သေဆုံးခန်း
Vol. 133 Ch. 1720
“အရှင်မင်းကြီး၊ လက်ရှိ ကောင်းကင်နတ်အရှင်မူက နောက်ဆုံးအချိန်ကို ရောက်နေပါပြီ”
ထိုက်ချူက လျှောက်တင်သည်။ “အခုက သူ့ကို အတိတ်စကြ၀ဠာဆီ ပြန်ပို့ဖို့ အချိန်ကောင်းပဲ… ဒီအခွင့်အရေးကို လွဲချော်သွားရင် နောက်တစ်ကြိမ် အခွင့်အရေးရဖို့ သိပ်ကို ခက်လိမ့်မယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချင်မူကို အဝေးမှ လှမ်းကြည့်ရင်း တွန့်ဆုတ်နေသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်မူ၏ အရှိန်အဝါမှာ ပိုပို၍ လျော့နည်းသွားခဲ့သည်။ ဒဏ်ရာ ရထားခြင်းဆိုပါက အနည်းငယ် သက်သာလာသင့်ပြီး အရှိန်အဝါကလည်း တဖြည်းဖြည်း ပြန်လည်မြင့်တက်လာရလိမ့်မည်။
သို့သော် ချင်မူ၏ အရှိန်အဝါမှာ ပို၍သာ အားနည်းလာချေသည်။ ကောင်းကင်နတ်အရှင်ဟောင်မှာ ချီတုံချတုံ ဖြစ်နေဆဲပင်။
ချင်မူ့အပေါ် သူ နားလည်ထားသလောက် ထောင်ချောက်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
“ကောင်းကင်နတ်အရှင်မူက တကယ်ပဲ ဒဏ်ရာရထားတာ… သိပ်ကို ပြင်းထန်တဲ့ ဒဏ်ရာမျိုးမလို့ ကျုပ်တို့ကို လာမသတ်နိုင်တာ… ကျုပ်တို့ သွားပြီး လည်စင်းခံမှာကို စောင့်နေတာ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဆိုသည်။ “နန်းစွန့်ဧကရာဇ်၊ ကျုပ်တို့ ကောင်းကင်နတ်ဘုံရဲ့ စစ်သည်တော်တွေ စစ်တိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… အထိအခိုက် အကျအဆုံးလည်း အတော်များနေပြီ… ဒါ့အပြင် တောင်ကောင်းကင်ကိုလည်း အခုထိ မသိမ်းပိုက်နိုင်သေးတော့ ရိက္ခာ ရှားနေတယ်… နွားကျောင်းသားက သိပ်ကို ကောက်ကျစ်စဉ်းလဲတဲ့သူ… ကျုပ်တို့ အလစ်တိုက်ခံရအောက် စောင့်နေတာ… ဆိုတော့ ကျုပ်တို့ ဒီအခွင့်အရေးကို အသုံးချပြီး အနားယူအားဖြည့်ရင်း အနီးအနားက ကောင်းကင်ဘုံတွေဆီက ရိက္ခာတွေ သိမ်းယူတာ မကောင်းဘူးလား”
ထိုက်ချူက မျက်မှောင်ကြုတ်၍ ထပ်မံတိုက်တွန်းရန် ကြံလိုက်သော်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြတ်သားစွာ ဆက်ပြောသည်။ “သူက မီလော့နန်းတော်ရဲ့ သခင်လေးလေးရဲ့ စွမ်းအားကို ဖျက်ဆီးပြီး သခင်လေးသုံးရဲ့ စွမ်းအားနဲ့ အသိစိတ်အလျဉ်ကို ချိတ်ပိတ်ခဲ့တယ် … သခင်လေးသုံးအနေနဲ့လည်း အနီရောင်ကြိုးထုံးကို ဖြည်ဖို့ အချိန်လိုတယ်… ချင်မူ အချိန်ဆွဲတာဖြစ်ဖြစ်၊ ထောက်ချောက်ဆင်နေတာပဲဖြစ်ဖြစ် ကျုပ်အတွက် အဆင်ပြေတယ်.. နန်းစွန့်ဧကရာဇ် ဘာမှဆက်ပြောစရာ မလိုဘူး… ကျုပ် ဆုံးဖြတ်ပြီးပြီ”
ထိုက်ချူ သက်ပြင်းချလိုက်မိသည်။
ယခင်က ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် မည်မျှပင် အနိုင်ယူခံရစေကာမူ စိတ်ဓာတ်မကျခဲ့ပေ။ ပြတ်သားသော စိတ်ဓာတ်ဖြင့် ရဲရင့်သည့်အပြင် လျှပ်တပြက် အခွင့်အရေးတိုင်းကို ဖမ်းဆုပ်နိုင်သည်။
အန္တိမဟင်းလင်းပြင်တွင် ကောင်းကင်နတ်အရှင်ယွင်ကြောင့် ရှုံးနိမ့်ခဲ့ပြီးနောက် ကောင်းကင်နတ်ဧကရာဇ်ဟောင် လက်တွန့်လာသည်။ မည်သည်ကိုမှ မစွ့န်စားရဲတော့ချေ။
“ကောင်းကင်နတ်အရှင်ယွင်က သူ့တာအိုနှလုံးသားကို ချေမှုန်းဖျက်ဆီးခဲ့ပြီ…. သူဟာ အကျိုးအမြတ်ကို မရှာတော့ဘဲ အမှားတွေကို ဘယ်လို ရှောင်ရမလဲပဲ ရှာနေတော့တယ် … အဲဒါကြောင့်ပဲ အခွင့်အရေးကောင်းတွေကို အလွယ်တကူ လက်လွှတ်လိုက်ရနိုင်တယ်”
ထိုက်ချူက ထိုသို့တွေးမိပြီး လျှောက်တင်ပြန်သည်။ “အရှင်မင်းကြီး၊ ရိက္ခာတွေက အရေးကြီးတာ မှန်ပါတယ်… ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူကိုလည်း လွယ်လွယ် လွှတ်ထားလို့ မရဘူး .. အခု တပ်ဖွဲ့အင်အားတွေကို နှစ်ဖွဲ့ ခွဲပြီး ကောင်းကင်နတ်အရှင်မူကို ရှောင်သွားလို့ရတယ်… လန်ဖုန်းတောင်ကြားကို နှစ်ဖက်ညှပ် တိုက်နိုင်တယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အမြင့်ဆုံးသိုင်းအဆင့်က ကျောက်စိမ်းမြို့တော်အဆင့်ပဲ ရှိတာ… ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အပြတ်အသတ် ချေမှုန်းနိုင်မယ့် အခွင့်အရေးကောင်းကို ဆုံးရှုံးသွားလိမ့်မယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တုံ့ဆိုင်းနေပြန်၏။ ဤအခွင့်အရေးက ရှားပါးလှသည်ကို သူလည်း သိပေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ကျင့်စဉ်စနစ်အသစ်ကို အကြီးအကျယ် ဖြန့်ကျက်သင်ကြားနေသည်မဟုတ်လော။ အများဆုံး ဆယ်နှစ်အတွင်း ကျင့်စဉ်စနစ်သအစ်မှ အင်အားကြီးမားသော သိုင်းပညာရှင်များ အလုံးအရင်း ပေါ်ထွက်လာပေလိမ့်မည်။
ထိုအချိန်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်သိမ်းပိုက်လိုပါက ကောင်းကင်ဘုံအတွက် မုချ မလွယ်တော့ပေ။
“ထိုက်ကျိကောင်းကင်နတ်အရှင်နှစ်ပါးကို တစ်ဦးက ဘယ်ဘက်၊ တစ်ဦးက ညာဘက်ကနေ ကောင်းကင်နတ်မြစ်ရေတပ်နဲ့ နတ်ဘုရားစစ်တပ်ကို ဦးဆောင်ပြီး လန်ဖုန်းတောင်ကြားဒေသကို တိုက်ခိုက်စေ”
ကောင်းကင်နတ်ဧကရာဇ်ဟောင် အမိန့်ထုတ်ပြန်လိုက်သည်။ “ထိုက်ကျိကောင်းကင်နတ်အရှင်နှစ်ပါးက စစ်တပ်ကို စုစည်းအုပ်ချုပ်တဲ့ နေရာမှာ နတ်ဘုရားတစ်ပါးလိုပဲ.. ဒီစစ်ပွဲကို အောင်မြင်ပြီး လန်ဖုန်းတောင်ကြားကို ချေမှုန်းနိုင်မှာ သေချာတယ်”
ကောင်းကင်နတ်ဧကရီက မနေနိုင်သဖြင့် ၀င်ပြောသည်။ “ဘာလို့ ယွီလင်တပ်ဖွဲ့၊ နတ်ဗျူဟာတပ်ဖွဲ့နဲ့ နတ်သိုင်းတပ်ဖွဲ့ကို မစေလွှတ်ရတာပါလဲ အရှင်မင်းကြီး… သူတို့တွေက ကောင်းကင်နတ်အရှင်တွေနဲ့ ယှဥ်နိုင်တဲ့ တပ်ဖွဲ့တွေလေ… သူတို့ကို စေလွှတ်တာက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရင်ဆိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူမကို တစ်ချက်ကြည့်၍ ပြုံးလိုက်သည်။ “လက်ဝဲလက်ယာယွီလင်၊ လက်ဝဲလက်ယာနတ်ဗျူဟာ၊ လက်ဝဲလက်ယာ နတ်သိုင်းတို့က ကောင်းကင်နတ်ဧကရာဇ်ရဲ့ ကိုယ်ရံတော်တပ်တွေလေ … သူတို့အားလုံးကို ဘယ်လိုအတွေးမျိုးနဲ့ တစ်ပြိုင်တည်း စေလွှတ်ရမှာလဲ…”
ကောင်းကင်နတ်ဧကရီမှာ ရင်ထဲတွင် စိမ့်အေးသွားသော်လည်း လက်မလျှော့သေးပေ။ “အရှင်မင်းကြီး၊ ကျွန်မတို့က တာအိုရပြီးသား နတ်ဘုရားတွေပါ… တာအိုရပြီးသား နတ်ဘုရားတွေဟာ ကောင်းကင်နတ်ဘုံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အသက်စွန့် တိုက်ခိုက်သင့်တယ် … ယွီလင်၊ နတ်ဗျူဟာနဲ့ နတ်သိုင်းစစ်သည်လို နတ်ဘုရားငယ်လေးတွေကို ကျွန်မတို့ကို ပြန်ပြီး ကာကွယ်ခိုင်းရမှာလား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က တုံ့ဆိုင်းစွာဖြင့် ချေပသည်။ “မယ်တော် ပြောတာ မှန်ပါတယ်… ဒါပေမဲ့ သစ္စာဖောက်လုံပိက သားရဲလောကစစ်တပ်ကို ဦးဆောင်ပြီး ကျုပ်အနောက်ကနေ တိုက်ခိုက်နေတယ် … သူတို့ကို ချေမှုန်းဖို့ ကိုယ်ရံတော်တပ်တွေကို စေလွှတ်ရမယ်”
ထိုက်ချူသည် ခပ်ပြတ်ပြတ် ၀င်ထောက်၏။ “ဒီလောက် အင်အားအများကြီး မလိုဘူး”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြန်လည်မိန့်ကြားလိုက်ရသည်။ “ဒါဆို လက်ဝဲလက်ယာနတ်ဗျူဟာတပ်ဖွဲ့ကို လန်ဖုန်းတောင်ကြားထဲ ချင်းနင်းတိုက်ခိုက်ဖို့ စေလွှတ်လိုက်ပါ…”
ကောင်းကင်နတ်ဧကရီမှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိသည်။ “လုံပိကို ရင်ဆိုင်ဖို့ လက်ဝဲယွီလင်တပ်ကို သွားခိုင်းရုံပဲ… တခြားကိုယ်ရံတော်တပ်တွေအားလုံး လန်ဖုန်းတောင်ကြားဆီ ချီတက်လို့ရတယ်… လန်ဖုန်းတောင်ကြားကို ချေမှုန်းနိုင်ရင် အတားအဆီးမရှိ ထိုးဖောက်ဝင်ရောက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မြို့တော်ကို တန်းတိုက်ခိုက်နိုင်ပြီ… စစ်ပွဲတစ်ပွဲတည်းနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ချေမှုန်းပစ်လို့ရတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင် ခေါင်းရမ်းသည်။ “မယ်တော်၊ ကောင်းကင်နတ်အရှင်မူက အဲဒီမှာ ထိုင်နေတာ… ကိုယ်ရံတော်တပ်တွေအားလုံး ပို့လိုက်ရင် သူ ရုတ်တရက် ထလာတဲ့အချိန်ကျ ကိုယ်ရံတော်တပ်အားလုံး ချေမှုန်းခံရလိမ့်မယ်… မယ်တော်က သေချာ တွေးမထားဘူးဆိုတော့ ဘာမှ ဝင်မပြောပါနဲ့တော့”
ကောင်းကင်နတ်ဧကရီက ဒေါသတကြီးဖြင့် ချာခနဲ လှည့်ထွက်သွားတော့သည်။
ထိုက်ချူသည် သူမနောက်မှ လိုက်လာရင်း ခပ်တိုးတိုး ပြော၏။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ အခြေအနေက သိပ်မဟန်ဘူး… သူ့ရဲ့ တက်ကြွစိတ်နဲ့ သတ္တိတွေအကုန် ပျောက်ကုန်ပြီ… ကောင်းကင်နတ်အရှင်ယွင်နဲ့ တိုက်ပွဲမှာ သခင်လေးနှစ်ရဲ့ ကိုယ်ပွားကို ကောင်းကင်နတ်အရှင်ယွင်က ဖျက်ဆီးပစ်ခဲ့တယ်… သူ့အဆုံးသတ်မြို့ပျက် တာအိုခန္ဓာကိုယ်လည်း အတူပျက်စီးသွားခဲ့တာ… ငါ့အထင်တော့ သူ တာအိုသိုင်းပညာရှင်အဆင့်ကနေ ကျသွားပြီ ထင်တယ်… ဒါကြောင့် အနိုင်အရှုံးတွေကို စိုးရိမ်ပြီး ရှေ့ဆက်မတိုးရဲတော့တာ ဖြစ်နိုင်တယ်… သူ့ရဲ့ ဒီလိုပုံစံက ကောင်းကင်နတ်ဘုံအတွက် သိပ်အကျိုးယုတ်စေတယ်.. ကောင်းကင်နတ်ဘုံက အနေနဲ့ ရှုံးဖို့မဖြစ်နိုင်ပေမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အနိုင်ရခဲ့ရင်တောင်မှ အင်အား အတော် ဆုံးရှုံးရမှာ… ငါတို့တောင် အသက်အန္တရာယ် ရှိနိုင်တယ်”
ကောင်းကင်နတ်ဧကရီသည် သူဆိုလိုသည်အား နားသည်၏။ ကောင်းကင်နတ်ဘုံအနေဖြင့် ဘိုးဘေးနန်းတော် ကျောက်စိမ်းနန်းတော်ကြောင့် ရှုံးရန် မဖြစ်နိုင်ချေ။
ဤစစ်ပွဲတွင် ကောင်းကင်နတ်ဘုံ၏ အင်အား အများအပြား ဆုံးရှုံးရလျှင်တောင်မှ ရှုံးနိမ့်မည်မဟုတ်ပေ။ ကောင်းကင်ဘုံအချို့ကို ယဇ်ပူဇော်လိုက်သည်နှင့် ဘိုးဘေးနန်းတော် ကျောက်စိမ်းနန်းတော်မှ တာအိုသိုင်းပညာရှင်များ ဆင်းသက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ချေမှုန်းပေလိမ့်မည်။
ဤစစ်ပွဲသည် ရှုံးနိမ့်ရန် မဖြစ်နိုင်သော်လည်း ရှုံးနိမ့်နိုင်သည်မှာ သူတို့ ကောင်းကင်နတ်အရှင်ဆယ်ပါးသာ ဖြစ်သည်။
ကောင်းကင်နတ်အရှင်ဆယ်ပါး သေဆုံးနိုင်ပြီး ရာထူးနှင့် အကျိုးအမြတ်များ ဆုံးရှုံးရနိုင်သည်။
သူတို့နှစ်ဦးက လမ်းလျှောက်ရင်း စကားပြောနေကြသည်။ ထိုက်ချူက အဝေးသို့ လှမ်းမျှော်ကြည့်နေသည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင် နန်းတက်ပြီးကတည်းက ကောင်းကင်နတ်အရှင်ဟွေ့ သေခဲ့တယ်… နတ်ဧကရာဇ်လန်ရွှမ်လည်း သေဆုံးခဲ့ရသလို အခု ကောင်းကင်နတ်အရှင်ရှုလည်း သေသွားပြန်ပြီ… ငါ သက်ပြင်းချရုံက လွဲပြီး ဘာမှမတတ်နိုင်ဘူး… ကောင်းကင်နတ်ဧကရာဇ်ဟောင်ဟာ အာဏာကို မက်မောပြီး မိတ်ဆွေဟောင်းတွေကို မခွဲဝေပေးချင်သလို ဘိုးဘေးနန်းတော် ကျောက်စိမ်းနန်းတော်ကိုလည်း မခွဲဝေပေးချင်ဘူး.. ရလဒ်အနေနဲ့ ဒီကမ္ဘာဦးဘုံစစ်ပွဲက ရှုပ်ထွေးလာရတာပဲ… အခု သူ စစ်ရှုံးမှာ ကြောက်နေပြန်ပြီ… ငါတို့အတွက် သိပ်ကို အန္တရာယ်များလာနိုင်တယ်”
ကောင်းကင်နတ်ဧကရီက ရပ်လိုက်ပြီး ခပ်မဲ့မဲ့ ပြုံးလိုက်လေသည်။ “ရှင်က ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို နန်းချပြီး ကိုယ်တိုင် နန်းပြန်တက်ချင်နေတာလား… ထိုက်ချူ၊ ဒီအချိန်မှာ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ဖြုတ်ချလိုက်တာက စစ်တပ်ကို စိတ်ဓာတ်ပျက်ပြားသွားစေလိမ့်မယ်… ကောင်းကင်နတ်ဘုံ ချေမှုန်းခံလိုက်ရလိမ့်မယ်”
ထိုက်ချူမှာ တုန်လှုပ်သွားပြီး သူမကို စိုက်ကြည့်ကာ ရုတ်တရက် ထပြော၏။ “မင်း သခင်မယွမ်မု မဟုတ်ဘူး… ယွမ်မုဆိုရင် ဒီလို ကောင်းကျိုးဆိုးကျိုးတွေကို သေချာတွေးမှာ မဟုတ်ဘူး”
ကောင်းကင်နတ်ဧကရီက ရှေ့သို့ လျှောက်သွားရင်း တုံ့ပြန်သည်။ “နှစ်ပေါင်းများစွာ လင်မယားတွေ ဖြစ်ခဲ့တာတောင်မှ ငါက အဲ့ခွေးမ မဟုတ်ဘူးဆိုတာ အခုကျမှ ပြောနိုင်တာပေါ့လေ… အဟက်… ယောက်ျားတွေဆိုတာ အမြဲတမ်း ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပဲ စဉ်းစားကြတာပါလား… ထိုက်ချူ၊ နင် သတိမထားမိသေးဘူးလား… ဒီစစ်ပွဲရဲ့ အဓိကအင်အားက ငါတို့ မဟုတ်တော့ဘူး… မီလော့နန်းတော် ဖြစ်နေပြီ… ဒီစစ်ပွဲမှာ ငါတို့က ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ရတော့မှာ”
ထိုက်ချူက သူမနောက်သို့ အမြန်လိုက်သွားရင်း အသံကို နှိမ့်ကာ ပြော၏။ “မီလော့နန်းတော်က တာအိုင်သိုင်းပညာရှင်တွေ ရောက်လာပြီးရင် ငါတို့ရဲ့ အာဏာတွေက အိပ်မက်တွေလို ပျောက်သွားမှာလေ”
“သေရတာထက်တော့ သာပါသေးတယ်”
ကောင်းကင်နတ်ဧကရီက ထိုသို့ပြော၍ သူ့ကို ထားခဲ့ကာ ပျံသန်းထွက်ခွာသွားတော့သည်။
ထိုက်ချူမှာ မျက်မှောင်ကြုတ်လျက် ကျန်ခဲ့ပြီး သူမနောက်သို့ လိုက်မသွားချေ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အမြင့်တစ်နေရာတွင် ရပ်လျက် အဝေးသို့ လှမ်းကြည့်နေ၏။ ကောင်းကင်နတ်အရှင်ထိုက်ယင်နှင့် ကောင်းကင်နတ်အရှင်ထိုက်ယန်တို့အနက် တစ်ဦးက ကောင်းကင်နတ်မြစ်ရေတပ်ကို ဦးဆောင်ပြီး တစ်ဦးက နတ်ဘုရားစစ်တပ်ကို ဦးဆောင်လျက် လန်ဖုန်းတောင်ကြားဒေသသို့ ချီတက်နေသည်အား တွေ့နေရသည်။
စစ်တပ်နှစ်တပ်သည် ချင်မုကို ရှောင်ကွင်းပြီး သူ့အား ဗဟိုပြုလျက် စက်ဝိုင်းကြီးတစ်ခု ရေးဆွဲလိုက်ကြသည်။
ဤအခိုက်အတန့်တွင် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှာ ပို၍ပင် ယိုယွင်းပျက်စီးလာနေချေပြီ။ မိုင်တစ်ရာပတ်လည်အထိ ကျုံ့ဝင်သွားပြီး ချင်မူ၏ အရှိန်အဝါမှာလည်း အာရုံခံ၍ပင် မရလောက်အောင် အားနည်းနေသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင် အသေအချာ အာရုံခံစားကြည့်လိုက်ရာ ချင်မူသည် အချိန်မရွေး ငြိမ်းသေသွားနိုင်သည့် လေလယ်မှ ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေသည်အား သတိပြုမိလိုက်၏။
“သူ ဒဏ်ရာရထားတာပဲ…. သခင်လေးသုံးက မီလော့နန်းတော်အရှင်သခင်ရဲ့ ကောင်းကင်နတ်သိုင်းကို သုံးပြီး သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့တာ… သူ့ဒဏ်ရာက သိပ်ပြင်းထန်လို့ သေတောင် သေသွားနိုင်တယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင် စိတ်ပူနေသည်။ “သူ မသေရင်တောင်မှ ခုခံနိုင်မှာ မဟုတ်ဘူး… မဟုတ်ရင် ကောင်းကင်နတ်မြစ်ရေတပ်နဲ့ နတ်ဘုရားစစ်တပ် သူ့ဘေးကနေ ဖြတ်သွားတာကို ဘယ်ထိုင်ကြည့်နေမလဲ …. ဒါပေမဲ့ သူက အားနည်းချင်ယောင်ဆောင်နေတာ ဟုတ်လား မဟုတ်လား ငါ ဘယ်လိုသိနိုင်မလဲ”
ဟောင်မှာ လှောင်အိမ်ထဲမှ ကျားကဲ့သို့ ဂနာမငြိမ်စွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ “သူ့ဒဏ်ရာတွေက သိပ်ကို ပြင်းတယ်… သူ့ကို ဒီအချိန် အဆုံးသတ်မြို့ပျက် ဒါမှမဟုတ် ဘိုးဘေးနန်းတော် ကျောက်စိမ်းနန်းတော်ရဲ့ ဖရိုဖရဲမြစ်ထဲ ပစ်ချလိုက်ရင် ပြဿနာကို တစ်ချက်တည်း ဖြေရှင်းနိုင်လိမ့်မယ်… သူ အတိတ်ကို ပြန်ရောက်ပြီး သခင်လေးခုနစ် ဖြစ်သွားလိမ့်မယ်… ဘယ်သူမှ ယဇ်မပူဇော်ရင် သူ ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်ဘူး… အဲ့ဒါဆိုရင် ငါ နိုင်ပြီ… တခြားသူတွေ… ကောင်းကင်နတ်အရှင်ရုံတို့၊ ကောင်းကင်နတ်အရှင်ယွဲ့တို့ ဘယ်သူမှ ငါနဲ့ မယှဥ်နိုင်ကြဘူး.. ဒါပေမဲ့…”
သူ တုံ့ခနဲ ရပ်လိုက်သည့်အခါ သူ၏ မျက်လုံးများသည် ပြူးကျယ်လာပြီး ကောင်းကင်နတ်အရှင်ယွင်၏ အရိပ်အား အရှေ့တွင် မြင်လာတော့သည်။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွင် ရှိသေးတယ်…. ကောင်းကင်နတ်အရှင်ယွင်၊ မင်း သေသွားပြီမလား… မဟုတ်ဘူး… မသေချာဘူး… မင်း ထွက်သွားတာကို ငါ ကိုယ်တိုင် မြင်ခဲ့တာ… မင်းရဲ့ ဒဏ်ရာက သိပ်ပြင်းထန်ပြီး ကုဖို့ မလွယ်ဘူး … ဒါပေမဲ့ မင်း ပုန်းနေတာပဲ ဖြစ်ရမယ်… အဟက်… ငါ့ကို နောက်တစ်ကြိမ် လုပ်ကြံဖို့ အခွင့်အရေး ရှာနေတာပဲမလား…”
သူ၏ မျက်၀န်းများတွင် ကြောက်ရွံ့မှုနှင့် ဒေါသတို့ ရောယှက်နေသည်။ ချောင်ပိတ်မိနေသော ကျားတစ်ကောင်ကဲ့သို့ ဟိုဟိုသည်သည် လျှောက်နေ၏။ ကိုယ်တွင် အင်အားအပြည့် ရှိသော်လည်း ထုတ်မသုံးနိုင် ဖြစ်နေသည်။
နောက်ဆုံးတော့ ဟောင်သည် ခံပြင်းစွာ ဟစ်ကြွေးလိုက်၏။ “ကောင်းကင်နတ်အရှင်ယွင်၊ မင်းပဲ…. မင်းကြောင့် ငါ ဒီအခြေေအနေ ဖြစ်နေရတာ…. မင်းကို အရှုံးမပေးဘူး… ငါက အာဏာနဲ့ သန်းချီတဲ့ နတ်ဘုရားမိစ္ဆာစစ်တပ်ကို ချုပ်ကိုင်ထားတာ… င့ါလက်အောက်မှာ ကောင်းကင်ဘုံတွေ မရေမတွက်နိုင်အောင် ရှိတယ်.. ငါ့အနောက်မှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းနန်းတော်လည်း ရှိသေးတယ်… မင်း ငါ့ကို လုပ်ကြံချင်ရင်တောင်မှ ဒုတိယအကြိမ် အခွင့်အရေး မရစေရဘူး”
သူ၏မျက်လုံးများ တောက်ပလာပြီး အသံမှာ အနည်းငယ် အက်ကွဲနေ၏။ “ဟုတ်တယ်… ကောင်းကင်ဘုံတချို့ကို သွေးယဇ်ပူဇော်ပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းနန်းတော်ရဲ့ တာအိုသိုင်းပညာရှင်တွေကို ဆင်းသက်လာခိုင်းရမယ်.. ဟုတ်တယ်.. ဟုတ်တယ်… အဟက်.. ဘယ်သူမှ ငါ့ကို အနိုင်ယူပြီး အာဏာလုလို့ မရဘူးကွ”
သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုသော အငွေ့အသက်တို့ ဆူဝေနေသည်။ သူက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်ငါးယောက်ကို ဆင့်ခေါ်ကာ ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်ငါးယောက်မှာ အံ့အားသင့်သွားပြီး ခေါင်းဆောင်ဖြစ်သူ ဟွာလျိုကျောက်၏ နဖူး၌ ချွေးစေးများ ကျလာ၏။ သူက ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်သည်။ “တခြားကောင်းကင်ဘုံတွေက ကျွန်တွေနဲ့ ရိက္ခာတွေကို စုဆောင်းဖို့ တပ်ဖွဲ့တချို့ စေလွှတ်ထားပြီးပါပြီ အရှင်မင်းကြီးခင်ဗျာ… ဒီလုပ်ရပ်ကြောင့် စစ်တပ်ထဲက စစ်သည်တော်တော်များများ မကျေမနပ် ဖြစ်နေကြပါတယ်…. စစ်တပ်ထဲက စစ်သည်တော်အများစုဟာ စကြ၀ဠာတခွင်လုံးက လာကြတာပါ…”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်၀န်းများထဲ၌ အလင်းတန်းတစ်ခု စူးခနဲ လက်သွားပြီး ဩရှရှအသံ ထွက်ပေါ်လာ၏။ “၀န်မင်းဟွာ၊ နောက်တစ်ခေါက် ထပ်ပြောစမ်း”
ဟွာလျိုကျောက်မှာ ဒူးထောက်၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်မပျက်စေရပါဘူးခင်ဗျာ… ဒီကိစ္စကို အကောင်းမွန်ဆုံး ဆောင်ရွက်ပါ့မယ်’
ကောင်းကင်နတ်ဧကရာဇ်ဟောင်က နှာတစ်ချက်မှုတ်၍ လက်ရမ်းလိုက်သည်။ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်ငါးယောက်က အသီးသီး ထွက်ခွာသွားပြီး ချက်ချင်းပင် သူတို့လက်အောက်မှ တပ်ဖွဲ့များကို စုစည်း၍ ဒရောသောပါး ထွက်ခွာသွားကြ၏။
“ပြီးတော့ မင်း.. ကောင်းကင်နတ်အရှင်မူ…”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အဝေးရှိ ချင်မူ့ကို စိုက်ကြည့်နေသည်။ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှာ အားကုန်သွားသည့်အလား တစ်ပိုင်ပတ်လည်အထိ ကျုံ့သွားချေပြီ။
“မင်းလည်း ငါ့ကို လုပ်ကြံဖို့ စောင့်နေတာပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဒေါသတကြီး နှာမှုတ်လိုက်သည်။ “ငါ မင်းရဲ့ ထောင်ချောက်ထဲ လုံး၀ မရောက်စေရဘူး”
ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်ငါးယောက်က တပ်ဖွဲ့များကို ဦးဆောင်ကာ ကောင်းကင်ဘုံစစ်စခန်းမှ ထွက်ခွာ၍ လက်ဝဲအရပ်ရှိ ကောင်းကင်ဘုံများထံ ထွက်ခွာသွားကြသည်။ ဟွာလျိုကျောက်၏ မျက်နှာ၌ စိုးရိမ်သောကများ ပြည့်နေပြီး အခြားဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်လေးယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ “နောင်တော်ဟွာ၊ ကောင်းကင်နတ်ဘုံရဲ့ အခြေအနေက ကောင်းနေတာပဲ… ရွှင်ပျော်ပျော်ကျေးရွာကို ချေမှုန်းပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာအနား ရောက်နေပြီ.. လန်ဖုန်းတောင်ကြားကို ထိုးခွင်းနိုင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ မခုခံနိုင်တော့ဘူး.. နောင်တော် ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ”
“ကောင်းကင်နတ်ဘုံက မြို့တွေကို တိုက်ခိုက်၊ မြေပြင်ကို ဖျက်ဆီးလို့ ရွှင်ပျော်ပျော်ကျေးရွာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အနိုင်ရနေတဲ့ပုံ ပေါက်တယ်… တကယ်တော့ တိုက်ပွဲငယ်လေးတွေကိုတော့ အမြဲတမ်း ရှုံးနိမ့်နေတာ”
ဟွာလျိုကျောက်က သက်ပြင်းချကာ ဆိုသည်။ “အခု ကောင်းကင်နတ်အရှင်ရှုလည်း တိုက်ပွဲမှာ ကျဆုံးသွားတော့ ယိုတုကို လက်လွှတ်လိုက်ရပြီ… ရွှမ်တုလည်း ဆုံးရှုံးရရင်တော့ ကိစ္စတုံးပြီပဲ.. အရှင်မင်းကြီးသာ…”
သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောသည်။ “အရှင်မင်းကြီးသာ စစ်တပ်အားလုံးကို စုစည်းပြီး လန်ဖုန်းတောင်ကြားကို တိုက်ခိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ချေမှုန်းနိုင်မယ့် အခွင့်အရေး ရှိသေးတယ်.. ဒါပေမဲ့ အရှင်မင်းကြီးက အခု အမှား လုပ်လိုက်ပြီ… အတိတ်စကြ၀ဠာက တာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာနိုင်ဖို့ အခြားကောင်းကင်ဘုံတွေကို သွေးယဇ်ပူဇော်ခိုင်းနေတာ… အဟက်… ငါတို့ ကောင်းကင်နတ်ဘုံရဲ့ စစ်သည်တော်တွေအများစုက ကောင်းကင်ဘုံအသီးသီးက လာကြတာလေကွာ”
သူ၏ မျက်ခုံးများက တွန့်ချိုးသွားပြီး အသံကို နှိမ့်လိုက်သည်။ “တခြားကောင်းကင်ဘုံတွေကို သွေးယဇ်ပူဇော်ရင် စစ်သည်တော်တွေ ဘယ်လိုထင်ကြမလဲ… ကောင်းကင်နတ်ဘုံ ဒီတစ်ခေါက် ကမ္ဘာဦးဘုံကို တိုက်ခိုက်ဖို့ လာတဲ့အချိန်မှာ တခြားကောင်းကင်ဘုံတွေထဲက ဘယ်နှဘုံ လာကူညီကြလို့လဲ…. အရင်ကဆိုရင် ကောင်းကင်နတ်ဘုံက အမိန့်တစ်ခွန်း ပေးလိုက်တာနဲ့ ကောင်းကင်ဘုံအားလုံး ရောက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့မှာပဲ…. အခုတော့ ကောင်းကင်နတ်ဘုံကို လာကူညီတိုက်ခိုက်တဲ့ ကောင်းကင်ဘုံတွေက လက်ချိုးရေလို့ ရတယ်လေ … ဆန့်ကျင်ဘက်အနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်မှာတော့ တခြားကောင်းကင်ဘုံတွေက နတ်ဘုရားမိစ္ဆာတွေ အတော်များနေပြီ”
သူက လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ “အရှင်မင်းကြီးသာ တခြားကောင်းကင်ဘုံတွေကို သွေးယဇ်ပူဇော်လိုက်ရင် ကောင်းကင်ဘုံအားလုံးနဲ့ ကမ္ဘာလောကတစ်သောင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကူညီထောက်ပံ့ကြမှာ… ငါတို့ ကောင်းကင်နတ်ဘုံ စစ်တပ်ထဲမှာလည်း ပုန်ကန်ပြီး ရန်သူဘက် ကူးပြောင်းသွားနိုင်တဲ့ နတ်ဘုရားမိစ္ဆာတော်တော်များများ ရှိလာနိုင်တယ်”
ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်လေးယောက် တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်ကြမိ၏။
“နောင်တော်ဟွာ အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
ဟွာလျိုကျောက်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးထောင့်များမှ မျက်ရည်နှစ်စက် စီးကျလာ၏။ “ဘယ်လိုလုပ်ရမှာလဲ… ကောင်းကင်နတ်ဘုံကို သစ္စာစောင့်သိပြီး အရှင်မင်းကြီးရဲ့ ကျေးဇူးကို ဆပ်ရုံပဲပေါ့ .. ငါတို့အတွက် လမ်းဆုံးအထိ လျှောက်ရုံပဲ ရှိတော့တယ်… ကောင်းကင်နတ်ဘုံ နိုင်ခဲ့ရင်တော့ ကောင်းတာပေါ့… သမိုင်းကို ငါတို့ ရေးနိုင်လိမ့်မယ်… ကောင်းကင်နတ်ဘုံ ရှုံးခဲ့ရင်တော့… အဟက်… နောက်မျိုးဆက်တွေ ဆဲရေးတာ ခံရမှာပေါ့လေ…”
ထိုက်ကျိ ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ကောင်းကင်နတ်မြစ်ရေတပ်နှင့် ကောင်းကင်နတ်ဘုံစစ်တပ်အား အသီးသီး ဦးဆောင်လာကြသည်။ တစ်ဦးက လက်ဝဲဘက်၊ တစ်ဦးက လက်ယာဘက်မှ နေရာယူရင်း ချင်မူ ထိုင်နေသောနေရာမှ မိုင်သုံးထောင်အကွာအဝေးအထိ ချီတက်သွားကြ၏။ ကောင်းကင်နတ်အရှင်ထိုက်ယန်နှင့် ကောင်းကင်နတ်အရှင်ထိုက်ယင်တို့က စစ်တပ်၏ အလယ်ဗဟိုတွင် နေရာယူ၍ ချင်မု၏ လှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်နေကြသည်။
ချင်မူသည် ခေါင်းငိုက်စိုက်ကျကာ မလှုပ်မယှက် ထိုင်နေဆဲပင်။
ရုတ်တရက် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှာ လုံးဝပျောက်ကွယ်သွားကာ အရှိန်အဝါ မရှိတော့ချေ။
“ကောင်းကင်နတ်အရှင်အား လျှောက်တင်ပါတယ်”
တပ်မှူးတစ်ဦး အလျင်အမြန် လာရောက် လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင်မူ သေဆုံးသွားပါပြီခင်ဗျာ”
ကောင်းကင်နတ်အရှင်ထိုက်ယန်နှင့် ကောင်းကင်နတ်အရှင်ထိုက်ယင်တို့ တစ်ပြိုင်နက်တည်းနီးပါး သတင်းရလိုက်ပြီး အလွန်ဝမ်းမြောက်သွားကြသည်။ သို့သော် စိတ်ထဲတွင် အနည်းငယ် ရတက်မအေး ဖြစ်နေသေး၏။ သူတို့နှစ်ယောက် ချင်မူ့အား လှမ်းကြည့်လိုက်ရာ ချင်မူ၏ ရုပ်ခန္ဓာမှ သွေးများ စီးကျနေပြီး သွေးပင်လယ်တစ်ခု ဖြစ်ထွန်းနေသည်ကို တွေ့လိုက်ရသည်။ ချင်မူ၏ အလောင်းက သွေးပင်လယ်ထဲတွင် ထိုင်နေ၏။ သွေးပင်လယ်ထဲတွင် ခရမ်းရောင်ချီတို့ လှိုင်းထနေကာ ဖရိုဖရဲချီများလည်း ပျံ့နှံ့နေသည်။
ချင်မု၏ လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက် ကြာပန်းပွင့်တို့က ရှိသေးသော်လည်း မည်သည့်အရှိန်အဝါမှ မကျန်တော့ချေ။
“ကောင်းကင်နတ်အရှင်မူ တကယ်သေသွားတာလား” ကောင်းကင်နတ်အရှင်နှစ်ပါး အတည်မပြုရဲကြသေး။
“ဟန်ဆောင်နေတာ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အရံနန်းဆောင်အရှေ့တွင် ရပ်လျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ခွေးကောင်မူ၊ မင်း ငါ့ကို မလိမ်စမ်းနဲ့”