မိုင်သုံးထောင်အထိ ဆုတ်
Vol. 133 Ch. 1719
“တာအိုဖီဆန်သူတဲ့လား”
ချင်မူမှာ တစ်ခဏမျှ အသက်ပြင်းပြင်းရှူနေရပြီးနောက် သူ့ရုပ်ခန္ဓာပေါ်ရှိ ဒဏ်ရာများကို ကုသရန် ကြိုးစားနေသည်။ သို့သော် သခင်လေးလေးကျစ်ရှောင်၏ ကမ္ဘာဦးဖရိုဖရဲလက်ချောင်းက သူ့ထက် ပြောင်းလဲမှုအရာတွင် သာလွန်နေသဖြင့် အချိန်တိုအတွင်း ချိုးဖျက်နိုင်ရန် ခက်ခဲနေ၏။
သူ့အနေဖြင့် ကောင်းကင်နတ်သိုင်းအပြောင်းအလဲတို့အား ချိုးဖျက်ရန်မှာ မဖြစ်နိုင်ခြင်းမဟုတ်ချေ။ ချင်မူသည် ကမ္ဘာဦးဖရိုဖရဲလက်ချောင်းကို ယခင်ကလည်း သင်ယူဖူးသော်လည်း ပြောင်းလဲမှုအရာ၌ သခင်လေးလေးကို မယှဉ်နိုင်ပေ။ အပြောင်းအလဲတို့အား နားလည်သိမြင်နိုင်သရွေ့ သူ၏တာအိုဒဏ်ရာများကို ကုသနိုင်ပေလိမ့်မည်။
“အစ်ကိုသုံး၊ ဒီကောင်းကင်နတ်သိုင်းကို တာအိုဖီဆန်သူရဲ့ ကောင်းကင်နတ်သိုင်းလို့ ခေါ်လိုက်တာလား”
သူက ဒဏ်ရာကို ချုပ်ထားရင်း အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ ဒီကောင်းကင်နတ်သိုင်းက မီလော့နန်းတော်ရဲ့ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေမှာ မပါတော့ တာအိုဖီဆန်သူရဲ့ ကောင်းကင်နတ်သိုင်း ဖြစ်သွားတာလား… ဆရာမရှိတော့ ခင်ဗျားတို့က ပိုပြီးအရှက်မရှိ မျက်နှာပြောင်လာကြတာပဲ…. အခြားသူတွေကို သည်းမခံနိုင်တာ ထားပါဦး… ကျင့်စဉ်အသစ်တွေ၊ ကောင်းကင်နတ်သိုင်းအသစ်တွေကိုတောင် လက်မခံနိုင်တော့ဘူးလား… သိပ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ… လက်ရှိမီလော့နန်းတော် ဒီလောက် ဖရိုဖရဲဖြစ်နေတာ မအံ့ဩတော့ပါဘူးလေ”
သခင်လေးသုံး၏ မျက်နှာအမူအရာက သုန်မှုန်ရှုပ်ထွေးနေသည်။ သူက အေးစက်စွာ ပြော၏။ “ညီခုနစ်၊ မင်းက တျန်းတု တာအိုဖီဆန်သူတွေရဲ့ ဇစ်မြစ်ကို မသိသေးဘူး… သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေကို မင်း သင်ထားတာ နားလည်ပေးလို့ရတယ်…. မီလော့နန်းတော်နဲ့ တျန်းတုကြားက စစ်ပွဲဟာ စကြဝဠာခေတ် ဆယ်ခေတ်အထိ ကြာခဲ့ပြီ…. တျန်းတုဟာ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ် မဟုတ်ဘူး…. ကောာင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုကို စော်ကားဖီဆန်နေတာပဲ…. မင်းက အဲ့သိုင်းကွက်ကို အသုံးချပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုကို အနှောင့်အယှက် ပေးခဲ့ပြီ… အခုတော့ မင်းလည်း လမ်းအမှားကို လျှောက်နေမိပြီ”
သူက လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်သည်။ “မင်းနဲ့ ငါက မီလော့နန်းတော်အတွင်းမှာပဲ ဖြစ်တဲ့ တိုက်ပွဲပဲ… ငါတို့ ခေါင်းကွဲပြီး သွေးချောင်းစီးတဲ့အချိန်အထိ တိုက်ခိုက်ကြရင်တောင် ဆရာတူညီအစ်ကိုတွေကြားက တိုက်ပွဲပဲ…. ဒါပေမဲ့ တျန်းတုရဲ့ တာအိုဖီဆန်သူတွေနဲ့ မီလော့နန်းတော်ကြားက စစ်ပွဲကတော့ မတူဘူး… ပြိုင်ဘက်ကင်းတွေအကြားက စစ်ပွဲ … ကောင်းမှုနဲ့ မကောင်းမှုကြားက စစ်ပွဲပဲ… ခုနစ် အမှားမလုပ်မိစေနဲ့…”
ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “သုံး၊ အခု ခင်ဗျားနဲ့ လေးက ပူးပေါင်းပြီး ကျွန်တော့်ရဲ့တာအို ဖျက်ဆီးနေတဲ့အပြင် ကျွန်တော့် ကောင်းကင်နတ်သိုင်းတွေ သုံးမရတာကိုပါ လိုချင်နေတာလား… သိပ်ကို ကောင်းတဲ့ အပေးအယူပဲနော်”
သခင်လေးသုံး၏ မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး သူ၏ဦးခေါင်းအနောက်၌ တာအိုသစ်ပင်အရိပ်တစ်ခု ဖြည်းဖြည်းချင်း ထင်ဟပ်လာသည်။ သူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “လေးရဲ့ စိတ်မှာ အားနည်းချက် ရှိတယ်… သူ ရှုံးသွားအောင် ဖိအားပေးဖို့ သူ့ရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်ရင် ရပြီ… ဒါပေမဲ့ ငါ့မှာတော့ အားနည်းချက် မရှိဘူး… ငါဟာ မီလော့နန်းတော်ကို အရင်၀င်ရောက်နိုင်ခဲ့တဲ့အပြင် တာအိုကိုလည်း စောစီးစွာ ရခဲ့တယ်…. ဆရာ တျန်းတုကို ရှင်းလင်းချေမှုန်းခဲ့တဲ့ အချိန်တုန်းကလည်း ငါ ရှိနေခဲ့တယ်… မင်းက တာအိုဖီဆန်သူရဲ့ ကောင်းကင်နတ်သိုင်းကို ငါ့အရှေ့မှာ အသက်သွင်းခဲ့တာဆိုတော့ ငါ ဆရာ့ရဲ့ အန္တိမသိုင်းကွက်ကို အသက်သွင်းပြီး တျန်းတုအရှင်သခင်ကို ဆရာ သတ်ခဲ့သလိုမျိုး မင်းကိုလည်း သတ်ပစ်မယ်…”
သူ၏ တာအိုသစ်ပင်က ပို၍ ကြည်လင်ပြတ်သားလာပြီး တာအိုသစ်သီးများလည်း ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ၎င်းတို့တစ်လုံးစီထဲတွင် မတူညီသော တာအိုများ ကိန်းအောင်းနေ၏။
တာအိုသစ်ပင်၏ အရိပ်က ချင်မူ့နယ်ပယ်ထဲတွင် အမြစ်တွယ်ကာ ကောင်းကင်ဘုံ ၃၃ ဘုံကို ဖောက်ထွက်သွားသည်။ အရိပ်သည် ချင်မူ့လောကသစ်ပင်ထက်ပင် ပို၍ကြီးမား၍ နက်ရှိုင်းကျယ်ပြန့်၏။
တာအိုသစ်ပင်၏ အရိပ်ကပင် ချင်မူ့တာအိုကျင့်စဉ်နယ်ပယ်ကို ဖိနှိပ်ထားရန် လုံလောက်သည်။
သူတို့အကြည့်ချင်း ဆုံသွားသည့်အခါ ချင်မူ့သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ဖရိုဖရဲခန်းမတွင် ဖရိုဖရဲချီတို့ ပြန်လည်ပြည့်နှက်သွားပြီး လောကသစ်ပင်ကို ၀န်းရံလိုက်သည့် ဖရိုဖရဲမြစ်ကြီးတစ်စင်းကို ဖွဲ့တည်လိုက်သည်။
ဤမြင်ကွင်းကား မဟာပျက်စီးခြင်းကပ်ဘေးကြီးအလားပင်။
ထိုမျှသာမက ချင်မူ၏ အရှိန်အဝါသည် လုံးဝပေါက်ကွဲထွက်လာပြီး သူ၏တာအိုကျင့်စဉ်နယ်ပယ်ကိုပါ ပြိုလဲ၍ ဖရိုဖရဲများအဖြစ် ပြောင်းလဲသွားစေသည်။
သူ၏ တာအိုကျင့်စဉ်နယ်ပယ်သည် သခင်လေးသုံး၏ ဖိနှိပ်ခြင်း ခံလိုက်ရပြီ ဖြစ်သောကြောင့် ဖျက်စီးလိုက်ခြင်းက ပို၍ ကောင်းမွန်သည်။
တာအိုကျင့်စဉ်နယ်ပယ်က သူ၏ကောင်းကင်ရတနာ ဖြစ်သော်လည်း တျန်းတုလောကဖန်ဆင်းဓား၏ စွမ်းအားကို ဖြည့်ပေးဖို့ ၎င်းအား တစ်ချက်တည်း ဖျက်ဆီးရန် ပြင်ဆင်ထားခဲ့၏။
နယ်ပယ်၏ ၃၃ ဘုံမြောက် ကောင်းကင်ဘုံအလွှာမှာ ချက်ချင်း ပြိုကျသွားသည်။ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများမှာ ထိတ်လန့်တုန်လှုပ်ဖွယ် ပျက်စီးခြင်းမြင်ကွင်းကြီးကို တွေ့မြင်လိုက်ရလေသည်။ ကောင်းကင်နှင့်မြေကြီးအပြင် အရာအားလုံးက ချင်မူ့ဆီသို့ ဦးတည်ပြိုလဲလျက် ဖရိုဖရဲများအဖြစ် ပြောင်းလဲပျက်စီးနေတော့သည်။
နေဖြစ်စေ၊ လဖြစ်စေ၊ ကြယ်တာရာဖြစ်စေ၊ စကြ၀ဠာ၏ ကမ္ဘာလောကအားလုံးဖြစ်စေ အရာအားလုံးမှာ ဗလာနတ္ထိ ပျောက်ကွယ်သွားသည်အထိ ဖျက်စီးခြင်း ခံနေရချေပြီ။
ဤပျက်စီးခြင်းကပ်ဘေးကြီး ပေါက်ကွဲထွက်လာပါက ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော စစ်တပ်များသည်လည်း ကပ်ဘေးကြီးထဲ ကျရောက်၍ ဖျက်ဆီးခြင်း ခံစားရပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် သခင်လေးသုံး၏ တာအိုသစ်ပင်က ရုတ်တရက် တုန်ခါသွားသည်။ မရေမတွက်နိုင်သော သစ်မြစ်များနှင့် သစ်ကိုင်းများက ကောင်းကင်ဘုံ ၃၃ ဘုံကို ဖောက်ထွက်ကာ ဧရာမအမြစ်ကြီးများကတော့ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲသို့ ထိုးစိုက်ဝင်ရောက်၍ ရပ်တန့်နေစေသည်။
ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်မြစ်ရေတပ်နှင့် တခြားစစ်တပ်များ၏ တပ်မှူးများမှာ စိတ်အေးသွားကြ၏။ ထိုအခိုက်အတန့်တွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ကောင်းကင်သို့ ပျံတက်၍ အော်ဟစ်လိုက်ကြသည်။ “အခု ပြေးထွက်ကြတော့”
ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ် ဖိနှိပ်ခံလိုက်ရသည့်အခါ နယ်ပယ်၏ ထူးခြားဆန်းကြယ်မှုအားလုံး ပျောက်ကွယ်သွားသည်။ ချက်ချင်းပင် ကောင်းကင်နတ်ဘုံ၏ စစ်တပ်များက အကြီးအကျယ် စစ်ရှုံးသွားသကဲ့သို့ အသည်းအသန် ပြေးထွက်ကုန်ကြ၏။ နတ်ဘုရားမိစ္ဆာများက နေရာတိုင်းသို့ ထိုးကြိတ်ပြေးလွှားနေပြီး အရှေ့မှ လမ်းပိတ်နေသူများကို သတ်ဖြတ်သွားကြသူများပင် ရှိကြသည်။
တခဏအတွင်း ကောင်းကင်နတ်ဘုံစစ်တပ်များမှာ အချင်းချင်း သတ်ဖြတ်နေကြသောကြောင့် အကျအရှုံးများ အလွန်တရာ များပြားနေတော့သည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ထိုက်ကျိသဲခုံကို အလျင်အမြန် အသက်သွင်းရင်း ထိုက်ကျိကြယ်တာရာလွင်ပြင်အဖြစ် ဖြန့်ခင်းလိုက်ပြီး စစ်တပ်များကို လွှမ်းခြုံကာ နယ်ပယ်အပြင်သို့ ပို့ပေးလိုက်သည်။
ထိုစဉ် ချင်မူသည် ကောင်းကင်နှင့်မြစ်ကြီးကို နှစ်ခြမ်းကွဲစေနိုင်သည့် အနက်ရောင် ယဇ်ပလ္လင်အပေါ်တွင် ရပ်နေသကဲ့သို့ ကြောက်စရာကောင်းလာ၏။
ဝုန်း…
သူ၏ ချီနှင့်သွေးတို့က အဆပေါင်းများစွာ အားကောင်းလာသည်။ သူ၏ ကမ္ဘာဦးဖရိုဖရဲရုပ်ခန္ဓာထဲတွင် သွေးတို့ လှည့်ပတ်သွားသည့်အခါ ပြင်းထန်လှသော ချီနှင့်သွေးက သူ၏ ရင်ဘတ်ရှိ ဒဏ်ရာကို နောက်တစ်ကြိမ် ပေါက်ထွက်သွားစေ၏။ သူက ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ကို အဆုံးအစွန်အထိမြှင့်တင်လိုက်ရာ ချီစွမ်းအင်သည် သူ၏ဆံပင်များကို မိုးကောင်းကင်အထိ ထောင်တက်သွားစေသည်။ ဆံပင်များက မြွေများလို ယိမ်းနွဲ့နေကြလေသည်။
ချင်မူက ခါးကိုင်း၍ ညာလက်အား ဆန့်တန်းကာ ဓားတစ်လက် ဆွဲထုတ်လိုက်သည့် ဟန်ပန် လုပ်လိုက်သည်။
သူ၏အရှိန်အဝါ အမြင့်ဆုံးသို့ ရောက်သွားသည့်အချိန်တွင် သူ၏ပတ်ပတ်လည်ရှိ မြေထုတို့က တရစပ် တုန်ခါလာ၏။ သူ့အနောက်ရှိ လောကသစ်ပင်မှာ တိုးပွားလာသော ချီနှင့်သွေးကြောင့် ထိတိုက်ခံရပြီး အမြစ်မှ ကျွတ်ထွက်လာသည်။ ကျွတ်ထွက်လာသော အမြစ်များကား နဂါးကြီးပမာ လူးလွန်လိမ်ကောက်လျက် ကခုန်နေကြတော့သည်။
လောကသစ်ပင်၏ သစ်ကိုင်းသစ်ရွက်များ တုန်ရီသွားကြပြီး တဖျတ်ဖျတ် တောက်ပလာကြ၏။၊ သစ်ရွက်များပေါ်ရှိ သစ်အကြောများက မြစ်ချောင်းများအလား အသက်ဝင်လာသည်။ တောင်တန်းများက နိမ့်ချည်မြင့်ချည်ဖြင့် အဆုံးမရှိစွာ ထွက်ပေါ်လာကြချေပြီ။
သစ်ကိုင်းများနှင့် ပင်စည်များထဲတွင် မဟာတာအိုတို့ စီးဆင်းနေပြီး နှိုင်းယှဉ်၍မရနိုင်အောင် သေးမွှားအသေးစိတ်ကျသည့် ကမ္ဘာဦးဖရိုဖရဲသင်္ကေတတို့ဖြင့် ပြည့်နှက်နေတော့သည်။
ဝုန်း…
သူ၏ခြေထောက်အား ပြင်းထန်စွာ ဆောင့်နင်းလိုက်သည့်အခါ အဆုံးသတ်မြို့ပျက် အသူရောချောက်နက် ထွက်ပေါ်လာသည်။ အသူရာချောက်နက်ထဲမှ လင်းထိန်လာသည့် တာအိုအလင်းရောင်တို့က အသူရာချောက်နက် ဒီရေလှိုင်းများကဲ့သို့ အလွန်တရာ အားကောင်းပြင်းထန်နေသည်။
တာအိုအလင်းရောင်ထဲမှ ကြာပန်းပွင့်တစ်ပွင့်နှင့် ကြာရွက်နှစ်ရွက် မြောက်တက်လာသည်။ ကြာပန်းပွင့်အောက်တွင် ဖရိုဖရဲပင်လယ် ထွက်ပေါ်လာပြီး ပတ်၀န်းကျင်ရှိ ဖရိုဖရဲချီတို့နှင့် ဆက်နွယ်သွား၏။ ကြာပန်းပွင့်က အနည်းငယ် တုန်ခါလာကာ အလိုအလျောက် ပွင့်အာ, ကျလာသည်။
ဤအခိုက်အတန့်တွင် ချင်မူ့နယ်ပယ်ထဲ၌ ကျယ်ပြန့်သိပ်သည်းလှသော ဖရိုဖရဲများသာ ကိန်းဝပ်လွင့်မျောနေချေပြီ။ မဟာပျက်စီးခြင်းကပ်ဘေးကြီးသည် ဖြစ်ပွားနေပြီး မရဏလေပူက မီးတောက်များကို သယ်ဆောင်လျက် ဖြတ်သန်းတိုက်ခတ်နေသည်။
ချင်မူ၏ အရှိန်အဝါသည်လည်း ယခင်က မတွေ့ကြုံဖူးသည့် အထွတ်အထိပ်အထိ ရောက်နေ၏။ တာအိုသံများ ဆူညံနေပြီး လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက် ကြာပန်းပွင့်တို့က ပျက်စီးခြင်းကပ်ဘေးကြီးအနောက်တွင် အံ့ဩဖွယ်မြင်ကွင်းတစ်ခုကို ဖြစ်တည်နေစေတော့သည်။
ထိုအခိုက်အတန့်တွင် သခင်လေးသုံး လင်းရှောင်က လက်မြှောက်လိုက်သည်။ နယ်ပယ်ထဲမှ ထွက်ပြေးနေကြသော ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များမှာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ပေ။ သူတို့၏ ချီနှင့်သွေးတို့က ပြင်းထန်စွာ လှည့်ပတ်လာကြပြီး ကောင်းကင်နန်းဆောင်တို့မှာ မျက်ခုံးနှစ်ဖက်ကြားမှ ပျံသန်းထွက်ခွာ၍ သူတို့၏ ဦးခေါင်းအနောက်တွင် မြောလွင့်ကုန်ကြသည်။
ထိုကောင်းကင်နန်းဆောင်များထဲမှ နတ်ကောင်းကင်ခန်းမတို့ ထွန်းလင်းတောက်ပလာကြလေသည်။ သန်းပေါင်းများစွာသော နတ်ရားမိစ္ဆာများသည် နတ်ကောင်းကင်ခန်းမအထိ ကျင့်ကြံထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အံ့မခန်းလိလိ စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်ကုန်တော့သည်။
သခင်လေးသုံးက လက်ဖဝါးမြှောက်၍ ဖိချလိုက်၏။ ကောင်းကင်နတ်ဘုံများထဲရှိ နတ်ကောင်းကင်ခန်းမများ၏ စွမ်းအားတို့က ချင်မူ့ကောင်းကင်ရတနာနယ်ပယ်အပေါ် ပိကျကုန်သည်။
ဝုန်း… ဝုန်း… ဝုန်း…
ဝင်တိုက်သွားသည့် အသံ ၃၂ ချက် ဟိန်းထွက်သွားပြီး ကောင်းကင်ဘုံ ၃၃ ဘုံကား တစ်ခုပေါ် တစ်ခု ထပ်ကာ ချင်မူနှင့်လောကသစ်ပင်အပေါ်သို့ အညှာအတာမရှိ ဖိချလိုက်ချေပြီ။
ဖိအားကြောင့် ချင်မူ့အရိုးတို့ တဂျွတ်ဂျွတ် မြည်လာသော်လည်း သူက မာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ အရေပြားအောက်ရှိ ကြွက်သားများ ဖောင်းကြွလာပြီး ကမ္ဘာဦးဖရိုဖရဲခန္ဓာ၏ ခွန်အားမှာ အဆုံးအစွန်အထိ မြင့်တက်လာသည်။
သူ ဝတ်ထားသော ဖိနပ်များ ပေါက်ကွဲကုန်သည့်အပြင် အဝတ်များလည်း တစ်စစီဖြစ်သွား၏။ ခန္ဓာကိုယ်အောက်ပိုင်းသာ အဝတ်များ ကျန်ရစ်တော့သည်။
ထိုစဉ် သခင်လေးသုံး၏ ဦးခေါင်းအနောက်တွင် နတ်ကောင်းကင်ခန်းမတစ်ခု ဖြည်းဖြည်းချင်း ပေါ်လွင်လာသည်။ ခန်းမသည် မျက်စိကျိန်းမတတ် တောက်ပနေပြီး ချင်မူ့ခန္ဓာကိုယ်အပေါ်သို့ ထပ်မံ ဖိချလိုက်သည်။
“အ…”
ပြင်းထန်လှသည့် ဖိအားကြောင့် ချင်မူ့ခန္ဓာကိုယ်မှာ ညွတ်ကျသွားပြီး အရေပြားတို့ ပေါက်ပြဲလာ၏။ သွေးမှုန်များ လွင့်စင်သွားသော်လည်း သူ၏ ဒေါသတကြီး ဟိန်းဟောက်လိုက်သံက ဩဇာမာန်အပြည့်ဖြင့် ဟိန်းထွက်လာမြဲပင်။ သူ၏ ညာလက်က ဓားတစ်လက်သဖွယ် ရှေ့သို့ ခုတ်ချလိုက်သည်။
“ခုနစ်၊ မင်းက ခေါင်းမာနေတုန်းပဲ… အတိတ်စကြ၀ဠာဆီ ပြန်သွားပြီး သခင်လေးခုနစ် ဖြစ်မလာနိုင်လောက်ဘူး...”
သခင်လေးသုံးက အေးစက်နေသော မျက်နှာအမူအရာဖြင့် သူ့အနားသို့ လျှောက်လာသည်။ သိုင်းကွက်တစ်ကွက်သည် သူ၏ လက်ထဲတွင် ဖြစ်တည်လာနေ၏။
သူ၏လက်ချောင်းဆယ်ချောင်း လှုပ်ရှားသွားပြီး လက်ချောင်းတစ်ချောင်းချင်းစီက နေရာဟင်းလင်းပြင်ထဲတွင် လှပသော အကွေ့အကောက်တစ်ခုစီ ရေးဆွဲလိုက်သည်။ တစ်ခုချင်းစီထဲတွင် ပြီးပြည့်စုံသော မဟာတာအိုတစ်ခုချင်းစီ စီးဆင်းနေ၏။ မှော်စွမ်းအင်နှင့်ပင် မတူဘဲ ပြိုင်ဘက်ကင်းအောင် ထူးခြားခမ်းနားသည့် အနုပညာလက်ရာအလား အသက်ဝင်လှသည်။
ဤသည်က တျန်းတုအရှင်သခင်အား သတ်ဖြတ်ရာတွင် မီလော့နန်းတော်အရှင်သခင် အသုံးပြုခဲ့သော သိုင်းကွက် ဖြစ်သည်။ အင်အားကြီးမားသော ရန်သူတော်ကို သတ်ဖြတ်ရန် မီလော့နန်းတော်အရှင်သခင်သည် နှစ်ထောင်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံခဲ့၏။ မဟာတာအိုကို သိမြင်နားလည်ပြီးသည့်အခါမှသာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။
သခင်လေးသုံးအနေဖြင့် ထိုတိုက်ပွဲအား မျက်မြင်ကြုံတွေ့ခဲ့ဖူးသည်။ မီလော့နန်းတော်အရှင်သခင် ဤတိုက်ကွက်ကို သုံး၍ တျန်းတုအရှင်သခင်အား မည်သို့သတ်ဖြတ်ခဲ့သည်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရဖူးသည်။
ထိုအချိန်သည် ခုနစ်ခုမြောက် စကြ၀ဠာအဆုံးတွင် ဖြစ်ခဲ့၏။ ထိုအချိန်မှစ၍ နှစ်သန်းပေါင်းမည်မျှ ကုန်ဆုံးသွားခဲ့ပြီလဲ မည်သူမှ မသိနိုင်ချေ။ မီလော့နန်းတော်အရှင်သခင်၏ ကျင့်ကြံခြင်းအခြေခံက ထိုအချိန်ကတည်းက သာမန်လူများထက် ကျော်လွန်နေခဲ့သည်မှာ အထင်အရှားပင် ဖြစ်၏။
ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ အဆုံးသတ်သို့ ရောက်သည့်အချိန်မှသာ သခင်လေးသုံးမှာ ဤကောင်းကင်နတ်သိုင်းအား အပြည့်အဝ နားလည်၍ တတ်မြောက်နိုင်ခဲ့သည်။
ဤကောင်းကင်နတ်သိုင်းကို အသုံးပြုနိုင်မည့် အခွင့်အရေး ဘယ်တော့မှ ရနိုင်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း မီလော့နန်းတော်၏ ဂိုဏ်းသားတစ်ယောက်အပေါ် အသုံးပြုရမည်ဟုလည်း ပို၍ပင် မျှော်လင့်မထားခဲ့ပေ။ ထိုမျှသာမက ထိုသူသည် သခင်လေးခုနစ် ဖြစ်နေ၏။
ဖောင်း.. ဖောင်း… ဖောင်း
ချင်မူ့ခန္ဓာကိုယ်မှ သွေးများပန်းထွက်၍ အပေါက်များ တရစပ် ပေါက်လာကြသည်။ သူသည် ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာတွင် အသန်မာဆုံး ရုပ်ခန္ဓာနှင့် ကမ္ဘာဦးဖရိုဖရဲ မူလဝိညာဉ်ကို ပိုင်ဆိုင်ထားသည့်တိုင် ဤကောင်းကင်နတ်သိုင်းအား ခုခံနိုင်မည် မဟုတ်ပေ။
သခင်လေးသုံးက ချင်မူ လှမ်း၍ ခုတ်ပိုင်းလိုက်သော ဓားချက်ကို ရင်ဆိုင်ကာ သူ၏ ကောင်းကင်နတ်သိုင်းအား အဆုံးအစွန်အထိ တိုးမြှင့်လိုက်၏။ သေခြင်းနှင့် ရှင်ခြင်း သိသာစွာ ပေါ်လွင်လာတော့မည့်အချိန် ချင်မူ၏ လက်ချောင်းငါးချောင်းက ပြန့်ကားသွားပြီး သူ့မျက်နှာဆီသို့ ရိုက်ချလိုက်သည်။
ဝုန်း… ဝုန်း… ဝုန်း
ပေါက်ကွဲသံများ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာ၏။ ချင်မူ့ညာလက်မှာ ကောင်းကင်နတ်သိုင်း၏ စွမ်းအားကြောင့် ချက်ချင်းပင် သွေးတို့ ပန်းထွက်လျက် တစ်စစီ ကြေမွသွားသည်။ ထို့နောက် အသွေးအသားတို့ အရည်ပျော်ကျသွားပြီး အရိုးဖြူများသာ ကျန်ရစ်ခဲ့၏။
သခင်လေးသုံး ကြောင်သွားသည်။ ဤတိုက်ကွက်က ချင်မူ၏ တျန်းတုလောကဖန်ဆင်းဓားအတွက် ရည်ရွယ်ခဲ့သော်လည်း ချင်မူ့တိုက်ကွက်က တျန်းတုလောကဖန်ဆင်းဓား မဟုတ်ခဲ့ပေ။
“ထောင်ချောက်ထဲ ရောက်သွားပြီ… အစ်ကိုသုံး…”
ချင်မူ့မျက်နှာတွင် သွေးတို့ ရဲပလောင်းခတ်နေသည်။ သူ၏ မျက်လုံးများက မျက်လုံးအပြူးသားဖြင့် ကြောင်နေသော သခင်လေးသုံးကို စိုက်ကြည့်နေသည်။ ချင်မူ၏ ဧရာမအရိုးလက်ကြီးက သခင်လေးသုံး၏ မျက်နှာကို ဆုပ်ကိုင်ထားဆဲ ဖြစ်၏။
ချင်မူက ကျေနပ်စွာ ပြုံးလိုက်လေသည်။ “ခင်ဗျားက ကျုပ်ကို ဖိနှိပ်ဖို့ စွမ်းအားအများကြီး ဖြန့်ကျက်ထားရတဲ့အတွက် ခင်ဗျားရဲ့ ကိုယ်ပိုင်စွမ်းအားက ကျုပ်ကို တစ်ချက်တည်းနဲ့ သတ်နိုင်ဖို့ မလုံလောက်တော့ဘူး… ကျုပ် ခင်ဗျားကို အနိုင်မယူနိုင်ပေမယ့် ဆရာက အစ်မနှစ်ကို ရင်ဆိုင်ဖို့ ကောင်းကင်နတ်သိုင်းတစ်ခု ဖန်တီးခဲ့တယ်… အဲဒီကောင်းကင်နတ်သိုင်းကို ခင်ဗျားလည်း မရင်ဆိုင်နိုင်ဘူးမလား..”
ဝှစ်…
အနီရောင်ကြိုးထုံးက သခင်လေးသုံး၏ စိတ်ထဲ ဝင်ရောက်သွားပြီး အတွင်းပိုင်းထဲအထိ ထိုးဝင်ကာ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်အား ထိန်းချုပ်ထားသော ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်နှင့် အသိစိတ်အလျဉ်တို့ကို ပေါက်ကွဲထွက်သွားစေသည်။
ကြောက်မက်ဖွယ်ရာ ကမ္ဘာဦးဖရိုဖရဲချီက သခင်လေးသုံး၏ အသိစိတ်အလျဉ်ကို သယ်ဆောင်လျက် ဆက်လက်ပျံသန်းသွား၏။ အနီရောင်ကြိုးများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး အလွန်တရာ လျင်မြန်သောနှုန်းဖြင့် တာအိုသံကြိုးများအဖြစ် ပြောင်းလဲသွားကြသည်။
တာအိုသံကြိုးများသည် အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ကာ ချင်မူ့ကို ဖိနှိပ်ထားသည့် နတ်ကောင်းကင်ခန်းမအား တုပ်နှောင်လိုက်သည်။ ထို့နောက် ထိုဧရာမခန်းမကြီးကို မ,ကာ သခင်လေးသုံး၏ အသိစိတ်အလျဉ်ဆီ ပြေးဝင်သွား၏။
ဝုန်းခနဲ အသံကြီးနှင့်အတူ သခင်လေးသုံး၏ ကမ္ဘာဦးဖရိုဖရဲချီနှင့် အသိစိတ်အလျဉ်တို့က နတ်ကောင်းကင်ခန်းမအား ဝင်တိုက်သွားသည်။ အနီရောင်ကြိုးငါးကြိုးက ခန်းမ၏ တံခါး၀၌ ချည်နှောင်၍ ပိုက်ကွန်အသွင် ရက်ဖွဲ့လိုက်သည်။ ကြိုးငါးကြိုးသည် ခန်းမအတွင်း ဆက်လက်ဝင်ရောက်၍ သခင်လေးသုံး၏ ခွန်အားနှင့် အသိစိတ်အလျဉ်တို့ကို ချုပ်နှောင်လိုက်ကြတော့သည်။
ချင်မူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အသိစိတ်ပြန်ဝင်လာပြီး မျက်နှာအကြီးအကျယ် ပျက်သွား၏။ သူက နတ်အလင်းတန်းအသွင်ဖြင့် ချင်မူ့နယ်ပယ်ထဲမှ ထွက်ခွာသွားတော့သည်။
ချင်မူ တဟားဟား ရယ်မောလိုက်သော်လည်း ပါးစပ်မှ သွေးတို့ ပန်းထွက်လာသောကြောင့် ရယ်သံရပ်သွား၏။
သူက လောကသစ်ပင်အောက်တွင် ထိုင်ချလိုက်သည်။ အောက်တွင်တော့ အဆုံးသတ်မြို့ပျက်ကြာပွင့် ရှိနေလေသည်။
သူ၏နယ်ပယ်က လျင်မြန်စွာ ကျုံ့၀င်လာနေသော်လည်း မိုင်တစ်ထောင်အ၀န်းတော့ ရှိနေသေးသည်။
နယ်ပယ်သည် စုတ်ပြတ်သပ်နေပြီး အပေါက်များ ပွထနေချေပြီ။ လေတို့က အရပ်လေးမျက်နှာ၌ တဝူးဝူး တိုက်ခတ်နေသည်။ နယ်ပယ်ထဲရှိ နတ်ဘုရားမိစ္ဆာများမှာ ထွက်ပြေးလွတ်မြောက်သွားကြ၍ မြေပြင်တွင် အလောင်းများသာ ကျန်ရစ်ခဲ့သည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက စစ်သည်တော်များကို ပြန်လည်စုစည်း၍ လှည့်ကြည့်လာသည်။ ချင်မူ ထိုနေရာ၌ ခေါင်းငိုက်စိုက်ကျလျက် မလှုပ်မယှက် ထိုင်နေပြီး အသက်ရှူသံ ခပ်မျှင်းမျှင်းသာ ရှိတော့သည်ကို သတိထားမိလိုက်သည်။
“ကောင်းကင်နတ်အရှင်မူ သေသွားပြီလား…”
ကောင်းကင်နတ်အရှင်ထိုက်ယန်မှာ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သွားကြည့်ချင်သော်လည်း မကြည့်ရဲပေ။ သူက ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်တစ်ရာကျော်ကို စုစည်း၍ အမိန့််ပေးလိုက်သည်။ “သူ သေပြီလား ရှင်သေးလား သွားကြည့်ကြစမ်း..”
စစ်သည်တော်တစ်ရာမှာ အတော်လေး မကျေမနပ် ဖြစ်သွားကြသော်လည်း စစ်အမိန့်ကား တသွေးတသံ မဟုတ်လေလော။ သူတို့က သတ္တိမွေးလျက် ချင်မူ၏ ပျက်စီးနေသော နယ်ပယ်ထဲသို့ ဝင်ရောက်သွားကြ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အရံနန်းဆောင်၏ ခန်းမအရှေ့သို့ ပြန်ရောက်သွား၏။ ဤအခြေအနေကို မြင်လျှင် ချက်ချင်း ရပ်ကာ လှမ်းကြည့်လိုက်သည်။
စစ်သည်တော်တစ်ရာက သတ္တိမွေးလျက် ဖြည်းဖြည်းချင်း လျှောက်နေကြသည်။ ချင်မူနှင့် ဆယ်မိုင်မျှသာ ကွာဝေးတော့သည့်အချိန်တွင် ချင်မူ့အရှိန်အဝါသည် တဖြည်းဖြည်း အားနည်းလာနေသည်ကို ခံစားလိုက်ရ၏။ ထိုအချိန်မှသာ စိတ်အေးသွားတော့သည်။
ထိုစဉ်မှာပဲ ချင်မူက လှုပ်ရှားလာရာ စစ်သည်တော်အားလုံး အလန့်တကြား အော်ဟစ်လိုက်ကြသည်။ ခြေဦးတည့်ရာသို့ ချက်ချင်း ထွက်ပြေးသွားကြပြီး အော်သံများ ဆူညံပွက်လောရိုက်နေတော့၏။
“မိုင်သုံးထောင်အထိ နောက်ဆုတ်လိုက်...” ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ကောင်းကင်နတ်ဘုံစစ်တပ်လည်း ကပျာကယာ ဆုတ်လာကြသည်။ လမ်းတလျှောက်တွင် တစ္ဆေညည်းသံများနှင့် ဝံပုလွေအူသံများ ကြားနေရသလို သွေးလေချောက်ချားနေကြပြီး ချင်မူ အချိန်မရွေး ရောက်လာနိုင်သလို ခံစားနေရကြလေသည်။
မိုင်သုံးထောင်အထိ ဆုတ်ပြီးနောက် တပ်မှူးများက ထွက်ပြေးနေသော စစ်သည်တော်များကို ချက်ချင်း ရပ်တန့်စေ၍ နေရာပြန်ယူလိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင် ကြည့်လိုက်ရာ ချင်မူကား မလှုပ်မယှက် ထိုင်နေဆဲပင်။