← Chapters

အခန်း (၁၄၂+၁၄၃)

Vol. 6 Ch. 142+143

အခန်း (၁၄၂+၁၄၃)

Vol. 6 Ch. 142+143

အခန်း(၁၄၂) Hacker မမလေး

စူစူလေးက ဆုံးဖြတ်ပြီးတာနဲ့တစ်ပြိုင်နက် ချင်းယုကျီးကို ဆွဲပြီး အိမ်ကို အမြန်ပြေးသွားခဲ့ပါသည်။ ချင်းယုကျီးလည်း ဘာမှမတတ်နိုင်ဘဲ စူစူလေးရဲ့ ခြေလှမ်းကိုမှီအောင် လိုက်ရလေသည်။

“ချင်းစူစူ ဖြည်းဖြည်းသွားစမ်းပါဟ! အရင်ဆုံး နင်ပြောတဲ့ မမလှလှအကြောင်းကို ပြောပြပါဦး။ နင့်မှာ မမလှလှတွေက အများကြီးရှိတာ။ ရုပ်ချောတဲ့လူတိုင်းကို နင်က ‘ကိုကြီး’လို့ခေါ်တယ်။ ပြီးတော့ မိန်းကလေးတိုင်းကိုလည်း ‘မမလှလှ’လို့ လိုက်ခေါ်နေတာကို”

စူစူလေးရဲ့ တခြားသူတွေကို ဘယ်လိုခေါ်ရမလဲ စဉ်းစားနည်းကို ချင်းယုကျီး အနည်းငယ် နားလည်လာပါပြီ။

“မျက်မှန်တပ်ထားတဲ့ မမလှလှလေ”

ပြောပြောဆိုဆိုနဲ့ စူစူလေး ခြေလှမ်းတွေကို ပိုသွက်လိုက်သည်။ ဒီအသက်အရွယ်လေးနဲ့ စိတ်မြန်လက်မြန် လုပ်တတ်နေပါပြီ။

အိမ်ပြန်ရောက်လာပြီးနောက် အဘွားချင်းကို စူစူလေး သွားတွေ့ခဲ့သည်။

“မေမေ သမီးဖုန်းဆက်ချင်လို့!” အဘွားချင်းကို စူစူလေး ပြောလိုက်သည်။

သူမက အသက် ၃ နှစ်ခွဲသာ ရှိသေးသဖြင့် ကိုယ်ပိုင်ဖုန်း မရှိပါ။ ထို့ကြောင့် ဖုန်းဆက်ဖို့အတွက် သူမ မိဘတွေကို ပြောရသည်။

“ဘယ်သူ့ကို ဖုန်းဆက်ချင်လို့လဲ သမီးလေး”။ အဘွားချင်းက မေးလိုက်သည်။ လက်ကလည်း စူစူလေး မှတ်သားထားသည့် ဖုန်းနံပါတ်စာအုပ်လေးကို ထုတ်လိုက်ပါသည်။

“မမလှလှ!”

“ဘယ်တစ်ယောက်လဲ”

“မျက်မှန်တပ်ထားတဲ့ တစ်ယောက်!”

“အစ်မ ရှောင်းကျစ်ကို ပြောတာမလား”။ အဘွားချင်း ချက်ချင်း နားလည်သွားပါသည်။

“ဟုတ်တယ်!” စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

အဘွားချင်းက ဖုန်းနံပါတ်စာအုပ်ထဲမှာ ဖုန်းနံပါတ်တစ်လုံးကို ရှာဖွေလိုက်ပြီး စူစူလေးအတွက် ဆက်ပေးလိုက်သည်။

“ဟယ်လို”။ တစ်ဖက်မှ မိန်းကလေးငယ် တစ်ယောက်၏ အသံထွက်ပေါ်လာပါသည်။

“ဟယ်လို မမလှလှ!” စူစူလေး အော်ခေါ်လိုက်သည်။

“စူစူလေးလား”

“ဟုတ်တယ် စူစူလေး”

“လူဆိုးမလေး ငါ့ကို ဖုန်းဆက်ရကောင်းမှန်း သတိရသေးတယ်ပေါ့”

“ဟီးဟီး။ မမလှလှ သမီး လူတစ်ယောက်ကို ရှာနေတာ ကူညီပေးပါလား”

“ရတယ်လေ အဲ့ဒီလူနဲ့ ပတ်သတ်ပြီး ဘာတွေသိထားလဲ။ နာမည်တို့ ပုံပန်းသဏ္ဌာန်တို့၊ အရပ်အမောင်းတို့ ဘယ်လို အချက်အလက်မဆို အဆင်ပြေတယ်”

“သူ့နာမည်က ရှုယီတဲ့။ သမီးမရေးတတ်ဘူး။ သမီးတူလေးကို ရေးခိုင်းလိုက်မယ်”

“ရှုယီကို ရှာနေတာလား။ လူတွေကို ဆေးလိုက်ကုပေးတဲ့လူကြီးလား”

ဖုန်းတစ်ဖက်မှ မိန်းကလေးက အံ့အားသင့်စွာ မေးလိုက်ပါသည်။

“ဟုတ်တယ်။ ကိုကြီး နေမကောင်းလို့လေ အဲ့တာကြောင့် ရှုယီရဲ့ အကူအညီကို လိုနေတာ”။ စူစူလေးက ရှင်းပြသည်။

“ကိုကြီး ဟုတ်လား။ ဘယ်က ကိုကြီးလဲ။ စူစူလေး အရမ်းစိတ်ပူနေတဲ့ ကိုကြီးဆိုတာဘယ်သူလဲ။ ငါမနာလို ဖြစ်လာပြီနော်”

“အရမ်းတော်တဲ့ ကိုကြီးပါ။ အရင်တစ်ခေါက် သမီး လမ်းပျောက်နေတုန်းက အိမ်ပြန်လိုက်ပို့ပေးခဲ့တာ!”

“ဪ အဲ့လိုကိုး။ အဲ့တာဆို စူစူလေးရဲ့ ကယ်တင်ရှင်ပေါ့။ ဟုတ်ပါပြီ။ ရှုယီကို ရှာပေးမယ်နော်”

“အွန်း!”

“ဒီဖုန်းကိုပဲ ပြန်ဆက်လိုက်ရမှာလား”

စူစူလေးက အဘွားချင်းကို မော့ကြည့်လိုက်သည်။ အဘွားချင်းက ခေါင်းငြိမ့်ပြလိုက်ပါသည်။

“ဒီဖုန်းကိုပဲ ပြန်ဆက်လိုက်”

“အိုကေ ငါစုံစမ်းပြီးရင် ပြန်ဆက်လိုက်မယ်နော်။ ခဏပဲစောင့် စူစူလေး”

“အင်းပါ ရပါတယ်! ကျေးဇူးတင်ပါတယ် မမလှလှ!”

“ရပါတယ်ရှင် ရပါတယ်! စူစူလေးကို ကူညီပေးရတာ ဂုဏ်ရှိပါတယ်။ ခဏလေးပဲစောင့်နော် စူစူလေး။ တစ်ခုခု သိရတာနဲ့ ဖုန်းပြန်ဆက်ပေးမယ်!”

ချီးကျူးခံရတာကို စူစူလေး သဘောကျသွားပါသည်။ မမလှလှက အလွန်ချစ်ဖို့ကောင်းသည်။

ဖုန်းချပြီးနောက် ချင်းယုကျီးက စူစူလေးကို မေးလိုက်ပါသည်။ “စူစူလေး အဲ့ဒီ မမလှလှက ဘာအလုပ် လုပ်တာလဲ”

“မသိဘူး”

“မသိဘူး ဟုတ်လား။ အဲ့တာဆို သူလူရှာတာ တော်မှန်း နင်ဘယ်လိုလုပ်သိလဲ”

“ဒီတိုင်းပဲ သူက လူရှာတာတော်တာ! ဒေါ်လေးနျို့ရဲ့ မြေးလေး ပြန်ပေးဆွဲခံရတုန်းက မမလှလှ ကွန်ပျူတာပေါ်မှာ တဒေါက်ဒေါက်နဲ့ ရိုက်လိုက်တော့ ရှာတွေ့သွားကော!” စူစူလေးက ရှင်းပြလိုက်သည်။

ချင်းယုကျီးက နားမလည်နိုင်စွာ သူ့အဘွားကို လှည့်ကြည့်လိုက်ပါသည်။

အဘွားချင်းက ရှင်းပြပေးလိုက်သည်။ “ရှောင်းကျစ်က အရမ်းသဘောကောင်းတဲ့ ကလေးမလေးပါ။ ကွန်ပျူတာလည်း အရမ်း ကျွမ်းကျင်တယ်။ ရွာမှာတုန်းက ဒေါ်လေးနျို့ရဲ့ မြေးလေး ကျောင်းတက်နေရင်း ပြန်ပေးဆွဲခံခဲ့ရတယ်။ ရှောင်းကျစ်က သူ့ကွန်ပျူတာစကေးတွေကို သုံးပြီး လုံခြုံရေးကင်မရာတွေကို ဖောက်ဝင်ပြီးတော့ ခြေရာခံရင်း ပြန်ပေးသမားတွေကို ၃ ရက်အတွင်း တွေ့အောင် ရှာနိုင်ခဲ့တာ”

“အဲ့လိုလား။ အဲ့တာကြောင့် လူရှာတာ တော်တယ်လို့ ပြောတာလား”။ ချင်းယုကျီး နားလည်သွားပါသည်။ ထို့နောက် သူထပ်မေးလိုက်၏။ “စူစူလေးက ရှောင်းကျစ်နဲ့ ဘယ်လိုသိတာလဲ”

ဒီလောက်တောင် ထူးချွန်နေတဲ့ Hacker မျိုးတွေက ဆက်သွယ်ရတာ ခက်တယ် မဟုတ်ဘူးလား။

… … …

အခန်း(၁၄၃) တူလေး နောက်တစ်ယောက်

အဘွားချင်းက ထပ်ရှင်းပြလိုက်ပါသည်။ “တစ်ခါတုန်းက ရှောင်းကျစ်စီးလာတဲ့ ဘတ်စ်ကား တောင်တက်လမ်းမှာ မှောက်သွားလို့လေ။ အထဲက လူတွေ ဘယ်သူမှ အပြင်မထွက်နိုင်ဘဲ ပိတ်မိနေကြတာ။ နင့်အဘိုးနဲ့ ငါနဲ့ အဲ့ဒီကနေ ဖြတ်သွားရင်း တွေ့ခဲ့တာ။ ငါတို့တွေ သက်ဆိုင်ရာကို ဖုန်းဆက်နေတုန်း စူစူလေးက ဘတ်စ်ကားကို အတည့်ပြန်လှန်ပေးလိုက်တာလေ”

ချင်းယုကျီး: “…”

ဘတ်စ်ကားကို… အတည့်ပြန်လှန်ပေးလိုက်တယ်?

သူအံ့ဩစရာ လိုသေးလို့လား။ ကြည့်ရတာ သူ့စာကြည့်ခန်းတံခါး ကံကောင်းသွားပုံရသည်။ ဒီကလေးမလေး သူ့တံခါးကို မတော်တဆ ဖျက်ဆီးလိုက်မိတာသာဖြစ်မည်။ ခွန်အားအပြည့်သာ သုံးခဲ့ပါက မတွေးဝံ့စရာပင်။

အဘွားချင်းက ဆက်ရှင်းပြလိုက်သည်။ “အဲ့တုန်းက ဘတ်စ်ကားပေါ်မှာ သေတဲ့သူကသေ၊ သတိလစ်တဲ့လူက လစ်နဲ့မို့လို့ ဘတ်စ်ကားကို ဘယ်သူ အတည့်ပြန်လှန်ပေးလိုက်တာလဲဆိုတာ မသိခဲ့ကြဘူး။ အဲ့တုန်းက ရှောင်းကျစ်တစ်ယောက်တည်း သတိမလစ်ဘဲ အကောင်းတိုင်းရှိနေတာလေ။ အဲ့တာကြောင့် သူအကုန်လုံးကို မြင်သွားတယ်။ ဆေးရုံကဆင်းပြီးတော့ ရွာကိုလာပြီး သူ့အသက်ကို ကယ်ပေးတဲ့အတွက် စူစူလေးကို ကျေးဇူးလာတင်ခဲ့တာ”

ချင်းယုကျီးက ပြုံးကာ စူစူလေး၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။ “ဒါဆို ကုသိုလ်တွေ အများကြီး လုပ်ဖူးတာပေါ့!”

“ဒါပေါ့!” စူစူလေးက ခေါင်းမော့ကာ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။ “ပြီးတော့ နင်ငါ့ခေါင်းကို ပွတ်ပေးလို့ မရဘူး!”

“ဘာလို့ မရတာလဲ။ နင့် ကိုကြီးလုကိုကျတော့ ကိုင်ခွင့်ပေးပြီးတော့ ငါ့ကျတော့ ဘာလို့ ခွင့်မပြုတာလဲ။ မနာလိုလိုက်တာ!”

“ကိုကြီးက ကိုကြီးပဲ။ နင်က ငါ့တူလေးလေ။ ကိုကြီးက ငါ့ထက်အသက်ပိုကြီးတယ် အဲ့တာကြောင့် သူ့ကို ခွင့်ပြုတာ။ နင်က ငါ့ထက် ငယ်လို့ ငါ့ခေါင်းကို ကိုင်ခွင့်မရှိဘူး!” စူစူလေးက ရှင်းပြလိုက်ပါသည်။

ချင်းယုကျီး ပြန်ချေပချင်သော်လည်း စကားလုံးရှာမရခဲ့ပါ။ ဒီသတ္တဝါလေးက ဘာလို့ သူ့အမေ ဒါမှမဟုတ် သူဒေါ်လေး တစ်ယောက်ယောက်ရဲ့ သမီးအဖြစ် မွေးမလာရတာလဲ။ ဒီလိုသာဆို ဘာမှ ကြောက်စရာမလိုဘဲ သူ့ခေါင်းကို စိတ်ကြိုက် ပွတ်ပေးလို့ရလိမ့်မည်။

အခုတော့ သူ့ဒေါ်လေး ဖြစ်နေသဖြင့် ဘာမှ မတတ်နိုင်ပါ။

စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!

--- --- ---

နောက်တစ်နေ့ မနက်စောစောအချိန် သပ်သပ်ရပ်ရပ် လှလှပပ ကောင်လေးတစ်ယောက် ခရီးဆောင်အိတ်ကြီး တစ်ခုကို ဆွဲလျက် ချင်းအိမ်တော်ရှေ့ကို ရောက်လာပါသည်။

သူ့ကို ‌လှပသည်ဟု ခေါ်တာ အမှားအယွင်း မဟုတ်ပါ။ ယောက်ျားလေးဖြစ်သော်လည်း နူးညံ့သိမ်မွေ့သည့် မျက်နှာ အစိတ်အပိုင်းများကြောင့် မြင်သည့် မိန်းကလေးတိုင်း မနာလို အားကျရသည်။ သူ့မျက်နှာက မိန်းကလေး တစ်ဦးနဲ့တောင် တူနေပါသည်။

ချင်းယုကျီး ခြံတံခါးသွားဖွင့်ပေးလိုက်သည်။ ထို့နောက် အံ့အားသင့်စွာ မေးလိုက်ပါသည်။ “ယုချဲ မင်းဘာလာလုပ်တာလဲ”

ဒီလူက သူ့ဝမ်းကွဲအစ်ကို ချင်းယုချဲဖြစ်ပါသည်။

သူ့ ဒုတိယဦးလေးက ပေကျင်းမြို့မှာ နေထိုင်သဖြင့် သူ့ဝမ်းကွဲအစ်ကိုနဲ့ တခြားသူတွေကလည်း ပေကျင်းမြို့မှာပဲ အခြေချခဲ့ကြသည်။ အားလပ်ရက်တွေရောက်မှသာ ဟွာချန့်မြို့ကို ပြန်လာနိုင်ပါသည်။

“ငါ့အဖေ လွှတ်လိုက်တာ”။ ချင်းယုချဲက ပြန်ပြောလိုက်ပြီး သူ့ခရီးဆောင်အိတ်ကို ဆွဲလျက် အိမ်တော်ကြီးဆီ လျှောက်လာခဲ့ပါသည်။

ချင်းယုကျီးတစ်ယောက် အူတူတူဖြင့် ချင်းယုချဲနဲ့အတူ အိမ်တော်ထဲ လိုက်ဝင်လာခဲ့ပါသည်။

အထဲရောက်တာနဲ့တစ်ပြိုင်နက် ဧည့်ခန်းထဲမှာ ထိုင်နေသော လူကြီးတွေကို ချင်းယုချဲ အတိုချုန်း နှုတ်ဆက်လိုက်ပါသည်။

“အဘိုး၊ အဘွား၊ ဦးလေးနဲ့ ဒေါ်လေးတို့”

ချင်းယုချဲက စကားနည်းသူဖြစ်သည်။ ပုံမှန်ဆို စကားအများကြီး မပြောတတ်ပါ။

စူစူလေးကို ချင်းယုချဲ လျစ်လျူရှုလိုက်ပါသည်။ သူမကို မမြင်တာကြောင့် သို့မဟုတ် သဘောမကျတာကြောင့် မဟုတ်ပါ။ စူစူလေးကို ဒေါ်လေးဟု မခေါ်နိုင်တာကြောင့် ဖြစ်ပါသည်။

စူစူလေး၏ မျက်နှာလေးက ချင်းယုချဲကို စိတ်ဝင်တစား ကြည့်နေသည်။ စိတ်ထဲမှလည်း မမလှလှဟု တွေးနေပါသည်။

ဒီ မမလှလှက ဘာလို့ သူမမိဘတွေကို အဘိုးနဲ့အဘွားလို့ခေါ်လိုက်တာလဲ။ သူမ တူလေးလည်း ဒီလိုပဲ ခေါ်တာမလား။

ဒါဆို ယုကျီးလိုပဲ သူလည်း တူလေးပဲလား။

မဟုတ်သေးပါဘူး။ တူလေးယုကျီးက ယောက်ျားလေး၊ ဒီမမလှလှက မိန်းကလေးဆိုတော့ မိန်းကလေးတွေက တူလေး ဖြစ်လို့ မရဘူး!

“အာ့ချဲ ဘယ်လိုဖြစ်ပြီး ရောက်လာတာတုန်း”။ အဘွားချင်းက အံ့အားသင့်စွာ မေးလိုက်ပါသည်။

ချင်းယုချဲ ဘာမှ ပြန်မပြောနိုင်ခင် အဘွားချင်း၏ ဖုန်းသံမြည်လာခဲ့သည်။ ချင်းယန်ကျစ်က Video Call ခေါ်နေခြင်း ဖြစ်ပါသည်။

အဘွားချင်း ဖုန်းကိုင်လိုက်၏။

“အမေ ဟိုကောင်လေး ရောက်လာပြီလား”။ ချင်းယန်ကျစ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်ပါသည်။

“ခုလေးတင်ပဲ ရောက်တာ။ ဘယ်လိုဖြစ်တာလဲ။ နောက်ဆုံးတော့ ယုချဲကို ဒီအဘိုးကြီး အဘွားကြီးတွေနဲ့ လာနေခွင့် ပေးလိုက်ပြီပေါ့”။ အဘွားချင်းက ကျီစယ်လိုက်ပါသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ အဖေနဲ့ အမေ့ကို ပြုစုပေးဖို့အတွက် အဲ့ကောင်လေးကို လွှတ်လိုက်တာ။ ပြီးတော့ တစ်လက်စတည်း ကျွန်တော့်ညီမလေးကိုပါ ချက်ပြုတ်ကျွေးမွေးပေးလို့ ရအောင်လေ ဟဲဟဲဟဲ”။ ချင်းယန်ကျစ် ရှင်းပြလိုက်ပါသည်။

All Chapters