← Chapters

အခန်း (၁၄၇၆)

Vol. 106 Ch. 1476

အခန်း (၁၄၇၆)

Vol. 106 Ch. 1476

အံ့ဖွယ်ကိုးပါးမြို့… ။

ပင်မခန်းဆောင်ထဲတွင် ဟန်မူယဲ့က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ထရပ်လိုက်သည်။

သူလက်မြှောက်လိုက်သည့်အခါ ဖရိုဖရဲလေဟာနယ်တစ်ခုက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ကုန်းမြေအပိုင်းအစများနှင့် ကြယ်များက ထိုလေဟာနယ်ထဲမှာ ပြည့်နှက်နေကြသည်။

ထိုဖရိုဖရဲလေဟာနယ်ထဲတွင် အလင်းစက်တစ်ခုက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး အရှေ့သို့ ရွေ့လျားနေသည်။

“ အကန့်အသတ်မဲ့ဟင်းလင်းပြင်လား ”

ဟန်မူယဲ့က သူ့ဘာသာ နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

ထိုအလင်းစက်က အတိတ်တွင် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ အရေပြားပေါ်မှာ ဟန်မူယဲ့ ချန်ထားခဲ့သော အမှတ်အသားဖြစ်သည်။

ထိုအမှတ်အသားမှတဆင့် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေဆီသို့ သွားနေကြောင်း သူရှာတွေ့သွားသည်။

“ အဆင့်တစ်ထက် ကျော်လွန်တဲ့ ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က လူသားတစ်ယောက်နဲ့မခြားတဲ့ အသိဉာဏ်ကို ပိုင်ဆိုင်ထားတယ်… ဒါဆိုရင် သူက အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲမှာ ဘာကို ရှာဖွေနေတာလဲ ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည့်အခါ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အစတွင် သူက အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေဆီသို့ သွားရောက်ရန် မစီစဉ်ထားပေ။

ထို့အတူ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည်လည်း ထိုနေရာသို့ သွားရောက်ရန် မစီစဉ်ထားပေ။

မည်သို့ဖြစ်ပါစေ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲ ဆယ်ဂဏန်းမျှသာ ထိုနေရာမှာ ရှိကြသည်။

သို့သော်လည်း ယခုတော့ ထိုနေရာသို့ သူကိုယ်တိုင်သွားရောက်ရန် ဆန္ဒရှိလာသည်။

အကယ်၍ ယင်းကို ကောင်းမွန်စွာ သူမဖြေရှင်းဘူးဆိုလျှင် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ဖြတ်ဝါးမျိုသွားလိမ့်မည်။

အကယ်၍ ထိုမိစ္ဆာသားရဲက တခြားအဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများဖြင့် ပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့စေလွှတ်လိုက်သော အမဲလိုက်အဖွဲ့အားလုံး အမြစ်ဖြတ်သုတ်သင်ပစ်ခံရနိုင်သည်။

ထိုသို့ရလဒ် ထွက်ပေါ်လာမည်ဆိုလျှင် လူတိုင်းက ဟန်မူယဲ့နှင့် အံ့ဖွယ်ကိုးပါးမြို့တော်အပေါ် အပြစ်ပုံချလာကြလိမ့်မည်။

ဟန်မူယဲ့သည် လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေမှ အင်အားစုအသီးသီး၏ အမြင်ကို ဂရုမစိုက်ပေ။ သို့သော်လည်း ထိုအထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက မည်သည့်အရာကို ကြံစည်နေကြောင်း သူစိတ်ဝင်စားသည်။

ဖြစ်နိုင်သည်မှာ ထိုကောင်းကင်မိစ္ဆာသားရဲက ကိစ္စကြီးတစ်ခုကို ဆောင်ရွက်နေခြင်းလော။

“ ဟွမ်ကျစ်ဟူ… ဟွမ်ခြောက်… အကန့်အသတ်မဲ့ဟင်းလင်းပြင်ဆီ သွားဖို့ ဘယ်သူတွေ ငါတို့နဲ့လိုက်မလဲ သွားမေးပါ ”

ဟန်မူယဲ့၏ အသံက ခန်းဆောင်ထဲမှ ပျံ့လွင့်သွားသည်။

နေ့တစ်ဝက်ကြာပြီးနောက် မှော်ယာဉ်ပျံတစ်စင်းက အံ့ဖွယ်ကိုးပါးမြို့ထဲမှ ပျံသန်းထွက်သွားသည်။

ထိုမှော်ယာဉ်ပျံ၏ အလျင်က စိတ်ကူးမယဉ်နိုင်အောင် အလွန်မြန်ဆန်လေရာ ယာဉ်ပျံက ပုံရိပ်ယောင်လေဟာနယ်များကို ချက်ချင်း ဖြတ်သန်းသွားသည်။

မှန်ပေသည်။ ယင်းက ဟင်းလင်းပြင်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်နိုင်ပြီး မိုးမြေကြားထဲမှာ လွတ်လပ်စွာ ပျံသန်းသွားလာနိုင်သော လေဟာနယ်စွမ်းအား ဖြစ်သည်။

လုံလောက်သော ကျင့်ကြံခြင်းစွမ်းအားမရှိလျှင် တစ်စုံတစ်ယောက်က ဤမှော်ယာဉ်ပျံကို မစီးနင်းနိုင်ပေ။ သို့မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်က တိုက်ရိုက် ပေါက်ကွဲသွားလိမ့်မည်။

မှန်ပေ၏။ ဤမှော်ယာဉ်ပျံကို ဟင်းလင်းပြင်၏ ကျုံ့နိုင်ဆန့်နိုင်စွမ်းအားအား ခုခံနိုင်ရန်အလို့ငှာ အထူးဖန်တီးထားခြင်း ဖြစ်သည်။

မှော်ယာဉ်ပျံပေါ်တွင် အလင်းလွှာတစ်ခုက ယင်း၏ အရှေ့မှ လေဟာနယ်ကို အကာအကွယ်ပေးထားသည်။

ဟန်မူယဲ့၊ ဆရာချင်းစုယန်နှင့် ဟွမ်ခြောက်က စက်ဝိုင်းသဏ္ဍာန် ဝိုင်းဖွဲ့ထိုင်နေကြသည်။

ဟွမ်ကျစ်ဟူက ဘေးမှာ မတ်တတ်ရပ်နေပြီး မှော်ယာဉ်ပျံ၏ အနောက်မှာ ကျန်ရစ်နေခဲ့သော လောကကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

“ ဟူး… ဘယ်သူမှ သတိမထားမိခင်မှာပဲ နှစ်တွေအများကြီး ကုန်လွန်သွားခဲ့ပြီ… ကျင့်ကြံခြင်းလမ်းစဉ်က အမြဲတမ်း တိုးတတ်နေတယ်… အဲ့ဒါက အဆုံးမရှိသလိုပဲ ”

ဟန်မူယဲ့က အရှေ့သို့ စိုက်ကြည့်နေရင်း နူးညံ့စွာ ရေရွတ်လိုက်သည်။

ဟွမ်ခြောက်က ဟွမ်ကျစ်ဟူထံသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“ ကြည့်ပါလား… ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာမှာပဲဖြစ်ဖြစ် ရှေးဦးကောင်းကင်ဘုံမှာပဲဖြစ်ဖြစ် ငါ့ဘေးမှာ ညီမဖျင်ရှိတယ်… ပြီးတော့ ကျစ်ဟူကိုလည်း မကြာခဏ ငါမြင်တွေ့နိုင်တယ် ”

“ ကျင့်ကြံတယ်ဆိုတာ ထာဝရရှင်သန်ခြင်းကို ရှာဖွေဖို့၊ ချစ်ရသူတွေ သေကွဲမကွဲ ရှင်ကွဲမကွဲဖို့ မဟုတ်ဘူးလား ”

ဟွမ်ခြောက်၏ စကားကို ကြားသောအခါ ဟွမ်ကျစ်ဟူက ခေါင်းလှည့်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။

ရွှမ်ထျန်းကမ္ဘာမှ ဟွမ်ခြောက်တစ်ယောက်တည်း ထွက်သွားခဲ့စဉ်က ယင်းက ရှင်ကွဲခွဲသွားခြင်း မဟုတ်ပါလော။

ယခု သူက အခက်အခဲအားလုံးကို ကျော်လွှားပြီး ဤလောကမှာ မြင်တွေ့ရခဲသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိသွားသည့်အခါ ထိုသို့စကားကို အမှန်တကယ် ပြောလိုက်သည်လား။

ဟွမ်ခြောက်၏ စကားက ဟန်မူယဲ့ကို တိတ်ဆိတ်သွားစေသည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် ဟန်မူယဲ့က ရွှမ်ထျန်းကမ္ဘာ၏ သေမျိုးလောကထဲမှာ နေထိုင်ရန် အလွန်ဆန္ဒရှိသည်။

သို့သော်လည်း ကျင့်ကြံခြင်းလမ်းစဉ်ကို သူလျှောက်လှမ်းပြီးသည့်နောက် သူ့ကိုယ်ပိုင်တာအိုကို ရှာဖွေနေစဉ် အနောက်ပြန်မလှည့်နိုင်တော့ကြောင်း ဟန်မူယဲ့ နားလည်လိုက်သည်။ သူ့ကိုယ်သူ သတိမထားမိခင်မှာ သူက ခရီးအဝေးကြီးသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။

ယခု သူက ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်မှာ တည်ရှိနေသော်လည်း ပိုပြီးအထီးကျန်လာသည်။

“ အဲ့လောက်လွယ်ပါ့မလား ”

ဆရာချင်းစုယန်က ပြုံးလိုက်ပြီး ပြောသည်။

“ ဒီလောကတစ်သောင်းယှဉ်ပြိုင်ပွဲ ပြီးသွားတဲ့အခါကျရင် ကျုပ်တို့တွေ ရွှမ်ထျန်းကမ္ဘာဆီ ပြန်သွားပြီး သေမျိုးတွေအဖြစ် နေထိုင်ကြမယ် ”

“ အကိုဟွမ်က နတ်ဘုရားရုံးတော်ကို တည်ဆောက်ခဲ့ပြီး ကောင်းကင်ဘုံကမ္ဘာကို ဖွဲ့စည်းခဲ့တယ်… သူက ထာဝရရှင်သန်ခြင်းမှာ မွေ့ပျော်နေတယ်… အဲ့ဒါ မလွတ်လပ်ဘူးလား ”

လူတိုင်းက ပြုံးလိုက်ကြသည်။ သို့သော်လည်း တချို့ကိစ္စများက နောက်ပြန်မလှည့်နိုင်ကြောင်း သူတို့အားလုံး နားလည်ထားကြသည်။

ယခု သူတို့က အပူအပင်ကင်းမဲ့နေပုံပေါ်သည်။ သို့သော်လည်း သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်အရ နောက်ထပ် အဆင့်တတ်လှမ်းရန် အလွန်အမင်း ခက်ခဲသည်။

ယခု သူတို့ရှာဖွေနေသော အခွင့်အလမ်းများသည်ပင် စိတ်ကူးမယဉ်နိုင်သော အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။

အကယ်၍ သူတို့က ခြေတစ်လှမ်း မှားယွင်းသွားမည်ဆိုလျှင် အလုံးစုံ ပျက်စီးသွားလိမ့်မည်။

အမှန်တကယ် ဘေးကင်းလုံခြုံချင်သည်ဆိုလျှင် သူတို့က ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာ သို့မဟုတ် ကောင်းကင်စက်ဝန်းစစ်မြေပြင်ဆီသို့ ဝင်ရောက်ကြရလိမ့်မည် မဟုတ်ပါလော။

ဟန်မူယဲ့က စကားမပြောပေ။

စကြာဝဠာကပ်ဘေးက စတင်နေပြီ ဖြစ်သည်။ မည်သူမှ ယင်းကို မရှောင်လွှဲနိုင်ပေ။

ဤနေရာမှာ စုဝေးနေကြသော သူ၏ မိတ်ဆွေဟောင်းများထဲတွင် အရေအတွက်မည်မျှက ထိုစကြာဝဠာကပ်ဘေးမှာ အသက်ရှင်နိုင်လိမ့်မည်ကို သူမသိပေ။

ယခု သူက စကြာဝဠာကပ်ဘေး ကျရောက်လာမည့်နေ့ကို သူတို့ဘာသာ ရင်ဆိုင်နိုင်ရန်အလို့ငှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသားများ၏ တိုက်ပွဲစွမ်းအားကို အဆက်မပြတ် မြှင့်တင်ပေးနေသည်။

အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် ကောင်းကင်စက်ဝန်းစစ်မြေပြင်ထဲမှာ ပုန်းအောင်းနေကြသော ထိုအစွမ်းထက်ပုဂ္ဂိုလ်များနည်းတူ အပြင်လောကအပေါ် လျစ်လျူရှုနိုင်ပေသည်။

သို့သော်လည်း ထိုသို့သူမလုပ်နိုင်ပေ။

“ မွေးစားအဖေ… အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေက အရှေ့မှာပါ ”

ဟွမ်ကျစ်ဟူက အရှေ့သို့ လက်ညှိုးညွှန်ပြလိုက်သည်။

ထိုအခါ လူတိုင်းက ခေါင်းမော့လိုက်ကြပြီး ဖရိုဖရဲဖြစ်နေသော အလင်းစီးကြောင်းများကို ကြည့်လိုက်ကြသည်။

ထိုအလင်းစီးကြောင်းတစ်ခုစီက ကြယ်တစ်လုံး၏ ပြိုကွဲပျက်စီးမှုကို ကိုယ်စားပြုသည်။

ဤအခိုက်အတန့်မှာ ထိုအလင်းစီးကြောင်းများက ဥက္ကာပျံရေပန်းသဖွယ် အဆုံးမဲ့စွာ လွင့်မျောနေကြသည်။

ထိုသို့လေဟာနယ်ထဲတွင် အကယ်၍ တစ်စုံတစ်ယောက်က သတိပေါ့ဆလိုက်မည်ဆိုလျှင် သူက ဥက္ကာပျံတစ်စင်း သို့မဟုတ် ကြယ်တစ်လုံးဖြင့် ဝင်ဆောင့်သွားနိုင်သည်။

ထို့ပြင် အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲမှာ အကန့်အသတ်မဲ့သော ပုံရိပ်ယောင်စွမ်းအားဖြင့် ပြည့်နှက်နေသည်။

အင်မော်တယ်အရှင်သခင်များနှင့် အင်မော်တယ်ဘုရင်များသည်ပင် ထိုသို့နေရာမျိုးမှာ လမ်းပျောက်သွားနိုင်သည်။

“ အဲ့ဒီအရှိန်အဝါ… ”

ဟန်မူယဲ့က ခေါင်းလှည့်လိုက်သည်။ သူ၏ ဘေးတွင် အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ပုဂ္ဂိုလ်က မျက်နှာတည်ကြည်သွားသည်။

“ တကယ်လို့ ငါအာရုံခံမိတာ မှန်မယ်ဆိုရင် ဒီဖရိုဖရဲနယ်မြေထဲမှာ လေဟာနယ်ကို ကပြောင်းကပြန်လုပ်နိုင်တဲ့ မူလစည်းမျဉ်းစွမ်းအားက ကိန်းအောင်းနေတယ် ”

“ ရှေးခေတ်ကာလမှာဆိုရင် ဝိညာဉ်ပုံရိပ်နဂါး နေထိုင်တဲ့ နေရာတွေမှာပဲ ဒီလိုစည်းမျဉ်းစွမ်းအားတွေ ရှိလိမ့်မယ် ”

ရှေးခေတ်ကာလတွင် ဝိညာဉ်ပုံရိပ်နဂါးကို ဖရိုဖရဲသားရဲ သို့မဟုတ် ဒုစရိုက်နဂါးအဖြစ် လူသိများကြသည်။

၎င်းက နတ်သားရဲများကြားတွင် စည်းမျဉ်းများကို မလိုက်နာသည့် သားရဲတစ်ကောင်ဖြစ်သည်။

ဒုစရိုက်နဂါးသည် မူလစကြာဝဠာထဲတွင် အာဏာဖီဆန်သူဟု နာမည်ကျော်ကြားသည်။

ရှေးခေတ်ကာလ၏ ကမ္ဘာဦးအုပ်ချုပ်သူငါးပါးထဲတွင် ဒုစရိုက်နဂါးလည်း ပါဝင်ခဲ့သည်။

“ နောက်ပိုင်းမှာ ကြယ်စင်စုစကြာဝဠာက မူလစကြာဝဠာဆီ ကျူးကျော်လာတဲ့အခါ ဒုစရိုက်နဂါးကလန်က ထွက်သွားခဲ့တယ် ”

အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ဟွင်းသွမ်းက သိမ်မွေ့စွာ ပြောသည်။ ဒုစရိုက်နဂါးအကြောင်း ပြောသည့်အခါ ဝိညာဉ်အလင်းက သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

“ တကယ်တော့ ရှေးခေတ်ကာလမှာ ကလန်အများစု ပရမ်းပတာဖြစ်ခဲ့ရတာက ဒုစရိုက်နဂါးရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်ပဲ… မဟုတ်ရင် သူတို့က ကြယ်စင်စုစကြာဝဠာရဲ့ စစ်ပွဲရုပ်သေးရုပ်စစ်တပ်ကို ကျရှုံးခဲ့မှာ မဟုတ်ဘူး ”

ကြယ်စင်စုစကြာဝဠာ၏ ခွန်အားက စစ်ပွဲရုပ်သေးရုပ်များနှင့် သူတို့၏ လက်နက်သန့်စင်ခြင်းနည်းပညာပေါ်မှာ အခြေခံသည်။

သို့သော်လည်း မူလစကြာဝဠာသည် တခြားစကြာဝဠာများအပေါ် လွှမ်းမိုးခြယ်လှယ်ထားသော စကြာဝဠာတစ်ခု ဖြစ်သည်။ မူလစကြာဝဠာက အစွမ်းထက် နတ်သားရဲမျိုးနွယ်စုကြီးများ၏ နေရပ်ဌာနေလည်း ဖြစ်သည်။

အကယ်၍ ရှေးခေတ်၌ ထိုမျိုးနွယ်စုကြီးများသာ စည်းလုံးညီညွတ်ခဲ့မည်ဆိုလျှင် သူတို့က ကြယ်စင်စုစကြာဝဠာ၏ ကျူးကျော်ဝင်ရောက်မှုကို ခုခံတားဆီးနိုင်လောက်၏။

သို့သော်လည်း ဟန်မူယဲ့၏ အမြင်တွင် ကြယ်စင်စုစကြာဝဠာမှ တမူထူးခြားသော လက်နက်သန့်စင်ခြင်းနည်းပညာအရ သူတို့၏ ကျူးကျော်လာမှုကို တခြားစကြာဝဠာများက မည်သို့မှ မခုခံနိုင်ပေ။

အကယ်၍ ရှေးခေတ်မှာ မူလစကြာဝဠာက စည်းလုံးညီညွတ်ခဲ့မည်ဆိုလျှင်ပင် သူတို့က ကြယ်စင်စုစကြာဝဠာ၏ ကျူးကျော်လာမှုကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

“ မှော်ယာဉ်ပျံရဲ့ ထိန်းချုပ်မှုအခွင့်အာဏာကို ငါ့ဆီ လွှဲပြောင်းပေးပါ ”

ဟန်မူယဲ့က မတ်တတ်ရပ်လိုက်ပြီး လှေဦးပိုင်းဆီသို့ လျှောက်သွားသည်။

ဟွမ်ကျစ်ဟူက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်အလင်းတန်းတစ်ခုကို ဟန်မူယဲ့ဆီသို့ ပို့လွှတ်လိုက်သည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ဝိညာဉ်အလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် မှော်ယာဉ်ပျံက အရှိန်မြှင့်တင်သွားပြီး ဦးတည်ရာတစ်ခုဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

…..

“ ဘန်း ”

အကန့်အသတ်မဲ့ဟင်းလင်းပြင်နယ်မြေထဲတွင် စွန့်ပစ်ကြယ်တစ်လုံးက ရုတ်တရက် ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။

ပေတစ်ရာရှည်လျားသော အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က အနက်ရောင်ဓားချပ်ဝတ် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး ဟိန်းဟောက်လိုက်ကာ အရှေ့သို့ ပြေးထွက်သွားသည်။

၎င်း၏ အနောက်မှ အတောင်ပံများက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကားသွားသည့်အခါ လေကြမ်းများက ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။

“ ဝင်္ကပါဖွဲ့စည်းကြ ”

အမိန့်ပေးသံက အရှေ့မှ လေဟာနယ်ထဲမှာ ထွက်ပေါ်လာသည်။

အနည်းဆုံး အရေအတွက်ထောင်သောင်းချီသော ကျင့်ကြံသူများက အလင်းလွှာများကို အသက်သွင်းလိုက်ကြပြီး ယင်းတို့ကို အကာအကွယ်တံတိုင်းများအဖြစ် အမြန်ပြောင်းလဲလိုက်ကြသည်။

အကာအကွယ်တံတိုင်းများနှင့်အတူ အရေအတွက်များပြားသော လှံရှည်များက ထွက်ပေါ်လာကြသည်။

“ ဘန်း ”

အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်၏ ထိုအကာအကွယ်တံတိုင်းများဖြင့် ဝင်ဆောင့်သွားသည်။ ထိုအခါ အရေအတွက် ရာနှင့်ချီသော ကျင့်ကြံသူများက အဝေးသို့ လွင့်စင်သွားကြသည်။

“ ဝင်္ကပါကို ပြန်ဖွဲ့စည်းကြ ”

ကျယ်လောင်သော အမိန့်ပေးသံက ထပ်မံ ပေါ်ထွက်လာသည်။

အလွှာအထပ်ထပ်ဆင့်ထားသော အလင်းလွှာများနှင့် ပိုက်ကွန်များက အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲကို ဖုံးလွှမ်းသွားကြသည်။

သို့သော်လည်း ကောင်းကင်မိစ္ဆာသားရဲက တစ်ချက်ရွေ့လျားလိုက်ပြီး ထိုပိုက်ကွန်များကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။

“ တိမ်ကောင်းကင်စစ်ပွဲဝင်္ကပါ ”

အရှေ့မှ အမိန့်ပေးသံက ထပ်မံ ပေါ်ထွက်လာသည်။

ထိုအော်သံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း စစ်ပွဲဝင်္ကပါများက လေဟာနယ်ထဲမှာ အလွှာအထပ်ထပ် ဖွဲ့စည်းသွားကြသည်။

ယင်းတို့က ဝိညာဉ်အလင်းနှင့် ဆက်သွယ်သွားကြပြီး ကောင်းကင်အထိ မြှောက်တတ်သွားကြသည်။

ကျင့်ကြံသူများ၏ အသက်စွမ်းအားနှင့် ချီက အပြန်အလှန် ယှက်ထွေသွားပြီး နောက်ဆုံးမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

“ ဝုန်း ”

ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က ချီအကာအကွယ်အလွှာအထပ်ထပ်ဖြင့် ဝင်ဆောင့်သွားသည်။ ဤတစ်ကြိမ်မှာတော့ ၎င်းက နောက်ထပ် မချိုးဖြတ်နိုင်တော့ဘဲ အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ကို ဖုံးအုပ်ထားသော ဝင်္ကပါအစီအရင်က အောက်သို့ ကျဆင်းလာသည်။

အလွှာအထပ်ထပ်ဆင့်နေသော မိုးတိမ်များက အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲကို ဖိချလိုက်ကြသည်။ ယင်းက ကောင်းကင်မိစ္ဆာသားရဲကို အပြင်းအထန် တုန်ယင်သွားစေပြီး ၎င်း၏ လွတ်လမ်းကို တားဆီးပိတ်ဆို့လိုက်သည်။

“ ညီအကိုတို့… နည်းနည်း ပိုအားစိုက်ကြဦး… ဒီကောင်းကင်မိစ္ဆာသားရဲကို ငါတို့ သုတ်သင်နိုင်မယ်ဆိုရင် ကမ္ဘာဦးအဆင့် ရတနာတစ်ခုနဲ့ လဲလှယ်နိုင်လိမ့်မယ်… အဲ့ဒီအခါကျရင် ငါတို့ရဲ့ တိုက်ပွဲစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားလိမ့်မယ် ”

သုံးခွလှံကို ကိုင်ဆောင်ထားသော အရှေ့ဆုံးမှ ပုဂ္ဂိုလ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဘွန်း ”

တိမ်ကောင်းကင်စစ်ပွဲဝင်္ကပါက အောက်သို့ ကျဆင်းလာသည့်အခါ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က အက်ကွဲသွားသည်။

ထို့နောက် ရွှေရောင်ပုတီးစေ့တစ်လုံးက လေထဲမှာ မျောလွင့်သွားသည်။

သုံးခွလှံကိုင်ဆောင်ထားသော လူထွားကြီးက အရှေ့သို့ အမြန်ပြေးသွားပြီး ကောင်းကင်ပုတီးစေ့ကို လှမ်းယူလိုက်သည်။

“ ဂရောင်း ”

ထိုအခိုက်အတန့်မှာ ကျယ်လောင်သော မြည်ဟိန်းသံက ပဲ့တင်ထပ်သွားသည်။

လေထဲတွင် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က ဝင်္ကပါအစီအရင်ထဲသို့ ပျံသန်းလာပြီး ကောင်းကင်ပုတီးစေ့ကို လုယက်သွားသည်။

“ ဂရောင်း ”

“ ဝေါင်း ”

“ ဂရား ”

ဟိန်းသံများက တစ်သံပြီးတစ်သံ ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ပေါ်တွင် ကောင်းကင်မိစ္ဆာသားရဲအများအပြား ထွက်ပေါ်လာကြသည်။

ယင်းကို မြင်သွားသောအခါ ဝင်္ကပါအရှေ့မှ ကျင့်ကြံသူအားလုံးက မျက်နှာဖြူဖျော့သွားကြသည်။

All Chapters