အခန်း (၁၄၄+၁၄၅)
Vol. 6 Ch. 144+145
အခန်း(၁၄၄) သူ့ညီမလေးကို စောင့်ရှောက်ဖို့ လွှတ်လိုက်တာ
“ငါတို့ သမီးလေးအတွက် ချက်ပြုတ်ပေးဖို့ ဟုတ်လား”။ အဘွားချင်းက မယုံသင်္ကာမျက်နှာဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ အဲ့ဒီကောင်က တစ်နေကုန်တစ်နေကန်း အချက်အပြုတ်ပဲ လေ့လာနေတာလေ။ နိုင်ငံတကာဆုတွေ တစ်ဆုပြီးတစ်ဆု ရထားပေမယ့် ဘာအသုံးဝင်မှာလဲ။ လက်တွေ့မှာ ဘာမှ အသုံးမချနိုင်သေးဘူး။ အခု အဖေနဲ့ အမေလည်း ပြန်ရောက်လာပြီး ကျွန်တော့် ညီမလေးလည်း ပါလာပြီဆိုတော့ အမေတို့အတွက် အရသာလည်းရှိ၊ အာဟာရလည်း ဖြစ်စေမယ့် ဟင်းလျာတွေ ဒီကောင့်ကို ချက်ပြုတ်ခိုင်းလိုက်။ အဲ့တာမှ ဒီကောင် အသုံးဝင်မှာ!” ချင်းယန်ကျစ်က ရှင်းပြလိုက်ပါသည်။
ချင်းယုချဲက ကြယ်ပွင့်စားဖိုမှူး တစ်ယောက်ဖြစ်သည်။ အချက်အပြုတ်နဲ့ပတ်သတ်သည့် ဆုတွေလည်း အများကြီး ရဖူးပါသည်။
သို့သော်လည်း သူ့မှာ သီးခြားနေတတ်သည့် စရိုက်ရှိသည်။ လူတောလည်း သိပ်မတိုးပါ။ အချက်အပြုတ် စွမ်းရည် ကောင်းမွန်သော်လည်း စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ပြီး သူများတွေအတွက် ချက်ပြုတ်ပေးရတာမျိုး မလုပ်ချင်ပါ။ အမြဲတမ်း အချက်အပြုတ်ပညာကို လက်တွေ့ အသုံးမချဘဲ ဆက်လက်လေ့လာနေခဲ့သည်။
ဝူရှားဝတ္ထုတွေထဲက သိုင်းကျင့်ဖို့သာ စိတ်ထဲရှိသည့် သိုင်းဇာတ်ကောင်တွေနဲ့ ဆင်တူပါသည်။
ကံကောင်းစွာဖြင့် ချင်းမိသားစုက ပြည့်စုံသဖြင့် ချင်းယန်ကျစ်က သူ့သားကို ဘာအလုပ်မှ မလုပ်ခိုင်းသေးဘဲ အချက်အပြုတ်ပညာကိုပဲ ဆက်လေ့လာစေခဲ့သည်။
“အာ့ချဲကို ငါတို့အတွက် ချက်ပြုတ်ပေးခိုင်းမလို့ ဟုတ်လား။ အဲ့တာ သူ့ပါရမီကို ဖြုန်းတီးရာ မကျဘူးလား”။ အဘွားချင်း မေးလိုက်ပါသည်။
“မကျပါဘူး လုံးဝ ဖြုန်းတီးရာ မကျဘူး! အဖေ၊ အမေနဲ့ ကျွန်တော့်ညီမလေးအတွက် ချက်ပြုတ်ပေးရတာ သူ့အတွက်တောင် ကောင်းသေးတယ်!” ချင်းယန်ကျစ်က ပြန်ပြောလိုက်ပါသည်။
သို့သော်လည်း အမှန်တရားက ဒီလို မဟုတ်ပါ။ အရင်တစ်ခေါက် ဟွာချန့်မြို့ကို ချင်းယန်ကျစ်ရောက်လာပြီး စူစူလေးကို မြင်သွားကတည်းက သူ့ညီမလေးအကြောင်း ခေါင်းထဲမှ မထုတ်နိုင်ခဲ့ပါ။ အနေဝေးသဖြင့် သူ့အစ်ကိုကြီးနဲ့ယှဉ်လိုက်လျှင် သူ့ကို စူစူလေး သူစိမ်းဆန်သွားမှာကို စိတ်ပူနေခဲ့ပါသည်။
ထို့ကြောင့် ဒီလို အကြံကောင်းထုတ်လိုက်ရခြင်းဖြစ်၏။
သူ့သားကို စေလွှတ်လိုက်ပြီး သူဘယ်လောက် အရေးပါသလဲဆိုတာ စူစူလေးသိအောင် ပြသမည်။ အမှန်ပင်၊ သူ့အဖေ၊အမေနဲ့ ညီမလေးအတွက် ချက်ပြုတ်ပေးတာကလည်း ကောင်းမွန်သည့်အရာ ဖြစ်ပါသည်။
သူ့သားရဲ့ အချက်အပြုတ်စွမ်းရည်ကို တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ အသုံးချရမယ် မဟုတ်လား။
ဘေးမှ ချင်းရှင်းကျစ်က သူ့ညီကို ဝင်ပြောလိုက်သည်။ “ငါတော့ မင်းမှာ လျှို့ဝှက်အကြံအစည်တွေ ရှိနေတယ်လို့ ထင်တယ်! ငါတို့ ညီမလေးအတွက် ချက်ပြုတ်ပေးမယ်ဆိုပဲ။ မင်းကို သူမေ့သွားမှာ စိုးလို့မလား”
“အဲ့လိုဆိုလည်း ဘာဖြစ်လဲကွာ”။ ချင်းယန်ကျစ် ဂရုမစိုက်ပါ။ “မင်းမကြိုက်ရင် အဖေ၊ အမေနဲ့ ညီမလေးတို့ကို ပေကျင်းမြို့မှာ ငါနဲ့အတူလာနေခိုင်းလိုက်လေ!”
“ဆုတောင်းလိုက်ပါလား! ညီမလေးက ငါတို့နဲ့နေလို့ အဆင်ပြေပြီးသား! မင်းအဲ့လောက်ဖြစ်နေရင် ငါတို့ဆီ လာနေပါလား!”။ ချင်းရှင်းကျစ်က သူ့ညီကို လှောင်ပြုံးပြုံးလျက် ပြောလိုက်ပါသည်။
ချင်းယန်ကျစ်က အရှုံးမပေးချင်သေးဘဲ သူ့အမေကို ပြောလိုက်ပါသည်။ “အမေ၊ အဖေနဲ့ညီမလေးတို့ကို ခေါ်ပြီး ပေကျင်းမြို့မှာ ကျွန်တော်တို့နဲ့အတူတူ ခဏလောက် လာနေဖို့ စဉ်းစားပါလား။ ဒီက မူကြိုကျောင်းတွေကလည်း အရမ်း အရည်အသွေးကောင်းတယ်။ ညီမလေးကို ပေကျင်းမြို့က မူကြိုကျောင်းတစ်ခုခုမှာ လာထားကြည့်ပါလား”
“မလိုသေးပါဘူး။ စူစူလေးက ငယ်သေးတယ်။ နေရာတွေခဏခဏပြောင်းနေရင် သူ့အတွက မကောင်းဘူး။ ဒီက ပတ်ဝန်းကျင်နဲ့ သူအသားကျတာ မကြာသေးဘူး။ အဲ့တာကြောင့် လောလောဆယ်တော့ ဘာမှ မပြောင်းလဲသေးတာ ပိုကောင်းလိမ့်မယ်”။ အဘွားချင်းက အပြုံးဖြင့် ငြင်းဆန်လိုက်ပါသည်။
“အင်းပါ အဲ့တာဆိုလည်း ရပါတယ်။ အာ့ချဲကို တစ်ရက် ၃ နပ်စာ ချက်ခိုင်းပြီး ညီမလေးနဲ့ အဖေတို့အမေတို့ ဝဝဖြိုးဖြိုး ဖြစ်လာအောင် လုပ်ခိုင်းလိုက်မယ်!”။ ချင်းယန်ကျစ်က ပြောလိုက်ပါသည်။
အဘွားချင်းက ရယ်မောလျက် သူ့အကြံအစည်ကို ဖော်ထုတ်လိုက်သည်။ “ငါတို့ သမီးလေးအတွက် ချက်ပြုတ်ပေးဖို့က နင့်အဓိက ရည်ရွယ်ချက်မလား။ ငါတို့နှစ်ယောက်အတွက် နောက်ဆုံးကျမှ စဉ်းစားပေးတာမလာား”
ချင်းယန်ကျစ်က အမြန်ငြင်းဆန်လိုက်သည်။ “မဟုတ်တာ! အဖေ၊ အမေနဲ့ ညီမလေးတို့ သုံးယောက်စလုံးအတွက် ချက်ပြုတ်ပေးခိုင်းဖို့ နဂိုကတည်းက စီစဉ်ထားတာပါ။ အစ်ကိုကြီးနဲ့ ယွင်ဟွိုင်းတို့ကမှ ဒုတိယဦးစားပေးတွေ”
ဒါကိုကြားတော့ ချင်းရှင်းကျစ် မကျေမနပ်ဖြစ်သွားသည်။ အကျင့်မကောင်းတဲ့ကောင်!
သူ့အစ်ကိုကြီး မကျေမနပ်ဖြစ်နေတာကို မသိချင်ယောင် ဆောင်လိုက်ပြီး ချင်းယန်ကျစ် သူ့အမေကို မေးလိုက်ပါသည်။ “အမေ ညီမလေး ဘယ်မှာလဲ”
“အစ်ကိုလတ် သမီးဒီမှာ!”
ချင်းယန်ကျစ်၏ မေးမြန်းသံကို ကြားသောအခါ စူစူလေးက အဘွားချင်းရှေ့မှာ ခေါင်းထောင်လာပြီး ဖုန်းထဲက ချင်းယန်ကျစ်အား လက်သေးသေးလေးဖြင့် နှုတ်ဆက်လိုက်ပါသည်။
“ညီမလေး!”။ စူစူလေးကို မြင်ပြီး ချင်းယန်ကျစ် ပိုမို ပြုံးပျော်ရွှင်သွားခဲ့ပါသည်။
“ညီမလေး အဲ့ဒီ ချောပေမယ့် စကားနည်းတဲ့ကောင်က အစ်ကိုကြီးရဲ့ သားအကြီးဆုံးပဲ။ ညီမလေးရဲ့ တူပေါ့ သူက အချက်အပြုတ်တော်တယ်။ ညီမလေးစားချင်တာ မှန်သမျှ သူ့ကိုသာ ပြောလိုက်။ သူချက်ပြုတ် ပေးလိမ့်မယ်။ သူ ချက်ပြုတ်ပေးဖို့ ငြင်းရင် ဒါမှမဟုတ် သူလုပ်ပေးတာတွေ အရသာမရှိရင် အစ်ကိုကြီးကိုသာ ပြောလိုက်! သူ့ကို နာနာ ရိုက်လိုက်မယ်!”
… … …
အခန်း(၁၄၅) လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်အတွက် ဟင်းလျာ
“တူလေး ဟုတ်လား”။ စူစူလေး၏ မျက်လုံးဝိုင်းဝိုင်းလေးများ ဇဝေဇဝါဖြစ်သွားပါသည်။
စူစူလေးက ချင်းယုချဲကို အချိန်အတော်ကြာအောင် ထပ်မော့ကြည့်လိုက်ပြီး ရေရွတ်လိုက်ပါသည်။ “လှလိုက်တာ!”
စူစူလေးက ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့ကို ချောမောသည်ဟု ရံဖန်ရံခါ ချီးကျူးတတ်သော်လည်း ချင်းယုချဲကိုတော့ လှပသည်ဟု ပြောလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် သူက လှတယ်နော်။ သူငယ်ငယ်လေးတုန်းက သူ့ကို ဂါဝန်တွေ ဝတ်ပေးပြီး မိန်းကလေးလို နေခိုင်းတာ!” ချင်းယန်ကျစ်က ရှင်းပြလိုက်သည်။
အဖေတစ်ယောက် အနေဖြင့် ဘာမှပူပန်စရာမလိုဘဲ သူ့သားကို အနိုင်ကျင့်လို့ရသည်။
ချင်းယုကျီးက သူ့ဝမ်းကွဲအစ်ကို ယုချဲကို ခိုးကြည့်လိုက်သည်။
သူ့မျက်နှာက တကယ်လှပပြီး ဘာကိုမှ ဂရုမစိုက်သည့်ပုံစံပင်။ သူ့ဒုတိယဦးလေးရဲ့ ဆေးထိုးမှုတွေကို အသားကျနေသည့်အလား။
“ကျွန်တော် အခန်းထဲ ဝင်တော့မယ်”။ သူ့အဖေနဲ့ အဘိုးအဘွားတွေရဲ့ စကားဝိုင်းကို ဆက်နားထောင်ချင်စိတ် မရှိတော့သဖြင့် ချင်းယုချဲ အခန်းထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
လက်ရှိ အိမ်မှာမရှိသော မိသားစုဝင်များအတွက်ပါ ချင်းအိမ်တော်မှာ အခန်းအပိုတွေ ပြင်ဆင်ပေးထားပါသည်။ ထို့ကြောင့် အားလပ်ရက်တွေ၊ ပွဲတော်ရက်တွေမှာ မိသားစုဝင်တွေ အားလုံးလာလည်သောအခါ အခန်းတွေ လုံလုံလောက်လောက် ရှိပါသည်။
အခန်းထဲ ရောက်တာနဲ့တစ်ပြိုင်နက် ချင်းယုချဲ တံခါးကို ပိတ်လိုက်ပြီး အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်လိုက်တော့သည်။
--- --- ---
၁၀ နာရီထိုးသောအခါ အလွန်မွှေးပျံ့သော ဟင်းနံ့လေးတစ်ခုကို စူစူလေး အနံ့ခံမိပြီး သူမရဲ့ ဘော်ဒါ ဟူကျစ်ကို လှည့်ကြည့်လိုက်သည်။ ဟူကျစ်ကလည်း သွားရည်တမြားမြား ဖြစ်နေပါပြီ။
“မြောင်~~”
အနံ့ခံအာရုံ ကောင်းမွန်သဖြင့် ထိုဟင်းနံ့ကြောင့် ဟူကျစ် ဂနာမငြိမ်ဖြစ်လာပြီး ကြမ်းပြင်ကို လက်ကလေးနဲ့ ကုတ်ဖဲ့နေသည်။
“သွားကြစို့!”
စူစူလေးက ဟူကျစ်ကိုခေါ်ပြီး ဟင်းနံ့နောက်ကို လိုက်ခဲ့ပါသည်။ ဒီအိမ်မှာ အသုံးပြုခဲသော မီးဖိုချောင် အခန်းငယ်လေး တစ်ခန်းဆီ လူတစ်ယောက်နဲ့ ကြောင်တစ်ကောင် ရောက်သွားခဲ့သည်။
မီးဖိုချောင် အခန်းငယ်လေးထဲမှာ ချင်းယုချဲ အနက်ရောင် ခါးစည်းကို ဝတ်လျက် လက်ထဲမှာ ယောက်မ တစ်ချောင်းကို ကိုင်ထားပြီး ဟင်းချက်ပြုတ်ရင်း အလုပ်ရှုပ်နေပါသည်။
သူ့ဘေးက စားပွဲပေါ်မှာလည်း ချက်ပြုတ်ပြီးသား ဟင်းလျာတွေ အများကြီး တည်ခင်းပြီးသားဖြစ်သည်။ ထို ဟင်းလျာများထံမှ မွှေးရနံ့များ ထွက်နေတာ ဖြစ်လိမ့်မည်။
မွှေးနေတာပဲ! ပြီးတော့ အရသာ ရှိမယ့် ပုံစံလေးတွေ!
စူစူလေးက ဟူကျစ်ကို ပွေ့ချီထားပြီး ဘေးမှာ မတ်တပ်ရပ်နေပါသည်။ သူတို့ မျက်လုံးများက ဟင်းလျာအပြည့်နဲ့ စားပွဲပေါ်မှာ ပုံသေ ကျရောက်နေကြသည်။
သူတို့နှစ်ကောင်ကို ချင်းယုချဲ သတိထားမိတာ ကြာပါပြီ။ သို့သော် မမြင်ချင်ယောင်ဆောင်ပြီး ချက်ပြုတ်ဖို့သာ အာရုံ စိုက်ထားခဲ့ပါသည်။
သူက ကလေးတွေနဲ့ စကား သိပ်မပြောတတ်ပါ။ သူ့ရဲ့ “ဒေါ်လေး”ဟူသော ဒီကလေးမလေးနဲ့ စကားပြောဖို့ဆို ပိုဆိုးပါသည်။
တစ်မိနစ်၊ ထို့နောက် ငါးမိနစ်၊ ထို့နောက် ဆယ်မိနစ်အထိ ကြာသွားခဲ့သည်…။
စူစူလေးက ဆက်ရပ်ကြည့်နေသေး၏…။
ချင်းယုချဲ နောက်လှည့်လိုက်တိုင်း စူစူလေးရဲ့ ကြည်ကြည်လင်လင် မျက်လုံးလေးများနဲ့ အကြည့်ချင်း ဆုံသွားပါသည်။
တဖြည်းဖြည်းနဲ့ ချင်းယုချဲလည်း မသိချင်ယောာင် မဆောင်နိုင်တော့ဘဲ ပန်းကန်ပြားတစ်ချပ် ယူလိုက်ပြီး လုပ်ထားတာ မကြာသေးသည့် ကြာစွယ်ဆန်းဝှစ်ချ် နှစ်ခုကို တင်လိုက်ကာ စူစူလေးဆီ လျှောက်လာခဲ့ပါသည်။
“ဒီဟာ လုပ်ထားတာ မကြာသေးဘူး။ စားချင်လား”။ ချင်းယုချဲက တည်တည်ငြိမ်ငြိမ် အေးတိအေးစက် မေးလိုက်ပါသည်။
စူစူလေး ခေါင်းငြိမ့်ပြလိုက်သည်။
စားချင်တယ် စားချင်တယ်!
ဟူကျစ်ကလည်း သူ့သခင်ကို အတုခိုးပြီး ခေါင်းငြိမ့်နေပါသည်။
“အဲ့ဒီကြောင်က ဒါတွေ စားလို့ ရလို့လား”။ ချင်းယုချဲ မေးလိုက်သည်။ သူတစ်ခါမှ တိရိစ္ဆာန် မမွေးဖူးသဖြင့် ဒီကြောင် ဘာတွေ စားလို့ရသလဲ ဘာတွေ စားလို့မရဘူးလဲဆိုတာ သေချာ မသိပါ။
“စားလို့ရတယ် ဟူကျစ်က ဘာမဆို စားလို့ရတဘ်”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
“မြောင်~~”
ဟုတ်တယ် ဟုတ်တယ်။ သူအကုန်လုံး စားနိုင်တယ်!
“အဲ့တာဆို တစ်ယောက် တစ်ခုစီစား။ အများကြီး စားလို့ မကောင်းဘူး”။ ချင်းယုချဲ ပြောလိုက်သည်။
“အွန်း ဟုတ်ပြီ!” စူစူလေးက ထပ်ပြီး ခေါင်းငြိမ့်ပြလိုက်ပါသည်။ ထို့နောက် ဟူကျစ်ကို ဆန်းဝှစ်ချ်တစ်ခု ပေးပြီး သူမ တစ်ခု ယူလိုက်သည်။
ဟူကျစ်က ဆန်းဝှစ်ချ်ကို ချက်ချင်း ပါးစပ်ဖြင့် ကိုက်ချီသွားပြီး ကြမ်းပြင်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင် သွားစားနေလိုက်ပါသည်။
စူစူလေးကလည်း ကြာစွယ်ဆန်းဝှစ်ချ်ကို လက်နှစ်ဖက်ဖြင့် သေချာကိုင်ကာ နည်းနည်းချင်းစီကိုက်ရင်း သေချာ စားနေသည်။
စူစူလေးကော ဟူကျစ်ကော အားရပါးရ စားခဲ့ကြပါသည်။
ဆီတွေပေနေသော စူစူလေး၏ လက်ကလေးများကို ကြည့်ရင်း ချင်းယုချဲ မျက်မှောင်ကြုတ်သွား၏။
ထို့နောက် စူစူလေးဘေးကို သူသွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ သူမရဲ့ လက်ကလေးတွေကို လက်ကိုင်ပဝါ တစ်ထည်ဖြင့် သုတ်ပေးလိုက်သည်။ လက်ချောင်းလေးတိုင်းကို သေချာ သန့်စင်သွားအောင် သုတ်ပေးခဲ့ပါသည်။