အခန်း (၁၄၇၁)
Vol. 106 Ch. 1471
ကောင်းကင်တစ်ခုလုံးနီးပါး သွေးရောင်လွှမ်းသွားသည်။
အလွန်ကျယ်ပြောသော လောကက ယခု အနီရောင်ပြောင်းသွားသည်။
ယင်းက မြင့်တတ်လာနေသော တိုက်ပွဲစိတ်ဆန္ဒ ဖြစ်သည်။
ဟန်မူယဲ့၏ ပုံရိပ်က အရှေ့သို့ ရွေ့လျားသွားသည်။ ဓားလေးလက်က အတူတကွ ယှက်ထွေသွားပြီး သူ၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်သွားသည်။
ဓားအလင်းရောင်က တလက်လက် တောက်ပသွားသည်။
အတိတ်နိမိတ်ဆိုးခံစားချက်က ပေါ်လျှိုးလာသည်။
လျှပ်တစ်ပြက်အတွင်းမှာ အရာအားလုံး ပျောက်ကွယ်သွားသည်။
ခမ်းနားထည်ဝါသော အရာအားလုံးက ဤအခိုက်အတန့်မှာ ပျောက်ဆုံးသွားကြသည်။
လေနှင့် မိုးကြိုး… ။
မီးနှင့် ရေ… ။
လေဟာနယ်… ။
မည်သည့်အရာမှ ထိုဓားလေးလက်၏ ပေါင်းစပ်စွမ်းအားကို မခုခံနိုင်ကြပေ။
အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါက အသက်ဝင်သွားသည့်အခါ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး ကြွေလွင့်သွားသည်။
ဓားအလင်းတစ်ပြက်… အသက်တစ်သက်… ။
သဘာဝလွန်စွမ်းအားများက ထိုဓားအလင်းကို ခုခံနိုင်မည်လော။
မဟာတာအိုက ခုခံနိုင်မည်လော။
စည်းမျဉ်းများက ခုခံနိုင်မည်လော။
မတားဆီးနိုင်သော ဓားအလင်း… ။
ယင်းက ဤလောက၏ အထက်ရှဆုံးစွမ်းအား ဖြစ်သည်။ ဓားလေးလက်၏ အရှေ့တွင် မည်သည့်ခုခံမှုမဆို စက္ကူတစ်ရွက်နှယ် ဆုတ်ပြဲသွားလိမ့်မည်။
ဓားအလင်းက မိုးမြေ၏ နောက်ဆုံးအကာအကွယ်ကို ဆုတ်ဖြဲပစ်လိုက်သည်။
မည်သူမှ ယင်းကို မခုခံနိုင်ကြပေ။
“ ဝုန်း ”
ဓားလေးလက်ပေါင်းစပ်သွားပြီး ဓားအလင်းရောင် ဝင်းလက်သွားသည့်အခါ အထွတ်အထိပ်ပုဂ္ဂိုလ်သုံးဦး၏ ဝိညာဉ်ဗိုလ်ချုပ်များက အက်ကွဲသွားကြသည်။ တစ်ချိန်တည်းမှာ သူတို့၏ မူလခန္ဓာကိုယ်နှင့် ဝိညာဉ်သည်လည်း ပျက်စီးသွားကြသည်။
ဓားများက အရပ်လေးမျက်နှာဆီသို့ ပျံ့နှံ့သွားသည့်အခါ မိုးမြေကြားထဲမှ လေနှင့်မိုးကြိုးက ရပ်တန့်သွားသည်။ မိုးကြိုးသွားများသည်ပင် လေထဲမှာ အေးခဲသွားဟန် ရ၏။
အထွတ်အထိပ် အင်မော်တယ်ဘုရင်နှစ်ပါးက ထွက်ပြေးရန် ကြိုးစားလိုက်ကြသော်လည်း ဓားအလင်းက သူတို့ကို ဝင်္ကပါအတွင်းသို့ ပြန်ဆွဲခေါ်လိုက်သည်။ ယင်းက မူလစွမ်းအားကို တစ်ဟုန်ထိုး တိုးမြှင့်သွားစေသည်။
သေဆုံးခြင်း… ။
ပျက်စီးခြင်း… ။
ဓားအလင်းများက အသက်တစ်သက်ပြီးတစ်သက်ကို ရိတ်ခြွေနေသည်။
အစောနက တိုက်ခိုက်ရန် ဆန္ဒပြင်းပြခဲ့သော အင်မော်တယ်ဘုရင်များက ယခု ကြောက်လန့်စွာ အနောက်ဆုတ်သွားနေကြသည်။
“ အဲ့ဒီလိုဓားဝင်္ကပါက ဒီလောကမှာ တကယ်ပဲ ရှိတာလား ”
ချန်းအောင်က အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ ဓားကျင့်ကြံသူတွေက အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်ဆိုပြီး နာမည်ကျော်ကြားတယ်… ဒါပေမဲ့ သူတို့က လောကတစ်သောင်းရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်တွေနဲ့ ယှဉ်ပြိုင်ရင်တောင် ပြိုင်ဘက်ကင်းနေဦးမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး ”
ဟင်းလင်းပြင်ထဲမှာ စောင့်ကြည့်နေကြသော လူများက အံ့အားသင့်စွာ တီးတိုးပြောကြသည်။
ယင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် အကြမ်းတမ်းဆုံး တိုက်ပွဲဖြစ်သည်။
ယင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက်တွင် အထွတ်အထိပ်ပုဂ္ဂိုလ်များ အများဆုံး သေကြေပျက်စီးသွားကြသည့် တိုက်ပွဲလည်း ဖြစ်သည်။
အနည်းဆုံးတော့ ယခုအချိန်မှာ ထိုသို့ဖြစ်ပွားနေလေသည်။
ဓားအလင်းရောင် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည့်အခါ ပုံရိပ်တစ်ခုပြီးတစ်ခု ကြွေလွင့်သွားကြသည်။
ထိုအထွတ်အထိပ်ပုဂ္ဂိုလ်များသည် သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ သာမန်လူများနှင့် မခြားနားတော့ပေ။
“ ရပ်လိုက်စမ်း ”
ကျယ်လောင်သော အော်သံက ဟင်းလင်းပြင်ထဲမှ မြည်ဟိန်းထွက်လာသည်။
ရွှေရောင်တောက်ပသော တောင်ဂိတ်တံခါးတစ်ခုက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
အထက်အဆင့်သုံးဆင့် ကုန်းမြေများထဲမှ ရပ်ကြည့်မနေနိုင်သော အင်အားစုတချို့က ကြားဝင်စွက်ဖက်ရန် ရွေးချယ်လိုက်ကြသည်။
“ ရူးမိုက်တယ်… ဒီတိုက်ပွဲက တကယ်ပဲ ရူးမိုက်လွန်းတယ်… ”
တစ်စုံတစ်ယောက်က အထွတ်အထိပ်ပုဂ္ဂိုလ်များ ထက်ဝက်ကျော်ခန့် သုတ်သင်ခံလိုက်ရကြောင်း မြင်သွားသောအခါ တုန်ယင်သွားပြီး ကြောက်လန့်တကြား ပြောသည်။
အင်အားစုကြီးအသီးသီးမှ ရောက်ရှိလာကြသော အင်မော်တယ်ဘုရင်အပါး(၃၀)တွင် ထက်ဝက်ကျော်က သေကြေပျက်စီးသွားကြသည်။
ကောင်းကင်ယံတွင် ကောင်းကင်ဘုံစာရင်းပေါ်မှ နာမည်များက အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ လင်းရှောင်ဓားဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထိပ်ဆုံးနှစ်နေရာကို သိမ်းပိုက်ထားကြစဉ် ဝမ်လင်းနန်းတော်၊ လွင့်မျောတိမ်တောင်ထွတ်နှင့် ကောင်းကင်မိစ္ဆာနန်းတော်ဆယ်နှစ်ခုက အောက်သို့ တစ်ဆင့်ပြုတ်ကျသွားကြသည်။
ထိုနာမည်များ၏ အောက်တွင် ထိပ်ဆုံး(၃၀)နေရာထဲမှ အင်အားစုအများအပြား၏ အဆင့်များက အမြဲမပြတ် ပြောင်းလဲနေသည်။
ထိပ်ဆုံး(၁၀)နေရာထဲမှ တချို့အင်အားစုများက ရုတ်တရက် အဆင့်(၅၀)ကျော်သို့ ထိုးကျသွားကြသည်။ အဆင့်(၂၀)အတွင်းမှ တချို့အင်အားစုများဆိုလျှင် အဆင့်(၈၀)ကျော်သို့ ပြုတ်ကျသွားကြသည်။
အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး၏ သေကြေပျက်စီးမှုက အင်အားစုကြီးတစ်ခု၏ ဆုတ်ယုတ်မှုကို ကိုယ်စားပြုသည်။
မြေပြင်ပေါ်တွင် မူလက ဓားတစ်လက်ကို ဆုပ်ကိုင်ပြီး ဓားဝင်္ကပါကို ထောက်ပံ့ပေးရန်သာ အင်အားရှိကြသော ထိုဓားကျင့်ကြံသူများထံမှာ ယခု အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒ ပေါ်လျှိုးလာသည်။
အစောနက ကုန်ခမ်းသွားခဲ့သော အင်အားကို ယခု ပြန်လည်ဖြည့်တင်းပြီးပြီ ဖြစ်၏။ ထိုမျှသာ မကပေ။ အလွန်သိပ်သည်းသော မူလစွမ်းအားက သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ သွန်းလောင်းလာသည်။
သို့ဖြစ်၍ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက ဆက်တိုက် မြင့်တတ်သွားသည်။
အဆင့်ချိုးဖြတ်သွားသည်နှင့် သူတို့၏ တိုက်ပွဲစွမ်းအားက သိသိသာသာ တိုးမြှင့်သွားလိမ့်မည်။
တစ်နည်းဆိုရသော် ခြေလှမ်းဝက် အင်မော်တယ်အရှင်သခင်အဆင့် ကျင့်ကြံသူများက ဤအတောအတွင်းမှာ အလယ်အလတ် အင်မော်တယ်အရှင်သခင်အဆင့်သို့ ရောက်ရှိသွားကြသည်။
ခြေလှမ်းဝက် အင်မော်တယ်ဘုရင်များသည်တော့ ဤအခိုက်အတန့်မှာ အောင်မြင်စွာ အဆင့်ချိုးဖြတ်သွားကြပြီး အင်မော်တယ်ဘုရင်အဆင့်သို့ ဝင်ရောက်သွားကြသည်။
ထိုသို့ကျင့်ကြံခြင်းစွမ်းအား မြင့်တတ်လာမှုက ဓားဝင်္ကပါ၏ စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးလိုက်သည်။
အပြင်လူများသည်တော့ ယင်းကို သတိမထားမိနိုင်ပေ။ သို့သော်လည်း ဓားဝင်္ကပါကို ထိန်းချုပ်ထားသော ဟန်မူယဲ့က ယင်းကို ကောင်းမွန်စွာ အာရုံခံမိသည်။
ယခု အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါက ယင်း၏ အစွမ်း(၁၀)ရာခိုင်နှုန်းကိုသာ ထုတ်ဖော်ရသေးသည်။
ဓားဝင်္ကပါမှ ဖွဲ့စည်းသွားသော ဓားရှည်၏ စွမ်းအားက အလွန်သန်မာသော်လည်း ယင်းက အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါ၏ အစွမ်း(၁၀)ရာခိုင်နှုန်းကိုသာ ထောက်ပံ့ပေးနိုင်သည်။
အကယ်၍ စွမ်းအားက ထပ်တိုးမြှင့်သွားမည်ဆိုလျှင် ဓားရှည်က ပြိုကွဲပျက်စီးသွားလိမ့်မည်။
“ ဗုန်း ”
ဟင်းလင်းပြင်ထဲတွင် တောင်ဂိတ်တံခါးငါးခု ထွက်ပေါ်လာကြသည်။
ပုံရိပ်အများအပြားသည် မိုးမြေ၏ အကျဉ်းချမှုကို ချိုးဖြတ်၍ အလျှင်အမြန် ဆင်းသက်လာကြသည်။
အစွမ်းထက်သော ထိုပုဂ္ဂိုလ်များက အင်အားစုပေါင်းလိုက်ကြပြီး အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါထဲမှာ အပေါက်တစ်ပေါက် ဖွင့်လှစ်လိုက်ကြသည်။
ယင်းက သေးငယ်သော အပေါက်တစ်ပေါက်သာ ဖြစ်သော်လည်း အမဲလိုက်ခံနေရသော အထွတ်အထိပ်ပုဂ္ဂိုလ်များကို အနည်းငယ် အသက်ရှူချောင်သွားစေသည်။
“ စီနီယာအကို… မင်းငါ့အတွက် လက်စားချေပေးရမယ် ”
“ ဂျူနီယာညီမ… စီနီယာအကိုကြီးက အခြေအနေ အရမ်းဆိုးနေပြီ… ”
“ ဂိုဏ်းတူဦးလေး… အဲ့ဒီလူကို မဖယ်ရှားရင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲက ဘာအဓိပ္ပာယ်မှရှိတော့မှာ မဟုတ်ဘူး ”
အော်သံများက စတင်မြှောက်တတ်လာသည်။
ဟင်းလင်းပြင်ထဲတွင် အစွမ်းထက်ပုဂ္ဂိုလ်အများအပြားက စုဝေးရောက်ရှိလာကြသည်။
အကယ်၍ ဟန်မူယဲ့နှင့် သူ၏ ဓားဝင်္ကပါကို မဖြေရှင်းနိုင်လျှင် ဤလောကတစ်သောင်းယှဉ်ပြိုင်ပွဲက မည်သည့်အဓိပ္ပာယ်မှ မရှိတော့ကြောင်း လူတိုင်းက တစ်သတ်မတ်တည်း လက်ခံလိုက်ကြဟန် ရ၏။
သူတို့၏ တစ်ဦးချင်းစွမ်းအားက ဟန်မူယဲ့နှင့် သူ၏ ဓားဝင်္ကပါကို တောင့်ခံနိုင်စွမ်း မရှိပေ။
ယခု လောကတစ်သောင်း၏ ထိပ်ဆုံး(၃၀)နေရာထဲမှ အင်အားစုများ၏ အစွမ်းထက်ပုဂ္ဂိုလ်အားလုံးက ဤနေရာမှာ စုဝေးသွားကြသည်။ အကယ်၍ ယနေ့ သူတို့က ဟန်မူယဲ့၊ လင်းရှောင်ဓားဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မရှင်းထုတ်နိုင်ဘူးဆိုလျှင် နောင်တစ်ချိန်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်းရှောင်ဓားဂိုဏ်းကို သူတို့ရင်ဆိုင်ရသည့်အခါ အလိုအလျောက် ခေါင်းငုံ့သွားရလိမ့်မည်။
အကယ်၍ သူတို့က ဟန်မူယဲ့ကို ယနေ့ မဖယ်ရှားနိုင်လျှင် သူက အနာဂတ်မှာ လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ သရဖူဆောင်းဘုရင် ဖြစ်လာလိမ့်မည်။
“ ဝုန်း ”
ကောင်းကင်နှင့် မြေပြင်ကြားတွင် မိုးကြိုးသွားများ ရွာသွန်းကျလာသည်။
ယင်းတို့က ဟင်းလင်ပြင်ထဲမှ အလွန်အစွမ်းထက်သော ကောင်းကင်မိစ္ဆာသားရဲများထံမှ ဖွဲ့စည်းသွားကြခြင်း ဖြစ်သည်။
သို့တိုင် ဤအခိုက်အတန့်မှာ ကောင်းကင်မိစ္ဆာသားရဲများကို မည်သူမှ အာရုံမစိုက်ကြချေ။
လူတိုင်းက ဓားဝင်္ကပါအတွင်းမှ ပြိုင်ဘက်ကင်းဓားကျင့်ကြံသူကို လေးနက်စွာ အာရုံစိုက်နေကြသည်။ ထိုလူက ဓားတစ်လက်ဖြင့် လောကတစ်သောင်းကို စိန်ခေါ်နေသည်။
“ ဒီဘုရင်မက အရမ်းပဲ သိချင်မိတယ်… နင့်ရဲ့ ဓားတာအိုက ဘယ်လောက်သန်မာလို့ ကောင်းကင်ဘုံစာရင်းထဲက အစွမ်းထက်ပုဂ္ဂိုလ်အများကြီးကို သတ်ဖြတ်နိုင်တာလဲ ”
အသံတစ်သံက ပဲ့တင်ထပ်လာသည်။
ပြိုင်စံရှားချောမောလှပသော အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
သူ၏ ခြေလှမ်းက လူတိုင်း၏ နှလုံးသားကို တတ်နင်းသွားသကဲ့သို့ ဤနေရာမှ သက်ရှိအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။
အမျိုးသမီး၏ အကြည့်က ဟန်မူယဲ့၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူက တခစ်ခစ်ရယ်လိုက်သည်။
သူက ခန္ဓာကိုယ်ကို ဝှစ်ခနဲ ရွေ့လျားလိုက်လေရာ ဟန်မူယဲ့နှင့် ဆယ်ပေအကွာမှာ ပြန်ပေါ်လာသည်။
“ နင်က ရုပ်ချောသားပဲ… နင် ဘယ်လောက် သတ္တိရှိလဲဆိုတာ ငါသိချင်မိတယ် ”
အမျိုးသမီးက လျှာဖြင့် နှုတ်ခမ်းသပ်လိုက်ပြီး သူ၏ လက်ချောင်းများကို ညင်သာစွာ လှုပ်ရှားလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူခြေလှမ်း လှမ်းလိုက်သည့်အခိုက် သူ့အနောက်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင်ဆယ်ပါးက အတူတကွ လှုပ်ရှားလိုက်ကြသည်။
သူတို့၏ သဘာဝလွန်စွမ်းအားများက ဓားဝင်္ကပါ၏ ဖိအားကို တောင့်ခံလိုက်ပြီး ဓားလေးလက်ကို အကျဉ်းချလိုက်ကြသည်။
ထိုရုတ်တရက် အပြောင်းအလဲက လူတိုင်းကို အံ့ဩသွားစေသည်။
“ မကောင်းတော့ဘူး ”
ချန်းအောင်က အလန့်တကြား ရေရွတ်လိုက်ပြီး အရှေ့သို့ ပြေးထွက်သွားသည်။
ဟန်မူယဲ့၏ အရှေ့သို့ ရောက်ရှိလာသော အမျိုးသမီးက ခေါင်းလှည့်လိုက်ပြီး ချန်းအောင်ကို စိုက်ကြည့်လိုက်သည်။
ထိုအကြည့်က ချန်းအောင်ကို အရိုးခိုက်ခိုက်တုန်သွားစေပြီး သူ၏ ရွေ့လျားမှုကို နေရာမှာ ရပ်တန့်သွားစေသည်။
“ ကောင်းကင်ဘုံမိစ္ဆာမ… ”
ချန်းအောင်က အံတင်းတင်းကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။
“ ဝီး ဝီး ”
ကောင်းကင်ပံ့ပိုးဓားလေးလက်က တုန်ယင်သွားကြသည်။
အမျိုးသမီး၏ အနောက်မှ အင်မော်တယ်ဘုရင်ဆယ်ပါးက မျက်နှာတည်ကြည်သွားကြသည်။
သူတို့ဆယ်ယောက်က အတူတကွ အင်အားစုပေါင်းခဲ့ကြသော်လည်း ဓားလေးလက်၏ စွမ်းအားကို မတောင့်ခံနိုင်ကြပေ။
သူ့အနောက်မှ ဖိအားကို အာရုံခံမိသောအခါ အမျိုးသမီးက တခစ်ခစ်ရယ်လိုက်ပြီး ဟန်မူယဲ့၏ လည်ပင်းထံသို့ လက်ဆန့်တန်းလိုက်သည်။
“ ကောင်လေး… ဒီက မမက မင်းကို… ”
သို့သော်လည်း သူ့ကို စောင့်ကြိုနေသည်မှာ အလွန်သန်မာသော လက်တစ်ဖက် ဖြစ်သည်။
ဟန်မူယဲ့က သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး အမျိုးသမီး၏ လည်ပင်းကို တင်းကျပ်စွာ ဖျစ်ညှစ်လိုက်သည်။
ထိုလှုပ်ရှားမှုက အမျိုးသမီး၏ အမူအရာကို သိသာစွာ ပျက်ယွင်းသွားစေသည်။
“ နင်… နင် လှုပ်ရှားလို့ရတယ်လား ”
ထိုမေးခွန်းအတွက် အဖြေက လက်သီးဖြစ်သည်။
အိုးတစ်လုံးခန့် အရွယ်အစားရှိသော လက်သီးက သူ၏ နှာရိုးတည့်တည့်ပေါ်သို့ ရက်စက်ကြမ်းတမ်းစွာ ကျဆင်းလာသည်။
ထိုလက်သီးကြောင့် သူ၏ နှာရိုးက ကျိုးသွားသည်။
ဟန်မူယဲ့က နောက်ထပ် လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည့်အခါ သွေးစကပ်ညိနေသော ဖြူဖြူဖွေးဖွေး သွားများက လေထဲမှာ လွင့်စင်သွားကြသည်။
“ ဘန်း… ဘန်း… ဘန်း… ”
ဟန်မူယဲ့က လက်သီးတစ်လုံးပြီးတစ်လုံး ထိုးသွင်းလိုက်လေရာ မူလက ပြိုင်စံရှားအောင် လှပသော မျက်နှာက ယခု အဖုအဖောင်းများဖြင့် ပြည့်နှက်သွားသည်။
ဟန်မူယဲ့က သူစိတ်ကျေနပ်သည်အထိ လက်သီးဖြင့် ထိုးပြီးနောက် အမျိုးသမီး၏ ခန္ဓာကိုယ်ကို အဝေးမှ ဟင်းလင်းပြင်ဆီသို့ လွှတ်ပစ်လိုက်သည်။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခွန်အားနှင့် သန်စွမ်းသော ဝိညာဉ်စွမ်းအားကြောင့် ဟန်မူယဲ့က မည်သူ့ကိုမှ မကြောက်ပေ။
သို့ဖြစ်၍ ကောင်းကင်ဘုံမိစ္ဆာမ၏ နာမည်ကျော်ကြားသော သွေးဆောင်ဖျားယောင်းအတတ်က ဟန်မူယဲ့၏ အရှေ့မှာ ကလေးဆော့စရာထက် မပိုပေ။
အဝေးသို့ လွင့်စင်သွားသော ကောင်းကင်ဘုံမိစ္ဆာမ၏ မျက်နှာက ယခု ဝက်ခေါင်းနှင့် ဆင်တူသွားသည်။ သူ၏ ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိစွာ လှပသော်လည်း သူ၏ မျက်နှာသည်တော့ အလွန်အကျည်းတန်သည်။
“ ဘန်း ”
ကောင်းကင်ပံ့ပိုးဓားလေးလက်က ချက်ချင်း ပေါင်းစည်းသွားကြပြီး အင်မော်တယ်ဘုရင်ဆယ်ပါး၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအထစ်ထစ် ခုတ်ပိုင်းလိုက်ကြသည်။
မူလစွမ်းအားက ဟင်းလင်းပြင်အထိ တစ်ဟုန်ထိုး မြှောက်တတ်သွားပြီး သွေးနီရောင်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။
“ ဂရား ”
နဂါးဟိန်းသံ ပဲ့တင်ထပ်သွားသည့်အခါ အင်မော်တယ်အလင်းက ဟင်းလင်းပြင်ထဲမှာ ပျံ့နှံ့သွားသည်။ ထို့နောက် ၎င်း၏ နဂါးခန္ဓာကိုယ်က ပေတစ်သိန်းရှည်လျားသော ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုကောင်းကင်မိစ္ဆာသားရဲ ထွက်ပေါ်လာသည့်အခိုက် မိုးမြေတစ်ခုလုံး တုန်လှုပ်သွားသည်။
“ အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ ”
တောင်ဂိတ်တံခါးများထဲမှ ထွက်ပေါ်လာကြသော အစွမ်းထက်ပုဂ္ဂိုလ်များက အလန့်တကြား အော်ပြောလိုက်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့အားလုံးက အမြှီးကုပ်၍ အဝေးသို့ ထွက်ပြေးသွားကြသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ စွမ်းအားက အလွန်သန်မာလေရာ လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ ကုန်းမြေတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။
ယခင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲများ၏ နောက်ဆုံးတိုက်ပွဲအများစုကို အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က အဆုံးသတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ စွမ်းအားက မိုးမြေကို ဖျက်ဆီးပစ်နိုင်ပြီး လောကတစ်သောင်းကုန်းမြေကို မူလအခြေအနေသို့ ပြန်ရောက်စေနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က ဤတစ်ကြိမ်မှာ ယခုကဲ့သို့ စောစောစီးစီး ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။
လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် အဆင့်နှစ် ကောင်းကင်ပုတီးစေ့ကိုပင် မစုဆောင်းရသေးပေ။ သို့ဖြစ်လေရာ သူတို့က အဆင့်တစ် ကောင်းကင်ပုတီးစေ့ကို မည်သို့စိတ်ကူးယဉ်နိုင်မည်နည်း။
ယခုကဲ့သို့ အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ဖြင့် စောစီးစွာ တွေ့ကြုံရသောအခါ မည်သူက ၎င်းကို တိုက်ခိုက်နိုင်လိမ့်မည်နည်း။
“ ပြေးကြ ”
အဝေးတွင် တစ်စုံတစ်ယောက်က ကြောက်လန့်တကြား အော်ပြောလိုက်သည်။
အထွတ်အမြတ် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ဖြင့် ရင်ဆိုင်ရသည့်အခါ အကယ်၍ မထွက်ပြေးလျှင် သူတို့သေဆုံးသွားကြလိမ့်မည်။