အခန်း (၁၄၇၄)
Vol. 106 Ch. 1474
အကယ်၍ ကောင်းကင်ပုတီးစေ့များက ထိုမျှများပြားစွာ ရှိနေမည်ဆိုလျှင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ အခြေအနေက သိသိသာသာ ပြောင်းလဲသွားနိုင်သည်။
“ လေလံပွဲလား ”
“ အဆင့်နှစ် ကောင်းကင်ပုတီးစေ့တွေအတွက်ဆိုရင် အင်အားစုကြီးအသီးသီးက ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြလိမ့်မယ် ”
ချူးကျန်းကျားက ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ ထို့နောက် သူ၏ အမူအရာက ဖြည်းဖြည်းချင်း တည်ကြည်သွားသည်။
ရွှေရောင်နတ်ဘုရားအလင်းစီးကြောင်းများက သူ၏ လက်ဖဝါးထဲမှာ ထွက်ပေါ်လာကြသည်။
ယင်းတို့အားလုံးက လေဟာနယ်နတ်ဘုရားအင်းကွက်များ ဖြစ်ကြပြီး ကောင်းကင်လျှို့ဝှက်လေဟာနယ်အတွင်းမှာ ပုံရိပ်ယောင်ကုန်းမြေတစ်ခုကို တိုက်ရိုက် ဖန်တီးလိုက်သည်။
ထိုပုံရိပ်ယောင်ကုန်းမြေ ထွက်ပေါ်လာသည့်အခိုက် နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကုန်သွယ်ရေးခန်းမအားလုံးက တုန်ယင်သွားကြသည်။
“ အဲ့ဒါ လေလံပွဲပဲ ”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… နတ်ဘုရားတစ်သောင်းဘုရားကျောင်းရဲ့ ဗဟိုချက်က ချိပ်ပိတ်ခံထားရတာ မဟုတ်ဘူးလား ”
မရေမတွက်နိုင်သော လောကများနှင့် အင်အားစုအမြောက်အများတွင် ထိပ်တန်းကျွမ်းကျင်သူများက အလန့်တကြား ဖြစ်သွားကြသည်။
သို့သော်လည်း လေးနက်စွာ သူတို့မစဉ်းစားနိုင်မီ နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကုန်သွယ်ရေးခန်းမများထဲမှ အလင်းလွှာပေါ်မှာ ဂိတ်တံခါးတစ်ခု ထွက်ပေါ်လာသည်။
ထိုဂိတ်တံခါးက ပုံရိပ်ယောင်ကုန်းမြေနှင့် တိုက်ရိုက် ဆက်သွယ်နေသည်။ ယင်းက အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများကို လေလံပွဲနေရာဆီသို့ ပို့ဆောင်ပေးလိမ့်မည်။
ထို့ပြင် တစ်ဖက်လူက မည်သူဖြစ်ပါစေ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့၏ ပုံရိပ်နှင့် အရှိန်အဝါက ဖုံးကွယ်ခံရလိမ့်မည်။ သူတို့၏ အသံသည်ပင် ပြောင်းလဲသွားလိမ့်မည်။
ထိုနည်းဖြင့်ဆိုလျှင် ရတနာများကို ဝယ်ယူသွားသည့်လူက မည်သူဖြစ်ကြောင်း တခြားလူများ ခြေရာခံနိုင်တော့မည် မဟုတ်ချေ။
မှန်ပေ၏။ အကယ်၍ တစ်စုံတစ်ယောက်က လေလံပွဲမှ တမူထူးခြားသော ရတနာများကို ဝယ်ယူသွားပြီး အပြင်မှာ အသုံးပြုမည်ဆိုလျှင် တခြားလူများက မှတ်မိသွားနိုင်သည်။ သို့သော်လည်း ယင်းက နတ်ဘုရားတစ်သောင်းဘုရားကျောင်းနှင့် ဘာမှမသက်ဆိုင်တော့ပေ။
“ ကောင်းကင်လျှို့ဝှက်လေဟာနယ်ထဲက လေလံပွဲလား… ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ဂိတ်တံခါးကို မြင်သွားသောအခါ ရှေးခေတ်ကတည်းက အသက်ရှင်နေထိုင်ခဲ့ကြသော အစွမ်းထက်ပုဂ္ဂိုလ်များက အထိတ်တလန့် အော်ပြောလိုက်ကြသည်။
သူတို့က ထိုသို့မြင်ကွင်းက အတိတ်မှာ မြင်ခဲ့ဖူးသည်။
သို့သော်လည်း ကောင်းကင်လျှို့ဝှက်ချက်မြို့တော်၏ ဗဟိုချက်က ချိပ်ပိတ်ခံလိုက်ရသည့်အခါ နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကုန်သွယ်ရေးခန်းမအားလုံးက တသီးတခြား ဖြစ်သွားကြသည်။ သို့ဖြစ်၍ နတ်ဘုရားတစ်သောင်းဘုရားကျောင်းသည် ၎င်း၏ စွမ်းဆောင်ရည်အများစုကို ဆုံးရှုံးသွားခဲ့သည်။
ထိုအချိန်မှစ၍ နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ အင်အားစုများကြားထဲတွင် တိုက်ရိုက် လေလံဆွဲသော ပွဲအခမ်းအနားများက ပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် သူတို့က တန်ဖိုးကြီးရတနာအများကြီးကို နောက်ထပ် မကုန်သွယ်နိုင်ကြတော့ပေ။
အပြိုင်အဆိုင် လေလံဆွဲမှုမရှိသည့်အခါ အကယ်၍ ဈေးနှုန်းကို သဘောမကျလျှင် မည်သူကမှ သူတို့လက်ထဲမှ ရတနာများကို အရှုံးခံပြီး မရောင်းချင်ကြပေ။
“ ဘယ်သူက လေလံပွဲစလိုက်တာလဲ ”
“ ဒီနေ့ လေလံပွဲမှာ ဘယ်လိုရတနာတွေကို လေလံတင်မှာလဲ ”
ဂိတ်တံခါးကို ကြည့်နေရင်း မရေမတွက်နိုင်သော လူများက သံသယဖြစ်သွားကြသည်။
ကြယ်စင်စုစကြာဝဠာမှ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်စေ သို့မဟုတ် တခြားစကြာဝဠာများမှ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်စေ ယခု သူတို့၏ မျက်လုံးက ဝင်းလက်သွားသည်။
အခွင့်အလမ်း… ။
ယင်းက အမှန်ဟုတ်မဟုတ် သူတို့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များအနေဖြင့် တစ်ချက်ကြည့်ရန်သာ လိုအပ်သည်။
အကယ်၍ အထဲမှာ အမှန်တကယ် ရတနာရှိနေပြီး သူတို့က မဝင်ရောက်သွားလျှင် ယင်းကို သူတို့တစ်ဘဝလုံး နောင်တရနေလိမ့်မည်။
ထို့ကြောင့်ပင် အစွမ်းထက်ပုဂ္ဂိုလ်များက အခွင့်အလမ်းများနှင့် ရတနာများအတွက် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်နေကြခြင်း မဟုတ်ပါလော။
အကယ်၍ သူတို့က အခွင့်အလမ်းအတွက် မယှဉ်ပြိုင်ဘူးဆိုလျှင် သူတို့တစ်ဘဝလုံး နောင်တရနေလိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို နောင်တရနေမည်ဆိုလျှင် သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်မှာ ပိုမိုများပြားသော ကပ်ဘေးဒုက္ခများ ထွက်ပေါ်လာလိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းရန် သတ္တိမရှိလျှင် မည်သည့်အခါမှ အရှေ့ရောက်တော့မည် မဟုတ်ချေ။
“ ဒီနေ့က ဒီအင်မော်တယ်ဘုရင်ရဲ့ အခွင့်အလမ်း ဖြစ်နိုင်တယ် ”
စကြာဝဠာနယ်မြေမှ ခေါင်းဖြူအကြီးအကဲတစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ အလင်းလွှာပေါ်မှ ဂိတ်တံခါးထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
အထဲသို့ သူဝင်ရောက်သွားသည့်အခါ အလင်းဖန်သားပြင်တစ်ချပ်က သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး သူ၏ ပုံရိပ်နှင့် အသွင်သဏ္ဍာန်ကို ဖုံးကွယ်ပေးလိုက်သည်။
သူ၏ အရှေ့တွင် အလွန်ကျယ်ပြောသော ဧရိယာက ဖွင့်လှစ်သွားပြီး ခုံတန်းများက စီစီရီရီ ထွက်ပေါ်လာကြသည်။ အရှေ့ဆုံးတွင်တော့ စင်မြင့်တစ်ခုရှိသည်။
စင်မြင့်ပေါ်မှာ ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေသည်။
“ သခင်ချူး ”
“ ကောင်းကင်လျှို့ဝှက်ချက်မြို့အရှင်သခင် ”
“ ချူးကျန်းကျား ”
အလင်းလွှာထဲမှ ထွက်လျှောက်လာကြသော လူတိုင်းက အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။ စကြာဝဠာအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များအနေဖြင့် သူတို့က ရှေးခေတ်ကာလမှ အံ့ဖွယ်ကိုးပါးတောင်သခင်ကို မသိကြသည်မှာ ပုံမှန်ဖြစ်သည်။
ရှုကျီယန်းကို သူတို့မသိသည်မှာလည်း မထူးဆန်းပေ။
အဘယ့်ကြောင့်ဆိုသော် သူတို့နှစ်ယောက်၏ လွှမ်းမိုးမှုက အကန့်အသတ် ရှိသည်။ တစ်ယောက်က ရှေးခေတ်မှဖြစ်ပြီး အခြားတစ်ယောက်က ကြယ်စင်စုစကြာဝဠာထဲမှာသာ နာမည်ကျော်ကြားသည်။
သို့သော်လည်း အတိတ်တွင် နတ်ဘုရားတစ်သောင်းဘုရားကျောင်းထဲမှာ ကုန်သွယ်ဖူးသူအားလုံးသည် လေလံပွဲများကို စီစဉ်ကျင်းပခဲ့သော ချူးကျန်းကျားကို မည်သို့မှ မေ့နိုင်ကြလိမ့်မည် မဟုတ်ချေ။
ကောင်းကင်လျှို့ဝှက်ချက်မြို့တော် ချိပ်ပိတ်ခံလိုက်ရသည့်အခါ နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကုန်သွယ်ရေးခန်းမများက ၎င်းတို့၏ မူလစွမ်းဆောင်ရည်များကို ဆုံးရှုံးသွားခဲ့သည်။ ဥပမာ လေလံပွဲ၊ ပစ္စည်းများလဲလှယ်ခြင်း၊ ပစ္စည်းများအပေါင်ခံခြင်းနှင့် ပစ္စည်းများငှားယမ်းခြင်းတို့ ဖြစ်ကြသည်။
“ ဟား ဟား… ကျုပ်ရဲ့ မိတ်ဆွေဟောင်းတချို့လည်း ဒီမှာ ရောက်နေကြမယ်လို့ ထင်ပါတယ် ”
ချူးကျန်းကျားက ပြုံးလိုက်ပြီး အခန်းထဲသို့ မရပ်မစဲ ဝင်ရောက်လာကြသော ပုံရိပ်များကို ခေါင်းညိတ်ပြ၍ နှုတ်ဆက်လိုက်သည်။
လူအယောက်တစ်သိန်းဝင်ဆံ့သော အခန်းက သိပ်မကြာခင်မှာ လူပြည့်သွားသည်။
သို့ဖြစ်လေရာ ကျန်လူများက အလင်းလွှာ၏ အပြင်ဘက်မှာသာ မတ်တတ်ရပ်နိုင်ကြသည်။ သူတို့က အထဲဝင်ရောက်ချင်သော်လည်း မဝင်ရောက်နိုင်တော့ပေ။ သို့ဖြစ်၍ စောစောစီးစီး မဝင်ရောက်ခဲ့သည့်အပေါ် သူတို့က နောင်တရသွားကြသည်။
အလင်းလွှာ၏ အပြင်ဘက်မှ ထိုလူများသည်တော့ သူတို့က အလင်းလွှာမှတဆင့် အခန်းထဲသို့ ကြည့်နိုင်ကြပြီး အထဲမှ အသံများကိုသာ နားထောင်နိုင်ကြသည်။
“ ယနေ့ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ… ”
ချူးကျန်းကျားက ခပ်ရေးရေး ပြုံးလိုက်ပြီး အခန်းထဲမှ ပုံရိပ်တစ်သိန်းကို ယဉ်ကျေးပျူငှာစွာ အရိုအသေပေးလိုက်သည်။
“ မိတ်ဟောင်းဆွေဟောင်းတွေအပြင် မိတ်ဆွေအသစ်တွေလည်း အများကြီး ရောက်နေကြမယ်လို့ ကျုပ်ထင်ပါတယ် ”
“ အရင်ဆုံး ကျုပ်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါမယ် ”
ထိုသို့ပြောပြီးနောက် ချူးကျန်းကျားက သူ၏ လက်နှစ်ဖက်ကို အနောက်ပို့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်သည်။
“ ကျုပ်က ရှေးခေတ်ကနေ ရောက်လာပြီး ရှေးခေတ်ကျင့်ကြံခြင်းလောကရဲ့ အပျက်အစီးတွေကြားထဲမှာ ရှင်သန်ခဲ့ပါတယ် ”
“ ကျုပ်က ပန်းပဲပညာရှင်တစ်ယောက်ဖြစ်ပြီး ဒီလောကရဲ့ ထိပ်တန်းအဆင့် ပန်းပဲပညာကို တတ်ကျွမ်းထားပါတယ် ”
“ အတိတ်မှာ နတ်ဘုရားတစ်သောင်းဘုရားကျောင်းကို ဆောက်လုပ်ခဲ့တုန်းက ကျုပ်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ် ”
ချူးကျန်းကျားက ပြောသည်။
သူ၏ စကားက စင်မြင့်အောက်မှ ပုံရိပ်များကြားတွင် တီးတိုးရေရွတ်သံများနှင့် အာမေဋိတ်သံများကို ထွက်ပေါ်လာစေသည်။
အချိန်မြစ်က အမြဲတမ်း စီးဆင်းနေစဉ် ယနေ့ ဤအခန်းထဲမှာ ရှိနေကြသော ပုံရိပ်တစ်သိန်း၌ သုံးဆယ်ရာခိုင်နှုန်းကသာ ချူးကျန်းကျားကို မှတ်မိကြတော့သည်။
အတိတ်မှ မိတ်ဆွေဟောင်းအများစုသည်တော့ အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားကြသည်။
ချူးကျန်းကျား၏ မိတ်ဆက်မှုက သူ့အား မသိသေးသူများအတွက် ဖြစ်သည်။
ရှေးခေတ်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ယခုထိ အသက်ရှင်နေသေးသည်လား။
ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ဦးက မည်သို့ကြောင့် ထိုမျှအချိန်ကြာကြာ ပုန်းဝှက်နေခဲ့သနည်း။
စကြာဝဠာနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ကြယ်စင်စုစကြာဝဠာကို ဖြတ်သန်းဖူးကြသော ပုဂ္ဂိုလ်များသည်တော့ သူတို့က ကောင်းကင်လျှို့ဝှက်ချက်မြို့တော်၏ လျှို့ဝှက်ချက်တချို့ကို သိရှိထားကြသည်။
သို့သော်လည်း အပြင်ဘက်မှ အစွမ်းထက်ပုဂ္ဂိုလ်များသည်တော့ သူတို့က ဒဏ္ဍာရီများနှင့် ထင်မြင်ယူဆချက်များကိုသာ အခြေခံနိုင်ကြသည်။
“ ပေါက်ကရတွေ ပြောတာ လုံလောက်ပြီ… ဒီနေ့ လေလံပွဲကို ကျင်းပရတဲ့ အကြောင်းအရင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ ဒီပစ္စည်းလေး ထွက်ပေါ်လာလို့ပါ ”
ချူးကျန်းကျားက ပြောသည်။ ထို့နောက် သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ရွှေရောင်ကောင်းကင်ပုတီးစေ့တစ်လုံးက ထွက်ပေါ်လာသည်။
ပုတီးစေ့က လုံးဝန်းပြီး ရွှေရောင်တလက်လက် တောက်ပသည်။ ထို့ပြင် အလွန်သိပ်သည်းသော အချိန်လေဟာနယ်စွမ်းအားက ပုတီးစေ့ထဲမှာ ယှက်ထွေနေသည်။
“ ကောင်းကင်ပုတီးစေ့ ”
“ အဆင့်နှစ် ကောင်းကင်ပုတီးစေ့ ”
မရေမတွက်နိုင်သော အာမေဋိတ်သံများက ပဲ့တင်ထပ်လာသည်။
အဆင့်နှစ် ကောင်းကင်ပုတီးစေ့၏ အဓိပ္ပာယ်က လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင် ထွက်ပေါ်လာပြီဟု ဆိုလိုသည်။
လောကတစ်သောင်းယှဉ်ပြိုင်ပွဲ စတင်တာ အချိန်ဘယ်လောက် ကြာသေးလို့လဲ… ။
အဆင့်နှစ် ကောင်းကင်ပုတီးစေ့တစ်လုံး ထွက်ပေါ်လာပြီလား… ။
အဲ့ဒါက အနာဂတ်မှာ အဆင့်နှစ် ကောင်းကင်ပုတီးစေ့တွေ နောက်ထပ် အများကြီး ရှိလာဦးလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား… ။
ထိုသို့ရတနာတစ်ခုကို စကြာဝဠာတစ်ခု၏ အလုံးစုံစွမ်းအားနှင့် လဲလှယ်နိုင်ပေသည်။
“ ခင်ဗျားတို့ ခန့်မှန်းတာ မှန်ပါတယ်… အဆင့်နှစ် ကောင်းကင်ပုတီးစေ့က ဒီတစ်ခေါက် လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ စောစောစီးစီး ထွက်ပေါ်လာပါတယ်… အဲ့ဒါက အနာဂတ်မှာ စကြာဝဠာတွေကြားက အင်အားခြားနားမှုကို အကြီးအကျယ် ပြောင်းလဲပစ်ပါလိမ့်မယ် ”
ချူးကျန်းကျားက သူ့အရှေ့မှ ကောင်းကင်ပုတီးစေ့ကို လက်ညှိုးညွှန်လိုက်ပြီး ပြောသည်။
အကယ်၍ ကောင်းကင်ပုတီးစေ့တစ်လုံးက စကြာဝဠာတစ်ခု၏ အလုံးစုံစွမ်းအားနှင့် မလဲလှယ်နိုင်လျှင် ကောင်းကင်ပုတီးစေ့အမြောက်အများဆိုလျှင်ရော။ သို့မဟုတ် အကယ်၍ စကြာဝဠာတစ်ခုမှာ အင်မော်တယ်ဘုရင်တချို့ နောက်ထပ် ထွက်ပေါ်လာမည်ဆိုလျှင် အင်အားစုတစ်ခု၏ အလုံးစုံအင်အားက ယခင်ကထက် ဆယ်ဆပိုမိုတိုးမြှင့်သွားလိမ့်မည် မဟုတ်ပါလော။
ယင်းက စကြာဝဠာတစ်ခုအတွင်းမှ အင်အားစုများ၏ အဆင့်သတ်မှတ်ချက်ကို ပြောင်းလဲပစ်လိမ့်မည်။
“ ဒါပေမဲ့ ယှဉ်ပြိုင်ပွဲကုန်းမြေမှာ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတွေ ဒီလောက်မြန်မြန် ထွက်ပေါ်လာတာက အန္တရာယ်များတဲ့အရာ ဖြစ်ပါတယ် ”
ချူးကျန်းကျားက လေးနက်သော လေသံဖြင့် ပြောသည်။
“ လက်ရွေးစင်အများအပြားက သူတို့မရင်ဆိုင်နိုင်တဲ့ အစွမ်းထက် ကောင်းကင်မိစ္ဆာသားရဲတွေနဲ့ စောစောစီးစီး ရင်ဆိုင်ကြရတော့မယ် ”
“ အခု လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲက လက်ရွေးစင်တွေက အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတွေရဲ့ အမဲလိုက်ခံရပြီး ဝါးမျိုခံရတော့မယ်လို့ ခင်ဗျားတို့ တွေးကြည့်လိုက်ပါ ”
သူက ဆက်ပြောသည်။
လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှ လက်ရွေးစင်အများစုသည် ယခု ရောက်ရှိလာကြသော အင်အားစုကြီးများမှ ကိုယ်စားလှယ်များနှင့် ဆက်နွယ်နေကြသည်။
အမှန်တကယ်ပင်။ လောကတစ်သောင်းယှဉ်ပြိုင်ပွဲအကြောင်း ပြောလိုက်သည့်အခါ လူတိုင်းက တုန်လှုပ်ချောက်ချားသွားကြသည်။
ချူးကျန်းကျားက သူတို့၏ အမူအရာကို အကဲခတ်လိုက်ပြီး ဆက်ပြောသည်။
“ ဒီတစ်ကြိမ်မှာ ကျုပ်က လောကတစ်သောင်းယှဉ်ပြိုင်ပွဲကနေ ရလာတဲ့ အဆင့်နှစ် ကောင်းကင်ပုတီးစေ့တချို့ကို လေလံတင်ပါမယ်… ကျုပ် လေလံတင်ရတဲ့ ရည်ရွယ်ချက်က လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲက လက်ရွေးစင်တွေအတွက် ဒီကောင်းကင်ပုတီးစေ့တွေကို ရတနာပစ္စည်းတချို့နဲ့ လဲလှယ်ပေးဖို့ပါ ”
ချူးကျန်းကျားက ရှင်းပြသည်။
“ မဟုတ်ရင် သူတို့က နောက်ထပ် တောင့်ခံနိုင်ကြတော့မှာ မဟုတ်ပါဘူး”
“ ဒါပေါ့… တကယ်လို့ သူတို့တွေ ဆက်ပြီး မတောင့်ခံနိုင်ကြတော့ဘူးဆိုရင် နောက်ထပ် ကောင်းကင်ပုတီးစေ့အများကြီးကို ဘယ်လိုလုပ်ပြီး ရနိုင်တော့မှာလဲ ”
သူက ထပ်မံ ပြောသည်။
ထို့နောက် ချူးကျန်းကျားက ခဏရပ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ အဆင့်တစ်အပြင် အထွတ်အမြတ် အဆင့်တစ် ကောင်းကင်ပုတီးစေ့တွေကိုတောင် ရလာနိုင်သေးတယ် ”
အထွတ်အမြတ် အဆင့်တစ် ကောင်းကင်ပုတီးစေ့ကိုတော့ မည်သူမှ မမျှော်လင့်ဝံ့ကြချေ။
သို့သော်လည်း အကယ်၍ သူတို့က အဆင့်တစ် ကောင်းကင်ပုတီးစေ့ကို အမှန်တကယ် ရရှိနိုင်မည်ဆိုလျှင် ယင်းက လက်ရှိကျင့်ကြံခြင်းအဆင့်မှာ နှစ်ပေါင်းအတော်ကြာအောင် ရပ်တန့်နေကြသော ထိပ်တန်းပုဂ္ဂိုလ်များအတွက် အလွန်တန်းဖိုးကြီးမားသော ရတနာတစ်ခု ဖြစ်လာလိမ့်မည်။
စင်မြင့်အောက်မှ လူတစ်သိန်းက သူ၏ စကားကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြောင်း ချူးကျန်းကျား မြင်သွားသောအခါ သူက လက်ဝှေ့ယမ်းလိုက်ပြီး ဒုတိယမြောက် အဆင့်နှစ် ကောင်းကင်ပုတီးစေ့ကို ထုတ်လိုက်သည်။
“ ဂုဏ်သရေရှိ လူကြီးမင်းတို့ခင်ဗျာ… စတင်လေလံဆွဲကြရအောင် ”
သူက ဖိတ်ခေါ်လိုက်သည်။
…..
ရေခဲလမြို့တော်ထဲမှ ကုန်သွယ်ရေးခန်းမထဲတွင် သခင်မမူယွဲ့၊ ဟယ်ယန်စွန်းနှင့် တခြားလူများက အလင်းလွှာ၏ အရှေ့မှာ မတ်တတ်ရပ်နေကြသည်။
အဆင့်နှစ် ကောင်းကင်ပုတီးစေ့ တစ်လုံးပြီးတစ်လုံးက လေလံအောင်သွားကြောင်း သူတို့မြင်သွားသောအခါ စိတ်လှုပ်ရှားမှုအရိပ်အယောင်က သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဒီတော့ မဟာအင်အားစုကြီးတစ်ခုရဲ့ လေလံပွဲက ဒီလိုပုံစံကို… ”
အစစ်အမှန်လက်နက်များ၊ ကမ္ဘာဦးအထွတ်အထိပ်အဆင့် လက်နက်များ၊ စကြာဝဠာတစ်ပိုင်း စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များ အစရှိသည်တို့က ကောင်းကင်ပုတီးစေ့များဖြင့် လဲလှယ်ခံလိုက်ကြရသည်။
ယင်းတို့အားလုံးက တန်ဖိုးကြီးရတနာများ ဖြစ်ကြသည်။
ထိုသို့ရတနာများက ထျန်ရှင်းမြို့ထဲမှာပင် နှစ်ပေါင်းအတော်ကြာမှ တစ်ခါသာ ပေါ်ထွက်လာလေ့ရှိသော်လည်း ဤအခိုက်အတန့်မှာ ယင်းတို့က အဆင့်နှစ် ကောင်းကင်ပုတီးစေ့များနှင့် လဲလှယ်ရန် ထွက်ပေါ်လာကြသည်။
အဆင့်နှစ် ကောင်းကင်ပုတီးစေ့(၃၂)လုံးက စုစုပေါင်း ကမ္ဘာဦးအထွတ်အထိပ်အဆင့် ရတနာအခုခြောက်ဆယ်ဖြင့် လဲလှယ်ခံလိုက်ကြရသည်။
ထိုရတနာအခုခြောက်ဆယ်က လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေထဲသို့ ရောက်ရှိသွားမည်ဆိုလျှင် ပြိုင်ပွဲဝင်သူများ၏ တိုက်ပွဲစွမ်းအားက သိသိသာသာ မြင့်တတ်သွားလိမ့်မည်။
အလင်းလွှာများပေါ်မှ ဂိတ်တံခါးများက ပြန်ပွင့်သွားကြပြီး ထိုအစွမ်းထက်ပုဂ္ဂိုလ်များက မိမိနေရပ်ဆီသို့ ပြန်သွားကြသည့်အခါ အင်အားစုအားလုံးက အံ့ဩထိတ်လန့်သွားကြသည်။
အဆင့်နှစ် ကောင်းကင်ပုတီးစေ့(၃၂)လုံးက လေလံပွဲထဲမှာ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း မည်သူက ယင်းတို့ကို ရရှိခဲ့ကြောင်း မသိရပေ။
ထိုလူတစ်သိန်းတွင် အရေအတွက်အနည်းငယ်သာ ကောင်းကင်ပုတီးစေ့တစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။
ဤတစ်ကြိမ်တွင် အင်အားစုကြီးအသီးသီးက လေ့လာစောင့်ကြည့်ရုံမျှသာ လုပ်ဆောင်ခဲ့ကြသည်။
သူတို့က စောင့်ဆိုင်းနေကြသည်။
သူတို့က ဒုတိယအသုတ် အဆင့်နှစ် ကောင်းကင်ပုတီးစေ့များ ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
…..