← Chapters

အခန်း (၁၄၇၃)

Vol. 106 Ch. 1473

အခန်း (၁၄၇၃)

Vol. 106 Ch. 1473

အံ့ဖွယ်ကိုးပါးမြို့တော်ပေါ်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားကျင့်ကြံသူများက ဟွမ်ကျစ်ဟူ၏ အမိန့်အောက်မှာ မြို့၏ ခုခံကာကွယ်မှုဧရိယာကို အချင်းမိုင်သန်းသုံးဆယ်အထိ တိုးချဲ့လိုက်ကြသည်။

အချင်းမိုင်သန်းသုံးဆယ်အတွင်းဝယ်…

ဓားကျင့်ကြံသူများက တိုက်ပွဲဝင်္ကပါများကို ဖွဲ့စည်းလိုက်ကြပြီး ဆယ်ယောက်တစ်အုပ်စု သို့မဟုတ် အယောက်တစ်ရာတစ်အုပ်စုအဖြစ် အရပ်မျက်နှာအသီးသီးမှာ စခန်းချလိုက်ကြသည်။

တခြားကျင့်ကြံသူများက ထိုဧရိယာအတွင်းသို့ ကျူးကျော်ဝင်ရောက်လာမည်ဆိုလျှင် သူတို့က ဓားကျင့်ကြံသူများ၏ ဓားဝင်္ကပါအောက်မှာ သေဆုံးသွားကြလိမ့်မည်။

အကယ်၍ ကောင်းကင်မိစ္ဆာသားရဲများက ထိုခုခံကာကွယ်မှုဧရိယာကို ချိုးဖြတ်ချင်သည်ဆိုလျှင် ၎င်းတို့အားလုံးက ဓားကျင့်ကြံသူများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်မှာ သုတ်သင်ခံကြရလိမ့်မည်။

အချင်းမိုင်သန်းသုံးဆယ်ကျယ်ဝန်းသော ဧရိယာက လင်းရှောင်ဓားဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ခံစစ်ဧရိယာ ဖြစ်သည်။

သူတို့က ထိုနည်းလမ်းဖြင့် တခြားအင်အားစုများကို ဩဇာလွှမ်းမိုးနိုင်ပြီး ပိုမိုသိပ်သည်းသော မူလစွမ်းအားနှင့် ပိုမိုများပြားသော ကောင်းကင်ပုတီးစေ့များကို စုဆောင်းနိုင်ကြလိမ့်မည်။

“ ဝုန်း ”

ဓားကျင့်ကြံသူဆယ်ဦးဖြင့် ဖွဲ့စည်းထားသော ဓားဝင်္ကပါတစ်ခုက အဆင့်လေး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်နှင့် တွေ့ဆုံသွားသည်။ ထိုတပည့်များက မျက်နှာဖြူဖျော့သွားကြပြီး သွေးအန်လိုက်ကြသည်။ အလွန်ပြင်းထန်သော တန်ပြန်အားကြောင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်ချီက ပရမ်းပတာဖြစ်သွားသည်။

သူတို့၏ ကျင့်ကြံခြင်းအခြေခံက ခြေလှမ်းဝက် အင်မော်တယ်အရှင်သခင်အဆင့်မှာ ဖြစ်ကြသည်။ သို့ဖြစ်လေရာ သူတို့က အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ပွဲစွမ်းအားရှိသော အဆင့်လေး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို မည်သို့ခုခံနိုင်ကြမည်နည်း။

နောက်တန်းမှ ကျင့်ကြံသူတချို့က သူတို့ကို သွားရောက်ကူညီချင်ကြသည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက အလုံအလောက် မသန်မာပေ။

အကယ်၍ သူတို့က ဓားဝင်္ကပါတစ်ခု၏ အကူအညီမရှိဘဲ သွားရောက်ကူညီမည်ဆိုလျှင် ယင်းက တမင်သွားအသေခံခြင်းသာ ဖြစ်လိမ့်မည်။

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တပည့်တွေ… ကျေးဇူးပြုပြီး မြန်မြန် အနောက်ဆုတ်ကြပါ… မင်းတို့ မြန်မြန်ပြေးနိုင်ရင် အသက်ဘေးက‌နေ လွတ်မြောက်နိုင်လိမ့်မယ် ”

အနက်ရောင်လှံကို ဆုပ်ကိုင်ထားသော လူထွားကြီးတစ်ဦးက အံကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။

သူတို့၏ အရှေ့တွင် ကောင်းကင်မိစ္ဆာသားရဲက ၎င်း၏ အတောင်ပံများကို ဖြန့်ထုတ်လိုက်ပြီး လေကြမ်းများကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ အချင်းဆယ်မိုင်အတွင်းမှ မိုးမြေက တုန်ယင်သွားသည်။ အနက်ရောင်အက်ကွဲကြောင်းများသည်ပင် ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။

အကယ်၍ သူတို့သာ ထိုလေကြမ်းများဖြင့် ရိုက်ခတ်ခံလိုက်ရမည်ဆိုလျှင် သူတို့၏ အသွေးအသားက အက်ကွဲသွားလိမ့်မည်။

ထို့ပြင် လေဓားသွားများက အချင်းဆယ်မိုင်အတွင်းမှ လေဟာနယ်ထဲမှာ လှည့်ပတ်သွားကြပြီး အစိမ်းရောင်လေပွေအဖြစ် ပြောင်းလဲသွားသည်။

ထိုလေပွေထဲသို့ ကျရောက်သွားသော မည်သူမဆို အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရလိမ့်မည်။

“ ထန်း ”

ဓားကျင့်ကြံသူဆယ်ယောက်သည် လေပွေ၏ စုပ်ယူအားကို ဆန့်ကျင်ရန် မြေပြင်ကို အတင်းအဓမ္မ ခြေကုပ်ယူလိုက်ကြသည်။

သို့တိုင် သွေးက သူတို့၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသည်။

ယင်းက လေဓားသွားများကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများ ဖြစ်သည်။

“ မြန်မြန် အနောက်ဆုတ်ကြ ”

နောက်တန်းမှ ကျင့်ကြံသူတချို့က လက်သီးဆုပ်လိုက်ကြပြီး အော်ပြောလိုက်ကြသည်။

အကယ်၍ ထိုဓားကျင့်ကြံသူများသာ အနောက်ဆုတ်လာကြမည်ဆိုလျှင် သူတို့က သေချာပေါက် ကပ်ဘေးကျရောက်သွားလိမ့်မည်ဖြစ်ကြောင်း သိထားကြသည်။

တခြားလူများက သူတို့အတွက် အသက်စတေးပေးနေသော်လည်း သူတို့က အနောက်မှာ ဘာမှမလုပ်နိုင်ဘဲ ပုန်းအောင်းနေကြရသည်။ ထိုခံစားချက်က အလွန်စက်ဆုပ်ဖွယ်ကောင်း၏။

“ ဘန်း ”

ကောင်းကင်မိစ္ဆာသားရဲက ၎င်း၏ အတောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်ပြီး အင်အားယုတ်လျော့နေသော ဓားဝင်္ကပါပေါ်သို့ ဝင်ဆောင့်လိုက်သည်။

ထို့နောက် ၎င်းက ချွန်ထက်သော သားရဲလက်သည်းများဖြင့် ကုတ်ဆွဲလိုက်သည်။

၎င်း၏ လက်သည်းကုတ်ချက် ကျဆင်းလာသည့်အခါ ဓားကျင့်ကြံသူဆယ်ဦး စုပေါင်းဖွဲ့စည်းထားသော ဓားဝင်္ကပါက အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်။

အဆင့်လေး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို ခုခံတားဆီးရန် သတ္တိတစ်ခုတည်းဖြင့် မလုံလောက်ပေ။

အဝေး၌ ဖရိုဖရဲဖြစ်နေကြသော ကျင့်ကြံသူများက စတင်အနောက်ဆုတ်သွားကြသည်။ တချို့ကျင့်ကြံသူများသည်တော့ သူတို့ကို အကူအညီပေးရန် အရှေ့တတ်လာကြသည်။

ကောင်းကင်မိစ္ဆာသားရဲ၏ အရှေ့တွင် ထိုဓားကျင့်ကြံသူဆယ်ယောက်က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး သူတို့၏ လက်များကို ပြိုင်တူ မြှောက်လိုက်ကြသည်။

“ ဘန်း ”

ဆယ်ပေရှည်လျားသော အနက်ရောင်စစ်ပွဲရုပ်သေးရုပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုစစ်ပွဲရုပ်သေးရုပ်က ကောင်းကင်မိစ္ဆာသားရဲ၏ အရှေ့မှာ ထွက်ပေါ်လာပြီး ၎င်းထံမှ လက်သည်းကုတ်ချက်ကို ခုခံတားဆီးလိုက်သည်။

“ ဝုန်း ”

စစ်ပွဲရုပ်သေးရုပ်က အဝေးသို့ လွင့်စင်သွားသည့်အပြင် ထိုလက်သည်းကုတ်ချက်က ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ကို ဆုတ်ဖြဲသွားခဲ့သည်။

ထိုစစ်ပွဲရုပ်သေးရုပ် လွင့်စင်သွားသည်နှင့်ချက်ချင်း တခြားစစ်ပွဲရုပ်သေးရုပ်က ကောင်းကင်မိစ္ဆာသားရဲ၏ အနောက်မှာ ထွက်ပေါ်လာပြီး ၎င်းကို တိုက်ရိုက် ထိုးနှက်လိုက်သည်။

ပြင်းထန်သော လက်သီးက ကောင်းကင်မိစ္ဆာသားရဲ၏ နောက်ကျောကို ထိမှန်သွားသည့်အခါ သားရဲ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

နောက်အခိုက်အတန့်မှာ နောက်ထပ် စစ်ပွဲရုပ်သေးရုပ်နှစ်ခု ထွက်ပေါ်လာကြပြီး ၎င်းတို့က ကောင်းကင်မိစ္ဆာသားရဲ၏ အတောင်ပံများကို တင်းကျပ်စွာ ဖမ်းချုပ်လိုက်ကြသည်။

“ သတ် ”

အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားကြသော ဓားကျင့်ကြံသူခြောက်ယောက်က ဆယ်ပေခန့် ကြီးထွားသွားကြသည်။ သူတို့က သုံးပေရှည်လျားသော ဓားကို ဆုပ်ကိုင်လျက် ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်ကြသည်။

ချပ်ဝတ်၏ အားဖြည့်ပေးမှုကြောင့် သူတို့၏ တိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ မြင့်တတ်သွားကြသည်။

သုံးပေရှည်လျားသော ဓားများက စုဝေးသွားကြပြီး ဓားအလင်းရောင်က ဝင်းလက်သွားသည်။ ထို့နောက် စွမ်းအင်အားလုံးက ဓားတစ်ချက်တည်းမှာ စုဝေးသွားပြီး သူတို့၏ အရှေ့မှ ကောင်းကင်မိစ္ဆာသားရဲ၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။

ထိုမြင်ကွင်းက အဝေးမှ စောင့်ကြည့်နေကြသော လူများကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

အစမှအဆုံးအထိ သူတို့၏ တိုက်ပွဲစွမ်းအားက အဆင့်လေးကောင်းကင်မိစ္ဆာသားရဲတစ်ကောင်နှင့် ရင်ဆိုင်ရန် လုံလောက်သည်။

သူတို့က အဆင့်လေးကောင်းကင်မိစ္ဆာသားရဲကို သတ်ဖြတ်ရန် သူတို့၏ ထောင်ချောက်ထဲသို့ တမင်ဆွဲခေါ်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုအတွက် သူတို့က ဆိုးဝါးစွာ ဒဏ်ရာရသွားမည်ဆိုလျှင်ပင် ဂရုမစိုက်ကြချေ။

“ သေစမ်း… သူတို့က အတော် လုပ်ရဲကိုင်ရဲတာပဲ… ”

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး ပြုံးလိုက်သည်။

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တကယ် အံ့ဩစရာပဲ… ”

တစ်စုံတစ်ယောက်က ထိုအနက်ရောင်စစ်ပွဲရုပ်သေးရုပ်များကို ကြည့်နေရင်း ချီးကျူးပြောသည်။

အဆင့်လေးကောင်းကင်မိစ္ဆာသားရဲက ကောင်းကင်ပုတီးစေ့အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ကောင်းကင်ပုတီးစေ့က ထိုဓားကျင့်ကြံသူများ၏ စုဆောင်းခံလိုက်ရသည်။

ဓားကျင့်ကြံသူဆယ်ယောက်က သူတို့၏ စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကို ပြန်ရုပ်သိမ်းလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က သွေးဖြင့် ရွှဲစိုနေလေရာ အလွန်အခြေအနေဆိုးဝါးနေပုံပေါ်သည်။

အဝေးမှ ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က ထိုအုပ်စု၏ အခြေအနေကို သတိထားမိသောအခါ ပါးစပ်ဟလိုက်ပြီး ဟိန်းဟောက်လိုက်သည်။

ယင်းကို မြင်သောအခါ အဝေးမှ ကျင့်ကြံသူများက ခေါင်းခါလိုက်ကြပြီး ညင်သာစွာ သက်ပြင်းချလိုက်ကြသည်။

…..

အံ့ဖွယ်ကိုးပါးမြို့သို့ ဟန်မူယဲ့ ပြန်ရောက်လာသည့်အခါ မြို့က ဟာလာဟင်းလင်းဖြစ်နေသည်။ မြို့တံတိုင်းပေါ်မှာ စောင့်ကြပ်နေကြသော တပည့်အနည်းစုမှလွဲ၍ တခြားမည်သူမှ မရှိကြချေ။

“ တိမ်မြူဓားအင်မော်တယ် ”

ဟန်မူယဲ့ကို မြင်သောအခါ မြို့တံတိုင်းပေါ်မှ တပည့်များက စိတ်လှုပ်ရှားစွာ အော်လိုက်ကြသည်။

ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မြို့ထဲမှ ပင်မခန်းဆောင်ဆီသို့ ဝင်ရောက်သွားသည်။

ဟွမ်ကျစ်ဟူနှင့် တခြားလူများက အခြားနေရာအသီးသီးမှာ စခန်းချနေကြသည်။ လင်းရှောင်ဓားဂိုဏ်းမှ ချန်းရှောင်တုံနှင့် တခြားလူများသည်ပင် အချင်းမိုင်သန်းသုံးဆယ်အတွင်းမှာ တိုက်ခိုက်နေကြသည်။

ပင်မခန်းဆောင်ထဲတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ရှုကျီမှလွဲ၍ တခြားမည်သူမှ မရှိပေ။

“ အမ်… ဘာလို့ ဆရာရှုက ကောင်းကင်မိစ္ဆာသားရဲတွေကို အမဲလိုက်မဖမ်းတာလဲ ”

ဟန်မူယဲ့က ရှုကျီကို ကြည့်လိုက်ပြီး သံသယဖြစ်စွာ ပြောသည်။

ရှုကျီ၏ ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ပွဲစွမ်းအားအရ အကယ်၍ သူသာ အုပ်စုတစ်ခုကို ဦးဆောင်ပြီး ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်မည်ဆိုလျှင် သေချာပေါက် ကြီးမားသော အကျိုးအမြတ်များကို ရရှိလိမ့်မည်။

ဟန်မူယဲ့၏ စကားကို ကြားသောအခါ ရှုကျီက ပေါ့ပါးစွာ ရယ်လိုက်သည်။

“ အဲ့ဒါတွေက အပိုကိစ္စတွေပါ ”

အပြုံးက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ပထမဆုံးအကြိမ် ရှုကျီနှင့် သူတွေ့ဆုံကတည်းက တစ်ဖက်လူက လွတ်လပ်စွာ ပြုမူဆောင်ရွက်တတ်သူဖြစ်ကြောင်း ဟန်မူယဲ့ သတိထားမိသည်။ ရှုကျီက လောကီကိစ္စများကို သိပ်အလေးမထားပေ။

ဤနှစ်များတွင် ရှုကျီက ဟန်မူယဲ့ ယုံကြည်အားကိုးရသော လူယုံများအနက် တစ်ဦးဖြစ်လာခဲ့ပြီး သူက အမြဲတမ်း သူ့ကိုယ်ပိုင် အရှုံးအမြတ်ကို မထူးမခြားနား ဆက်ဆံလေ့ရှိသည်။

ရှုကျီအတွက်တော့ အရင်းအမြစ်များက အပိုကိစ္စသာ ဖြစ်သည်။ ထို့ပြင် ရှုကျီက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် အင်မော်တယ်သင်္ချိုင်းမြို့ကို ကြီးကြပ်အုပ်ချုပ်နေလေရာ သူက မည်သို့ကြောင့် အရင်းအမြစ်များကို ကိုယ်တိုင်ရှာဖွေရန် လိုအပ်လိမ့်မည်နည်း။

“ ဒီမှာ အဆင့်နှစ် ကောင်းကင်ပုတီးစေ့တွေ ”

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး အဆင့်နှစ် ကောင်းကင်ပုတီးစေ့(၁၀)လုံးကို ရှုကျီထံသို့ ပစ်ပေးလိုက်သည်။

ရှုကျီက ဟန်ဆောင်မနေဘဲ ယင်းတို့ကို လက်ခံယူလိုက်သည်။

“ လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ တန်ဖိုးအကြီးမားဆုံးအရာက အဲ့ဒီကောင်းကင်ပုတီးစေ့တွေပဲ ”

“ အဆင့်သုံးနဲ့ အထက်အဆင့် ကောင်းကင်ပုတီးစေ့တွေက အရမ်းတန်ဖိုးကြီးမားတယ်… အဲ့ဒါတွေက ဘယ်စကြာဝဠာမှာမဆို တန်ဖိုးကြီးရတနာတွေနဲ့ လဲလှယ်နိုင်တယ် ”

ဟန်မူယဲ့က ကုန်သွယ်ရေးခန်းမဆီသို့ လျှောက်သွားရင်း နူးညံ့စွာ ပြောသည်။

“ ခင်ဗျားက ဒီလောကတစ်သောင်းယှဉ်ပြိုင်ပွဲကို အသုံးချပြီး စကြာဝဠာအသီးသီးက အရင်းအမြစ်တွေနဲ့ ကြွယ်ဝချမ်းသာမှုတွေကို သိမ်းပိုက်ချင်နေတာမလား ”

ရှုကျီက ခေါင်းညိတ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ ဒါပေမဲ့ ကောင်းကင်ပုတီးစေ့တွေက သုံးစွဲလို့ရတာ မင်းသိတယ်မလား ”

ကောင်းကင်ပုတီးစေ့များကို သုံးစွဲနိုင်သည်။ သို့ဖြစ်၍ ယင်းတို့က မည်မျှတန်ဖိုးကြီးမားပါစေ ယင်းတို့မှာ အကန့်အသတ်ရှိသည်။

အထူးသဖြင့် ယင်းတို့ကို တန်ဖိုးကြီးရတနာများနှင့် လဲလှယ်သည့်အခါ ကောင်းကင်ပုတီးစေ့များက မလုံလောက်နိုင်ပေ။

မည်သူကမှ ကောင်းကင်ပုတီးစေ့များအတွက် သူတို့၏ ထိပ်တန်းရတနာများဖြင့် အလဲအလှယ်မလုပ်ချင်ကြပေ။

“ ကျွန်တော် သိတယ် ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်လေရာ သိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဤလောက၏ အလဲအလှယ်လုပ်ခြင်းနိယာမတွင် ပုဂ္ဂိုလ်ရေးအရ ကုန်သွယ်မှုသည် အမြဲတမ်း ကျင့်ကြံခြင်းတိုးမြှင့်မှုအပေါ်မှာသာ အခြေခံသည်။ သို့သော်လည်း အများနှင့်သက်ဆိုင်သော ကုန်သွယ်မှုတွင် တစ်စုံတစ်ယောက်က ထိပ်တန်းအင်အားစုများ၏ တိုက်ပွဲစွမ်းအားမြင့်တတ်မှုအပေါ် ထည့်သွင်းစဉ်းစားရလိမ့်မည်။

အကြွင်းမဲ့ တိုက်ပွဲစွမ်းအားမရှိလျှင် အရာအားလုံးက ပုံရိပ်ယောင်သာ ဖြစ်နေလိမ့်မည်။

“ အခု ကျွန်တော်လုပ်နေတာက အပေါ်ယံ ရေမျက်နှာပြင်ကို စမ်းသပ်ကြည့်ရုံပါပဲ… အဆင့်နှစ် ကောင်းကင်ပုတီးစေ့တွေကို ဘယ်အဆင့် ရတနာတွေနဲ့ လဲလှယ်နိုင်မလဲဆိုတာပေါ့ ”

“ အရင်လောကတစ်သောင်းယှဉ်ပြိုင်ပွဲတွေမှာ အဆင့်နှစ် ကောင်းကင်ပုတီးစေ့တွေက အများကြီး မထွက်ပေါ်ခဲ့ဘူး ”

ယခင်လောကတစ်သောင်းယှဉ်ပြိုင်ပွဲများတွင် အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများက ကုန်းမြေအားလုံး အတူတကွ ပေါင်းစပ်သွားပြီးမှ ထွက်ပေါ်လာကြလေ့ ရှိသည်။

ထိုအဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများက အလွန်သန်မာကြသည်။ ၎င်းတို့က ကျင့်ကြံသူအများအပြားကို သတ်ဖြတ်ပြီး အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲအဖြစ် အဆင့်တတ်လှမ်းနိုင်ခဲ့ကြသည်။

အဆင့်နှစ်နှင့် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲအများစုက လောကတစ်သောင်းယှဉ်ပြိုင်ပွဲ ပြီးဆုံးသွားသည်အထိ အမဲလိုက်မခံရဘဲ ရှင်သန်နိုင်ခဲ့ကြသည်။

မည်သို့ဖြစ်ပါစေ အဆင့်နှစ်နှင့် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်နိုင်သော အင်အားစုများက အလွန်နည်းပါးကြသည် မဟုတ်ပါလော။

“ ဒီတစ်ခေါက်မှာ နည်းနည်းကြီးတာလေး ကျွန်တော် စမ်းကြည့်ချင်တယ် ”

ကုန်သွယ်ရေးခန်းမသို့ ရောက်သွားသည့်အခါ ဟန်မူယဲ့က နူးညံ့စွာ ပြောသည်။

သူ့အနောက်မှ ရှုကျီက အနည်းငယ် အံ့ဩသွားသည်။

“ ဝီး ”

ခန်းမထဲမှာ ရွှေရောင်အလင်းလွှာတစ်ခုက မြှောက်တတ်လာသည်။

အဆင့်နှစ် ကောင်းကင်ပုတီးစေ့အလုံး(၃၀)က ဟန်မူယဲ့၏ လက်ထဲမှ ပျံသန်းထွက်သွားပြီး ရွှေရောင်အလင်းလွှာထဲသို့ ဝင်ရောက်သွားကြသည်။

“ ချူးကျန်းကျား… ကျုပ်ကို ဒီဟာတွေ နတ်ဘုရားတစ်သောင်းဘုရားကျောင်းထဲမှာ တိုက်ရိုက် လေလံတင်နိုင်အောင် ကူညီပေးပါဦး ”

“ အဆင့်နှစ် ကောင်းကင်ပုတီးစေ့တွေကို ဈေးအမြင့်ဆုံး ပေးနိုင်တဲ့လူက အနိုင်ရမယ် ”

…..

ကောင်းကင်လျှို့ဝှက်လေဟာနယ်သည် အမြဲတမ်း တိတ်ဆိတ်နေပြီး မည်သူမှ သတိထားမိခြင်းမခံရပေ။

ချူးကျန်းကျား နိုးထလာပြီး ကောင်းကင်လျှို့ဝှက်လေဟာနယ်ကို ထိန်းချုပ်ခဲ့သည့်အချိန်မှစ၍ ယင်းက နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ အင်အားစုအသီးသီးအပေါ် အနည်းငယ်မှ သက်ရောက်မှုမရှိခဲ့ပေ။

သူက နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ဗဟိုချက်ဖြစ်သော ကောင်းကင်လျှို့ဝှက်လေဟာနယ်ကို ထိန်းချုပ်အသုံးပြု၍ ဟန်မူယဲ့အတွက် စွန့်ပစ်ခံထားရသော ကုန်သွယ်ရေးခန်းမတချို့ကိုသာ ရှာဖွေပေးခဲ့သည်။

ထို့ပြင် ချူးကျန်းကျားက အသင်္ချေမြို့တော်နှင့် ရေခဲလမြို့တော်ကြားမှ ကုန်ကူးသန်းမှုတချို့ကိုလည်း ဟန်မူယဲ့ကိုယ်စား ဆောင်ရွက်ပေးခဲ့သည်။

ယနေ့တွင် ဝင်္ကပါအလင်းရောင်က ထွန်းလင်းသွားစဉ် ဟန်မူယဲ့ ပို့လွှတ်လိုက်သော သတင်းစကားကို ချူးကျန်းကျား မြင်သွားသောအခါ အနည်းငယ် သူအံ့ဩသွားသည်။

“ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို အဲ့လောက်မြန်မြန် အမဲလိုက်နိုင်တာလား ”

ထိုကောင်းကင်ပုတီးစေ့များကို မြင်တွေ့သွားသည့်အခါ ချူးကျန်းကျား၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲစတင်သည့်အချိန်မှစ၍ ယခုအထိ အချိန်အများကြီး မကုန်ဆုံးသွားခဲ့ပေ။

အတိတ်တွင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲများက နှစ်ပေါင်းရာထောင်ချီ ကြာမြင့်ပြီးမှ ပြီးဆုံးသွားလေ့ ရှိသည်။ တချို့အကြိမ်များတွင် ထိုထက်ပင် ပိုပြီးကြာမြင့်သည်။

ကုန်းမြေများ ဖွင့်ဖြိုးကြီးထွားရန် အချိန်အများကြီး လိုအပ်သည်။

အတိတ်တွင် အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများ ထွက်ပေါ်လာရန် အနည်းဆုံး အနှစ်သုံးထောင်မှ အနှစ်ငါးထောင်အထိ ကြာမြင့်လိမ့်မည်။

ဤတစ်ကြိမ်ပြိုင်ပွဲက အချိန်မည်မျှ ကုန်ဆုံးသွားရသေးသနည်း။

နှစ်တစ်ရာပင် မပြည့်သေးပေ။

သူ့အရှေ့မှ ကောင်းကင်ပုတီးစေ့များကို စိုက်ကြည့်နေစဉ် ချူးကျန်းကျား၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုအရိပ်အယောင် ထွက်ပေါ်လာသည်။

အကယ်၍ နှစ်တစ်ရာမပြည့်ခင်မှာ အဆင့်နှစ် ကောင်းကင်ပုတီးစေ့အများအပြားကို ရရှိလာသည်ဆိုလျှင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲက နှစ်ထောင်ချီကျင်းပသည့်အခါ မည်မျှများပြားသော ကောင်းကင်ပုတီးစေ့အရေအတွက်ကို စုဆောင်းနိုင်သွားလိမ့်မည်နည်း။

ယင်းက သေချာပေါက် စိတ်ကူးမယဉ်နိုင်သော ပမာဏဖြစ်လိမ့်မည်။

All Chapters