← Chapters

အတိတ်စကြဝဠာ၏ ကျူးကျော်မှု၊ ကောင်းကင်နတ်ဘုံ၏ ကျဆုံးခန်း

Vol. 133 Ch. 1722

အတိတ်စကြဝဠာ၏ ကျူးကျော်မှု၊ ကောင်းကင်နတ်ဘုံ၏ ကျဆုံးခန်း

Vol. 133 Ch. 1722

လက်ယာယွီလင်နန်းစောင့်တပ်ဖွဲ့ လှုပ်ရှားရန် အချိန်ပင် မရခင် လူငယ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသည့်အခါတွင် တာအိုအသုဘခေါင်းတလား၏ ဘေးသို့ ရောက်နေလေပြီ။ သူ၏ အရှိန်မှာ အလွန်မြန်ဆန်လွန်းသဖြင့် ယွီလင်နန်းစောင့်တပ်၏ စစ်သည်တော်များပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့ဆယ်ဖွဲ့မှ မည်သည့်တပ်ဖွဲ့မ‌ဆို ၀င်္ကပါ ခင်းကျင်းပြီးပါက ကောင်းကင်နတ်အရှင်တစ်ပါးနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ အထူးသဖြင့် မုန့်ယွင်ကွေ့ ဖန်တီးခဲ့သော ၀င်္ကပါကို ခင်းကျင်းလိုက်ပါက စွမ်းအားက ပို၍ပင် အံ့ဩကြောက်မက်ဖွယ်ကောင်း၏။

ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့ ဆယ်ဖွဲ့ထဲတွင် ယွီလင်နန်းစောင့်တပ်ဖွဲ့က အင်အားအကြီးဆုံး ဖြစ်ကာ ကောင်းကင်နတ်ဧကရာဇ်၏ အတောင်ပံများဟု နာမည်ကျော်ကြားပေသည်။

ယွီလင်နန်းစောင့်တပ်ဖွဲ့၏ ပထမဆုံး တပ်မှူးမှာ ဝေစွေ့ဖုန်း ဖြစ်ခဲ့သည်။ သူသည် အဆုံးသတ်မြို့ပျက်တိုက်ပွဲတွင် အသန်မာဆုံး နတ်ဘုရားတစ်ပိုင်းမျိုးနွယ်ဖြစ်သည့် နဂါးတိုင်းပြည်သို့ ချင်းနင်းဝင်ရောက်၍ ချေမှုန်းနိုင်ခဲ့သောကြောင့် နာမည်ကြီးခဲ့၏။

ဤမျိုးဆက် လက်ယာယွီလင်နန်းစောင့်တပ်ဖွဲ့မှာ ထိုစဉ်ကထက်ပင် အားကောင်းသေးသည်။ ပင်မတပ်မှူးမှာလည်း အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်းနှင့် တန်းတူပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူက အဆုံးမဲ့ကောင်းကင်ဧကရာဇ် ပြန့်ယန်ဖေး ဖြစ်သည်။ သို့သော် သူပင်လျှင် ထိုလူငယ်၏ လှုပ်ရှားမှုကို မမြင်လိုက်ပေ။

“နတ်တောင်ပံ မဟာဟုန်၀င်္ကပါ စတင်”

အဆုံးမဲ့ကောင်းကင်ဧကရာဇ် ပြန့်ယန်ဖေးက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ လက်ယာယွီလင်နန်းစောင့်တပ်ဖွဲ့မှ စစ်သည်တော်များသည် ချက်ချင်း ခင်းကျင်းနေရာယူလိုက်ကြ၏။ ၀င်္ကပါ၏ စွမ်းအားက မျက်စိတစ်မှိတ်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဧရာမအစိမ်းရောင်ငှက်ကြီးအသွင် ထင်ဟပ်လာသည်။

“ဟုန်.. ဟုန်… ဟုန်.. ဟုန်…”

စစ်သည်တော်ငါးသောင်းတို့ ပြိင်တူအော်ဟစ်လိုက်နေကြသည့်အချိန် အရှိန်အဝါတို့က အတူကတွ ချိတ်ဆက်လာသည်။ မဟာဟုန်ငှက်မှာ ဝမ်းနည်းကြေကွဲစွာ အော်ညည်းနေသည့်အလား၊ ကောင်းကင်နတ်အရှင်ဟုန် သက်ရှိထင်ရှား ရှိနေသည့်အလား တာအိုသံများလည်း တုန်ခါနေသည်။

မုန့်ယွင်ကွေ့သည် ယခင်က ‌မှော်စွမ်းအင်အရာတွင် တစ်လောကလုံး၌ နံပါတ်တစ်ဟု ကျော်ကြားခဲ့သော ကောင်းကင်နတ်အရှင်ဟုန်ကို လေ့လာခဲ့၏။ ထို့နောက် ဝင်္ကပါအဖြစ် တီထွင်ပုံဖော်ခဲ့သည်။ ယွီလင်နန်းစောင့်တပ်ဖွဲ့မှ ခင်းကျင်းလိုက်သော မဟာဟုန်၀င်္ကပါထဲတွင် ကောင်းကင်နတ်အရှင်ဟုန်၏ မိစ္ဆာစွမ်းအင်နှင့် ကောင်းကင်တာအို၏ ဖြောင့်မတ်မှန်ကန်မှုကိုပါ ရောထွေးထားချေသည်။ ဝင်္ကပါက ချင်မူ၏ ခေါင်းတလားနှင့် ထိုလူငယ်ကို အသတ်အဖြတ်၀င်္ကပါထဲသို့ ထည့်သွင်းလိုက်တော့သည်။

အသတ်အဖြတ်၀င်္ကပါ အသက်ဝင်လာသော်လည်း ၎င်းအတွင်း ကျရောက်သွားသည့် လူငယ်က အေးဆေးတည်ငြိမ်နေဆဲပင်။ ကောင်းကင်ဘုံ ၃၃ ဘုံနယ်ပယ်သည် ဖြန့်ကျက်လာပြီး ဟင်းလင်းပြင်အလွှာ ၃၃ လွှာနှင့် ချိတ်ဆက်လိုက်၏။ သူက တာအိုအသုဘခေါင်းတလားကို အမြင့်သို့ ပိုပို၍ သယ်ဆောင်သွားရင်း ဟင်းလင်ပြင်းအလွှာများထဲသို့ နက်သထက် နက်စွာ ဝင်ရောက်သွားတော့သည်။ မကြာမီပင် ဟင်းလင်းပြင်အလွှာ ၃၃ ထပ်သို့ ရောက်သွားချေပြီ။

ပြန့်ယန်ဖေးက ယွီလင်နန်းစောင့်တပ်ဖွဲ့နှင့်အတူ ဟင်းလင်းပြင်အလွှာများထဲသို့ ၀င်ရောက်တိုက်ခိုက်သည်။ သို့သော် အပေါ်သို့ တက်လေလေ ဟင်းလင်းပြင်ဖိအားက ပိုမိုပြင်းထန်လာလေလေဖြစ်သည်။ ယွီလင်နန်းစောင့်တပ်ဖွဲ့မှာ နတ်တောင်ပံ၀င်္ကပါကို ပိုင်ဆိုင်ထားသော်လည်း ဟင်းလင်းပြင်ဖိအားကို ရင်ဆိုင်ရခြင်းက မလွယ်လှပေ။

သူတို့ ၃၃ လွှာမြောက် ဟင်းလင်းပြင်သို့ ရောက်သောအခါ ဟင်းလင်းပြင်သည် ယွီလင်နန်းစောင့်တပ်ဖွဲ့ စစ်သည်တော်အားလုံးအပေါ် သက်ရောက်ဖိစီးနေချေပြီ။ ဆက်လက် ပျံတက်သွားပါက အားလုံး အသက်ဆုံးရှုံးရပေလိမ့်မည်။

စစ်မှန်သော ကောင်းကင်နတ်အရှင်တစ်ပါးသည် ဟင်းလင်းပြင် ၃၅ လွှာအထိ ခန္ဓာမပျက်စီးဘဲ ဝင်ရောက်နိုင်သည်။ သို့သော် ယွီလင်နန်းစောင့်တပ်ဖွဲ့က ကောင်းကင်နတ်အရှင်များ မဟုတ်ပေ။

နတ်တောင်ပံ မဟာ၀င်္ကပါက စွမ်းအားကြီးသော်လည်း ၀င်္ကပါကို ခင်းကျင်းသည့် စစ်သည်တော်များမှာမူ ကောင်းကင်နတ်အရှင်တစ်ပါး၏ ခွန်အား မပိုင်ဆိုင်ကြချေ။

ပြန့်ယန်ဖေးက မကျေနပ်သော အကြည့်ဖြင့် ထိုလူငယ်ဆီ ကြည့်လိုက်သည်။ ထိုလူငယ်သည် ၃၃ လွှာမြောက် ဟင်းလင်းပြင်တွင် ရှိနေပြီး ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ဟင်းလင်းပြင်ဖိအားက သူ့အပေါ် မသက်ရောက်ပေ။

“မင်းက ဘယ်သူလဲ” ပြန့်ယန်ဖေးသည် ခက်ထန်သော လေသံဖြင့် ‌မေးလိုက်၏။

“အထက်ကောင်းကင်ရဲ့ ရှုရှန်းဟွာပါ”

လူငယ်က ယဉ်ကျေးသိမ်မွေ့စွာဖြင့် သူ့ကို နှုတ်ဆက်သည်။ “တွေ့ရတာ ၀မ်းသာပါတယ်… ကောင်းကင်နတ်ဘုံက တာအိုမိတ်ဆွေ”

“ရှုရှန်းဟွာ”

ပြန့်ယန်ဖေး နောက်လှည့်ကာ အော်ဟစ်လိုက်၏။ “အားလုံး ဟင်းလင်းပြင်ထဲကနေ ဆုတ်ခွာကြ”

ယွီလင်နန်းစောင့်တပ်ဖွဲ့မှ စစ်သည်တော်ငါးသောင်းလည်း တောင်ပံများ ဖြန့်ကျက်၍ ပျံသန်းထွက်ခွာလာကြသည်။ ဟင်းလင်းပြင်မှ ထွက်လာသည်နှင့် ပြန့်ယန်ဖေးက ချက်ချင်း အမိန့်ပေးလိုက်သည်။ “ရပ်လိုက်… ၀င်္ကပါကို အသက်သွင်းပြီး အန္တိမဟင်းလင်းပြင်ကို ဒီနေရာကနေ တိုက်ခိုက်ကြ”

ယွီလင်နန်းစောင့်တပ်ဖွဲ့မှ စစ်သည်တော်များက ချက်ချင်းပင် ၀င်္ကပါကို ဖော်ဆောင်ကြသည်။ အင်အားအကြီးမားဆုံး အခြေအနေတွင် ရှိသည့် ကောင်းကင်နတ်အရှင်ဟုန်ကဲ့သို့ အားကောင်းပြင်းထန်လှသော မှော်စွမ်းအင်များ ထွက်ပေါ်လာကြ၏။ ၀င်္ကပါ အသက်သွင်းခံလိုက်ရသည်နှင့် အင်အားကြီးမားသည့် တိုက်ကွက်အဖြစ် ပြောင်းလဲသွားသည်။ တစ်လောကလုံးကို တုန်လှုပ်စေသော အတောင်ပံတစ်စုံကဲ့သို့ ဟင်းလင်းပြင်အလွှာများကို ခွင်းထွက်ကာ ၃၃ လွှာမြောက် ဟင်းလင်းပြင်အား ခုတ်ပိုင်းချလိုက်ချေပြီ။

တစ်လောကလုံးကို တုန်လှုပ်စေသည့် အတောင်ပံတို့က ၃၃ လွှာမြောက် ဟင်းလင်းပြင်ကို အလွယ်တကူ ဖောက်ထွက်သွားသည်။ သို့‌သော် ရှုရှန်းဟွာဟု ခေါ်သော လူငယ်နှင့် တာအိုအသုဘခေါင်းတလားကား ပျောက်ကွယ်သွားတော့သည်။

ရှုရှန်းဟွာ တာအိုအသုဘခေါင်းတလားအား သယ်ဆောင်၍ မည်သည့်အချိန်က ထွက်ခွာသွားမှန်း မည်သူမှ သတိမထားမိလိုက်ပေ။ ပြန့်ယွင်ဖေးမှာ ချွေးစေးများ စီးကျလာပြီး ရေရွတ်နေ၏။ “ယွီလင်နန်းစောင့်တပ်ဖွဲ့‌တော့ သွားပြီ… ကိစ္စတုံးပြီ… ”

ဤတစ်ကြိမ်တွင် ယွီလင်နန်းစောင့်တပ်ဖွဲ့သည် ကောင်းကင်နတ်အရှင်မူ၏ ခေါင်းတလားကို ဘိုးဘေးနန်းတော်သို့ ပို့ဆောင်ရန် တာဝန်ယူခဲ့ရ၏။ လမ်းတစ်ဝက်တွင် ဤသို့ကိစ္စမျိုး ဖြစ်ပွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ပြန်သွားပါက ကောင်းကင်နတ်ဧကရာဇ်ဟောင်ထံ မည်သို့ လျှောက်တင်ရတော့မည်နည်း။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဒေါသကြောင့် ခေါင်းပြတ်သွားနိုင်၏။

“ဘယ်လိုလုပ်ရမလဲ… ဘယ်လိုလုပ်ရမလဲကွာ..”

ပြန့်ယန်ဖေးမှာ ဆံပင်များကို ဆုပ်ကိုင်ရင်း စိတ်မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေး‌တော့သည်။

ကြယ်တာရာကောင်းကင်တွင် ရှုရှန်းဟွာက တာအိုအသုဘခေါင်းတလားကို ပတ်ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်၏။ “ဂိုဏ်းသခင်ချင် အထဲမှာ ဘယ်လိုနေလဲ”

သူ့အနေဖြင့် အခြားသူများရှေ့တွင် ပြုံးရန်ပင် ခက်သော်လည်း ချင်မူ့ခေါင်းတလားရှေ့တွင်မူ အော်ရယ်လိုက်မိသည်။ သူ့ပုံစံက အလွန်ပျော်ရွှင်နေပုံပင်။

ခေါင်းတလားထဲ၌ မည်သည့်လှုပ်ရှားမှုမှ မရှိသော်လည်း ရှုရှန်းဟွာသည် ချင်မူ၏ လုံခြုံရေးအတွက် စိုးရိမ်နေခြင်း မရှိပေ။ ဤတာအိုအသုဘခေါင်းတလားကိုသာ စေ့စေ့စပ်စပ် လေ့လာနေသည်။

‘ဒီခေါင်းတလားက ခေါင်းတလား မဟုတ်ဘူး… အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်တွေကို အထဲမှာ ချိပ်ပိတ်ထားတဲ့ ချိပ်တံဆိပ်တစ်မျိုးပဲ’

သူက ခေါင်းတလားကို တစ်ပတ်ပတ်၍ ဂရုတစိုက် လေ့လာနေ၏။ ‘ဒါက ငါတို့စကြဝဠာရဲ့ ကျင့်စဉ်၊ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်း မဟုတ်ဘူး… အတိတ်စကြ၀ဠာက ဖြစ်ရမယ်… ချိပ်တံဆိပ်တစ်ခုကို ဒီလောက် လှပပြောင်မြောက်အောင် ဖန်တီးနိုင်တာဆိုတော့ ဖွံ့ဖြိုးတိုးတက်တဲ့ လူနေမှုအသိုက်အ၀န်းပဲ ဖြစ်လိမ့်မယ်…. ဒါပေမဲ့ ဒီခေါင်းတလားရဲ့ အစွမ်းအထက်ဆုံး နေရာက ခေါင်းတလားကိုယ်တိုင် မဟုတ်ဘဲ ဒီခေါင်းတလားရဲ့ သံတွေပဲ… ထူးဆန်းလိုက်တာ… သံတွေကို ဘာလို့ ခေါင်းတလားပျဉ်ပြားပေါ်မှာ ရိုက်ထားရတာလဲ”

ရှုရှန်းဟွာ ဇဝေဇဝါ ဖြစ်သွားသည်။

အချိန်အတော်ကြာ လေ့လာပြီးနောက်တွင် တာအိုအသုဘခေါင်းတလား၏ ဆန်းကြယ်မှုများကို သိရချေပြီ။ တာအိုအသုဘခေါင်းတလားတွင် ကိန်းဝပ်နေသော အတိတ်စကြ၀ဠာမှ စွမ်းအားတို့ကို အချိန်တိုအတွင်း အကုန်အစင် နားလည်နိုင်မည် မဟုတ်သော်လည်း ယေဘုယျသဘောတရားကိုတော့ တွေ့မြင်နိုင်ခဲ့သည်။

သူ နားလည်ထားသလောက် ခေါင်းတလား၏ သံများသည် ပျဉ်ပြားတွင် ရိုက်ရန် မဟုတ်သလို၊ ခေါင်းတလားကို ပိတ်ထားရန်အတွက်လည်း မရည်ရွယ်ပေ။ အမှန်တကယ် လုပ်ဆောင်ချက်က ခေါင်းတလားထဲမှ လူကို ခေါင်းတလားနှင့်အတူ ရိုက်စွဲထားရန် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် သံရိုက်သည့်အခါ ခေါင်းတလား၏ နံရံခြောက်ဖက်မှ ရိုက်သွင်းရပေမည်။

“ခေါင်းမှာ သံ ငါးချောင်း.... ဦးခေါင်းခွံကို ထိုးဖောက်ရိုက်သွင်းရမယ်… ခြေဖဝါးမှာ သံ ဆယ့်လေးချောင်း… ခြေဖနောင့်ပေါ်က ခုနစ်စဉ်ကြယ်ကို ရိုက်သွင်းရမယ်.. လက်မှာ သံ ဆယ့်ခြောက်ချောင်း လက်ချောင်းငါးချောင်း၊ ဓာတ်ကြီးငါးပါးနဲ့ လက်ဖဝါးနဲ့ လက်ကောက်ဝတ်တို့ကို ရိုက်သွင်းရမယ်”

သူ သေချာစွာ ရေတွက်ကြည့်လိုက်မိသည်။ ဤသံများကို မျက်ခုံးနှစ်ဖက်ကြားသို့ ရိုက်သွင်း၍ ကောင်းကင်ရတနာများ၊ လည်ချောင်း၊ နှလုံးသား၊ တျန်းထျန်၊ ချီပင်လယ် စသည့် နေရာအသီးသီးတွင်လည်း ရိုက်သွင်းရန် လိုအပ်သည်။

အားလုံး ပေါင်းလိုက်လျှင် သံ အချောင်းတစ်ရာခန့် လိုအပ်၏။

သံ အချောင်းတစ်ရာအား ခေါင်းတလားမှတစ်ဆင့် ချင်မူ၏ ထိုနေရာများသို့ ရိုက်သွင်းလိုက်ရုံဖြင့် ချင်မူ့အား ခေါင်းတလားနှင့်အတူ ပိတ်လှောင်ထားနိုင်ပြီး သူ၏ မှော်စွမ်းအင်၊ ကောင်းကင်နတ်သိုင်းနှင့် ပြောင်းလဲမှုအားလုံးကို ချုပ်နှောင်ထားနိုင်ပေမည်။

ဤသို့ပြုလုပ်လိုက်ရုံဖြင့် မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ မည်မျှ ကောက်ကျစ်စဉ်းလဲလှသနည်း။

သို့သော် သံ ရိုက်သူမှာမူ သံကို ခေါင်းတလားပျဉ်ပြားတွင် ရိုက်ရမည်ဟု ထင်မှတ်ခဲ့သောကြောင့် သံအားလုံးမှာ နေရာမှားယွင်းစွာ ရိုက်ခံထားရသည်။ တစ်ချောင်းမှ နေရာမှန်တွင် မရှိပေ။

“ဂိုဏ်းသခင်ချင်အပေါ် ဘယ်သူက ဒီလောက်တောင် သဘောကောင်းရတာလဲ”

ရှုရှန်းဟွာကို ဇဝေဇဝါဖြစ်စေသည်မှာ ဤအချက်ပင်။ သံ အားလုံး နေရာမှားနေသည်သာမက လေးဆယ့်ကိုးချောင်းသာ ရှိပြီး ငါးဆယ့်တစ်ချောင်းတိတိ လျော့နေသည် မဟုတ်လော။

‘ကျွတ်.. ကျွတ်..’

ရှုရှန်းဟွာမှာ ခေါင်းတလားကို မဆင်မခြင် မဖွင့်ရဲခဲ့သော်လည်း ဤခေါင်းတလား၏ အမှန်တရားကို သိလိုက်ရပြီးနောက် ချက်ချင်းပင် ခေါင်းတလားပျဉ်ပြားပေါ်မှ သံ တစ်ချောင်းချင်းစီကို ဆွဲနှုတ်လိုက်သည်။

သူ ခေါင်းတလားအဖုံးကို ဖွင့်လိုက်သည်နှင့် အတွင်း၌ ကမ္ဘာငယ်တစ်ခုအား တွေ့လိုက်ရ၏။ ၎င်းက ကျယ်ပြန့်လှသည့်အပြင် စူးရှသော အလင်းတန်းတို့က ခေါင်းတလားထဲမှ ထွက်ပေါ်လာသည်။ လောကသစ်ပင်မှ ထုတ်လွှတ်သည့် အလင်းရောင်ပင် ဖြစ်၏။

လောကသစ်ပင်အောက်တွင် ချင်မူက တင်ပျဉ်ခွေထိုင်နေသည်။

ရှုရှန်းဟွာလည်း ချင်မူ၏ မျက်နှာကို စူးစမ်းကြည့်ပြီးနောက် ချီးကျူးလိုက်သည်။ “ဂိုဏ်းသခင်ချင် သေပြီးတာတောင် ‌အသက်၀င်နေတုန်းပါလား”

သူ့မှာ ချင်မူကို ခေါင်းတလားထဲမှ အားကုန်သုံးကာ ဆွဲထုတ်လိုက်ရသောကြောင့်‌ မောဟိုက်နေသည်။ ချင်မူ၏ ခန္ဓာကိုယ်က မလေးပေ။လောကသစ်ပင်နှင့် ချင်မူ့အောက်မှ ဖရိုဖရဲသွေးပင်လယ်တို့က လေးလံနေခြင်းပင်။

ရှုရှန်းဟွာ စစ်ဆေးကြည့်လိုက်သည့်အခါ ချင်မူ၏ ကိုယ်ပေါ်တွင်လည်း သံအချို့ ရှိနေသည်ကို တွေ့လိုက်ရ၏။ အချောင်း ငါးဆယ်တိတိ ဖြစ်နေသဖြင့် သူ့မှာ ငိုရခက်ရယ်ရခက် ဖြစ်သွားတော့သည်။

‘သံချောင်းတစ်ချောင်း ကျန်သေးတယ်… ဒါပေမဲ့ ဒီခေါင်းတလားကို သွန်းလုပ်ခဲ့တဲ့သူက ဂိုဏ်းသခင်ချင် မလွတ်နိုင်မှာ စိုးရိမ်နေတဲ့ပုံပဲ…. နေရာမှား ရိုက်တဲ့အပြင် တစ်ချောင်းတောင် လျှော့ထားသေးတယ်’

ရှုရှန်းဟွာလည်း ခေါင်းတခါခါဖြင့် သံများကို ချင်မူ၏ ဒဏ်ရာများထဲမှ ဆွဲထုတ်လိုက်သည်။ သူ့မှာ တစ်ဖန် ခေါင်းရမ်းလိုက်မိပြန်သည်။ ‘’ဒီသံ အချောင်းငါးဆယ်လုံးလည်း နေရာမှား ရိုက်ထားတာပဲ…ဘယ်လို နလပိန်းတုံးက ရိုက်ထားတာပါလိမ့်”

သူ သံများကို ဆွဲထုတ်လိုက်သည်နှင့် ချင်မူ၏ အသက်မဲ့ ခန္ဓာကိုယ်မှာ ရုတ်တရက် အေးစက်ခက်ခဲသော ဆောင်းရာသီအား ကျော်လွန်သွားသည့်အလား ခံစားလိုက်ရသည်။ နွေဦးလေပြေတစ်ချက် တိုက်ခတ်လာသကဲ့သို့ အသက်ဓာတ်တချို့ ခပ်ဖျော့ဖျော့ ပျံ့လွင့်လာသည်။

ရှုရှန်းဟွာမှာ ရင်ထဲ လှုပ်ရှားသွားသော်လည်း အံ့ဩမနေချေ။ ဘေးတွင် ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

ဖရိုဖရဲပင်လယ်တွင် လှိုင်းများ ထလာ၏။ လှိုင်းတို့က မကြီးမားဘဲ အလွန် ညင်သာနှေးကွေးနေသည်။

ချင်မူ့ကိုယ်အတွင်းမှ အသက်ဓာတ်သည် တဖြည်းဖြည်း အားကောင်းလာသော်လည်း သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများက အသက်ဓာတ် တိုးပွားလာမှုကို ကန့်သတ်ထား၏။

ဤဒဏ်ရာမျိုး ငါးဆယ် ရှိသည်။ ရှုရှန်းဟွာက စောစောက စစ်ဆေးကြည့်ခဲ့ရာ မီလော့နန်းတော်၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ လက်ချက်ပင် ဖြစ်ပေလိမ့်မည်။ တာအိုဒဏ်ရာများမှာ အလွန်ပြင်းထန်ပေသည်။ ချင်မူသည် သူ၏ ကောင်းကင်ရတနာများကို ဖျက်ဆီးပြီး ကမ္ဘာဦးဖရိုဖရဲအဖြစ် ပြောင်းလဲခဲ့လင့်ကစား ကောင်းကင်ရတနာနှင့် မူလဝိညာဉ်ရှိ ဒဏ်ရာများကိုသာ ဖြေရှင်းနိုင်ခဲ့သည်။ ရုပ်ခန္ဓာရှိ ဒဏ်ရာများကိုမူ အပြည့်အဝ မဖယ်ရှားနိုင်ခဲ့ပေ။

ဤသို့ဒဏ်ရာမျိုးကို ရှုရှန်းဟွာလည်း မကုသနိုင်သောကြောင့် ချင်မူ ကိုယ်တိုင် နိုးထလာပြီး ကုသသည်အထိ စောင့်နေရုံသာ တတ်နိုင်သည်။

ရှုရှန်းဟွာကား ချင်မူ့အတွက် လုံးဝမစိုးရိမ်ပေ။ ဤယုံကြည်မှုမှာ ချင်မူ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် မြစ်ရေကြီးမှုများကို ဖြေရှင်းနေခဲ့သည့်အချိန် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်တည်းက အမြစ်တွယ်သွားခဲ့ခြ်ငး ဖြစ်သည်။ ထိုအချိန်က နှစ်ယောက်သား ငယ်ရွယ်ကြသေးသော်လည်း ချင်မူ၏ မျက်၀န်းများထဲရှိ ယုံကြည်မှုက ရှုရှန်းဟွာကို နက်နက်ရှိုင်းရှိုင်း အံ့ဩတုန်လှုပ်စေခဲ့မိသည်။

နောက်ပိုင်းတွင် တွေ့ဖန်များလာသည့်အခါ ချင်မူက မည်မျှပင် ခက်ခဲကြမ်းတမ်းသော အခြေအနေများဖြစ်စေ ကျော်ဖြတ်လာနိုင်ခဲ့သဖြင့် ရှုရှန်းဟွာမှာ အထင်မှားခဲ့သည်။ မည်သည့်အရာမှ ချင်မူ့ကို မတားဆီးနိုင်သလို၊ သူ့အနေဖြင့်လည်း ချင်မူ့ကို သတ်ရန်မဆိုထားနှင့် အနိုင်ပင် မယူနိုင်ဟု တွေးနေခဲ့သည်။

မှန်ပါသည်။ ချင်မူ တုန်လှုပ်ခဲ့ရပြီး မျှော်လင့်ချက်မဲ့နေသော အခိုက်အတန့်များကို သူ မမြင်ဖူးသောကြောင့် ဤသို့ အထင်မှားနေခဲ့ခြင်း ဖြစ်သည်။

အချိန်တစ်ခုကြာပြီးနောက် ရှုရှန်းဟွာ မော့ကြည့်လိုက်သည့်အခါ အန္တိမဟင်းလင်းပြင်တွင် ဓားမရောင်များ တဖျတ်ဖျတ် လင်းလက်နေသည်ကို တွေ့လိုက်ရ၏။

သူ အကြည့်လွှဲလိုက်သည်။ ထိုဓားမရောင်ကို သူ ရင်းနှီးသည်။ ယခင်တစ်ကြိမ် ချင်မူ သူ့ဆီ လာတွေ့စဉ်က ချင်မူ၏ အရိပ်ထဲတွင် တစ်စုံတစ်ယောက် ရှိနေသည်ကို အာရုံခံခဲ့မိသော်လည်း မမေးခဲ့ပေ။ ထိုဓားမရောင်မှ ခံစားနေရသည့် ခံစားချက်က ချင်မူ့အရိပ်ထဲမှ ပုဂ္ဂိုလ်‌နှင့် အလွန်တရာ ဆင်တူနေသည်။

ထိုအခိုက်အတန့်တွင် ချင်မူ၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာ၏။ ဖရိုဖရဲပင်လယ်က တဖြည်းဖြည်း တည်ငြိမ်သွားသည်။ ၎င်းက သူ၏ကိုယ်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားပြီး အ‌နောက်ရှိ လောကသစ်ပင်မှာလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

“ဂိုဏ်းသခင်ချင်၊ ခေါင်းတလားထဲ နေလို့ ကောင်းရဲ့လား” ရှုရှန်းဟွာက အေးအေးဆေးဆေး မေးလိုက်သည်။

ချင်မူ၏အရှိန်အဝါက အလွန် အားနည်းနေသေးသည်။ သူ မော့ကြည့်လိုက်ရာ ရှုရှန်းဟွာ၏ ခပ်တည်တည် မျက်နှာထားကို တွေ့လိုက်ရသဖြင့် ခါးသီးစွာ ပြုံးလိုက်မိသည်။ “နောင်တော်ရှုရာ နောက်နိုင်သေးတယ်လား”

ရှုရှန်းဟွာ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် စိတ်၀င်စားဖွယ်ကောင်းစွာ ပြောင်းလဲသွား၏။ သူက ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ ကြည်လင်သော ရယ်သံမှာ အဝေးသို့ ပျံ့နှံ့သွားလေသည်။

ချင်မူက ချောင်းတဟွတ်ဟွတ်ဆိုးလျက် ကိုယ်ထဲမှ သွေးပုပ်များကို ထွေးထုတ်နေသည်။ “နောင်တော်ရှု၊ ဘိုးဘေးနန်းတော်ထဲကနေ ဘာလို့ ထွက်လာတာလဲ”

ရှုရှန်းဟွာ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း မှင်သေသေ မူအရာသို့ ပြန်ပြောင်းသွားသည်။ “အနက်ရောင်တောင်တန်း ကျဆုံးသွားပြီ… လောကသစ်ပင်ရဲ့ အမြစ်ထဲကနေ တွားတက်လာတဲ့ ခိုးဝင်သူတွေ အရမ်း များလွန်းတယ်… ငါ မတိုက်နိုင်တော့လို့ ထွက်လာခဲ့တာ”

ချင်မူမှာ အံ့အားသင့်သွားပြီးနောက် စိတ်အေးစွာ သက်ပြင်းချလိုက်မိသည်။ “မင်း အသက်စွန့်ပြီး အဆုံးထိ တိုက်ခိုက်သွားမှာကို စိုးရိမ်နေခဲ့မိတာ…”

“မတိုက်ပါဘူး”

ရှုရှန်းဟွာက မှင်သေသေ တုံ့ပြန်သည်။ “ငါ အသက်ရှင်နေတာက ပိုအသုံးဝင်တယ်လေ”

ချင်မူမှာ သူ့စကားကြောင့် ဆွံ့အသွားပြီး ထထိုးချင်စိတ် ပေါက်သွားသည်။ သူ့ကို ဤသို့ ‌အာစေးမိအောင် လုပ်နိုင်သူ ရှားပါးသော်လည်း ရှုရှန်းဟွာမှာမူ ခြွင်းချက် ဖြစ်သည်။

“ကောင်းကင်နတ်ဘုံ ပျက်စီးသွားပြီ” ရှုရှန်းဟွာက ဆက်ပြော၏။

ချင်မူ့နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားသဖြင့် ဒဏ်ရာများကို ထိန်းမထားနိုင်တော့ပေ။ ဒဏ်ရာအချက်ငါးဆယ်ဆီမှ သွေးများ တစ်ပြိုင်နက်တည်း ပန်းထွက်လာကြ၏။

ရှုရှန်းဟွာက သူ ဒဏ်ရာများကို ကမန်းကတန်း ချုပ်နေသည်ကို ကြည့်ကာ သံအချို့ လှမ်းပေးသည်။ “ဒီသံတွေက ဒဏ်ရာတွေကို ပိတ်ဖို့ ကူညီနိုင်တယ်”

“ကောင်းကင်နတ်ဘုံ ပျက်စီးသွားပြီလား” ချင်မူလည်း သံတစ်ချောင်းအား သူ၏ဒဏ်ရာထဲသို့ ထိုးထည့်ရင်း အလောတကြီး မေးလိုက်သည်။

ရှုရှန်းဟွာက ခေါင်းညိတ်သည်။ “ငါ ထွက်လာတဲ့အချိန်မှာ တာအိုသိုင်းပညာရှင်တွေ ခိုးဝင်လာပြီး ကောင်းကင်နတ်ဘုံကို အလစ်တိုက်ဖို့ ပြင်ဆင်‌နေကြပြီ.. အချိန်ကို တွက်ကြည့်ရင် ကောင်းကင်နတ်ဘုံ ကျဆုံးသွားလောက်ပြီ… ဘိုးဘေးနန်းတော်လည်း ပိုင်ရှင် ပြောင်းသွားလောက်ပြီ”

ချင်မူမှာ လေအေးတစ်ချက် ရှူသွင်းလိုက်မိပြီး သံ ထိုးထည့်ရန် မေ့သွားသည်။ ရှုရှန်းဟွာက စေတနာဖြင့် သံတချို့ကို သူ၏ဒဏ်ရာများထဲသို့ ထိုးထည့်ပေးလေရာ နာကျင်လွန်း၍ မျက်ရည်များပင် စီးကျလာတော့သည်။

“ကောင်းကင်နတ်ဘုံ ကျဆုံးတာက ကောင်းတဲ့ ကိစ္စလား... ဆိုးတဲ့ကိစ္စလား… ဖြည်းဖြည်းလုပ်ဟ… နာလို့ သေတော့မယ်”

All Chapters