← Chapters

အခန်း (၁၄၆+၁၄၇)

Vol. 6 Ch. 146+147

အခန်း (၁၄၆+၁၄၇)

Vol. 6 Ch. 146+147

အခန်း(၁၄၆) တူချောလေးလို့ ခေါ်မယ်

သန့်ရှင်းသပ်ရပ်သွားသော လက်ကလေးတွေကို ကြည့်ရင်း သူမ ရှေ့က ချင်းယုချဲကို စူစူလေး ချစ်ဖို့ကောင်းအောင် ပြုံးပြလိုက်ပါသည်။

“နင့်ကို ဘယ်လိုခေါ်ရင်ကောင်းမလဲ”။ စူစူလေးက ချင်းယုချဲကို မေးလိုက်သည်။ “ငါ့မှာ တူကြီးလည်းရှိတယ်။ တူလေးလည်း ရှိတယ်။ နင်ကကော ဘယ်လို တူလေးလဲ”

စူစူလေးက လက်ချောင်းလေးများ ထောင်ကာ ရေတွက်ရင်း လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။

“တူလေး”ဟူသည့် စကားကို ကြားပြီး ချင်းယုချဲ မျက်မှောင်ကြုတ်သွားမိသည်။

“ခေါ်ချင်သလိုသာ ခေါ်ပါ”။

ချင်းယုချဲ မတ်တပ်ရပ်လိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်ဖို့ ပြင်လိုက်သည်။ သူ့ရဲ့ လျစ်လျူရှုသော အပြုအမူက စူစူလေးကို အားမလျော့စေခဲ့ပါ။

စူစူလေးနဲ့ ဟူကျစ်တို့က အစားသောင်းကျန်းသူများဖြစ်သည်။ ချင်းယုချဲ၏ မျက်နှာက အေးတိအေးစက် နိုင်သော်လည်း သူချက်ပြုတ်ပေးသည့် ဟင်းလျာတွေကတော့ အလွန်အရသာရှိပါသည်။

“ဒါဆို နင့်ကို တူချောလေးလို့ ခေါ်မယ်!” စူစူလေး ဆုံးဖြတ်လိုက်ပါသည်။

တူချောလေးတဲ့…

ဘာနာမည်ကြီးလဲ…

ချင်းယုချဲ နောင်တရသွားသည်။ သို့သော်လည်း သူ့စရိုက်ကြောင့် ကလေးတစ်ယောက်နဲ့တော့ ပြိုင်ငြင်းမှာ မဟုတ်ပါ။

ချင်းယုချဲ မကန့်ကွက်သဖြင့် သူသဘောတူသည်ဟု စူစူလေး ယူဆလိုက်ပြီး ‘တူချောလေး’ဟု စတင်ခေါ်ဆိုလေသည်။

“တူချောလေးက အရသာရှိတာတွေ ချက်ပေးတော့ သကြားလုံး ဆုချမယ်”

စူစူလေး အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံး ထုတ်လိုက်ပြီး ချင်းယုချဲ ခါးစည်းပေါ်ရှိ အိတ်ကပ်ထဲကို ထည့်ပေးလိုက်ပါသည်။

ချင်းယုချဲ အောက်ကို ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားမိသည်။ သူတစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတော့ ဘာမှ မပြောနိုင်ခဲ့ပါ။

သကြားလုံးပေးပြီးနောက် စူစူလေးနဲ့ ဟူကျစ်တို့ ထွက်မသွားကြသေးပေ။ ဘေးမှာ ဆက်ရပ်နေကြပြီး ချင်းယုချဲ ချက်ပြုတ်တာကို ဆက်ကြည့်နေကြပါသည်။

သူတို့ မစားရဘူးဆိုရင်တောင် အနံ့လေး ခံရရင်ပဲ ကျေနပ်ပါပြီ။

ဒီလိုနဲ့ အရိပ်ကလေးနှစ်ခု ချင်းယုချဲနောက်ကို တကောက်ကောက်လိုက်ပြီး စပ်စုနေခဲ့ကြသည်။

ချင်းယုချဲ စိတ်မရှည်သောပုံစံဖြင့် မျက်မှောင်ကြီး ကြုတ်ထားသော်လည်း စူစူလေးနဲ့ ဟူကျစ်တို့ကို မီးဖိုချောင်ထဲမှ မောင်းမထုတ်ခဲ့ပါ။

မွန်းတည့်ချိန်ရောက်လို့ ချင်းယုဟွိုင်း အိမ်ပြန်လာသောအခါ ချင်းယုချဲနောက်မှာ ဟိုပြေးလိုက် ဒီပြေးလိုက် လုပ်နေကြသော စူစူလေးနဲ့ ဟူကျစ်တို့ကို မြင်သွားပါသည်။

ချင်းယုဟွိုင်း မျက်မှောင်ကြုတ်လျက် ခေတ္တ ရပ်ကြည့်နေခဲ့သည်။ အတန်ကြာမှ သူ မေးလိုက်၏။ “စူစူလေး ဘာလုပ်နေတာာလဲ’

“တူချောလေးကို အဖော်လုပ်ပေးနေတာ!”။ စူစူလေးက ပြန်ပြောလိုက်သည်။ “တူကြီး သိလား၊ တူချောလေး လုပ်ထားတဲ့ အစားအသောက်တွေက အရမ်းအရသာရှိတာပဲ!”

တူချောလေး?

ချင်းယုချဲကို သူပေးထားတဲ့ နာမည်ပြောင်လား။

ထိုနာမည်ပြောင်က “တူကြီး” သို့မဟုတ် “တူလေး”ဆိုတာထက် ပိုပြီး ထူးခြားသည်။

“အင်း…” ချင်းယုဟွိုင်း တိုးညှင်းစွာ ပြောလိုက်သည်။

“တူချောလေးက အရမ်း အရမ်း တော်တာပဲ!!” စူစူလေးက ချင်းယုချဲကို ရက်ရက်ရောရာ ချီးမွမ်းထောပနာ ပြုနေပါသည်။

“အင်း…”

ဘာကြောင့်မှန်းမသိဘဲ ချင်းယုဟွိုင်း ရင်ထဲ လေးလံသွား၏။

ချင်းယုချဲ ဒီကိုရောက်တာ နေ့တစ်ဝက်သာရှိသေးသည်။ ဒါတောင် စူစူလေးရဲ့ သံယောဇဉ်ကို အရယူနိုင်ခဲ့သည်။

သူကော သူ့ညီ ယုကျီးကော စူစူလေးထံမှ ဒီလို အားကြိုးမာန်တက် ချီးကျူးတာမျိုးကို မခံခဲ့ရဖူးပါ။ ထို့အပြင် သူတို့ ပထမဆုံးအကြိမ် ဆုံခဲ့တုံးက သူ့ကို ထိုင်ခုံမှာ ကြိုးတုပ်ထားခဲ့တာဖြစ်သည်…။

ဒီလိုတွေးရင်း ချင်းယုဟွိုင်း ရင်ထဲ ပိုမိုလေးလံသွားပြီး မချိုမချဉ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်…။

ချင်းယုဟွိုင်း တစ်ခုခုပြောချင်သေးသော်လည်း စူစူလေး၏ အာရုံက ချင်းယုချဲဘက်ကို ပြန်ရောက်နေပြီ ဖြစ်သည်။ သူ့ကို ကြည့်တောင် ကြည့်မနေတော့ပါ။

ချင်းယုဟွိုင်း ပါးစပ်ပြန်စေ့လိုက်ပြီး ခံစားချက်တွေ ပိုမို ပြင်းထန်လာပါသည်။

ချင်းယုဟွိုင်း စူစူလေးကို ဆက်မကြည့်တောဘဲ သူ့အခန်းထဲသူ အမြန် ပြန်ဝင်လာခဲ့ပါတော့သည်။

ဒီနေ့မနက် ရှော့ပင်ထွက်ပြီးနောက် ဟွော်ထျင်းတစ်ယောက် အိမ်ကို ကြော့ကြော့မော့မော့ ပြန်လာခဲ့သည်။ ချင်းယုဟွိုင်းလိုပဲ သူလည်း စူစူလေးကို မီးဖိုချောင်ထဲမှာ မြင်သွားပါသည်။

ဒီကောင်မလေး ဘာတွေ လုပ်နေတာလဲ။

ဒီနေ့ ရှော့ပင်ထွက်ရင်း သူမအတွက် လက်ဆောင်တွေ အများကြီး ဟွော်ထျင်း ဝယ်ခဲ့သည်။ လက်ဆောင်တွေကို တွေ့သွားရင် သူပျော်ပါ့မလား။

သူလက်ဆောင်တွေ ဝယ်လာမှန်း သိလျှင် စူစူလေး ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဟွော်ထျင်း အလွန်သိချင်နေပါပြီ။

စူစူလေးနောက်သို့ ဟွော်ထျင်း ခြေဖျားထောက်ကာ လျှောက်သွားလိုက်ပြီး အော်လိုက်ပါသည်။ “ဟဲ့!!”

စူစူလေးကို ခြောက်လှန့်ဖို့ ကြိုးစားတာဖြစ်သော်လည်း စူစူလေးက တုန်တောင် မတုန်ပါ။

ထို့နောက် စူစူလေး ဟွော်ထျင်းကို လှည့်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်ပါသည်။ “နင် ဘာလုပ်နေတာလဲ”

… … …

အခန်း(၁၄၇) စိတ်ရှုပ်စရာကောင်းတဲ့ သတ္တဝါလေး!

“နင်လန့်မသွားဘူးလား”

“နင်အသံကျယ်ကျယ် ပြောတာနဲ့ပဲ ငါက ဘာလို့ လန့်ရမှာလဲ”။ စူစူလေး ပြန်ပြောလိုက်ပါသည်။

“ပြီးရောဟာ”။ ဟွော်ထျင်း စကားလမ်းကြောင်းလွှဲလိုက်သည်။ “နင်ဒီမှာ ဘာလုပ်နေတာလဲ”

“ငါ့ တူချောလေးကို အဖော်လုပ်ပေးနေတာလေ”

“ဪ နင့်တူတွေ ကိစ္စပဲကိုး”။ ဟွော်ထျင်းက စူစူလေးရဲ့ တူတွေအကြောင်း ကြားရတာ အသားကျနေပါပြီ။ “ဒါနဲ့ ငါနင့်အတွက် လက်ဆောင်ဝယ်လာခဲ့တယ်”

“မလိုချင်ပါဘူး”။ စူစူလေးက ပြောလိုက်သည်။

“မလိုချင်လို့ ရမလား၊ ငါနင့်အတွက် ဝယ်လာခဲ့ပြီးပြီလေ!” ဟွော်ထျင်းက အမိန့်သံဖြင့် ပြောလိုက်သည်။

ထို့နောက် ဘော်ဒီဂတ်တွေကို သူဝယ်လာသည့် လက်ဆောင်ပစ္စည်းများ ယူလာဖို့ အမိန့်ပေးလိုက်သည်။

ဘော်ဒီဂတ်တစ်ဦးထံမှ ဘူးတစ်ဘူးကို ယူလိုက်ပြီး စူစူလေးရှေ့မှာ ဖွင့်ပြလိုက်ပါသည်။

အထဲမှာ ခိုဥပမာဏလောက် ရှိသော ပန်းရောင် စိန်လက်စွပ်လေး တစ်ကွင်းပါသည်။

“ဒါနင့်အတွက် ပန်းရောင်လေးဆိုတော့ မိန်းကလေးဆန်တယ် နင်နဲ့လိုက်တယ်”။ ဟွော်ထျင်းက ပြောလိုက်ပါသည်။

“တော်ပါပြီ မလိုချင်ဘူး”။ စူစူလေး ခေါင်းခါလိုက်သည်။

“ဘာလို့ မလိုချင်တာလဲ။ အဲ့ ဒုက္ခိတပေးတဲ့ လက်ကောက်ကိုကျတော့ လက်ခံပြီးတော့! ငါပေးတဲ့ စိန်လက်စွပ်ကျ ဘာလို့ မယူတာလဲ”။ ဟွော်ထျင်း ဒေါသထွက်လာပါသည်။

စူစူလေးက သူပေးတာကလွဲပြီး သူများပေးတာ အကုန်ယူတတ်သည်။

“ငါ့ကိုကြီးကို ဒုက္ခိတလို့ မခေါ်နဲ့နော်!” စူစူလေးလည်း ဒေါသထွက်သွားပါသည်။

ဟွော်ထျင်းက ခေါင်းမာသည်။ သို့သော် သူ့ထက် ခေါင်းမာသည့် စူစူလေးနဲ့ ရင်ဆိုင်ရသောအခါ သူဘာမှ မတတ်နိုင်ပါ။

“သူ့… သူ့ကိုဒုက္ခိတလို့ မခေါ်စေချင်လည်း ရတယ်။ ငါ့လက်ဆောင်ကို ယူမှာသာ ယူစမ်းပါ!” ဟွော်ထျင်း အမိန့်ပေးလိုက်သည်။

“မလိုချင်ဘူး”

“ဘာလို့လဲ။ အဲ့…ကောင်ပေးတဲ့ လက်ဆောင်ကျတော့ ယူပြီး ငါပေးတာကို ဘာလို့ မယူတာလဲ”။ ဟွော်ထျင်း စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါသည်။

“ငါဝတ်လို့မှ မရတာ!” စူစူလေးက ဒေါသဖြင့် ခြေဆောင့်လိုက်သည်။

“ဟင်” ဟွော်ထျင်း ကြက်သေသေသွား၏။

ဘူးထဲက လက်စွပ်ကို ကြည့်လိုက်ပြီး စူစူလေးရဲ့ လက်ချောင်းလေးများကို ကြည့်လိုက်သည်။

လက်စွပ်က ကြီးလွန်းနေသဖြင့် စူစူလေးရဲ့ လက်ချောင်းလေး ၂ ချောင်းလောက် ထည့်လို့ရပါသည်။

ဟွော်ထျင်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။ အမှားလုပ်မိတာ သူလား…

စူစူလေးက ထပ်ပြောလိုက်၏။ “ပြီးတော့ ဝတ်လည်း မဝတ်ချင်ဘူး။ လက်စွပ်တွေ ဝတ်ရင် လက်ချောင်းတွေ လှုပ်ရှားရတာ ခက်လို့!”

ဟွော်ထျင်း စဉ်းစားကြည့်လိုက်ပြီး သူမ ပြောတာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်ပါသည်။ ကလေးလေးတွေ လက်စွပ်ဝတ်တာ သူတစ်ခါမှ မမြင်ဖူးပါ။

“အဲ… ဒါ… ငါသေချာ မစဉ်းစားခဲ့လို့”။ သူ့အမှားမှန်း နားလည်သွားသဖြင့် ဟွော်ထျင်း ရှက်ကိုးရှက်ကန်း ပြောလိုက်ပါသည်။

သူမှားမှန်းတော့ ဝန်မခံနိုင်ပါ။

သို့သော် နည်းနည်းတော့ အလျှော့ပေးရမည်။ မဟုတ်ပါက ဒီကောင်မလေး သူ့ကို ထပ်ပြီး လျစ်လျူ ရှုသွားလိမ့်မည်။

ထိုသို့ပြောပြီးနောက် စူစူလေးရဲ့ နှုတ်ခမ်းစူ ဒေါသထွက်နေသော မျက်နှာလေးကိုကြည့်ကာ ဟွော်ထျင်း ငြိမ်းချမ်းရေး ယူဖို့ ကြိုးစားလိုက်ပါသည်။ “ဟုတ်ပါပြီ။ ငါသေချာ မတွေးခဲ့လို့ပါ။ ငါ့ကို စိတ်မဆိုးပါနဲ့”

“အဲ့တာဆို ကိုကြီးကို ဒုက္ခိတလို့ ဘယ်တော့မှ ထပ်မခေါ်တော့ပါဘူးလို့ ကတိပေးရမယ်”။ စူစူလေး အမိန့်ပေးလိုက်သည်။

“နင်…”

အဲ့ဒီကောင်ကို ကိုကြီးလို့ ခေါ်ပြန်ပြီ။ သူ့ကိုကျတော့ နင် နင် နင် လို့ပဲ ခေါ်နေတာ။ ဒီသတ္တဝါလေး တော်တော် စိတ်ရှုပ်စရာ ကောင်းတာပဲ!

ဟွော်ထျင်း မခံချင်စိတ် ပြင်းပြနေသော်လည်း စူစူလေး၏ နှုတ်ခမ်းစူစူပုပ်ပုပ်ကို ကြည့်ကာ အလျှော့ပေးဖို့ပဲ ဆုံးဖြတ်လိုက်ပါသည်။ “ဟုတ်ပါပြီ သူ့ကို အဲ့လို မခေါ်တော့ပါဘူး”

“အင်း! အဲ့တာဆို ခွင့်လွှတ်တယ်!” စူစူလေး ချက်ချင်း အပြုံးမျက်နှာ ဖြစ်သွားသည်။

သူမအပြုံးကိုမြင်ပြီး ဟွော်ထျင်းလည်း စိတ်ရွှင်သွားခဲ့ပါသည်။

ဒီကောင်မလေး ပြုံးလိုက်ရင် ပိုချစ်ဖို့ကောင်းသား။

--- --- ---

မွန်းတည့်ချိန် ရောက်သောအခါ ချင်းမိသားစုဝင် အားလုံးအတွက် ချင်းယုချဲက စားပွဲတစ်လုံးအပြည့် ဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်ပေးထားသည်။

အိမ်မှာ အဘိုးအဘွားနဲ့ ကလေးတေတွလည်း ရှိတာကြောင့် ကြာစွယ်ဆန်းဝှစ်ချ်ကလွဲပြီး တခြား ဟင်းလျာတွေကို ကျန်းမာရေးနဲ့ သင့်တော်အောင် ဆီနည်းနည်း ဆားနည်းနည်း ထည့်လျက် အရသာ ပေါ့ပါးအောင် ချက်ပြုတ်ထားသည်။

သို့သော်လည်း အရသာ မရှိဘဲမနေအောင် ချင်းယုချဲ ကြိုးစား ချက်ပြုတ်ထားပါသည်။

ဟင်းလျာတိုင်းမှာ ကိုယ်ပိုင် အားသာချက်များရှိကြသည်။ မူလ ပါဝင်ပစ္စည်းများရဲ့ အရသာကိုလည်း ပျောက်မသွားအောင် ထိန်းသိမ်းထားပါသည်။

အရောင်အသွေးစုံလင်ပြီး စားချင်စရာကောင်းလှသော နေ့လယ်စာ စားပွဲကြီးကို ကြည့်လျက် ချင်းယုကျီး လေးစား အားကျသွားပါသည်။

ဝမ်းကွဲအစ်ကိုက တစ်ခုခုတော့ တစ်ခုခုပဲ!

သူ့အဖေက အတင်းအကျပ် ပို့လိုက်တာ ဆိုပေမယ့် ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ထားတယ်!။

All Chapters