သမီးယူလာတဲ့ သကြားလုံးလေးတွေက အသုံးဝင်နိုင်ပေမယ့် သခင်လေးလုနဲ့ တည့်ချင်မှ တည့်မှာ။ အဲ့တာကြောင့် သမီးစေတနာကို နားလည်ပေမယ့် သူစားလို့မရနိုင်ဘူး”

“ဪ အဲ့လိုလား! ရပါတယ် အဲ့တာဆို နောက်တစ်ခါမှ ကိုကြီးအတွက် ဆုနောက်တစ်ခု ယူလာပေးမယ်!” စူစူလေးက သကြားလုံးဘူးကို ပြန်ယူလိုက်ပါသည်။

သူမ လက်ထဲက သကြားလုံးဘူးလေးကို ငုံ့ကြည့်ပြီး စူစူလေး တွေးလိုက်သည်။ ဦးလေးပိုင်ဟူကျင်းရဲ့ သကြားလုံးတွေက တကယ် လူကြိုက်မများဘူးပဲ။

“ဘာလက်ဆောင်မှ ယူလာစရာမလိုပါဘူး။ စူစူလေး လာလည်တာကိုပဲ ကိုကြီး ပျော်နေပါပြီ”။ လုကျန်းယွီက ပြောသည်။

“ဒါဆို ဟူကျစ်နဲ့တူတူ သမီးခဏခဏ လာလည်မယ်လေ!” စူစူလေး ပြောလိုက်သည်။

“ဟုတ်ပါပြီ”။ လုကျန်းယွီ ပြုံးလိုက်ပါသည်။ အပ်စိုက်ကုထုံးကြောင့် စိတ်ပင်ပန်းနေသမျှ ချက်ချင်း ပျောက်ကွယ် သွားသလိုပင်။

ထိုစဉ် ပိုင်ဖုန်းမြန်၏ ဖုန်းသံ မြည်လာသည်။

ပိုင်ဖုန်းမြန် ဖုန်းအမြန်ကိုင်လိုက်ပြီး ဖုန်းထဲကလူကို အရေးတကြီးပြောလိုက်ပါသည်။

“ဟုတ်တယ် မင်းဆရာကြီးရှုယီအကြောင်း ကြားထားလို့လား”

“သေချာရဲ့လား။ ကျေးရွာဘက်မှာလား။ တည်နေရာအတိအကျ မသိရသေးဘူးလား”

“ဒါဆိုလည်း ဆက်ရှာနေဦး။ ရှာတွေ့ရင်လည်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် စိတ်တိုအောင် မလုပ်နဲ့နော်”

“သတိထား သူက စိတ်ဆတ်တယ်တယ်”

“ဟုတ်တယ် ဟုတ်တယ် အဲ့လိုလုပ်လိုက်…”

ပိုင်ဖုန်းမြန်၏ ပုံစံက ပျော်လည်းပျော် ကြောက်လည်းကြောက်နေသည့်် ပုံစံဖြစ်သည်။

အရင်တစ်ခေါက်က ဆရာကြီးရှုယီနဲ့ ဆုံပြီးကတည်းက သူနဲ့ လုမိသားစုတို့ ဆရာကြီးရှုယီကို ဆက်လက်ရှာဖွေ ခဲ့ကြသည်။

ယခုတော့ ဆရာကြီးရှုယီ ဘယ်မှာရှိနေသလဲဆိုသည့် သတင်းတစ်ခု ရလာခဲ့ပါပြီ။

ဖုန်းချပြီးနောက် လုကျန်းယွီကို ပိုင်ဖုန်းမြန် စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။ “သခင်လေး။ ဆရာကြီးရှုယီ ဘယ်မှာရှိနေသလဲဆိုတာ ကျုပ်တို့ ခန့်မှန်းလို့ ရပြီထင်တယ်။ ဆရာကြီးရှုယီကို တွေ့ရဖို့ သိပ်မကြာတော့ဘူး!”

“အင်း…” လုကျန်းယွီ၏ တုန့်ပြန်မှုက သိပ်ပြီး စိတ်လှုပ်ရှားမှု မရှိပါ။

ဆရာကြီးရှုယီကို တွေ့ရင်တောင် တစ်ဖက်လူက သူ့ကို ကုသပေးချင်စိတ်ရှိမှဖြစ်မည်။ ထို့ကြောင့် သူပျော်ဖို့ စောလွန်းပါသေးသည်။

“သခင်လေး စိတ်ချပါ။ ဆရာကြီးရှုယီဘက်က ဘာတွေပဲ တောင်းဆိုပါစေ ကျုပ်တို့ အစွမ်းကုန် ဖြည့်ဆည်းပေးသွားမှာပါ”။ လုကျန်းယွီကို ပိုင်ဖုန်းမြန် ကတိပေးလိုက်သည်။ လုကျန်းယွီရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်အရိပ်အယောင် ပြန်လည်ထင်ပေါ်လာတာကို ပိုင်ဖုန်းမြန် မြင်ချင်ပါသည်။

“အင်း ဆရာကြီးလည်း ပင်ပန်းသွားပြီ”။ လုကျန်းယွီက သိပ်ပြီးမျှော်လင့်မထားသော်လည်း ဆရာကြီးပိုင်နဲ့ တခြားသူတွေရဲ့ ကြိုးစားအားထုတ်မှုအတွက်တော့ ကျေးဇူးတင်ခဲ့ပါသည်။

--- --- ---

အိမ်အပြန်လမ်းတွင် စူစူလေးက ချင်းယုကျီး၏ လက်ကိုတွဲရင်း မေးလိုက်သည်။ “တူလေး အဲ့ဒီ ရှုယီဆိုတဲ့လူကြီးက သူတို့ပြောသလို အရမ်းတော်တာပဲလား”

“အင်း အရမ်းကိုတော်တယ်”

“ဒါဆို ကိုကြီးကို ကူရှာပေးရအောင်!”

“သူ့ကို ဘယ်မှာသွားရှာရမလဲ ငါလည်းမသိဘူး။ ပြီးတော့ သူတို့စကားပြောနေတဲ့ ပုံစံအရဆို ရှာတွေ့ရင်တောင် ဒီ့ထက်ကြီးတဲ့ ပြဿနာတွေ ရှိဦးမယ်ထင်တယ်”

“လူတွေရှာတာ တော်တဲ့ မမလှလှတစ်ယောက်ကို သိတယ်! သူ့ကို အကူအညီ တောင်းလိုက်မယ်!”

All Chapters