← Chapters

တာအိုဖီဆန်သူ၏ ကောင်းကင်နတ်သိုင်း

Vol. 133 Ch. 1718

တာအိုဖီဆန်သူ၏ ကောင်းကင်နတ်သိုင်း

Vol. 133 Ch. 1718

ကောင်းကင်နတ်ဘုံ စစ်စခန်းတွင်

သခင်လေးသုံးနှင့် သခင်လေးတို့အနက် တစ်ယောက်က ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ထားပြီး နောက်တစ်ယောက်က ထိုက်ချူ၏ ရုပ်ခန္ဓာကို ထိန်းချုပ်ထားသည်။ သခင်လေးသုံးက ချင်မူ၏ နယ်ပယ်အပြင်ဘက်တွင် ရပ်နေပြီး သခင်လေးလေးကတော့ နယ်ပယ်အတွင်း၌ ရပ်နေ၏။

သခင်လေးသုံးက ဖြည်းညင်းစွာ လျှောက်နေရင်း ဤနယ်ပယ်၏ နက်နဲမှုကို လေ့လာကာ ချင်မူ၏ အားနည်းချက်ကို ရှာဖွေနေသည်။

အတိတ်စကြဝဠာတွင် သုံး,သည် သခင်လေးခုနစ် ချင်မူနှင့် အကြိမ်များစွာ ဆုံတွေ့ခဲ့ဖူးသော်လည်း ချင်မူ၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်း နက်နက်နဲနဲ နားမလည်ခဲ့ပေ။ သခင်လေးခုနစ်မှာ အခြားသူများကို လူလည်ကျလိုက်၊ လျှောက်သွားလိုက် လုပ်နေတတ်သဖြင့် မီလော့နန်းတော်တွင် နေထိုင်သည့်အချိန် အလွန်နည်းပါး၏။

ယခုကား ချင်မူ ကျင့်စဉ်နှင့် လမ်းစဉ်များကို လေ့လာရန် အခွင့်အရေးကောင်း ဖြစ်ပေသည်။

ချီစွမ်းအင်အားကောင်းမှုအရဆိုလျှင် ချင်မူသည် ၁၇ စင်းမြောက်စကြဝဠာတွင် အမြင့်ဆုံး မဟုတ်ပေ။

ထိုက်ချူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့၏ ချီစွမ်းအင်က ချင်မူထက် ပိုမိုနက်ရှိုင်းကျယ်ပြန့်၏။

ချင်မူ၏ အားသာချက်က ဤခေတ်ထက် များစွာရှေ့ရောက်နေခြင်းသာ ဖြစ်သည်။ သူ၏ အမြင်၊ အတွေ့အကြုံနှင့် အခြေခံတို့က ထိုက်ချူနှင့် ကောင်းကင်ဧကရာဇ်ဟောင်တို့ထက် များစွာ သာလွန်သည်။

သူကား သခင်လေးတစ်ပါး ဖြစ်လာရန် မဝေးတော့ချေ။ သို့ဖြစ်၍ သခင်လေးသုံးပင်လျှင် လျစ်လျှူရှုမထားရဲတော့။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုံ၏ အဓိကစစ်တပ်ကြီးများမှာ ချင်မူ၏ နယ်ပယ်ထဲတွင် ပိတ်မိနေကာ လွတ်မြောက်နိုင်ခြင်း မရှိချေ။

ချင်မူ၏ နယ်ပယ်မှာ အလွန်တရာ ထူးဆန်းသည်။ သူတို့ မည်သည့်ဘက်မှ တိုက်ခိုက်သည်ဖြစ်စေ နောက်ဆုံးတွင် ချင်မူနှင့် ပို၍ပို၍ နီးကပ်လာရုံသာ ရှိသဖြင့် တစ်ချက်ကလေးမျှ မလှုပ်ဝံ့ကြပေ။

အထူးသဖြင့် ကောင်းကင်နတ်ဘုံမှ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များပင် ခြေတစ်လှမ်းမျှပင် မလှမ်းရဲကြချေ။

ချင်မူ လင်းကွမ်ခန်းမသခင်၏ ကိုယ်ပွားကို သတ်ဖြတ်ခဲ့ပုံမှာ မည်မျှ ကြမ်းကြုတ်ရက်စက်လှပါသနည်း။ အကယ်၍ သူတို့ လှုပ်ရှားလိုက်ပါက မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ချင်မူ၏ ရှေ့မှောက်သို့ ရောက်သွားမည်သာ ဖြစ်ရာ ခေါင်းဖြတ်စက်၌ လည်စင်းခံလိုက်သကဲ့သို့ ဖြစ်နေမည်။

သူတို့အပြင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှင့် ကောင်းကင်နတ်ဧကရီတို့လည်း ရှိနေသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားမှာလည်း အန္တရာယ်ကို မြင်သဖြင့် အရဲမစွန့်ကြချေ။

ကောင်းကင်နတ်ဧကရီမှာလည်း သူမ ဦးခေါင်းကို မည်သည့်ဘက်သို့ လှည့်သည်ဖြစ်စေ ချင်မူက သူမကို မျက်နှာချင်းဆိုင်နေဆဲသာ ဖြစ်ကြောင်း သိလိုက်ရ၏။ သူမက အံ့ဩစွာဖြင့် စုတ်တစ်ချက် သပ်ပြီး နောက်နှစ်ကြိမ်မျှ ခေါင်းလှည့်ကာ တခစ်ခစ် ရယ်နေသည်။

အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၏ တွေးခေါ်ပုံမှာ အခြားသူများနှင့် ကွဲပြားတတ်၏။

ချင်မူက တစ်ယောက်တည်းဖြင့် ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာစစ်တပ်ကြီးများကို ချုပ်ထားပြီး အားလုံးကို ခြေတစ်လှမ်းပင် မလှမ်းရဲအောင် ဖိအားပေးထားသည်။

အကယ်၍ သခင်လေးသုံးနှင့် သခင်လေးလေးတို့သာ သူတို့၏ အရှိန်အဝါဖြင့် နယ်ပယ်ကို မချိုးဖျက်ခဲ့ပါက ကောင်းကင်နတ်အရှင်ရှု၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ရွှမ်တု၊ ယိုတုမှ နတ်ဘုရားမိစ္ဆာစစ်တပ်များပင် ဤနေရာတွင် ပိတ်မိကာ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သခင်လေးသုံး တစ်ယောက်တည်းသာ ချင်မူ့နယ်ပယ်အပြင်သို့ ခုန်ထွက်နိုင်ခဲ့သည်။ ဤတစ်ချက်တည်းဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံက မည်မျှနက်ရှိုင်းသည်ကို မြင်နိုင်ပေသည်။

ချင်မူ၏ ကောင်းကင်ဘုံ ၃၃ ဘုံ ကောင်းကင်ရတနာနယ်ပယ်ကို အခြားသူများ နားမလည်နိုင်သော်လည်း သခင်လေးသုံးကမူ နားလည်သည့်အပြင် ကျော်လွှားနိုင်စွမ်းပင် ရှိ၏။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်မျိုးကို ချင်မူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူ့အနေဖြင့် ကျင့်စဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းခဲ့ပြီးနောက် သူ၏ ကောင်းကင်ရတနာပယ်ကို မည်သူမျှ မချိုးဖျက်နိုင်ခဲ့ဖူးပေ။ ဤသည်မှာ ပထမဆုံးအကြိမ်ပင်။

သခင်လေးသုံးမှာ ချိုးဖျက်သည်နှင့်ပင် မတူ‌ချေ။ တစ်ချက်ကြည့်ရုံဖြင့် သူ၏ နယ်ပယ်အတွင်းရှိ နက်နဲမှုအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလား ဖြစ်နေသည်။

သခင်လေးလေးက သခင်လေးသုံးကဲ့သို့ ဟိုလျှောက်သည်လျှောက် လျှောက်မနေပေ။ သူက နယ်ပယ်အတွင်း၌ ရပ်လျက် ချင်မူ၏ ဖရိုဖရဲခန်းမကို ကြည့်နေသည်။

ချင်မူ၏ နယ်ပယ်တွင် စုစုပေါင်း ကောင်းကင်ဘုံ ၃၃ ဘုံ ရှိသည်။ အပြင်လူများအတွက်တော့ ချင်မူ ၃၃ ယောက် ရှိနေ၏။ သို့သော် ထူးဆန်းသည်မှာ သခင်လေးလေးသည် ကောင်းကင်ဘုံ ၃၃ ဘုံကို ဖြတ်သန်းသွားပြီးသည့်အလား ထိုနေရာတွင် ရပ်နေခြင်းပင်။ ကောင်းကင်ဘုံတိုင်း၌ သခင်လေးလေး တစ်ယောက်စီ ရှိနေကြ၏။

တစ်နည်းအားဖြင့် သူသည် ကောင်းကင်ဘုံ ၃၃ ဘုံကို ထွင်းဖောက်မြင်နိုင်ကြောင်း ပြသလိုက်ခြင်းပငက်။

သခင်လေးနှစ်ပါး၏ နည်းလမ်းများမှာ မတူညီကြသော်လည်း သူတို့၏ ကျင့်ကြံခြင်းအခြေခံတို့ကတော့ နားမလည်နိုင်‌အောင် နက်ရှိုင်းလှသည်။

ချင်မူမှာ ချက်ချင်းပင် စိတ်ဖိစီးလာတော့သည်။

သူသည် ကောင်းကင်နတ်ဘုံစစ်တပ်ကို ဤနေရာတွင် တားဆီးထားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အချိန်ဆွဲပေးလို၏။ ယခုကြည့်ရသရွေ့ ဤကိစ္စက အ‌တော်လေး ခက်ခဲကြမ်းတမ်းပေလိမ့်မည်။

သခင်လေးသုံးနှင့် သခင်လေးလေးတို့မှာ တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုကြပေ။ သူတို့အနေဖြင့် ချင်မူ၏ နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်သော်လည်း အတိတ်က ချင်မူသည် ကောင်းကင်ရတနာနယ်ပယ်ဖြင့် ကျော်ကြားခဲ့ခြင်း မဟုတ်ချေ။

မီလော့နန်းတော်၏ သခင်လေးခုနစ်သည် ကမ္ဘာဦးဖရိုဖရဲတာအိုကို အောင်မြင်၍ ဖရိုဖရဲခန်းမကို ကျင့်ကြံနိုင်ခဲ့သူ ဖြစ်သည်။

သူတို့၏ ဆရာဖြစ်သော မီလော့နန်းတော်အရှင်သခင်ကိုယ်တိုင် ချင်မူ့ကို ချီးကျူးထောပနာပြုခဲ့၏။

သုံးနှင့် လေးမှာ ချင်မူအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူတို့၏ ရုပ်ခန္ဓာများအား ငှားရမ်းထားခြင်းသာ ဖြစ်သည်။ အခြားသူများ၏ ရုပ်ခန္ဓာကို ထိန်းချုပ်ခြင်းသည် ကိုယ်တိုင်ဆင်းသက်လာခြင်းကဲ့သို့ ချောမွေ့ခြင်းမရှိပေ။ ထိုမျှသာမက အတိတ်စကြဝဠာမှ သခင်လေးခုနစ်ကိုလည်း ရင်ဆိုင်ရဦးမည် မဟုတ်လော။ ထို့ကြောင့် ဤသည်က သခင်လေးခုနစ်၏ ဖရိုဖရဲခန်းမထဲ၌ မည်သည့်တာအိုများနှင့် ကောင်းကင်နတ်သိုင်းများ ရှိနေလိမ့်မည်ကို ကြည့်နိုင်သော ရှားပါးသည့် အခွင့်အရေး ဟု ဆိုရမည်င်။

ယခု ချင်မူထံမှ လမ်းစဉ်များ၊ ကျင့်စဥ်များနှင့် ကောင်းကင်နတ်သိုင်းများကို တွေ့မြင်နိုင်လျှင် အနာဂတ်တွင် သခင်လေးခုနစ်အား ရင်ဆိုင်နိုင်ပေလိမ့်မည်။

ဖရိုဖရဲခန်းမက ချင်မူ၏ မဟာကောင်းကင်နတ်ဘုံထဲတွင် ပျံဝဲနေပြီး အဆုံးအစမရှိသော စွမ်းအင်တို့ ကိန်းဝပ်နေသည်။ သို့သော် ထိုစွမ်းအင်တို့မှာ ခန်းမအတွင်း၌ တင်းကြပ်စွာ ပိတ်လှောင်ခံထားရကာ အပြင်သို့ စိမ့်ထွက်မလာနိုင်ပေ။

ချင်မူ၏ မဟာကောင်းကင်နတ်ဘုံသည် ထိုက်ချူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့ကဲ့သို့ ကောင်းကင်နန်းဆောင်များနှင့် ပလ္လင်ခန်းမများကို ကျင့်ကြံခြင်းသာ ဖြစ်၏။ သို့သော် ချင်မူမှာ ကျောက်စိမ်းမြို့တော်‌ထောင်ချောက်၏ သက်ရောက်မှုကို မခံခဲ့ရပေ။

သူသည် ခန်းမသခင် ၇၂ ပါး၏ အရိပ်များနှင့် တိုက်ခိုက်ခဲ့စဉ်တည်းက ထောင်ချောက်ကို ချိုးဖျက်ပြီး ခန်းမ ၇၂ ခု၏ စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သည်။

ဖရိုဖရဲခန်းမကို တည်ဆောက်နိုင်ခဲ့သည့်အချိန်၌ ‌နတ်ကောင်းကင်ခန်းမထောင်ချောက်မှ လွတ်မြောက်သွားခဲ့၏။

ထို့အပြင် သခင်လေးသုံးနှင့် သခင်လေးလေးတို့သည် ချင်မူ့ထံမှ တခြားသော တာအိုကျင့်စဥ်များကိုလည်း တွေ့မြင်နေရသည်။ သခင်လေးနှစ်၏ အဆုံးသတ်မြို့ပျက် တာအိုလမ်းစဉ်နှင့် တာအိုကျင့်စဉ်စနစ်တို့ပင် ဖြစ်လေသည်။

ထိုမျှသာမက ချင်မူ၏ လောကသစ်ပင်က သူတို့ကို ဇဝေဇဝါဖြစ်နေစေသည်။ ဤတာအိုကျင့်စဉ်မှာ ၁၇ စင်းမြောက် စကြ၀ဠာတွင်သာ ရှိသည့် ကျင့်စဉ်စနစ် ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးပေ။

ဖရိုဖရဲလမ်းစဉ်ကိုပါ ပေါင်းထည့်လိုက်လျှင် ချင်မူ၌ တာအိုကျင့်စဉ်ငါးမျိုး ရှိနေကြောင်း တွေ့ရပေမည်။

ဤသည်မှာ ချင်မူ အလွန်တရာ စွမ်းအားကြီးနေရသည့် အကြောင်းအရင်း ဖြစ်သည်။

ရုတ်တရက် သခင်လေးသုံး လင်းရှောင်က တုံ့ခနဲ ရပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရပ်ကြည့်နေခဲ့သော သခင်လေးလေး ကျစ်ရှောင်က ခြေလှမ်းများ လှမ်း၍ ဟင်းလင်းပြင်အလွှာများကို ဖြတ်ကျော်ကာ ချင်မူအရှေ့သို့ တန်းတန်းမတ်မတ် ရောက်လာ၏။

ချင်မူလည်း ထိုအခိုက်အတန့်မှာပင် တိုက်ခိုက်လိုက်သည်။ သူကား အခြား တာအိုအဆင့် ကောင်းကင်နတ်သိုင်းများကို မသုံးချေ။ တိုက်ခိုက်လိုက်သည်နှင့် ချက်ချင်း ကောင်းကင်ဘုံ ၃၃ ဘုံအဆင့် တာအိုကောင်းကင်နတ်သိုင်း ကပ်ဘေးခွင်းဓားကို ထုတ်ဖော်လိုက်သည်။

သူ၏ ကောင်းကင်နတ်သိုင်းများက တာအိုရရှိပြီးဖြစ်သည့်အပြင် ကပ်ဘေးခွင်းဓားချက်က သူဖန်တီးခဲ့သမျှထဲတွင် အစွမ်းအထက်ဆုံး ကောင်းကင်နတ်သိုင်း ဖြစ်သည်။ မဟာတာအို ကောင်းကင်နတ်သိုင်းမှန်သမျှ ချိုးဖျက်နိုင်လေသည်။

ကပ်ဘေးခွင်းဓားတွင် ချင်မူ၏ နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံ သဘာဝတို့ ကိန်းဝပ်နေပြီး ဖြာထွက်လာသည့် ကောင်းကင်ဘုံ ၃၃ ဘုံ တာအိုနယ်ပယ်က ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာတစ်၀က်ကျော်ကို ပိတ်လှောင်ထားသည်။ ကောင်းကင်နတ်ဧကရီနှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားတို့ပင်လျှင် မလှုပ်ရှားရဲချေ။

ချင်မူသည် ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ကို ကျင့်ကြံအောင်မြင်ခဲ့သည်သာမက ကမ္ဘာဦးဖရိုဖရဲသင်္ကေတများဖြင့် ‌ဤကောင်းကင်နတ်သိုင်းကို ပြန်လည်တိုးတက်စေခဲ့၏။ ၎င်း၏စွမ်းအားက ယခင်ကထက် များစွာ သာလွန်နေချေသည်။

သခင်လေးလေး ကျစ်ရှောင်က ကပ်ဘေးခွင်းဓားကွက်ကို ရင်ဆိုင်ရန် လျှောက်လာသည်။ သူက လက်မြှောက်၍ ပြေး၀င်လာနေသော ဓားရောင်ဆီသို့ လက်ညှိုးထိုးလိုက်၏။ လက်ညှိုးနှင့် ဓားက လေထဲတွင် တိုက်မိပြီး တဂျီဂျီ မြည်သံများ ထွက်ပေါ်လာသည်။

ချင်မူ၏ လက်ထဲတွင် ဓားမရှိပေ။ ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ကို ခရမ်းရောင်ဓားတစ်လက်အဖြစ် ဖော်ဆောင်ထားခြင်းသာ ဖြစ်သည်။ သခင်လေးလေးကျစ်ရှောင်က သူ၏လက်ညှိုးဖြင့် ကောင်းကင်နတ်သိုင်းကို ထုတ်ဖော်လိုက်ရာ လက်ညှိုးတစ်ချက် တောက်လိုက်သည်နှင့် လေထုထဲတွင် ခရမ်းရောင်ချီတို့ဖြင့် ဖွာထွက်သွားတော့သည်။ ၎င်းမှာလည်း ကမ္ဘာဦးဖရိုဖရဲချီပင် ဖြစ်သည်။

သူတို့နှစ်ဦး၏ ကောင်းကင်နတ်သိုင်းများ ၀င်တိုက်သွားသည်နှင့် ကောင်းကင်ဘုံ ၃၃ ဘုံမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ တာအိုနယ်ပယ်အထပ်ထပ်က ဇောက်ထိုးမိုးမျှော် ဖြစ်သွား၏။ အချိန်နေရာတို့က ပြောင်းပြန်ဖြစ်ပြီးသွားပြီး ကောင်းကင်ဘုံ ၃၃ ဘုံစလုံး တိမ်းစောင်းသွားသည်။ ကောင်းကင်ဘုံ ၃၃ ဘုံတွင် ရှိနေသူအားလုံးမှာ အလိုအလျောက် ရှေ့သို့ လျှောကျသွားပြီး အဆုံးမရှိသော အချိန်တွင်းနက်ထဲသို့ တစ်ပြိုင်နက် ပြုတ်ကျနေသည့်အလား ခံစားနေရတော့သည်။

သူတို့အားလုံး အလျင်အမြန် ဟန်ချက်ထိန်းလိုက်ကြသော်လည်း သခင်လေးနှစ်ပါး၏ တိုက်ပွဲကြောင့် သူတို့မှာ အခြားနယ်ပယ်များသို့ ရွှေ့ပြောင်းခံလိုက်ရကြောင်း သတိထားမိလိုက်ကြသည်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ချင်မူနှင့် ပိုမို နီးကပ်သွားခြင်းပင်ဖြစ်၏။

အားလုံး၏ နဖူးတွင် ချွေးစေးများ ပြန်လာပြီး နှာခေါင်းပေါက်များလည်း ကျယ်လာကာ မျက်ဆံများ ကျုံ့လျက် လည်ချောင်းတို့ ခြောက်ကပ်လာသည်။

ကောင်းကင်နတ်ဧကရီက တခစ်ခစ် ရယ်မောလိုက်ရင်း အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်၏။ အဆုံးသတ်မြို့ပျက် အသူရာ‌ချောက်နက် ပေါ်ထွက်လာသည့်အခါ သူမက ခုန်ဆင်းသွားချေပြီ။ “ငါ နင်တို့နဲ့ ဆက်မကစားတော့ဘူး…. တာ့တာ… “

အဆုံးသတ်မြို့ပျက် အသူရာ‌ချောက်နက်က သူမကို ဝါးမြိုသွားပြီးနေုက် ပြန်ပိတ်ကာ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်သားတည်း ပေါင်းစည်းသွားပြီး မြွေခေါင်းနှင့် လူကိုယ် ရှိသော ဘီလူးကြီးများအသွင် ပြောင်းလဲသွား၏။ ထိုက်ကျိသဲခုံကို အသက်သွင်းလိုက်ရာတွင် ၎င်းက လည်ပတ်လျက် သူတို့အား အဝေးသို့ သယ်ဆောင်ပေးသွားသည်။

သူတို့ ရွေးချယ်လိုက်သည့် အချိန်မှာ အလွန် ပါးနပ်လှသည်။ ချင်မူနှင့် သခင်လေးလေးကျစ်ရှောင်တို့ တိုက်ခိုက်သည်နှင့် ကောင်းကင်ဘုံ ၃၃ ဘုံက တုန်ခါသွားခဲ့၏။ ယခုတွင် ပြန်လည်တည်ငြိမ်လာတော့မည်။

ဤသည်မှာ ချင်မူ့နယ်ပယ်မှ လွတ်မြောက်ရန် အကောင်းဆုံးအချိန် မဟုတ်လော။

ရွှမ်း…

အနက်ရောင်အလင်းတန်းတစ်တန်း လှုပ်ခတ်သွားပြီး အဆုံးသတ်မြို့ပျက် အသူရာ‌ချောက်နက် အက်ကွဲလာသည်။ ကောင်းကင်နတ်ဧကရီသည် ချောက်ကမ်းပါးထဲမှ ခပ်ပြုံးပြုံး ထွက်လာ၏။ “အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်တိုက်လို့ရပြီ”

ထိုစဉ် သူမ၏မျက်နှာပေါ်ရှိ အပြုံးမှာ ရုတ်တရက် တောင့်တင်းသွားတော့သည်။ ရှေ့တွင် လောကသစ်ပင်ကြီးက စိမ်းစိုလန်းဆန်းစွာဖြင့် ကောင်းကင်ဘုံများအပေါ် ဖုံးလွှမ်းထား၏။ သူမသည် ကောင်းကင်ဘုံ ၃၃ ဘုံထဲတွင် ရှိနေဆဲ ဖြစ်သည့်အပြင် ချင်မူနှင့် ပို၍ပင် နီးကပ်နေလေသည်။

အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းခဲ့သော်လည်း ချင်မူ၏ နယ်ပယ်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် ထိုက်ကျိသဲခုံသည် တဝှီးဝှီး လည်ပတ်နေရာမှ တုံ့ခနဲ ရပ်တန့်သွား၏။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပြန်လည်ခွဲထွက်သွားသည်။ သူတို့၏ မျက်နှာနှင့် ကိုယ်ပေါ်တွင် ချွေးများ ရွှဲနစ်နေပြီး ရှေ့ရှိ အပင်အောက်မှ ချင်မူ့ကို စိုက်ကြည့်နေမိကြသည်။

သူတို့နှင့် ချင်မူအကြားရှိ အကွာအဝေးမှာ ကောင်းကင်နတ်ဧကရီထက်ပင် ပို၍ နီးကပ်နေသေးသည်။

သုံးဦးသား ထိုနေရာတွင် တောင့်တင်းသွားပြီး မလှုပ်ရှားဝံ့တော့ချေ။

သခင်လေးလေးကျစ်ရှောင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သို့သော် ချင်မူ၏ ကပ်ဘေးခွင်းဓားကွက်သည် သူ၏ ကောင်းကင်နတ်သိုင်းကို မချိုးဖျက်နိုင်ခဲ့ပေ။ သူ၏လက်ညှိုးမှာ မီလော့နန်းတော်၏ ကောင်းကင်နတ်သိုင်း ဖြစ်နေပြီး အခြေခံသင်္ကေတတို့က ဖရိုဖရဲသင်္ကေတများ ဖြစ်သည်။ အခြေခံအကျဆုံး မဟာတာအိုသင်္ကေတများဖြစ်သဖြင့် ချိုးဖျက်ရန် နည်းလမ်း မရှိပေ။

ကောင်းကင်နတ်သိုင်းနှစ်ခု၏ စွမ်းအားကို နှိုင်းယှဉ်ပါက ကျစ်ရှောင်သည် ချင်မူ၏ ကပ်‌ဘေးခွင်းဓားကွက်ထက် တစ်ပန်းသာနေသေးသည်။

ကပ်ဘေးခွင်းဓားကွက် ကျိုးပျက်သွားသည်နှင့် ချင်မူက ချက်ချင်း တိုက်ကွက်ပြောင်းလိုက်ပြီး ကမ္ဘာဦးဖရိုဖရဲ‌လက်ချောင်းဖြင့် သခင်လေးလေး၏ လက်ညှိုးကို ရင်ဆိုင်လိုက်၏။ သူတို့နှစ်ဦး၏ ကောင်းကင်နတ်သိုင်းတို့က တစ်ထပ်တည်းနီးပါး တူညီသော်လည်း အတွင်း၌ ကိန်းဝပ်နေသော ပြောင်းလဲမှုများကတော့ မတူညီကြပေ။

ကမ္ဘာဦးဖရိုဖရဲ‌လက်ချောင်းသည် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများမှ ဖန်တီးထားခြင်း ဖြစ်သော်လည်း တစ်ဦးချင်းစီ၏ သိမြင်နားလည်မှုမှာ မတူညီသောကြောင့် အသွင်သဏ္ဍာန်သည်လည်း မတူညီပေ။ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများသည် ထိုက်ငါးပါးတာအိုမှ အစပြု၍ မွေးရာပါတာအိုအားလုံးအထိ မရေမတွက်နိုင်သော မဟာတာအိုများအဖြစ် ဆင့်ကဲပြောင်းလဲ‌နိုင်သည်။

ဤအခိုက်အတန့်တွင် ကျင့်ကြံခြင်းအခြေခံချင်း ယှဉ်ပြိုင်နေကြခြင်း ဖြစ်၏။ အခြေခံပိုမိုနက်ရှိုင်းခိုင်မာသူ၏ အပြောင်းအလဲတို့က ပို၍များပြားပေမည်။

ဘုန်း…

ချင်မူ၏ ရင်ဘတ် ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားသည်။ သူသည် သခင်လေးလေး ကျစ်ရှောင်၏ လက်ညှိုးတစ်ချက်ဖြင့် လောကသစ်ပင်တွင် ထိုးစိုက်ခံလိုက်ရတော့သည်။

သူ လောကသစ်ပင်အား ဝင်တိုက်မိသည်နှင့် ကောင်းကင်ဘုံ ၃၃ ဘုံမှာ တစ်ဖန် တုန်ခါသွားပြန်သည်။ နယ်ပယ်တစ်လွှာချင်းစီမှာ အစီအစဉ် ပြန်လည်ပြောင်းလဲသွားသည့်အတွက် ကောင်းကင်နတ်ဘုံမှ စစ်တပ်များ၏ ၀င်္ကပါအခင်းအကျင်းတို့မှာလည်း နောက်တစ်ကြိမ် ချာချာလည်သွား၏။

ဤတစ်ကြိမ်တွင် သူတို့သည် ချင်မူနှင့် အလွန်ဝေးကွာသွားမှန်း သိလိုက်ရပြီး သူ့ထံ လျှောကျနေခြင်း မဟုတ်တော့ပေ။ အားလုံး စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ကြသည်။

ချင်မူ လောကသစ်ပင်ပေါ်မှ လျှောကျလာစဉ် ရုတ်တရက် ဖရိုဖရဲခန်းမ၌ ဖရိုဖရဲချီများ ပြည့်နှက်သွား၏။ ၎င်းက အရပ်လေးမျက်နှာသို့ ပျံ့ထွက်၍ လောကသစ်ပင်ကိုပါ လွှမ်းခြုံသွားတော့သည်။

ဤအခိုက်အတန့်တွင် လောကသစ်ပင်မှာ အဆုံးသတ်မြို့ပျက် အသူရာ‌ချောက်နက်တွင် ရှိနေသည့်အလားပင်။ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲချီတို့မှာ မရဏလေပူအပြင် တိတ်ဆိတ်ငြိမ်သက်မှုနှင့် ပြည့်နှက်နေ၏။ တစ်လောကလုံးကို ဖျက်ဆီးနိုင်သည့် မဟာကပ်ဘေးကြီးအလား မဟာတာအိုအားလုံး ပျောက်ကွယ်သွား၏။

“ခုနစ်” သခင်လေးလေး ကျစ်ရှောင်က ဤမဟာပျက်စီးခြင်းကပ်ဘေးကြီးထဲသို့ ၀င်လာ၍ မှင်သေသေ ခေါ်လိုက်သည်။

သစ်ပင်အောက်တွင် ချင်မူက လက်ဆန့်တန်းကာ ဓားဆွဲထုတ်လိုက်သည်။ သူက ဖရိုဖရဲချီထဲမှ လျှောက်လာသော စတုတ္ထသခင်လေးကို စိုက်ကြည့်နေ၏။

သခင်လေးလေး၏ ပုံရိပ်က ရှင်းလင်းပြတ်သားလာပြီး သူ၏ခန္ဓာကိုယ်မှာလည်း ပိုပို၍ ကြီးမားလာသည်။ ချင်မူ ဖော်ဆောင်ထားသော မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် လျှောက်လှမ်းနေသည့် သူ၏အသွင်သည် မန္တန်အားလုံးကို ဖြတ်ကျော်လျက် ထာဝရတည်ရှိနိုင်နေသည့်အလား ထင်ရ၏။ မရဏလေပူတို့ကလည်း သူ့ကို အနည်းငယ်မျှ မထိခိုက်နိုင်ပေ။

ထိုအခိုက်အတန့်တွင် အဝေးရှိ လန်ဖုန်းတောင်ကြားထဲမှ ကောင်းကင်နတ်အရှင်ယွဲ့၏ လက်ချောင်းလေးများ လှုပ်ရှားသွားပြီး ဗျပ်စောင်းသံ ထွက်ပေါ်လာသည်။ သံစဉ်မျှင်တို့က သူမ၏ ထိန်းချုပ်မှုအောက်တွင် ချင်မူ့နယ်ပယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လျက် သခင်လေးလေး၏ နားထဲသို့ ဝင်ရောက်လာတော့၏။

သခင်လေးလေး ခြေလှမ်းလိုက်စဉ် တေးသွားအား ကြားလိုက်ရသည်။ သူ၏နှလုံးသားမှာ ရုတ်တရက် တဒုန်းဒုန်း ခုန်လာပြီး ကစဉ့်ကလျား ဖြစ်သွားချေပြီ။

ဓားရောင်တို့ လင်းလက်သွားသည်။

ချင်မူ ဓားကို ဆွဲထုတ်လိုက်သော်လည်း သူ ဆွဲထုတ်လိုက်သည်မှာ သူ၏ ညာလက်ပင် ဖြစ်သည်။

တျန်းတု လောကဖန်ဆင်းဓား

“တာအိုဖီဆန်သူ”

သခင်လေးလေး နောက်သို့ ဆုတ်လိုက်သော်လည်း ဓားရောင်က ဖရိုဖရဲအလွှာများကို ခုတ်ပိုင်းသွားချေပြီ။ ၎င်းက ကောာင်းကင်ကို နှစ်ခြမ်းခွဲလျက် သူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်သွား၏။ သခင်လေးလေး၏ စိတ်အစဉ်မှာ ဗြောင်းဆန်သွားကာ အသိစိတ်သည်လည်း နှစ်ခြမ်းခွဲခံရသကဲ့သို့ ကွဲထွက်သွားတော့သည်။

ချင်မူ၏ ဤဓားကွက်ကား သူ၏ အသိစိတ်ကို တိုက်ရိုက်သတ်ဖြတ်ပြီး သူ၏စွမ်းအားကို ချေမှုန်းလိုက်လေပြီ။

ဝုန်း..

သခင်လေးလေး၏ အနောက်ရှိ ခရမ်းရောင်ကောင်းကင်ခန်းမက ဝုန်းခနဲ ပြိုကျသွားပြီး စကြ၀ဠာ နှစ်ခြမ်းကွဲနေသည့် မြင်ကွင်း ပေါ်ထွက်လာသည်။

ထိုက်ချူသည် ချက်ချင်းပင် သူ၏ရုပ်ခန္ဓာကို ပြန်လည်ထိန်းချုပ်လျက် ထိုက်ချူချီအလင်းတန်းဖြင့် ပြောင်းလဲကာ ထွက်ပြေးတော့၏။ သို့သော် သူ့မှာ ချင်မူနှင့် ပိုပို၍ နီးကပ်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩမှင်သက်သွားမိသည်။

ဝှစ်…

ပုံရိပ်တစ်ခု သူ၏ရှေ့တွင် ပေါ်လာပြီး သူ၏ လည်ဂုတ်ကို ဖမ်းဆုပ်ကာ ချင်မူ၏ နယ်ပယ်အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။

သခင်လေးသုံး လင်းရှောင်၏ မျက်နှာအမူအရာက မည်းမှောင်နေသည်။ သူက ချင်မူ၏ လက်ဖဝါးဆီသို့ ကြည့်၍ အေးစက်စွာ ဆိုလိုက်သည်။ “ညီခုနစ်၊ မင်းက တာအိုဖီဆန်သူရဲ့ ကောင်းကင်နတ်သိုင်းကို သင်ယူပြီး မီလော့နန်းတော်ကို တိုက်ခိုက်ဖို့ သုံးလိုက်တာပေါ့လေ… မင်းရဲ့ ရည်ရွယ်ချက်တွေက မရိုးသားဘူး”

All Chapters