အခန်း (၁၄၇၅)
Vol. 106 Ch. 1475
လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေ… ။
အံ့ဖွယ်ကိုးပါးမြို့တော်၏ ကုန်သွယ်ရေးခန်းမထဲတွင်…
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သူ၏ လက်ဖဝါးပေါ်မှ ရွှေရောင်ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။
ထိုကျောက်စိမ်းသေတ္တာထဲတွင် ကမ္ဘာဦးအထွတ်အထိပ်အဆင့်နှင့် စကြာဝဠာတစ်ပိုင်းအဆင့် ရတနာအခုခြောက်ဆယ် ရှိသည်။
ဟန်မူယဲ့က သေတ္တာထဲမှ လှံရှည်တစ်ချောင်းကို ထုတ်လိုက်ပြီး သူ၏ ဘေးမှာ မတ်တတ်ရပ်နေသော ရှုကျီကို ပေးလိုက်သည်။
“ ဆရာရှု… ကျုပ်အမှတ်မမှားဘူးဆိုရင် ခင်ဗျားရဲ့ လှံသိုင်းက နိမ့်ကျသွားပြီမလား ”
ရှုကျီက လှံရှည်ကို ကိုင်လိုက်ပြီး လှံအတွင်းမှ ထုတ်လွှတ်နေသော စွမ်းအားကို အာရုံခံကြည့်လိုက်သည့်အခါ တစ်ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။
“ ဒီလိုရတနာနဲ့ဆိုရင် နိမ့်ကျတဲ့ လှံသိုင်းတောင် အဆင့်မြင့်တတ်သွားနိုင်တယ် ”
အမှန်တကယ်ပင် သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက အားကောင်းသော်လည်း အကယ်၍ တိုက်ပွဲဝင်္ကပါ၏ အကူအညီမရှိလျှင် သူက နှောင်းပိုင်းအဆင့် အင်မော်တယ်အရှင်သခင်တစ်ပါးကို သူ့ဘာသာ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဤလှံဖြင့်ဆိုလျှင် သူက အင်မော်တယ်ဘုရင်များကြားထဲမှာပင် အလယ်အလတ်တန်းစားသို့ ဝင်ရောက်နိုင်လိမ့်မည်။
ကြယ်စင်စုစကြာဝဠာမှ ကျင့်ကြံသူများက စစ်ပွဲရုပ်သေးရုပ်များ၊ ချပ်ဝတ်များဖြင့် သူတို့၏ တိုက်ပွဲစွမ်းအားကို မြှင့်တင်နိုင်ကြသကဲ့သို့ ဤစကြာဝဠာတစ်ပိုင်းအဆင့် လှံရှည်ဖြင့်ဆိုလျှင် ရှုကျီ၏ တိုက်ပွဲစွမ်းအားက ယခင်ကထက် အဆပေါင်းများစွာ တိုးမြှင့်သွားလိမ့်မည်။
ဟန်မူယဲ့၏ လက်ထဲမှ ကျောက်စိမ်းသေတ္တာကို လှမ်းကြည့်လိုက်သည့်အခါ ရှုကျီက နှုတ်ခမ်းတွန့်ကွေးသွားသည်။
ထိုသေတ္တာထဲမှာ သူ၏ လှံရှည်နှင့် အဆင့်တူသော ရတနာများ ဒါဇင်ခန့်ရှိသည်။
လဝက်ကြာပြီးနောက် ဟွမ်ခြောက်က မိစ္ဆာအလင်းတန်းကို စီးနင်းလျက် ပြန်ရောက်လာသည်။
“ မင်းဆီမှာ ပစ္စည်းကောင်းတချို့ရှိတယ်လို့ ဆရာရှုက ပြောတယ် ”
ဟွမ်ခြောက်က ပြုံးလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်လျက် ခန်းဆောင်ထဲသို့ ဝင်လာသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်သည်။
“ ဟွမ်ခြောက်… ခင်ဗျားကြိုက်တာ တစ်ခုရွေးပါ ”
…..
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးမြို့တော်ထဲမှာ သုံးနှစ်ကြာ နေထိုင်ခဲ့သည်။
ထိုသုံးနှစ်အတွင်းမှာ အံ့ဖွယ်ကိုးပါးမြို့တော်ထဲမှ ဓားကျင့်ကြံသူအများစုက ချပ်ဝတ်အပြည့်နှင့် လက်နက်များကို ပိုင်ဆိုင်သွားကြသည်။
ထိပ်တန်းလက်ရွေးစင်များက ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များ သို့မဟုတ် စကြာဝဠာတစ်ပိုင်းအဆင့် လက်နက်များကို ပိုင်ဆိုင်ထားကြသည်။
အင်မော်တယ်အရှင်သခင်အဆင့်မှ ဓားကျင့်ကြံသူတစ်သန်းက နတ်ဘုရားအဆင့် စစ်ပွဲရုပ်သေးရုပ်များနှင့် တိုက်ပွဲချပ်ဝတ်များကို ပိုင်ဆိုင်ထားကြသည်။
ထို့ပြင် သူတော်စင်အဆင့် တိုက်ပွဲချပ်ဝတ်များကို ပိုင်ဆိုင်ထားကြသော ဓားကျင့်ကြံသူများက စုစုပေါင်း နှစ်သန်းကျော်သည်။
ယင်းတို့က ဤနှစ်များမှာ ဟန်မူယဲ့ စုဆောင်းထားခဲ့သော စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များ ဖြစ်ကြသည်။ ထိုသို့အရေအတွက်များပြားသော စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကို စုဆောင်းခြင်းက ဟန်မူယဲ့အတွက်ပင် မလွယ်ကူပေ။ သို့ဖြစ်၍ ယင်းတို့ကို တစ်ဦးချင်း ပေးအပ်မည့်အစား တာဝန်အောင်မြင်သော ဆုလာဘ်အဖြစ် ချီးမြှောက်ပေးခြင်းက ပိုပြီးသင့်တော်သည်။
ထိုနည်းဖြင့် အံ့ဖွယ်ကိုးပါးမြို့တော်ထဲ၌ စခန်းချထားကြသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်းရှောင်ဓားဂိုဏ်းမှ တပည့်များကို စိတ်ဓာတ်လှုံ့ဆော်ပေးနိုင်လိမ့်မည်။
“ မွေးစားအဖေ… အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲအုပ်စုတစ်စုကို အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲမှာ ရှာတွေ့ထားပါတယ် ”
ဟွမ်ကျစ်ဟူက အံ့ဖွယ်ကိုးပါးမြို့တော်ထဲမှ ခန်းဆောင်ဆီသို့ ပျံသန်းလာပြီး ဦးညွတ်လိုက်သည်။
ဤသုံးနှစ်အတောအတွင်းမှာ အထက်အဆင့်သုံးဆင့် ကုန်းမြေများနှင့် ပေါင်းစပ်မှုက လမ်းတစ်ဝက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
လင်းရှောင်နယ်မြေ၏ ဝါးမျိုမှုနှင့် အမြစ်ဖြတ်ဖျက်ဆီးမှုသည်လည်း အကြီးအကျယ် မြင့်တတ်သွားခဲ့သည်။
ကုန်းမြေများ ပေါင်းစပ်သွားနေသည်နှင့်အမျှ ပိုမိုများပြားသော ကောင်းကင်မိစ္ဆာသားရဲများက ထွက်ပေါ်လာကြသည်။
ထိုထဲမှာ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများလည်း ပါဝင်ကြသည်။
ကောင်းကင်မိစ္ဆာသားရဲအများစုသည် ဟင်းလင်းပြင်ထဲသို့ မထွက်ပြေးသွားမီ အကြီးအကျယ် သေကြေပျက်စီးသွားခဲ့ကြသည်။
အင်အားစုအသီးသီးမှ အမဲလိုက်အဖွဲ့များက ၎င်းတို့ကို လိုက်ဖမ်းခဲ့ကြသော်လည်း အများစုက လက်ဗလာဖြင့် ပြန်လာခဲ့ကြရသည်။
“ အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲမှာ စုဝေးနေကြတဲ့ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတွေက အနည်းဆုံး အကောင်ငါးဆယ် ရှိပါတယ် ”
ဟွမ်ကျစ်ဟူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ အကန့်အသတ်မဲ့ဟင်းလင်းပြင်က အခြေအနေတွေ ရှုပ်ထွေးပြီး ဖရိုဖရဲဖြစ်နေပါတယ်… တကယ်လို့ အဲ့ဒီကောင်တွေအားလုံးကို သုတ်သင်ပစ်ချင်တယ်ဆိုရင် အနည်းဆုံး စစ်သည်တော်ငါးသိန်းပါဝင်တဲ့ စစ်တပ်တစ်တပ်ကို လိုအပ်ပါလိမ့်မယ် ”
အကန့်အသတ်မဲ့ဟင်းလင်းပြင်ထဲမှာ အသင်္ချေလေဟာနယ်အက်ကွဲကြောင်းများနှင့် အမည်မသိသော အန္တရာယ်များ ရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်က သတိပေါ့ဆမည်ဆိုလျှင် သေချာပေါက် အသက်ဆုံးရှုံးသွားလိမ့်မည်။
ဟွမ်ကျစ်ဟူပြောသော စစ်သည်တော်ငါးသိန်းကို စုဝေးခြင်းက မည်သည့်ဆုံးရှုံးမှုမှ မရှိအောင် သေချာစေရန် ဖြစ်သည်။
“ စစ်သည်တော်ငါးသိန်းပါဝင်တဲ့ စစ်တပ်ကို ရွှေ့ပြောင်းဖို့က မလွယ်ကူဘူး… ပြီးတော့ အဲ့ဒီလိုလုပ်မယ်ဆိုရင် နေရာအသီးသီးက ဓားဝင်္ကပါတွေကို ပြန်လည်အားဖြည့်ပေးဖို့ အခက်တွေ့လိမ့်မယ် ”
ဘေးမှ ရှုကျီက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
ယခု လင်းရှောင်နယ်မြေပေါ်တွင် အံ့ဖွယ်ကိုးပါးမြို့တော်မှ မဟာမိတ်အင်အားစုများက အချင်းမိုင်သန်းသုံးဆယ်ကျယ်ဝန်းသော ဧရိယာကို သိမ်းပိုက်ထားကြသည်။
ဓားကျင့်ကြံသူများက နေရာအသီးသီးမှာ စခန်းချထားကြပြီး လက်ရွေးစင်အသီးသီးက နေရာအနှံ့မှာ ပြန့်ကျဲနေကြသည်။
သို့ဖြစ်၍ လက်ရွေးစင်ငါးသိန်းပါဝင်သော စစ်တပ်ကို ရွှေ့ပြောင်းရန်မှာ အတော်လေး ခက်ခဲသည်။
လင်းရှောင်နယ်မြေက အထက်အဆင့်သုံးဆင့် ကုန်းမြေများနှင့် အပြည့်အဝ ပေါင်းစည်းသွားသည့်အခါမှသာ ထိုသို့လုပ်ဆောင်နိုင်လိမ့်မည်။
ထိုအခါကျလျှင် မိုးမြေ၏ မူလစွမ်းအားက တည်ငြိမ်သွားပြီး သူတို့က သူတို့ကိုယ်ပိုင် အင်အားစုထဲမှာ နေထိုင်ရုံသာ လိုအပ်လိမ့်မည်။
ထိုအခါ ယခုကဲ့သို့ သူတို့၏ ကုန်းမြေထဲမှ မူလစွမ်းအားကို ကောင်းကင်မိစ္ဆာသားရဲများ လာရောက်လုယက်ကြလိမ့်မည်ကို သူတို့စောင့်ကြပ်ပေးရန် မလိုအပ်တော့ပေ။
“ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲအကောင်ငါးဆယ် ”
ဟန်မူယဲ့က အမူအရာကင်းမဲ့စွာ လက်မြှောက်လိုက်သည်။
“ အဲ့ဒါဆိုရင် ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်ငါးဆယ်ကို ထုတ်သုံးလိုက်ပါ ”
“ အထက်အဆင့်သုံးဆင့် ကုန်းမြေတွေထဲက အင်အားစုတွေက အဲဒီလိုရတနာတွေအတွက်ဆိုရင် အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲမှာ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတွေကို အမဲလိုက်ပေးကြမယ်လို့ ကျုပ်ယုံတယ် ”
တစ်ရက်ကြာပြီးနောက် အံ့ဖွယ်ကိုးပါးမြို့တော်က လူစုဆောင်းခြင်းနှင့် ပစ္စည်းလဲလှယ်ခြင်းကို အမိန့်အသစ် ထုတ်ပြန်လိုက်သည်။
အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲသို့ သွားရောက်၍ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများကို အမြစ်ဖြတ်သုတ်သင်ရှင်းလင်းရန် အရပ်မျက်နှာပေါင်းစုံမှ အစွမ်းထက် စစ်သည်တော်များကို ခေါ်ယူစုဆောင်းလိုက်သည်။
အဆင့်နှစ် ကောင်းကင်ပုတီးစေ့တစ်လုံးကို ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်တစ်ခုဖြင့် လဲလှယ်နိုင်သည်။
ထိုသတင်း ပျံ့နှံ့သွားသည်နှင့်ချက်ချင်း မရေမတွက်နိုင်သော အင်အားစုများက ရူးသွပ်သွားကြသည်။
ကမ္ဘာဦးအထွတ်အထိပ်အဆင့် စစ်ပွဲရုပ်သေးရုပ်တစ်ခုသည် အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ပွဲစွမ်းအားကို အနည်းဆုံး နှစ်ဆမြှင့်တင်ပေးနိုင်သည်။
အထူးသဖြင့် ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ပွဲစွမ်းအားက သူတို့၏ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။ အကယ်၍ သူတို့သာ ထိုသို့စစ်ပွဲရုပ်သေးရုပ်တစ်ခုကို ပိုင်ဆိုင်နိုင်မည်ဆိုလျှင် သူတို့၏ တိုက်ပွဲစွမ်းအားက မူလအကန့်အသတ်ထက် ကျော်လွန်သွားလိမ့်မည်။
အရေးကြီးဆုံးမှာ လက်ရှိ လောကတစ်သောင်းယှဉ်ပြိုင်ပွဲတွင် ထိပ်တန်းအဆင့် တိုက်ပွဲစွမ်းအားက မယုံကြည်နိုင်စရာကောင်းလောက်အောင် အလွန်သန်မာသည်။
အံ့ဖွယ်ကိုးပါးမြို့တော်မှ တိုက်ပွဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်းရှောင်ဓားဂိုဏ်းက အတူတကွ အင်အားပူးပေါင်းခဲ့ပြီး ကောင်းကင်ဘုံစာရင်း၏ ထိပ်ဆုံး(၃၀)နေရာထဲမှ အင်အားစုထက်ဝက်ကျော်ကို ဖယ်ရှားပစ်ခဲ့ကြသည်။
ထိုအင်အားစုကြီးနှစ်ခု၏ ခေါင်းဆောင်ဖြစ်သော တိမ်မြူဓားအင်မော်တယ်ဟန်မူယဲ့သည် ကုန်းမြေအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ခဲ့ပြီး အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။
မည်သည့်အင်အားစုကမှ ထိုသို့ပုဂ္ဂိုလ်ကို မယှဉ်ပြိုင်နိုင်ကြချေ။
ယခု အံ့ဖွယ်ကိုးပါးမြို့တော်ထဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်းရှောင်ဓားဂိုဏ်းက မဟာမိတ်ဖွဲ့လိုက်ကြသည်။ ထို့ပြင် အဓိကအရေးကြီးသည့်အချက်မှာ ထိုဓားကျင့်ကြံသူများထဲမှ မည်သူမဆို စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကို ပိုင်ဆိုင်ထားကြသည်။
ယခု ကောင်းကင်ဘုံစာရင်း၏ နံပါတ်တစ်နေရာကို အံ့ဖွယ်ကိုးပါးမြို့တော်က အခိုင်အမာ သိမ်းပိုက်ထားသည်။
လောလောဆယ်တွင် အံ့ဖွယ်ကိုးပါးမြို့တော်က အဆင့်နှစ် ကောင်းကင်ပုတီးစေ့များကို ကမ္ဘာဦးအဆင့် ရတနာများဖြင့် လဲလှယ်နိုင်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။
ထိုသို့ရတနာများက လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှ ကုန်းမြေများ၏ အဆင့်သတ်မှတ်ချက်ကို သိသိသာသာ ပြောင်းလဲစေနိုင်သည်။
“ ဟူး… ဆရာဟန်တစ်ယောက်ပဲ ဒီလို လုပ်ဆောင်နိုင်လိမ့်မယ် ”
ဝမ်လင်းနန်းတော်ထဲ၌ အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ခေါင်းယမ်းလိုက်ပြီး ခါးသီးစွာ ပြောသည်။
ဝမ်လင်းနန်းတော်ကို ကြယ်စင်စုစကြာဝဠာထဲမှ လက်ရွေးစင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သူတို့ထဲမှ အများစုက ဆရာဟန်ဖြင့် ဆက်ဆံရေးကောင်းရှိကြသည်။
အစက သူတို့တွေးထားခဲ့ကြသည်မှာ ဟန်မူယဲ့က သူတို့၏ ဝမ်လင်းနန်းတော်ကို လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေအား လွှမ်းမိုးခြယ်လှယ်နိုင်ရန် ကူညီပေးလိမ့်မည်။ သို့သော်လည်း တစ်ဖက်လူက သူ့ဘာသာ ဆောင်ရွက်ရန် ရွေးချယ်ခဲ့သည်။
ဟန်မူယဲ့က ဓားကျင့်ကြံသူအင်အားစုနှစ်ခုကို ထိန်းချုပ်ပြီး သူတို့ကို လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ အဆင့်တစ်နေရာဆီသို့ ပို့ဆောင်ပေးခဲ့သည်။
လင်းရှောင်ဓားဂိုဏ်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ အဆင့်တစ်နေရာသို့ မည်သို့တတ်လှမ်းနိုင်ခဲ့ကြောင်း ယခု တခြားအင်အားစုများက သိရှိသွားကြသည်။ ယင်းက သူတို့အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့သည်။
ချန်းရှောင်တုံဟူသော ကောင်လေးက ကံကောင်းထောက်မ၍ ဆရာဟန်၏ နှစ်သက်မှုကို ရရှိခဲ့ပြီး ဆရာဟန်၏ တပည့်တစ်ယောက်ဖြစ်လာခဲ့သည်။
ထို့နောက် လင်းရှောင်နယ်မြေထဲတွင် လင်းရှောင်ဓားဂိုဏ်းက တစ်ဟုန်ထိုး နာမည်ကျော်ကြားလာသည်။
လင်းရှောင်နယ်မြေထဲမှ တခြားဂိုဏ်းငယ်များသည်ပင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်း ထိပ်တန်းအင်အားစုများ ဖြစ်လာကြသည်။
လင်းရှောင်ဓားဂိုဏ်းထဲမှ တပည့်များသည်လည်း ထိပ်တန်းလက်ရွေးစင်များ ဖြစ်လာကြသည်။
ဥပမာ စစ်ပွဲရုပ်သေးရုပ်ဒါဇင်ခန့်ကို ထိန်းချုပ်ထားသော ချန်းရှောင်တုံက ယခု အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာရုံသာမက သူ့ဖခင်နှင့် နှိုင်းယှဉ်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ယင်းက ချန်းအောင်ကို တိတ်တဆိတ် ဝမ်းသာပျော်ရွှင်စေသည်။
သို့သော်လည်း သူ့အတွက် စိုးရိမ်စရာကိစ္စမှာ ချန်းရှောင်တုံ၏ ကျင့်ကြံခြင်းက နောက်ထပ် အဆင့်ချိုးဖြတ်သွားပြီး သူ့ကို ကျော်လွန်သွားမည်ဆိုလျှင် လင်းရှောင်ဓားဂိုဏ်းထဲမှာ ဂိုဏ်းချုပ်ဟူသော သူ၏ ရာထူးက နောက်ထပ် တည်မြဲနိုင်ပါတော့မည်လော။
အမှန်မှာ လက်ရှိ လင်းရှောင်ဓားဂိုဏ်းထဲတွင် ချန်းအောင်၏ စကားက သိပ်အရေးမပါတော့ချေ။
ဝမ်လင်းနန်းတော်ထဲဝယ် အစွမ်းထက်ပုဂ္ဂိုလ်များက အစည်းအဝေးထိုင်လိုက်ကြသည်။ ထို့နောက် သူတို့က ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်ရန် ကျင့်ကြံသူတစ်သိန်းပါဝင်သော စစ်တပ်တစ်တပ်ကို စေလွှတ်ရန် နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်ကြသည်။
“ အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေက ပြဿနာမဟုတ်ဘူး… အဲ့ဒါကို အရေအတွက်နဲ့ ဖြေရှင်းလို့ ရတယ်… လူတစ်သိန်းဆို လုံလောက်ပါတယ် ”
အစည်းအဝေးတွင် ဝမ်လင်းနန်းတော်၏ မဟာနန်းတော်သခင်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသော ကုန်းစွန်းမင်က ပြောသည်။
သူက ကြယ်စင်စုစကြာဝဠာ၏ စကြာဝဠာနယ်မြေမှ ကုန်းစွန်းမိသားစု၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက စကြာဝဠာအဆင့်မှာဖြစ်ပြီး သူက စကြာဝဠာတစ်ပိုင်းအဆင့် တိုက်ပွဲလက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်။
သူ၏ တိုက်ပွဲစွမ်းအားက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ အထွတ်အထိပ်စာရင်းဝင်သည်။
ကုန်းစွန်းမင်က ဟန်မူယဲ့နှင့် သိပ်အဆက်အဆံမရှိပေ။ သို့သော်လည်း ထိပ်တန်းမိသားစုကြီးသုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်သော ရှန့်ကွမ်းမိသားစုမှ တပည့်များက ဟန်မူယဲ့ကို မှတ်မိကြသည်။ ထို့အတူ တခြားမိသားစုကြီးများမှ တပည့်များသည်လည်း ဟန်မူယဲ့နှင့် အဆက်အသွယ်ရှိကြသည်။
“ ဒုတိယအဆင့် ကောင်းကင်မိစ္ဆာသားရဲတွေကို အမဲလိုက်ဖို့ ငါကိုယ်တိုင် အဖွဲ့ကို ဦးဆောင်မယ် ”
ကုန်းစွန်းမင်က စကားပြောလိုက်သည့်အခါ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အချိန်ကျလာတဲ့အခါ ကောင်းကင်ပုတီးစေ့တွေနဲ့ အလဲအလှယ်လုပ်ဖို့ အံ့ဖွယ်ကိုးပါးမြို့တော်ဆီ ငါကိုယ်တိုင် ခရီးထွက်မယ် ”
…..
အထက်အဆင့်သုံးဆင့် ကုန်းမြေများထဲတွင် တိမ်နှင့် မြူခိုးများ တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေသော နန်းတော်တစ်ခု ရှိသည်။
ဤအခိုက်အတန့်မှာ ပုံရိပ်အများအပြားက နန်းတော်ထဲဝယ် ထိုင်နေကြသည်။
တိမ်နှင့်မြူ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုက အရှေ့ဆုံးမှာ ထိုင်နေပြီး ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။ ထို့နောက် သူက သိမ်မွေ့စွာ ပြောသည်။
“ အားလုံးပဲ… ကမ္ဘာဦးအဆင့် ရတနာတွေနဲ့ လဲလှယ်ဖို့ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတွေကို ကျုပ်တို့ အမဲလိုက်သင့်လား… ကျုပ်တို့ရဲ့ ကောင်းကင်ဘုံမိစ္ဆာနန်းတော်ဆယ့်နှစ်ခုက ဒီအခြေအနေမှာ အကျိုးအမြတ်ရှာသင့်တယ်လို့ ထင်လား ”
အသံတစ်သံက ခန်းဆောင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ကောင်းကင်ဘုံမိစ္ဆာမ… အတိတ်မှာ တိမ်မြူဓားအင်မော်တယ်ဟန်မူယဲ့နဲ့ မင်းတိုက်ခိုက်ခဲ့ဖူးတယ်မလား… သူ့ကို မင်းဘယ်လိုမြင်လဲ ”
တခြားအသံက မေးလိုက်သည်။
ချက်ချင်းဆိုသလို ရယ်မောသံများက ခန်းမထဲမှာ ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ဘုံမိစ္ဆာမက ယခု အလွန်အရုပ်ဆိုးသော အခြေအနေမှာ ရှိနေသည်။
သူ၏ နှာရိုးက ကျိုးသွားပြီး သူ၏ သွားများက အက်ကွဲသွားခဲ့သည်။
ပိုပြီးအရေးကြီးသည်မှာ ဟန်မူယဲ့၏ လက်သီးချက်များထဲမှာ မူလစည်းမျဉ်းစွမ်းအားက ကိန်းအောင်းနေသည်။ သို့ဖြစ်လေရာ ကောင်းကင်ဘုံမိစ္ဆာမက ယခုအချိန်ထိ သူ့ကိုယ်သူ ပြန်မကုသနိုင်သေးပေ။
အတိတ်မှာ ပြိုင်စံရှားချောမောလှပခဲ့သော ကောင်းကင်ဘုံမိစ္ဆာမက ယခု အလွန်အကျည်းတန်သွားသည်။ ယင်းက သူ့အတွက်တော့ ကြီးမားသော အစော်ကားခံရမှု ဖြစ်သည်။
“ သူ့လက်သီးချက် ဘယ်လောက်ပြင်းလဲ ရှင်တို့ခံစားကြည့်ချင်ရင် စမ်းကြည့်ကြပေါ့ ”
ကောင်းကင်ဘုံမိစ္ဆာမက ပြောသည်။
“ သွေးနဲ့ချီတွေ ခန္ဓာကိုယ်ထဲ တိုးဝင်လာတဲ့ အဲ့ဒီခံစားချက်က… ခန္ဓာကိုယ်တစ်ခုလုံး ပြည့်လျှံတော့မယ့်အတိုင်းပဲ ”
ကောင်းကင်ဘုံမိစ္ဆာမက အနည်းငယ် လွမ်းဆွေးသော လေသံဖြင့် ပြောသည်။ သူ၏ စကားထဲမှာ မထိန်းချုပ်နိုင်သော အလိုဆန္ဒဖြင့် ပြည့်နှက်နေသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
“ ဒါဆိုရင် ကောင်းပြီ… အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတွေကို အမဲလိုက်မယ့် တာဝန်ကို ကောင်းကင်ဘုံမိစ္ဆာမဆီ လွှဲပြောင်းပေးမယ်… ကောင်းကင်ဘုံမိစ္ဆာမ… နောက်ကျရင် မင်းကိုယ်တိုင် အံ့ဖွယ်ကိုးပါးမြို့ဆီ ခရီးထွက်ပြီး ကောင်းကင်ပုတီးစေ့တွေကို ရတနာတွေနဲ့ လဲလှယ်ပါ ”
ခေါင်းဆောင်က ပြောသည်။
“ ကောင်းပါပြီ ”
ကောင်းကင်ဘုံမိစ္ဆာမက စိတ်လှုပ်ရှားသော လေသံဖြင့် တုံ့ပြန်လိုက်သည်။
…..
တစ်လကြာပြီးနောက် အံ့ဖွယ်ကိုးပါးမြို့တော်က ပထမဆုံး အမဲလိုက်အဖွဲ့ကို အကန့်အသတ်မဲ့ဟင်းလင်းပြင်ဆီသို့ စေလွှတ်လိုက်သည်။
ထို့နောက် အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ အမဲလိုက်အဖွဲ့တစ်သုတ်ပြီးတစ်သုတ်က ထွက်ခွာသွားကြသည်။
လင်းရှောင်နယ်မြေထဲမှ ကျင့်ကြံသူတချို့သည်လည်း ထွက်ခွာသွားကြသည်။ သို့သော်လည်း အများကြီး မဟုတ်ပေ။
ယနေ့ခေတ်တွင် လင်းရှောင်နယ်မြေမှ အင်အားစုအသီးသီးသည် ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်ရန် အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေဆီသို့ သွားရောက်ရန် မလိုပေ။ လင်းရှောင်နယ်မြေနှင့် ဘေးပတ်ဝန်းကျင်မှ ကုန်းမြေများ၏ ပေါင်းစပ်မှုမှ မွေးဖွားလာကြသော ကောင်းကင်မိစ္ဆာသားရဲများ၏ အရေအတွက်သည်ပင် သူတို့ကိုင်တွယ်နိုင်သည်ထက် သာလွန်နေသည်။
အံ့ဖွယ်ကိုးပါးမြို့တော်မှ စစ်တပ်က အချင်းမိုင်သန်းသုံးဆယ်ကျယ်ဝန်းသော ဧရိယာအတွင်းမှာ စခန်းချထားခြင်းမဟုတ်လျှင် လင်းရှောင်နယ်မြေမှ အင်အားစုအသီးသီးသည် ထိုမျှအချိန်ကြာကြာ တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ချေ။
လက်ရှိအခြေအနေအရ သူတို့က အသက်စတေးပြီး အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်မည့်အစား လင်းရှောင်နယ်မြေထဲမှ အဆင့်သုံးနှင့် အဆင့်လေး ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်ပြီး ယင်းတို့ကို အံ့ဖွယ်ကိုးပါးမြို့တော်ထဲ၌ ဆုလာဘ်များဖြင့် လဲလှယ်ခြင်းက ပိုပြီးကောင်းမွန်လိမ့်မည်။
မှန်ပေ၏။ အဆင့်သုံးနှင့် အဆင့်လေး ကောင်းကင်ပုတီးစေ့များက ကမ္ဘာဦးအဆင့် ရတနာများဖြင့် မလဲလှယ်နိုင်ပေ။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ယင်းတို့ကို အသုံးပြု၍ သူတို့၏ ကိုယ်ပိုင်တိုက်ပွဲစွမ်းအားကို မြှင့်တင်နိုင်ကြပေသည်။