ခေါင်းတလားထဲ ထည့်၍ မြစ်ထဲသို့ အသုဘ ချခြင်း
Vol. 133 Ch. 1721
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အဝေးမှနေ၍ ချင်မူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ထို့နောက် ချာခနဲ လှည့်ထွက်ကာ နတ်ကောင်းကင်ခန်းမအရှေ့သို့ ရောက်လာသည်။ နတ်ကောင်းကင်ခန်းမ၏ တံခါး၀ကို ကြိးနီပိုက်ကွန်ဖြင့် ချိပ်ပိတ်ထားသောကြောင့် အတွင်းသို့ မ၀င်ရောက်နိုင်သည်အား တွေ့လိုက်ရ၏။
ခန်းမအတွင်း၌ တစ်စုံတစ်ယောက် တိုက်ခိုက်နေသည့်အလား ထိတ်လန့်တုန်လှုပ်ဖွယ် ပုံပျက်လှိုင်းများ တရိပ်ရိပ် ဖြာဆင်းနေသည်။
သခင်လေးသုံး၏ အသိစိတ်အလျဉ်သည် နတ်ကောင်းကင်ခန်းမ၏ စွမ်းအားကို ထိန်းချုပ်၍ ချင်မူ၏ အနီရောင်ကြိုးထုံးကို တွန်းလှန်ရင်း ကောင်းကင်နတ်သိုင်းအား ချိုးဖျက်ရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်၏။ “သခင်လေးလင်းရှောင်ခင်ဗျ…. ကောင်းကင်နတ်အရှင်မူမှာ အရှိန်အ၀ါ မရှိတော့ပါဘူး… သူ သေသွားပြီလားခင်ဗျာ”
ခန်းမအတွင်းမှ လှုပ်ရှားမှုများ ငြိမ်သက်သွားပြီး သခင်လေးသုံး၏ အသံ ထွက်ပေါ်လာသည်။ “မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်က အတိတ်စကြဝဠာမှာ အမြဲ ရှိနေခဲ့တာ…. ဘယ်လိုလုပ် သေနိုင်မှာလဲ…. အတိတ်စကြဝဠာမှာ သူ့ကို သတ်ချင်တဲ့သူတွေက မရေမတွက်နိုင်အောင် ရှိတယ်… ဒါပေမဲ့ သူ အခုအချိန်အထိ ကောင်းကောင်းမွန်မွန် အသက်ရှင်နေတုန်းပဲ… မဟာပျက်စီးခြင်းကပ်ဘေးကြီးနဲ့ မွေးဖွားခြင်းကပ်ဘေးကြီးတောင်မှ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး… အခု သူက ဒဏ်ရာ အရမ်းပြင်းလွန်းလို့ နိဗ္ဗာနရပ်ဝန်းထဲ ဝင်ဖို့ သေချင်ယောင်ဆောင်နေတာ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ စိတ်ထဲတွင် အေးစက်တုန်လှုပ်သွားမိသည်။ “ထောင်ချောက်ထဲ မဝင်မိလို့ တော်သေးတာပေါ့”
သခင်လေးသုံးသည် ဆက်ပြော၏။ “ဒါပေမဲ့ သူ့ဒဏ်ရာတွေက သိပ်ကို ပြင်းထန်လွန်းတယ်… ခွန်အား သိပ်မကျန်လောက်တော့ဘူး… မဟုတ်ရင် သူက တစ်လခွဲတိတိ အချိန်ဖြုန်းပြီး ကောင်းကင်ရတနာနယ်ပယ်ကို ချုံ့ရင်း သေချင်ယောင်ဆောင်မှာ မဟုတ်ဘူး… အားသာပြည့်လာရင် အတွေးတစ်ချက်တည်းနဲ့ ဒဏ်ရာတွေ ကုသပြီး တျန်းတုလောကဖန်ဆင်းဓားနဲ့ တစ်လောကလုံးကိုလည်း ဖျက်ဆီးနိုင်တယ်… ငါ့ရဲ့ တိုက်ကွက်က တျန်းတုအရှင်သခင်ကို ရင်ဆိုင်ဖို့ ဆရာ ဖန်တီးခဲ့တဲ့ ကောင်းကင်နတ်သိုင်းပဲ… အဲဒီတိုက်ကွက် သူ့ကို တန်းတန်းမတ်မတ် ထိသွားတာဆိုတော့ နိဗ္ဗာနရပ်ဝန်းထဲ ဝင်ဖို့ အတော်လေး ခက်ခဲလိမ့်မယ်… နိဗ္ဗာနရပ်ဝန်းထဲ ၀င်ရောက်ပြီးရင်လည်း ကောင်းကင်ကို ဖွင့်ပြီး ပြန်လည်မွေးဖွားဖို့ ပိုလို့တောင် ခက်ဦးမယ်… အခု သူ့အခြေအနေက သေလည်း မသေသေးဘူး… ရှင်နေတာလည်း မဟုတ်ဘူး… နိဗ္ဗာနရပ်ဝန်း သုံးပြီး ငါ့ကြောင့် ရခဲ့တဲ့ ဒဏ်ရာကို ကုဖို့ ကြိုးစားနေတာ… ဒါပေမဲ့ အခုထိ မလုပ်နိုင်သေးဘူး”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က မော့ကြည့်ပြီး ရေရွတ်လိုက်သည်။ “သခင်လေး ဆိုလိုတာက… ”
“အခု သူ့မှာ အတိုက်အခိုက်စွမ်းရည် သိပ်မကျန်တော့ဘူး… ခွန်အားလည်း သိပ်မရှိတော့တဲ့အတွက် အန္တရာယ် သိပ်မရှိဘူး… မင်း သူ့ကို ဖမ်းပြီး ဘိုးဘေးနန်းတော် ဖရိုဖရဲမြစ်ထဲ မြှုပ်လိုက်လို့ရတယ်”
သခင်လေးသုံးသည် ခပ်ဩဩအသံဖြင့် ဆက်ပြော၏။ “သူ့ကို ကျောက်စိမ်းမြို့တော်က ဖရိုဖရဲမြစ်ထဲ ပြန်ပစ်ချလိုက်ရင် သွေးယဇ်မပူဇော်သရွေ့ သူ ဒီနေရာဆီ ပြန်မလာနိုင်တော့ဘူး…. ဒါပေမဲ့ သွေးယဇ်ပူဇော်တာကို ငါက နှစ်ပေါင်းသန်းခြောက်ထောင်ကြာအောင် ဦးဆောင်စီစဉ်လာခဲ့တာ… ငါ သူ့ကို ပြန်လာခွင့် မပေးဘူး… သူ့ကို အတိတ်ဆီ ပြန်ပို့လိုက်တာနဲ့ မင်း စိုးရိမ်နေစရာ မလိုတော့ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုလည်း လက်ဖျောက်တစ်ချက်တီးရုံနဲ့ ချေမှုန်းနိုင်ပြီ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ရင်တဒိန်းဒိန်း ခုန်နေသည်။ သခင်လေးသုံးအား ဦးညွှတ်အရိုအသေပေး၍ ကျေးဇူးတင်စကားဆိုပြီးနောက် မတ်တပ်ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
“ဆရာက ဒီကောင်းကင်နတ်သိုင်းကို သခင်လေးနှစ်အတွက် ဖန်တီးခဲ့တာ … ခုနစ်က အခြေခံပဲ သင်ထားပေမယ့် ငါ ချိုးဖျက်ချင်ရင်တောင် ငါးနှစ်၊ ခြောက်နှစ်လောက် အချိန်ယူပြီးမှ ချိုးဖျက်နိုင်လိမ့်မယ်”
သခင်လေးသုံး၏ အသံ ထွက်ပေါ်လာ၏။ “ဒီရက်ပိုင်းအတွင်း မင်းက မင်းလုပ်စရာ ရှိတာ လုပ်…. ငါ့ကို လာမနှောင့်ယှက်နဲ့… အနီရောင်ကြိုးထုံးကို ဖြည်ဖို့ ငါ အာရုံအပြည့်အ၀ စိုက်ထားရမယ်… အာရုံလွင့်သွားရင် သေချာပေါက် တန်ပြန်သက်ရောက်မှု ခံရမှာ.. မင်းလည်း ဒီအနီရောင်ကြိုးထုံးကို လာမထိနဲ့… နားလည်လား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေပြီး သခင်လေးသုံး မည်သည်သို့ ပြောသွားသည်လဲ ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။
သူ၏ မျက်လုံးထဲတွင် လောကသစ်ပင်အောက်၌ ထိုင်နေသည့် ချင်မူ့ကိုသာ တွေ့မြင်နေရသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက စစ်သည်တော်များ စေလွှတ်၍ စမ်းသပ်ခိုင်းသော်လည်း သူ့အနား မရောက်မီမှာပင် ရုတ်တရက် ပေါက်ကွဲ၍ ဖရိုဖရဲချီမျှင်များအဖြစ် ပြောင်းလဲသွားကြ၏။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ လန့်ဖြတ်သွားသဖြင့် ထိုက်ကျိသဲခုံကို ကပျာကယာ အသက်သွင်းကာ ခံစစ်ပြင်လိုက်ကြသည်။ သို့ရာတွင် ချင်မူကတော့ အရှိန်အဝါ လုံးဝမရှိဘဲ ထိုနေရာတွင် ထိုင်နေဆဲပင်။
စစ်သည်တော်များမှ အသွင်ပြောင်းသွားသော ဖရိုဖရဲချီတို့သာ ချင်မူ့အောက်ရှိ ဖရိုဖရဲသွေးပင်လယ်ထဲ ဆွဲယူခံနေရသည်။
ထိုနေရာတွင် လုံး၀ တိတ်ဆိတ်ငြိမ်သက်နေသည်။
ရုတ်တရက် ထိုက်ယင်နတ်ဘုရားမ၏ မျက်လုံးများ လင်းလက်သွားပြီး ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ ကောင်းကင်နတ်သိုင်းတစ်ခုက မိုင်တစ်ထောင် ရှည်လျားသော မြစ်တစ်စင်းအဖြစ် ပြောင်းလဲကာ ချင်မူ့ထံ တဟုန်ထိုး ပြေး၀င်သွား၏။
မြစ်သည် အဆက်မပြတ် ပြောင်းလဲနေပြီး ချင်မူ့အနားရောက်လျှင် အသွေးအသားခန္ဓာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက မိုင်တစ်ထောင် ရှည်လျားသော နဂါးကြီးတစ်ကောင်ကဲ့သို့ အစွယ်တငေါငေါဖြင့် လက်သည်းများ ထုတ်ကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းပေသည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ ကောင်းကင်နတ်သိုင်းမှာ အမှန်တကယ် နားမလည်နိုင်သည့် အရာပင်။ ဤတိုက်ကွက်က အံ့မခန်းလိလိ စွမ်အားကောင်းပြီး သူမ၏ ခွန်အားအလုံးစုံဖြင့် အသက်သွင်းထားခြင်း ဖြစ်သည်။ ကောင်းကင်နတ်အရှင်များပင်လျှင် ၎င်းကို ထရပ်၍ ခုခံရပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ထိုက်ယန်ကလည်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်၏။ ကောင်းကင်နတ်သိုင်းနှစ်ခုက တစ်ခုနှင့်တစ်ခု ပြီးပြည့်စွာ လိုက်ဖက်ညီနေသည်။ နဂါးကြီးနှစ်ကောင်၌ တစ်ကောင်က အနက်ရောင်၊ တစ်ကောင်က အဖြူရောင် ဖြစ်၏။ ၎င်းတို့၏ ဦးခေါင်းနှင့် အမြီးတို့ ချိတ်ဆက်သွားပြီး ထိုက်ကျိ မဟာကောင်းကင်နတ်သိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် ထိုကောင်းကင်နတ်သိုင်း ချင်မူ့ဘေးသို့ မရောက်ခင်မှာပင် သူ့အနောက်ရှိ လောကသစ်ပင်မှ အကိုင်းအခက်များက လေထဲတွင် ကခုန်ကာ ကောင်းကင်နတ်သိုင်းကို ထိုးဖောက်သွားပြီး အဖြူအနက်နဂါးနှစ်ကောင်ကို သတ်ဖြတ်လိုက်၏။
နဂါးနှစ်ကောင်မှာ သေဆုံးပြီးနောက် ချင်မူ့အောက်ရှိ ဖရိုဖရဲသွေးအိုင်ထဲသို့ စီးဝင်သွားသည့် ဖရိုဖရဲချီအမျှင်တန်းများအဖြစ် ပြောင်းလဲသွားကြသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ဤမြင်ကွင်းကို မြင်လျှင် အနည်းငယ် တုံ့ဆိုင်းသွား၏။ ချင်မူ၏ ရုပ်ခန္ဓာမှာ အလွန်သန်မာလွန်းသည့်အတွက် သေဆုံးပြီးနောက်တွင်ပင် စွမ်းအားအကြွင်းအကျန်များ ကိန်းဝပ်နိုင်လေသည်။ သို့သော် ဤမျှ အားကောင်းလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူ့တွင် အသိစိတ်အလျဥ် ရှိနေသေးပြီး လောကသစ်ပင်နှင့် ဖရိုဖရဲသွေးအိုင်ကို ထိန်းချုပ်ကာ သူ့အနား ချဉ်းကပ်လာသည့် နတ်ဘုရားမိစ္ဆာများကို တိုက်ခိုက်နေခြင်းလော။
“သခင်လေးသုံးခင်ဗျာ၊ သာမန်လူတွေက ကောင်းကင်နတ်အရှင်မူရဲ့ ရုပ်ခန္ဓာအနီး လုံးဝ မကပ်နိုင်ပါဘူး…. သူ့ကို ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ မြစ်ထဲ ကျွန်တော်တို့ ဘယ်လို နှစ်မြှုပ်ရမှာပါလဲ” ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဦးညွှတ်အရိုအသေပေးလိုက်သည်။
ခန်းမထဲတွင် သခင်လေးသုံးမှာ တစ်ချက် ညည်းညူလိုက်ပြီး တစ်ခဏမျှ အသက်လုရှူနေရသည်။ သူက အေးစက်စွာ မာန်မဲလေသည်။ “ငါ့ကို မနှောင့်ယှက်နဲ့လို့ အခုလေးတင် ပြောခဲ့တယ်မလား… မင်း နှောင့်ယှက်လို့ ငါ အနီရောင်ကြိုးထုံးနဲ့ ချည်ခံရပြီး သေတော့မလို့… မင်းက တော်တော်တုံးအတာပဲ… ထားလိုက်ပါတော့လေ… ငါ မင်းကို တာအိုအသုဘခေါင်းတလား ဘယ်လိုသွန်းရမလဲ သင်ပေးမယ်.. မင်း ဒီခေါင်းတလား လုပ်ပြီး ခုနစ်ကို အထဲထည့်… ဘိုးဘေးနန်းတော်ဆီ သယ်သွားပြီး ဖရိုဖရဲမြစ်ထဲ ပစ်ချလိုက်ရုံပဲ”
နတ်ကောင်းကင်ခန်းမထဲတွင် အနီရောင်ကြိုးထုံးမှာ တရစပ် တုန်ခါနေသည်။ သခင်လေးသုံး၏ အသိစိတ်အလျဥ် အမျှင်တစ်မျှင်သည် ကြိုးထုံးကို ဖြတ်သန်းနိုင်သည်ဆိုရုံ ဖြတ်သန်းကာ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ စိတ်ထဲ ၀င်ရောက်သွား၏။ “ဒီတာအိုအသုဘခေါင်းတလားထဲ ထည့်ခံလိုက်ရတာနဲ့ ဘယ်တော့မှ မလွတ်နိုင်တော့ဘူး… ဒါက တာအိုသိုင်းပညာရှင်တစ်ဦးကို မြှုပ်နှံပေးတဲ့ ခေါင်းတလားပဲ… မြန်နိုင်သမျှ အမြန်ဆုံး လုပ်ပြီး သူ့ကို အထဲထည့်…. ပြီးရင် ငါ သင်ပေးထားတဲ့ တာအိုအစီအရင်သံတွေနဲ့ ခေါင်းတလား ပျဉ်ပြားကို ရိုက်ပိတ်လိုက်.. ဒါဆို သူ့ကို ကျောက်စိမ်းမြို့တော်ဆီ သယ်သွားပြီး မြစ်ထဲ အသုဘချလို့ ရပြီ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ပျော်ရွှင်၀မ်းမြောက်သွားတော့သည်။ သူက သခင်လေးသုံး သင်ကြားပေးလိုက်သည့် တာအိုအသုဘခေါင်းတလား ပြုလုပ်နည်းကို သေချာဆန်းစစ်နေသည်။ သို့သော် ဤသည်မှာ လက်နက် သွန်းလုပ်သည့် လမ်းစဉ် ဖြစ်နေသည့်အပြင် ပန်းပဲပညာ၌ သူ၏အောင်မြင်မှုတို့က အကန့်အသတ်ရှိ လေသည်။
“တစ်ယောက်ယောက် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က ကောင်းကင်နတ်အရှင်ရှင်းကို ဆင့်ခေါ်လိုက်ကြစမ်း”
မကြာမီ ရှင်းအန်း ရောက်လာ၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က တာအိုအသုဘခေါင်းတလား ပြုလုပ်နည်းကို သူ့ထံ လွှဲပြောင်းပေးကာ မေးသည်။ “တာအိုမိတ်ဆွေ၊ မင်းက ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်တဲ့အပြင် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ အရှင်သခင်လည်း ဖြစ်တယ်.. ဒီခေါင်းတလားကို သွန်းလုပ်ဖို့ ဘယ်လောက်ကြာမလဲ”
ရှင်းအန်းက အသေအချာ ဖတ်နေပြီး မရေမတွက်နိုင်သော ဦးနှောက်များက သူ့အား ကူညီစဥ်းစားတွက်ချက်ရန် လေထဲတွင် ပျံဝဲနေကြသည်။ အချိန်အတော်ကြာပြီးနောက် မျက်လုံးဖွင့်ကာ ဖြေသည်။ “စစ်တပ်ထဲမှာ ဘိုးဘေးနန်းတော်ရဲ့ ရတနာလွင်ပြင်တွေကနေ သွန်းလုပ်ထားတဲ့ ထူးကဲတဲ့ ရတနာတွေ ရှိတယ်… ပစ္စည်းတွေ လုံလောက်ရင် ခြောက်လအတွင်း ပြုလုပ်နိုင်ပါတယ်… ဒါပေမဲ့ ကျုပ် ကောင်းကင်နတ်ဘုံက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်အားလုံးရဲ့ အကူအညီ လိုတယ်… ပြီးတော့ ကောင်းကင်နတ်အရှင်တချို့နဲ့ တာအိုသိုင်းပညာရှင်တချို့ရဲ့ အကူအညီလည်း လိုတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင် မျက်မှောင်ကြုတ်သည်။ “ခြောက်လက ကြာလွန်းတယ်… ခွေးကောင်မူ နိုးလာရင် နောက်ကျသွားလိမ့်မယ်… မင်းကို သုံးလ အချိန်ပေးမယ်”
ရှင်းအန်းက အသေအချာ စဉ်းစားပြီးနောက် တုံ့ပြန်သည်။ “သုံးလပဲဆိုရင် ဟာကွက်တချို့ ရှိလာနိုင်တယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က မေး၏။ “ဘယ်လောက်ကြီးတဲ့ ဟွာကွက်မျိုးလဲ”
ရှင်းအန်းက တခဏမျှ တွက်ချက်ပြီးနောက် ဖြေသည်။ “တစ် ရာခိုင်နှုန်း … တကယ်လို့ နောက်ထပ် သုံးလ အချိန်ပေးမယ်ဆိုရင် ဟာကွက်မရှိတဲ့ ခေါင်းတလားကို ကျုပ် သွန်းပေးနိုင်တယ် … ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အားရ၀မ်းသာစွာ ပြုံးလိုက်သည်။ “ဟာကွက် သေးသေးလေးက စိုးရိမ်စရာ မလိုပါဘူး.. သွား သွန်းလုပ်တော့.. စစ်တပ်တွေရဲ့ ရတနာအားလုံး သုံးခွင့်ပြုတယ်”
ရှင်းအန်းသည် ဦးညွှတ် အရိုအသေပေးပြီး ချက်ချင်းပင် စတင်ပြင်ဆင်တော့၏။
ကောင်းကင်နတ်ဘုံ စစ်တပ်အသီးသီးတွင် ဘိုးဘေးနန်းတော်ရှိ တောင်များ၊ သတ္တုတွင်းများ၊ ရေကန်များ၊ မြစ်များ၊ ပင်လယ်များသာမက အခြားနတ်သတ္တုများမှ သန့်စင်သွန်းလုပ်ထားသော ရတနာများစွာ ရှိကြသည်။ လောကသစ်ပင်နှင့် ကမ္ဘာဦးသစ်ပင်တို့လောက် မကောင်းသော်လည်း ထူးကဲပေသေး၏။
ရှင်းအန်းက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အမိန့်ဖြင့် လိုသမျှ တောင်းနေသဖြင့် စစ်တပ်အသီးသီးမှာ ဒေါသူပုန်ထနေကြသော်လည်း မည်သည်မှ မပြောဝံ့ကြပေ။
ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ထဲတွင် ပန်းပဲပညာရှင် ထောင်သောင်းပေါင်းများစွာက ဆေးပေါင်းဖိုးများအား မီးထိုးလျက် ကောင်းကင်လက်နက်အမျိုးမျိုး ထုရိုက်သွန်းလုပ်နေကြသည်။ ရှင်းအန်းကတော့ တာအိုအသုဘခေါင်းတလား၏ အစိတ်အပိုင်းများကို ရေးဆွဲပုံစုံထုတ်နေသည်။ နှစ်လအကြာတွင် တာအိုအသုဘခေါင်းတလားမှာ ပုံပေါ်လာချေပြီ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အရာရှိများနှင့် တပ်မှူးများကို ကိုယ်တိုင်ဦးဆောင်ကာ ရှင်းအန်း၏ အမိန့်ပေးမှုအောက်တွင် ဤခေါင်းတလားကို ကူညီသွန်းလုပ်ပေးသည်။ တာအိုသိုင်းပညာရှင်နှစ်ဦးဖြစ်သည့် ကောင်းကင်နတ်ဧကရီနှင့် ထိုက်ချူတို့ကိုလည်း ခိုင်းထားသည်။
နောက်ထပ်တစ်လအကြာတွင် တာအိုအသုဘခေါင်းတလားမှာ ပြီးစီးသွား၏။
ရှင်းအန်းက သွန်းလုပ်ပြီးထားသော တာအိုအစီအရင်သံ ၉၉ ချောင်းကို ယူလာပြီး လျှောက်တင်သည်။ “ဒီသံ တစ်ဝက်ကို ကောင်းကင်နတ်အရှင်မူရဲ့ ကိုယ်ပေါ်မှာ ရိုက်သွင်းပြီး တစ်ဝက်ကို ခေါင်းတလားပေါ်မှာ ရိုက်သွင်းရမယ်… အဲ့ဒီနောက် သူ ခေါင်းတလားနဲ့ တစ်သားတည်း ဖြစ်သွားပြီး ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
သူက ရှင်းပြပြီးနောက် စဉ်းစားသည်။ “အရှင်မင်းကြီး၊ ကျုပ် ကောင်းကင်နတ်အရှင်မူရဲ့ ဦးနှောက်တစ်စိတ်လောက် အမြဲတမ်း လိုချင်ခဲ့တာပါ… ကိုယ်တိုင်သွားပြီး သူ့ဦးခေါင်းကို ဖြတ်ယူနိုင်မလား ကြည့်ချင်ပါတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ပြုံး၏။ “ကောင်းကင်နတ်အရှင်ရဲ့ သစ္စာစောင့်သိမှုက ချီးကျူးစရာပါပဲ… ဒါပေမဲ့ သူပုန်မူရဲ့ ကျန်သေးတဲ့ အရှိန်အဝါက သိပ်ကို ကြောက်ဖို့ကောင်းတယ်…. မင်းရဲ့ အစွမ်းအစနဲ့ အနားမကပ်နိုင်ဘူး… ဒီကိစ္စကို နန်းစွန့်ဧကရာဇ်နဲ့ မယ်တော်ကိုပဲ သွားလုပ်ခိုင်းလိုက်ပါ”
ရှင်းအန်းမှာ လက်လျှော့လိုက်ရုံသာ ရှိတော့သည်။
ထိုက်ချူနှင့် ကောင်းကင်နတ်ဧကရီတို့က ချက်ချင်းပင် တာအိုအသုဘခေါင်းတလားနှင့် တာအိုအစီအရင်သံ ၉၉ ချောင်းကို ယူဆောင်ကာ ချင်မူ၏ “သင်္ချိုင်း” သို့ ထွက်ခွာသွားကြသည်။ ရောက်သည့်အချိန်တွင် ထိုက်ချူမှာ သူ့ခန္ဓာကိုယ်ထဲရှိ မဟာတာအိုများ လှုပ်ရှားလာပြီး ဖရိုဖရဲချီစွမ်းအင်အဖြစ်သို့ ချေမှုန်းခံရလုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်ရ၏။ သူက ချီးကျူးလိုက်သည်။ “သိပ်ကို စွမ်းအားကြီးတဲ့ အရှိန်အဝါပါလား”
သူတို့နှစ်ယောက် လောကသစ်ပင်ဆီ ရောက်လာကြပြီး ချင်မူ့အနား ကပ်သွားတော့မည့်အချိန်တွင် ရုတ်တရက် ကောင်းကင်နတ်ဧကရီ၏ မျက်လုံးထောင့်စွန်းများ လှုပ်ခတ်သွားသည်။ သူမက အော်ဟစ်လိုက်ရင်း လက်ကို ဝှေ့ယမ်း၍ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်အား ချင်မူ့အရိပ်ထံသို့ ပို့လွှတ်လိုက်သည်။
ချင်မူ့အရိပ်က တွန့်လိမ်လှုပ်ရှားလာပြီး ဖျတ်ခနဲ ဓားရောင်တစ်ချက်သည် အသူရာချောက်နက်အား ခုတ်ပိုင်းလိုက်၏။ ရွှစ်ခနဲ အသံနှင့်အတူ အသူရာချောက်နက်ကို နှစ်ခြမ်းကွဲသွားစေသည်။
“ရှန့်ကျွင်း”
ထိုက်ချူမှာ ရင်ဒိန်းခနဲ ခုန်သွားပြီး ဒဏ်ရာမှာလည်း တဆစ်ဆစ် နာကျင်လာ၏။ သူက အလျင်အမြန် ပြောသည်။ “ကောင်းကင်နတ်ဧကရီ၊ မင်း ရှန့်ကျွင်းကို ထိန်းထား… ငါ ကောင်းကင်နတ်အရှင်မူကို ခေါင်းတလားထဲ ထည့်လိုက်မယ်”
ကောင်းကင်နတ်ဧကရီက အေးစက်စွာ နှာမှုတ်လိုက်ပြီး သေးငယ်သော အနက်ရောင်အက်ကွဲကြောင်းတို့က သူမပတ်ပတ်လည်တွင် ပျံဝဲလျက် ချင်မူ့အရိပ်နှင့် တိုက်ခိုက်နေ၏။
ချင်မူ၏ အရိပ်က မြေပြင်ပေါ်တွင် တွန့်လိမ်လှုပ်ရှား၍ ကြီးထွားလာသည်။ ၎င်းက ဓားမကိုင်ထားသော လူတစ်ယောက်ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် သူမနှင့် အပြင်းအထန် တိုက်ခိုက်တော့သည်။
ထိုက်ချူက ချင်မူ၏ “အလောင်း” ကို အမြန် မ,ရန် ကြိုးစားသော်လည်း သူ မ,လိုက်သည့်အချိန်တွင် အောက်ရှိ ဖရိုဖရဲသွေးအိုင်ပါ လှုပ်ရှားလာပြီး လောကသစ်ပင်ကလည်း ကောင်းကင်သို့ မြင့်တက်သွားသည်။ အလောင်းကား အလွန်တရာ လေးလံလှ၏။
“ကောင်းကင်နတ်အရှင်မူက သေပြီးတာတောင် လေးနေတုန်းပဲ”
ထိုက်ချူလည်း တစ်ချက်ညည်းလိုက်ပြီး ချင်မူ့ကို လောကသစ်ပင်၊ ဖရိုဖရဲသွေးအိုင်တို့နှင့်အတူ မ,လိုက်သည်။ သူ တာအိုအသုဘခေါင်းတလားကို အသက်သွင်းလိုက်သည့်အခါ အခေါင်းသည် ကြီးမားလာပြီး ချင်မူ၏ အလောင်းကို အထဲသို့ ထည့်သွင်းလိုက်၏။
ထိုက်ချူက စိတ်အေးသက်သာစွာ သက်ပြင်းချ၍ တာအိုအစီအရင်သံများကို ထုတ်ကာ ရေတွက်ကြည့်လိုက်သည်။ သူ့မှာ ဇဝေဇဝါ ဖြစ်နေမိသည်။ “ကောင်းကင်နတ်အရှင်ရှင်းအန်းက ဒီသံတွေရဲ့ တစ်ဝက်ကို ကောင်းကင်နတ်အရှင်မူရဲ့ ရုပ်ခန္ဓာပေါ်မှာ ရိုက်သွင်းပြီး နောက်တစ်ဝက်ကို ခေါင်းတလားပျဉ်ပြားပေါ်မှာ ရိုက်သွင်းရမယ်လို့ မှာခဲ့တာ ….ဒါပေမဲ့ နတ်သံချောင်းက ၉၉ ချောင်း ရှိတာဆိုတော့ အညီအမျှ ခွဲလို့မရဘူးလေ”
ကောင်းကင်နတ်ဧကရီနှင့် ရှန့်ကျွင်းတို့၏ တိုက်ပွဲမှာ ပို၍သွက်လာချေပြီ။ ထိုက်ချူမှာ ရှည်ရှည်ဝေးဝေး စဥ်းစားရန် အချိန်မရှိသဖြင့် သံ, ငါးဆယ်ကို ချင်မူ့ရုပ်ခန္ဓာ၏ နေရာအသီးသီးသို့ ထိုးစိုက်လိုက်သည်
ချင်မူ၏ ကိုယ်ပေါ်တွင် သခင်လေးသုံး၏ ကောင်းကင်နတ်သိုင်းကြောင့် ရခဲ့သော ဒဏ်ရာများစွာ ရှိသည်။ စုစုပေါင်း ဒဏ်ရာအချက် ငါးဆယ်ရှိသောကြောင့် သံ အချောင်းငါးဆယ်နှင့် အံကိုက် ဖြစ်နေ၏။
ထိုက်ချူက ခေါင်းတလားကို ပိတ်လိုက်ပြီး လက်ကျန် သံ လေးဆယ့်ကိုးချောင်းကို ခေါင်းတလားပျဉ်ပြားထဲသို့ ရိုက်သွင်းကာ အသေပိတ်လိုက်တော့သည်။
ချက်ချင်းပင် ချင်မူ၏ ရုပ်ခန္ဓာမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအားမှာ ပျောက်ကွယ်သွားချေပြီ။ ခေါင်းတလားက ဖုံးအုပ်ထားပေးသယောင် ထင်ရသည်။
ထိုက်ချူလည်း စိတ်အေးသက်သာစွာ သက်ပြင်းချ၍ ကောင်းကင်နတ်ဧကရီ ရှန့်ကျွင်းအား တိုက်ခိုက်နေသည်ကို ကူညီပေးရန် ထွက်သွားသည်။ သို့သော် ရှန့်ကျွင်းက ရုတ်တရက် ဓားမတစ်ချက်ဖြင့် နေရာဟင်းလင်းပြင်ကို ခုတ်ပိုင်းကာ အတွင်းသို့ ခုန်ဝင်ပျောက်ကွယ်သွားတော့၏။
“ရန်သူကို လိုက်မဖမ်းနဲ့”
ထိုက်ချူက ကောင်းကင်နတ်ဧကရီကို တားသည်။ “ကောင်းကင်နတ်အရှင်မူကိစ္စကို ဖြေရှင်းဖို့က အရေးကြီးတယ်… ရှန့်ကျွင်းက သေချာပေါက် တာအိုအသုဘခေါင်းတလားနောက်ကို တိတ်တဆိတ် လိုက်လာမှာပဲ… လမ်းမှာ ထောင်ချောက်ဆင်ပြီး သူ့ကို သတ်လို့ရတယ်”
ကောင်းကင်နတ်ဧကရီလည်း နားလည်သွားပြီး ကောင်းကင်နတ်ဘုံစစ်ခန်းသို့ ပြန်လာကြသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က လက်ယာယွီလင်နန်းစောင့်တပ်ဖွဲ့အား အမိန့်ပေးသည်။ “ခေါင်းတလားကို ဘိုးဘေးနန်းတော် ကျောက်စီးမြို့တော်ဆီ ပို့ဆောင်ကြစေ”
ဤယွီလင်နန်းစောင့်တပ်ဖွဲ့မှာ အတောင်ပံရှိသည့် နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြပြီး အလွန်မြန်ဆန်ကြသည်။ သူတို့က အမိန့်ရသည်နှင့် ချက်ချင်းပင် တာအိုအသုဘခေါင်းတလားကို သယ်ဆောင်ရင်း ကမ္ဘာဦးဘုံမှ ထွက်ခွာကာ ဘိုးဘေးနန်းတော်ဆီ ပျံသန်းသွားကြတော့၏။
ထိုက်ချူနှင့် ကောင်းကင်နတ်ဧကရီတို့နှစ်ဦးတွင် တစ်ဦးက အန္တိမဟင်းလင်းပြင်တွင် ပုန်းအောင်းပြီး တစ်ဦးက အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းထဲတွင် ပုန်းနေသည်။ သူတို့က တိတ်တဆိတ် လိုက်ပါသွားကြပြီး ရှန်းကျွင်း ပေါ်လာသည်နှင့် သတ်ဖြတ်ရန် စောင့်နေကြသည်။
ယွီလင်နန်းစောင့်တပ်ဖွဲ့က ကြယ်တာရာကောင်းကင်တွင် အချိန်တော်ကြာ ပျံသန်းခရီးနှင်နေသည်။ လပေါင်းများစွာ ခရီးရှည်နှင်ခဲ့သော်လည်း ရှန့်ကျွင်းမှာ ပေါ်မလာသေးသဖြင့် သူတို့နှစ်ယောက်သား စိုးရိမ်မကင်းဖြစ်လာ၏။
တစ်ရက်တွင် ထိုက်ချူနှင့် ကောင်းကင်နတ်ဧကရီတို့ ယွီလင်စစ်သည်တော်တစ်ဦး၏ အရိပ်လှုပ်ရှားသွားသည်ကို ဖျတ်ခနဲ မြင်လိုက်ကြရသဖြင့် အလွန်ဝမ်းမြောက်သွားကြသည်။ နှစ်ယောက်လုံး ချက်ချင်းပင် ခုန်ထွက်ကာ ထိုစစ်သည်တော်အား အပိုင်းပိုင်း ကွဲထွက်သွားအောင် ဝိုင်းရိုက်လိုက်ကြသည်။
“အရိပ်ထဲမှာ မရှိဘူး”
သူတို့နှစ်ယောက် ပတ်ဝန်းကျင်အား ရှာကြည့်လိုက်ရာ ကြယ်တာရာကောင်းကင်၌ ဓားရောင်တစ်ခု တဖျပ်ဖျပ် လင်းနေသည်ကို တွေ့လိုက်ရသည်။ သူတို့က ချက်ချင်းပင် ပြေးထွက်၍ ရှန့်ကျွင်းအား လိုက်ဖမ်းကြ၏။
ယွီလင်နန်းစောင့်တပ်က ဆက်လက်သွားနေသည်။ နောက်ထပ်နှစ်လ ကုန်ဆုံးသွားသော်လည်း ဘိုးဘေးနန်းတော်သို့ ရောက်ရန် လမ်းတစ်ဝက် ကျန်နေသေးသည််။
တစ်နေ့တွင် ယွီလင်စစ်သည်တော်များသည် အတောင်ပံများ တဖျတ်ဖျတ် ခတ်လျက် ခေါင်းတလားကို သယ်ဆောင်ကာ ပျံသန်းနေကြသည်။ နေလုံးတစ်စင်းအား ဖြတ်ကျော်သွားတော့မည့်အချိန်တွင် ကြယ်တာရာကောင်းကင်၌ ကြာပန်းတစ်ပွင့် ပွင့်လာသည်ကို တွေ့လိုက်ရ၏။
ယွီလင်နန်းစောင့်တပ်လည်း အလျင်အမြန် ရပ်တန့်ကာ နေရာယူလိုက်ကြသည်။ သူတို့က တဖျပ်ဖျပ် တောက်ပနေသော ကြာပန်းကို သတိတကြီး ကြည့်နေကြသည်။
သူတို့ စေ့စေ့စပ်စပ် ကြည့်လိုက်ရာ ထိုကြာပန်းမှာ ကြာပန်း ဟုတ်မနေချေ။ ထိုအစား ထူးခြားအသေးစိတ်ကျသည့် ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်နေ၏။ ကြယ်တာရာကောင်းကင်ကို အလောတကြီး ဖြတ်သန်းသွားသည့် တစ်စုံတစ်ယောက် ချန်ခဲ့သော ခြေရာ ဖြစ်သည်။
ဖြတ်သွားနေသူမှာ အလွန်ချောမောခံ့ညားသည့် လူငယ်တစ်ဦးပင်။ သူ၏ ၀တ်ရုံရှည်က လေတွင် လွင့်မျောနေကာ အလွန်ဂုဏ်သရေ ရှိနေသည်။ သူ၏အမူအရာမှာလည်း လူကို မမေ့နိုင်အောင် ဆွဲဆောင်နိုင်ကာ ချက်ချင်း အထင်ကြီးသွားမိစေ၏။
ယွီလင်နန်းစောင့်တပ်မှူးက ရှေ့သို့ တက်ကာ အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ ယွီလင်နန်းစောင့်တပ်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ အမိန့်အရ ကောင်းကင်နတ်အရှင်မူရဲ့ အလောင်းကို ဘိုးဘေးနန်းတော်ဆီ ပို့ဆောင်နေပါတယ်… မသက်ဆိုင်သူများ ကျေးဇူးပြုပြီး ထွက်ခွာပေးကြပါ”
ထိုလူငယ်က ခြေလှမ်းများ ရပ်၍ ယွီလင်နန်းစောင့်တပ်ဆီ ကြည့်လိုက်သည်။ ထို့နောက် ယွီလင်နန်းစောင့်တပ် ကာကွယ်ထားသော အလယ်ရှိ ခေါင်းတလားထံ လှမ်းကြည့်၏။ သူက နွေးထွေးသော မျက်မှာအမူအရာဖြင့် မေးသည်။ “ဒီခေါင်းတလားထဲမှာ ဂိုဏ်းသခင်ချင် ရှိနေတာလား”