အခန်း (၁၄၈+၁၄၉+၁၅၀)
Vol. 6 Ch. 148+149+150
အခန်း(၁၄၈) တူနှစ်ယောက်စလုံး မနာလိုဖြစ်နေပြီ
“ဒီတိုင်းသာဆို မင်းကြောင့် ငါတို့အကုန်လုံး ဝကုန်တော့မှာပဲ!” ချင်းယုကျီး ငြီးတွားလိုက်လေသည်။
ဝမ်ချင်းလည်း သူမတူကို ချီးကျူးလိုက်ပါသည်။ “အာ့ချဲက တော်လိုက်တာ။ သူချက်ပြုတ်ထားတာတွေကို စားရတဲ့ လူတိုင်းက ကံကောင်းတာပဲ။ ငါတို့ ယုကျီးလည်း သူ့လောက်နီးနီး မတော်ရင်တောင် တစ်ဝက်လောက် တော်ရင်ပဲ ဘယ်လောက် ကောင်းလိုက်မလဲ”
“အမေကလည်း။ ယုချဲကို ချီးကျူးတာ လွတ်လွတ်ကင်းကင်း ချီးကျူးပါလား။ ဘာလို့ ဘာမဆိုင် ညာမဆိုင် ကျွန်တော့်ကို ထည့်ပြောရတာလဲ။ ကျွန်တော် ဝမ်းနည်းသွားပြီ”။ ချင်းယုကျီးက ပြန်ပြောလိုက်သည်။
ချင်းရှင်းကျစ်က စိတ်ရှုပ်စွာ ဝင်ပြောလိုက်ပါသည်။ “မင်းကများ အဲ့စကား ပြောရဲသေးတယ်။ ကျောင်းစာကိုပဲ အာရုံစိုက်ထားစမ်းပါ။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ပြီး မင်းတက္ကသိုလ်ကောင်းကောင်း တက်နိုင်မှ မင်းအမေနဲ့ ငါနဲ့ စိတ်အေးရမှာ!”
စူစူလေးကလည်း ဝင်ပြောသည်။ “တူလေး စာမေးပွဲဖြေနိုင်အောင် ကြိုးစား။ သကြားလုံး ဆုချမယ်!”
“တကယ်လား?” ချင်းယုကျီး မျက်လုံးများ တောက်ပသွားပါသည်။
“အင်း တကယ်ပြောတာ!” စူစူလေးက ခေါင်းငြိမ့်လိုက်ပါသည်။
ချင်းယုကျီးနဲ့ လက်သန်းချင်းချိတ်ပြီး ကတိပေးပြီးနောက် ချင်းယုချဲကို စူစူလေး လှည့်မေးလိုက်ပါသည်။ “တူချောလေးကော သကြားလုံးကြိုက်လား။ ကြိုက်ရင် အများကြီးထပ်ပေးမယ်!”
“မယူတော့ပါဘူး။ ကျေးဇူးပါ” ချင်းယုချဲက သူစိမ်းဆန်သော်လည်း ယဉ်ကျေးစွာ ပြောလိုက်ပါသည်။
ဒါကိုကြားတော့ ချင်းယုကျီး စိတ်ညစ်သွားပြီး စူစူလေးကို မေးလိုက်သည်။ “သူ့ကို သကြားလုံးတောင် ပေးပြီးသွားပြီလား”
စူစူလေးဆီက သကြားလုံးရတာ အသိအမှတ်ပြုခံရသည့် သဘောဖြစ်သည်။
“အွန်း!” စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
ချင်းယုကျီး မနာလိုဖြစ်သွား၏။ “သူနဲ့ ဒီနေ့မနက်မှ တွေ့ဖူးတာလေ!”
သူ့ကျတော့ စူစူလေးကို ပထမဆုံး တွေ့ခဲ့ရသည့်လူဖြစ်ပြီး အခုချိန်ထိ သကြားလုံး မစားရသေးပါ…။
အာ့ချဲ ရောက်လာတာ နေ့တစ်ဝက်တောင် မကြာသေးဘဲ ဘာလို့ သကြားလုံး ရသွားတာလဲ?! တစ်လုံးတည်းတောင် မဟုတ်ဘူး လိုချင်ရင် အများကြီး ထပ်တောင် ပေးဦးမယ်တဲ့! မြန်လိုက်တာ!
ဘေးနားက ချင်းရှင်းကျစ်လည်း မသိမသာ မနာလိုဖြစ်သွားမိပါသည်။ သူ့ညီကိုတော့ မပြောလိုတော့ပါ။ သို့သော် သူ့ညီရဲ့ သားကိုပါ ဘာကြောင့် စူစူလေးက အဲ့လောက် ချစ်နေရတာလဲ။
ချင်းယုဟွိုင်းကတော့ အိမ်ပြန်ရောက်လာကတည်းက အခြေအနေကို နားလည်ပြီးပြီဖြစ်သဖြင့် ဒီတိုင်း ပါးစပ်ပိတ်နေလိုက်ပါတော့သည်။
ယောက်ျားဖြစ်သူနဲ့ သားတွေရဲ့ အပြုအမူကိုကြည့်ရင်း စူစူလေး သူမတို့ မိသားစုအပေါ် ဘယ်လောက်တောင် လွှမ်းမိုးနေသလဲဆိုတာ ဝမ်ချင်း နားလည်သွားပြီး နေရခက်သွားပါသည်။
“တူချောလေးက အရသာရှိတာတွေ ချက်ကျွေးတာကိုး!” စူစူလေး ရှင်းပြလိုက်သည်။
“အဲ့လိုလား။ အဲ့တာဆို ငါလည်း နင့်ကို ရုပ်ပြစာအုပ်တွေ အများကြီး ဝယ်ပေးပြီး ကာတွန်းကားတောင် တူတူ ကြည့်ပေးသေးတယ်လေ!”။ ချင်းယုကျီး ပြန်ချေပလိုက်သည်။
“နင်ငါ့ကို မကောင်းဆိုးဝါးမလေးလို့ ခေါ်ဖူးတယ်လေ!”
“အာ… အဲ့တာက ကြာလှပြီကို အခုထိ မမေ့နိုင်သေးဘူးလား”
ချင်းယုကျီး နောင်တရနေပြီး ရှက်လည်း ရှက်နေပါပြီ။
“ငါက မှတ်ဉာဏ်ကောင်းတယ်!”
ချင်းယုကျီး ရှုံးနိမ့်သွားပါပြီ။ နေ့လယ်စာတွေတောင် အရသာ သိပ်မရှိတော့ပါ။
--- --- ---
ချင်းယုချဲ ချက်ပြုတ်ပေးထားသောာ နေ့လယ်စာကို အားရပါးရ စားသောက်ပြီးနောက် ချင်းမိသားစုဝင်များ လက်ဘက်ရည်သောက်ရင်း စကားပြောဖို့ ပြင်ကြသည်။
အဘွားချင်းက ချင်းယုချဲကို မေးမြန်းလိုက်၏။ “အာ့ချဲ၊ ရည်းစားတွေဘာတွေ ရနေပြီလား”
လူကြီးတစ်ယောက်အနေဖြင့် ဒီလိုမေးခွန်းမျိုး မေးဖို့ အရေးကြီးပါသည်။
မိသားစုထဲမှာ အကြီးဆုံး လူပျိုတွေက ချင်းယုဟွိုင်းနဲ့ ချင်းယုချဲတို့ ဖြစ်ကြသည်။
နှစ်ယောက်စလုံးက ပုံစံချင်းမတူကြဘဲ အကြိုက်ချင်းလည်း မတူကြပါ။ သို့သော် စရိုက်ချင်းတော့ အနည်းငယ် တူကြသည်။ နှစ်ယောက်စလုံး အခုချိန်ထိ အိမ်ထောင်ပြုဖို့ကို အေးအေးဆေးဆေး အချိန်ဆွဲနေကြခြင်း ဖြစ်သည်။
အားလုံး ချင်းယုချဲကို ဝိုင်းကြည့်လိုက်ကြပြီး သူ့အဖြေကို စောင့်မျှော်နေကြပါသည်။
သူ့ဆီက ခေါင်းငြိမ့်သည့် အဖြေကိုသာ အားလုံး မြင်ချင်ကြသည်။ ချင်းမိသားစုရဲ့ တတိယမျိုးဆက်မှာ ပထမဆုံး အိမ်ထောင်ပြုမည့်သူ ဖြစ်လာစေဖို့ မျှော်လင့်ထားကြပါသည်။
… … …
အခန်း(၁၄၉) တူကြီးမှာ စိတ်ဒဏ်ရာတွေ ရှိတယ်
“အစ်ကိုယုဟွိုင်းလည်း ရည်းစားမရှိသေးဘူးမလား။ ဒီလိုကိစ္စက ကြီးစဉ်ငယ်လိုက် သွားမှ ပိုအဆင်ပြေမှာ”။ ချင်းယုချီးက ပြန်ပြောလိုက်သည်။
မိသားစုထဲမှာ ရည်းစားမရှိသည့်အကြောင်းကိုပြောတိုင်း ချင်းယုဟွိုင်းက အကြောင်းပြချက်ကောင်းဖြစ်သည်။
ထို့ကြောင့် အဘွားချင်းက ချင်းယုဟွိုင်းဘက်သို့ မြှားဦးလှည့်သွားခဲ့ပါသည်။ “ယုဟွိုင်း နင်ဘယ်လို မိန်းကလေးမျိုး သဘောကျလဲ။ အဘွားကို ပြောပြစမ်းပါ အဘွား ရှာထားပေးမယ်။ အဘွားရဲ့ မိတ်ဆွေတွေမှာ အရွယ်ရောက်ပြီးသား မြေးမလေးတွေ အများကြီးရှိတယ်။ သူတို့ထဲက တစ်ယောက်ယောက်ကို နင်သဘောကျလောက်မှာပါ”
“မလိုပါဘူး။ ကျွန်တော်က ရည်းစားထားဖို့ မသင့်တော်ဘူး”။ ချင်းယုဟွိုင်းက ငြင်းဆန်လိုက်ပါသည်။
“ဟဲ့ကောင်လေး မစမ်းကြည့်ရသေးဘဲ မသင့်တော်ဘူးဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ?! နင်တစ်ခါမှလည်း ရည်းစား မထားဖူးဘူးမလား။ မသင့်တော်ဘူးလို့ ဘာလို့ တပ်အပ် ပြောနိုင်တာလဲ”။ အဘွားချင်းက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
“ကျွန်တော် ရည်းစားမထားချင်ဘူး”။ ချင်းယုဟွိုင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဒါကိုကြားတော့ ဝမ်ချင်းလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ “ယုဟွိုင်း နင့်အဘွားပြောတာကို နားထောင်စမ်း။ တစ်ခါလောက်ပဲ ကြိုးစားကြည့်လိုက်စမ်းပါ။ မကြိုးစားကြည့်ဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာ ဘယ်လို သိနိုင်မှာလဲ။ ကြိုးစားကြည့်လို့ အဆင်မပြေမှ လက်လျှော့လိုက်လို့ ရတယ် ဘာမှမဖြစ်ဘူး”
အိမ်ထောင်ရေး ကိစ္စနဲ့ ပတ်သတ်လာလျှင် ဝမ်ချင်းလည်း သူမ ယောက္ခမတွေနဲ့ အမြင်တူပါသည်။
“ကြိုးစားကြည့်စရာ မလိုပါဘူး”။ ချင်းယုဟွိုင်းက ခေါင်းမာနေဆဲဖြစ်သည်။
“ဟူး…”။ အဘွားချင်း သက်ပြင်းအရှည်ကြီးချလိုက်သည်။ “နင်ဘာလို့ အဲ့လောက်တောင် ခေါင်းမာရတာလဲ”
အဘိုးချင်းက သူမကို နှစ်သိမ့်လိုက်ပါသည်။ “အဘွားကြီး အဲ့လောက်လည်း စိတ်ပူမနေပါနဲ့။ ကလေးတွေက တွေးခေါ်နိုင်စွမ်း ရှိပြီးသားပါ။ သူတို့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး သူတို့ဖာသာ ဆုံးဖြတ်ပါစေ။ လူပျိုကြီး လုပ်ချင်တယ်ဆိုလည်း လုပ်ပလေ့စေ။ ငါတို့က သဘောထား ကြီးပေးရမှာပေါ့!”
“ကျွန်မ အဲ့တာကို နားလည်တယ်။ ဒါပေမယ့် စိတ်ပူတာကိုတော့ ထိန်းမရဘူးလေ။ မြေးတွေ အများကြီး ရှိပေမယ့် အခုချိန်ထိ တစ်ယောက်မှ ရည်းစားမရသေးဘူး။ တစ်ယောက်လောက်ပဲ ရည်းစားရှိတယ်ဆိုရင်တောင် ကျွန်မ ကျေနပ်မှာပါ!”
အဘွားချင်း သက်ပြင်းထပ်ချလိုက်မိပါသည်။
“ဝမ်းမနည်းပါနဲ့။ ငါတို့ သမီးလေး ရှိသေးတာပဲ။ အဲ့ဒီကောင်တွေ စကားနားမထောင်ရင် ငါတို့သမီးလေးကိုပဲ သတိရလိုက်။ အဲ့တာဆို မင်းနေလို့ ပိုကောင်းသွားလိမ့်မယ်!” အဘိုးချင်းက အကြံပေးလိုက်သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်”။ ထိုအတွေးဖြင့် အဘွားချင်း စိတ်အနည်းငယ် ပြန်ကြည်လင်သွားသည်။
သို့သော်လည်း ဝမ်ချင်းကတော့ မပျော်နိုင်ပါ။ သူမ ယောက္ခမတွေမှာ ဖြေသိမ့်စရာ သမီးလေး ရှိသော်လည်း သူမ အတွက်တော့ ဘယ်မှာမှ ဖြေသိမ့်စရာ မရှိပါ။
သူမ သားက ရည်းစားမရှိ၊ အိမ်ထောင်မပြု၊ ကလေးယူဖို့ အစီအစဉ် လုံးဝ မရှိပါ။ သူမ ယောက္ခမတွေကတော့ ကလေးလေး တစ်ယောက် ထပ်မွေးထားသည်။
စူစူလေးက အဘွားချင်းဘေးမှာထိုင်ရင်း ကျားရုပ်လေးနဲ့ ကစားနေကာ လူကြီးတွေရဲ့ စကားဝိုင်းကို နားထောင်နေပါသည်။
သူမ စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူမ တူကြီးအတွက် ကျိန်းသေပေါက် ကောင်မလေး ရှာပေးဖို့ လိုနေပါပြီ။
--- --- ---
လက်ဖက်ရည်သောက်ပြီးသွားကြသောအခါ အားလုံး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ခဲ့ကြသည်။
စူစူလေးက အပြင်ထွက်ဖို့ ကြံနေသော ချင်းယုကျီးကို အတင်းဆွဲထားလိုက်သည်။
“တူလေး နင့်အစ်ကိုကြီးအတွက် ကောင်မလေး သွားရှာပေးရအောင်!” စူစူလေး ပြောလိုက်ပါသည်။
“လာပြန်ပြီလား နင်အရှုံးမပေးသေးဘူးလား။ ၂ ကြိမ်တိတိတောင် မအောင်မြင်တဲ့ဥစ္စာ!” ချင်းယုကျီး ပြန်ပြောလိုက်သည်။
“ငါက လွယ်လွယ်နဲ့ အရှုံးမပေးတတ်ဘူး!”။ စူစူလေးက အားကြိုးမာန်တက် ကြုံးဝါးလိုက်သည်။
စူစူလေးရဲ့ ပုံစံကိုမြင်တော့ ချင်းယုကျီး အလိုလို ပြုံးသွားမိပါသည်။
သူမက ငယ်သေးသော်လည်း တချို့နေရာတွေမှာ လူကြီးတွေထက် ပိုသာသည်။ သူတောင် အတုပြန်ယူရမည့် အချက်တွေ ရှိနေပါသည်။
သို့သော်လည်း သူ့အစ်ကိုကြီးအတွက် ရည်းစားရှာပေးဖို့ ကိစ္စကတော့ တကယ်ပဲ ခက်ခဲပါသည်။
အရင်တစ်ခေါက်က စူစူလေးကို ချင်းယုကျီး ကျီစယ်နေခြင်းသာ ဖြစ်သည်။ မိန်းကလေး တစ်ယောက်ကို ဒီအတိုင်း ဆွဲခေါ်လာလို့ သူ့အစ်ကိုကြီး အလျှော့ပေးမှာ မဟုတ်ပါ။
စူစူလေးရဲ့ ဆုံးဖြတ်ချက် ခိုင်မာနေမှုကြီးကို မြင်ပြီး ချင်းယုကျီး ဆက်မနောက်ရက်တော့ပါ။
သေချာစဉ်းစားပြီးနောက် စူစူလေးကို ချင်းယုကျီး အမှန်တရားတစ်ခု ပြောပြဖို့ ဆုံးဖြတ်လိုက်ပါသည်။
“ငါနင့်ကို လျှို့ဝှက်ချက် တစ်ခုပြောပြမယ်နော်။ ငါ့အစ်ကိုကြီး ရည်းစားထားဖို့ စိတ်ကူးမရှိတာက သူ့မှာ စိတ်ဒဏ်ရာ တစ်ခုခုရှိနေလို့ဖြစ်နိုင်တယ်”
… … …
အခန်း(၁၅၀) တူကြီးရဲ့ အဝတ်အစားတွေ ချွတ်ပေးမယ်
“စိတ်ဒဏ်ရာ ဟုတ်လား အဲ့တာဘာလဲ”။ စူစူလေး နားမလည်စွာ မေးလိုက်သည်။
“မကောင်းတဲ့ ကိစ္စတစ်ခုခုကို တွေ့ကြုံခဲ့ရဖူးတယ်လို့ ပြောတာ။ အဲ့ဒီကိစ္စကြောင့် လူတွေအပေါ်ထားတဲ့ သဘောထားရယ် ပြဿနာတွေကို သူကိုင်တွယ်တဲ့ ပုံစံတွေရယ် ပြောင်းလဲသွားခဲ့တာ”။ ယုကျီး ရှင်းပြလိုက်သည်။
စူစူလေး ဒါတွေ နားလည်နိုင်ပါ့မလား မသေချာသော်လည်း သူအကောင်းဆုံး ကြိုးစားပြီး ရှင်းပြလိုက်ပါသည်။
“တူကြီးက ဘယ်လိုမကောင်းတဲ့ ကိစ္စမျိုး ကြုံခဲ့ရတာလဲ”။ စူစူလေး ထပ်မေးလိုက်သည်။
“ငါ့အစ်ကိုကြီး ငယ်ငယ်တုန်းလည်း အေးအေးလူလူနေတတ်ပြီး စကားနည်းတယ်။ အဲ့တာကြောင့် သူငယ်ချင်းတွေ ဘာတွေ အများကြီး မရှိဘူး။ ငါ့အဖေပြောစကားအရဆို ငါ့အစ်ကို အသက် ၇ နှစ်တုန်းက Summer Camp တစ်ခုမှာ တခြား ကျောင်းသားတွေ အနိုင်ကျင့်တာကို ခံခဲ့ရတယ်တဲ့။ သူ့ကို အဝတ်အစားတွေ ဝိုင်းချွတ်ပြီး အဝေးကြီးရောက်အောင် ပြေးခိုင်းခဲ့တာလဲ”။ ယုကျီးက ပြန်ပြောလိုက်သည်။
“အဝတ်အစားတွေ ဝိုင်းချွတ်တယ် ဟုတ်လာား။ ဘယ်ကောင်က ငါ့တူကြီးကို အဝတ်အစားတွေ ဝိုင်းချွတ်လိုက်တာလဲ။ ငါသွားထိုးပြစ်မယ်!!”
“စိတ်လျှော့ပါ စိတ်လျှော့ပါ အဲ့တာ နှစ်တွေတော်တော်ကြာနေပြီလေ”။ စူစူလေးကို ယုကျီး အမြန်ထိန်းလိုက်ပြီး ထပ်ရှင်းပြလိုက်သည်။ “အဲ့အချိန်တုန်းက ငါ့အစ်ကိုကြီး အသက် ၇ နှစ်ပဲ ရှိသေးတယ်။ နှစ် ၂၀ တောင် ကြာနေပြီ”
“ဪ ဟုတ်လား”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
“အဲ့တုန်းက ငါတောင် မမွေးသေးဘူး! ငါ့အဖေ ပြောပြမှ သိရတာ။ ငါ့အစ်ကို ကိုယ်လုံးတုံး ပြေးနေရတုန်း တခြား ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေက ဝိုင်းရယ်ကြတာတဲ့။ အဲ့တာကြောင့် သူ သူစိမ်း ယောက်ျားလေးတွေနဲ့ကော မိန်းကလေးတွေနဲ့ကော မပတ်သတ်တော့တာ။ သူ့ဖာသာသူ တစ်ယောက်တည်း အလုပ်ထဲပဲ စိတ်နှစ်ထားလေ့ ရှိတယ်”
“ဪ”
“ဒါ ခန့်မှန်းတာပဲရှိတာနော်။ အဲ့ကိစ္စကြောင့် အိမ်ထောင်မပြုချင်တာလားဆိုတာ ရာနှုန်းပြည့် မသေချာသေးဘူး”
ထိုအဖြစ်အပျက်က သူ့အစ်ကိုကို စိတ်ဒဏ်ရာအတော်လေး ရစေခဲ့မှန်း ချင်းယုကျီး သိပါသည်။ သို့သော်လည်း ရည်းစားမထားချင်သည့် ကိစ္စက ဒါနဲ့ ပတ်သတ်နေမလားဆိုတာ မသေချာနိုင်ပါ။
“အဲ့တာဆို တူကြီး စိတ်ဒဏ်ရာ မရတော့အောင် ဘယ်လိုလုပ်ရမလဲ”။ စူစူလေးက မေးလိုက်သည်။
“မသိဘူးလေ။ အဲ့ဒီကိစ္စကြောင့် သူ လူတွေနဲ့ မပတ်သတ်ချင်တော့တာဆိုရင် ပြန်ကုစားဖို့ ခက်လိမ့်မယ်”။ ယုကျီးက ပြန်ပြောလိုက်သည်။
ထင်သလောက်သာ လွယ်နေလျှင် သူတို့ နဂိုကတည်းက ဖြေရှင်းပြီးပါပြီ။
သေချာစဉ်းစားပြီးနောက် ချင်းယုကျီး ထပ်ပြောလိုက်၏။ “ရိုးရိုးသားသား ပြောရရင် ငါ့ကို အဝတ်အစားတွေ ဝိုင်းချွတ်ပြီး လျှောက်ပြေးခိုင်းရင် ငါလည်း စိတ်ဒဏ်ရာ ရမိမှာပဲ”
ယုကျီးပြောတာကို နားထောင်ပြီးနောက် စူစူလေး အလွန်လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။
တစ်ခဏကြာတော့ စူစူလေး ရုတ်တရက် ပြောလိုက်သည်။ “တူကြီးကို အဝတ်အစားတွေ ဝိုင်းချွတ်ရအောင်”
“ဟမ်”။ ယုကျီး ကြက်သေသေသွားသည်။ “ဘယ်လို စဉ်းစားထားတာလဲ”
“ရွာမှာတုန်းက ဘေးအိမ်မှာနေတဲ့ ဒေါ်လေးနျို့မှာ ခရမ်းသီးမကြိုက်တဲ့ မြေးတစ်ယောက်ရှိတယ်။ ဒါပေမယ့် သူ့ကို ၂ ခါလောက် အတင်းကျွေးလိုက်တော့ သူကြိုက်သွားကော!”။ စူစူလေး ရှင်းပြလိုက်ပါသည်။
“ဘယ်လို…”။ စူစူလေးကို ကြည့်ရင်း ယုကျီး ဆွံ့အသွားပါသည်။
သူမ စကားလုံးများက ယုတ္တိမရှိဘူးဟု ထင်ရသော်လည်း နည်းနည်းတော့ အဓိပ္ပာယ်ရှိပါသည်။
ယုကျီး ဘာမှ မလုပ်နိုင်ခင် စူစူလေးက အပေါ်ထပ်ကို ပြေးတက်သွားပြီဖြစ်သည်။
ပြဿနာပဲ!
ယုကျီး နောက်က အမြန်ပြေးလိုက်ခဲ့ရသည်။
“စူစူလေး နေဦး!!”
အခန်းထဲမှာ ချင်းယုဟွိုင်း အလုပ်ကိစ္စတွေကြောင့် အလုပ်များနေစဉ် စူစူလေး ရုတ်တရက် ပြေးဝင်လာခဲ့သည်။
“ဘာလို့ဝင်လာတာလဲ”။ ယုဟွိုင်းက စူစူလေး ဝင်လာတာ စိတ်မဆိုးသော်လည်း အေးတိအေးစက် မေးလိုက်ပါသည်။
စူစူလေးက ယုဟွိုင်း၏ ဘေးကို လျှောက်လာပြီး တောက်ပနေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေပါသည်။
သူမက အလွန်ချစ်ဖို့ကောင်းသည်။ အပြုံးလေးကလည်း ချိုသည်။ ထို့ကြောင့် ယုဟွိုင်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
“တူကြီးရဲ့ အဝတ်အစားတွေကို ချွတ်ပေးလို့ ရလား” စူစူလေး မေးလိုက်သည်။
“ဘာပြောတယ်”
“အဝတ်အစားတွေ ချွတ်ပေးမယ်လို့”
စူစူလေးက နောက်တစ်ကြိမ် သေချာ ပြန်ပြောလိုက်ပါသည်။
… … …